Tuesday, March 31, 2009

ရေစီး ကမ်းပြို စေတနာ

အိမ်ကနေ ထွက်နေကျ အချိန်ထက် ကနေ့တော့ စောပြီးရုံးကို ထွက်လာခဲ့သည်။ တာမွေကနေ ရွှေဂုံတိုင် ၁၀၀ ကျပ်၊ ရွှေဂုံတိုင်ကနေ ဆူးလေ ၁၀၀ ကျပ် ဆိုပြီး ကားဆရာတွေက လမ်းပိုင်းနှစ်ခု ခွဲလိုက်တဲ့အတွက် ၂၀၀ ကျပ် တောင်းတာကြောင့် အသွားအပြန် အတွက် ၄၀၀ ကျပ်ကုန်သည်။ ရေရှည် အကျိုးအတွက် စဉ်းစားပြီး လိုင်းကားမစီးဘဲ မြို့ထဲသွားနိုင်မယ့် နည်းလမ်းလေး ညကတည်းက တစ်ကိုယ်တည်း ကြိတ်တွေးထားသည်။ တာမွေလမ်းမပေါ်မှာ ဆူးလေ ရောက်မည့် ကားတွေ လိုင်းစုံ၊ နံပါတ်စုံ၊ အရွယ်အစား စုံလင်လှပေမယ့် ရတဲ့ဝင်ငွေနဲ့ ကုန်ကျမယ့် ထွက်ငွေညီမျှအောင် ကြိုးစားတွက်ဆ သုံးစွဲရမှုာမို့ လိုင်းကားကို တစ်ချက်စောင်းငဲ့ ကြည့်ပြီး တာမွေဘူတာကို ကိုချစ်ဖေတစ်ယောက် ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။ မြို့ပတ်ရထားလက်မှတ်ကို ၁၀ ကျပ် နဲ့ဝယ်ပြီး ရထားဆိုက်ချိန်ကို ကြည့်တော့ နောက် ၅ မိနစ်ဆို ဆိုက်မည်ဖြစ်သည်။ လက်ျာရစ် ပလက်ဖောင်းပေါ် ရပ်စောင့်ရင်း ဘေးပတ်ဝန်းကျင်ကို စနည်းနာကြည့်တော့ သူလိုကိုယ်လို ရုံးသမားတွေများသည်။ မြို့ထဲ ဆိုင်သွားဖွင့်မည့် ဈေးသည် သုံး-လေးယောက်ပါသည်။ ကျောင်းသားတွေလည်း ပါသည်။ ယူနီဖောင်းဝတ် တွေလည်း ပါသည်။ ရန်ကုန်မြို့ရောက်မှ ပထမဆုံး စီးဖြစ်တဲ့ မြို့ပတ်ရထားပေါ်ကနေ မလှမပရှုခင်းတွေ ခံစားရင်း ဘူတာကြီးမှာ ဂိတ်ဆုံးသည်။ ပန်းဆိုးတန်း ဂုံးတံတားကို ကျော်တော့ ရုံးကအနီးကလေး ဖြစ်သွားသည်။ ၄၀၀ ကျပ်ကုန်မည့် ခရီးကို ၂၀ ကျပ်နဲ့ ချွေတာနိုင်ခဲ့တာကြောင့် ကိုချစ်ဖေ တစ်ယောက် အကျေနပ်ကြီး ကျေနပ်ကာ ရင်ထဲ အေးမြမြလေး ခံစားမိတာ အမှန်ဖြစ်သည်။

နေ့ခင်း ၁၂ နာရီမှာ နယ်အရောင်း ကိုယ်စားလှယ်နေနဲ့ လုပ်မည့် အစည်းအဝေးအတွက် မနက်ကတည်းက ပြင်ဆင်ရသည်။ ရုံးရောက်တယ် ဆိုရင်ပဲ အစည်းအဝေးအတွက် လိုအပ်သည်များ ညွှန်ကြားရသည်။ မိမိကိုယ်တိုင်လည်း ပြောစရာရှိသည်များကို ပြင်ဆင်ရသည်။ စာရွက်စာတမ်းများ၊ ဖိုင်တွဲများ၊ စာအုပ်များကို အဆင်သင့်ဖြစ်အောင် စုစည်းရသည်။ သည်ကြားထဲ နေ့စဉ် လုပ်ဆောင်နေကျ ပုံမှန်အလုပ်ကိုလည်း လုပ်ဆောင် ပေးရသေးသည်။ အလုပ်များပြီ ဆိုရင် ဖြစ်နေကျ ဖုန်းက တဂွမ်ဂွမ်လာသည်။ စိတ်ပျက်စရာ ဖြစ်ပေမယ့် ဖြေကြား ပေးနေရတာက ၀တ္တရားတစ်ခု ဖြစ်သည်။ ဟန်းဖုန်းဆိုရင်တော့ ပိတ်ထားလို့ ဖြစ်သေးသည်။ ပိတ်မရတဲ့ ကြိုးဖုန်းဆိုတော့ ခေါ်သမျှဖုန်းကို ဒိုင်ခံဖြေရှင်း ပေးရသည်။ ၁၂ နာရီမတ်တင်းပြီဖြစ်လို့ ကိုချစ်ဖေတစ်ယောက် အစည်းအဝေးခန်း သွားဖို့ အခန်းထဲက ထွက်ဖို့ ပြင်ဆင်လိုက်သည်။ အဲဒီခဏမှာပဲ စားပွဲပေါ်က ဖုန်းမြည်လာလို့ စိတ်အလိုမကျပေမယ့် ကောက်ယူ ထူးလိုက်ပါသည်။

" ဟလို "
" မောင်လား "


ရင်းနှီးခြင်း မရှိတဲ့အသံ ဖြစ်တဲ့အပြင် ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ အသံချိုချိုလေးဖြစ်သည်။ အိမ်က ဇနီးသည် မအေးငြိမ်းကတော့ ကိုချစ်ဖေကို " ကိုချစ်ဖေ " လို့သာ တုံးတိတိ ခေါ်သည်။ တဖက်က ဖုန်းအသံရှင်သည် မအေးငြိမ်း တစ်ယောက် မဟုတ်သည်မှာ သေချာသည်။ ဖုန်းနံပါတ် မှားဝင်လာတာ ဖြစ်မည်။ အတွေးတွေ ဝေနေတာကြောင့် " ဟုတ် " လို့တစ်ခွန်း ၀င်ထောက်လိုက်သည်။ ဒါနဲ့ တစ်ဖက်ဖုန်းရှင်က ..

" မောင် .. ညနေပြန်ရင် မှာလိုက်တဲ့ ကလေးအားဆေးရယ် ပါရာစီတမော ဆေးအရည်ရယ် မမေ့နဲ့နော်"
" အေးပါ "

အလုပ်များတဲ့ပုံနဲ့ စကားစဖြတ်ပြီး ဖုန်းကိုချမယ် လုပ်တော့ တစ်ဖက် အသံရှင်က ဆက်ထွက်လာသည်

" ပြီးတော့ ငယ် သုံးနေကျ ဟိုဆေးလည်း ကုန်နေပြီ .. သိလား "
" ဘာဆေးလည်း မသိ .. .."
" အော် မောင်ကလည်း .. သောက်နေကျ ဆေးလုံးအနီလေးပါဆို .. "

မိန်းကလေးရဲ့ မချင့်မရဲ အသံစာစာလေးက ထွက်လာပြန်သည်

" အေး .. အေး .. ဟုတ်ပါပြီ၊ ဒါပဲနော် .. "


ကိုချစ်ဖေ တစ်ယောက် ပြောပြောဆိုဆို ဖုန်းကိုအတင်းချ။ တိုင်ကပ်နာရီကို တစ်ချက်လှမ်းကြည့်ရင်း အစည်းအဝေးခန်းမ ဆီကို ကသိုက်ကရိုက် အပြေးတပိုင်းနဲ့ ထွက်လာခဲ့သည်။ အစည်းအဝေးက ရုံးဆင်းချိန်လွန်မှ အစသတ်နိုင်ခဲ့သည်။ စိတ်မောလူမော ဖြစ်သွားတာကြောင့် ရုံးခန်းထဲ ထားစရာရှိတာ ထားပြီးတာနဲ့ အိမ်တန်းပြန်သည်။ ပန်းဆိုးတန်း ဂုံးတံတားပေါ်အတက် ရုပ်ရှင်ပိုစတာကို လှမ်းအကြည့်မှာ အစည်းအဝေးခန်း သွားခါနီး ဖုန်းမှားဝင်သည့်အကြောင်း ပြန်ပြောင်း အမှတ်ရ မိလိုက်သည်။

"ကလေးအားဆေး၊ ပါရာစီတမော့အရည် နဲ့ နောက် သောက်နေကျ ဆေးလုံးအနီလေး .. " တဲ့

ဇနီးသည်က လင်တော်မောင်ကို သတိမရမှာ စိုးရိမ်စိတ်နဲ့ ဖုန်းဆက်အသိပေး တာဖြစ်မယ်လို့ ကိုချစ်ဖေ တွေးမိသည်။ တစ်ဖက် ဖုန်းဆက်သူ ကလည်း ဖုန်းနံပါတ်ကို သေချာမမေး မစူးစမ်း။ ကိုချစ်ဖေကလည်း အလုပ်ရှုပ်နေလို့ ပြန်မရှင်းပြနိုင်။ နောက်ပြီး " ဆေးလုံးအနီလေး " တဲ့။ ဘာဆေးပါလိမ့်။ ကိုချစ်ဖေ တစ်ယောက် မဆီမဆိုင် ခေါင်းစားမိသည်။

ဘယ်လိုပင် ဖြစ်ပါစေ ညနေအိမ်အပြန်မှာ ဇနီးသည် အထပ်ထပ် အမှာချွေခဲ့တဲ့ ကြားက " ဆေး ၃ မျိုး " လုံး ၀ယ်မလာတဲ့ " မောင် " ဆိုတဲ့ လူကြီးမင်း တစ်ယောက် အတွက်တော့ ကျဉ်းထဲကြပ်ထဲ ခဏတာ ရောက်သွားမယ့် အဖြစ်အပျက်လေးကို တွေးမိပြီး ကိုချစ်ဖေ တစ်ယောက် ပြုံးလိုက်မိသည်။

(ပုံကို google image ကနေယူထားပါတယ်)

Duplicate File Finder 3.5


နောက် freeware လေးတစ်ခုပါ။ 112 KB လေးပဲရှိတယ်။ သူ့ရဲ့ စွမ်းဆောင်ချက်ကတော့ ကွန်ပျူတာထဲက ဖိုင်တစ်ခုဟာ နေရာခွဲပြီး ၂ ဖိုင် ၃ ဖိုင် ဖြစ်နေရင် စုစည်းပြီး ရှာပေးပါတယ်။ ထပ်နေတဲ့ ဖိုင်တွေကို ဖျက်ပစ်နိုင်တာကြောင့် ကွန်ပျူတာရဲ့ free space ကိုပိုရစေပါတယ်။ မိမိရှာလိုတဲ့ ဖိုင်ရဲ့ Extension (jpeg, doc, pmd, p65, xls, pdf .....etc ) နဲ့ ရှာချင်တဲ့ Drive ကို ရွေးချယ်ပေးယုံပဲ ဖြစ်ပါတယ်။ ကွန်ပျူတာထဲ ထပ်နေတဲ့ ဖိုင်တွေကို မိနစ်ပိုင်းအတွက် ရှာပေးနိုင်တဲ့ freeware လေးရဲ့ Zip ဖိုင်ကို ဒီကနှိပ် ပြီး ယူနိုင်ပါတယ်။ အဆင်ပြေကြပါစေ။

Neo's Safekeys 2008 2.3.0


စာရေးပျင်းတာနဲ့ ဖရီးရတာလေး ခြေဆန့်မိတယ်။ 1.8 MB ပမဏရှိတဲ့ freeware လေးပါ။ နက်ကဖီးဆိုင်သွားပြီး သုံးနေရတဲ့ သူတွေအတွက် ဆိုင်က ကွန်ပျူတာထဲမှာ key logger ဆိုတဲ့ ပရိုဂရမ်ထည့်ထားရင် မိမိ Keyboard ကနေရိုက်သမျှ တွေကို မသမာတဲ့သူက အကုန်သိနေမှာပါ။ ကိုယ့်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် တွေအတွက် မလုံခြုံတော့တာ အမှန်ပါပဲ။ ငွေကြေးနဲ့ ဆိုင်တဲ့ အချက်အလက် တွေသာမက ကိုယ်ရေးကိုယ်တာ အတွက် သုံးတဲ့ ဂျီမေးလ် အကောင့်တွေကိုပါ keyboard ကနေ ရိုက်မထည့်ပဲ ခု freeware ကရလာမဲ့ ကီးလေးတွေကို mouse နဲ့ ကလစ်နှိပ်ပြီး ဖွင့်ယူပါ။ key word တွေကို သူက (*) အက္ခရာ အနေနဲ့ ထုတ်ပေးမှာပါ။ ကီးဘုတ်ကို အသုံးပြုတာ မဟုတ်တဲ့အတွက် keylogger ကိုကြောက်စရာမလိုတော့ပါဘူး။ ဒီ freeware ရဲ့ zip ဖိုင်ကို ဒီကနှိပ် ပြီး ယူနိုင်ပါတယ်။ အဆင်ပြေကြ ပါစေ။

Monday, March 30, 2009

နေ့သစ်ရဲ့ မနက်များစွာ ..

waiting for .......... .com လို့တစ်မျိုး၊ connection to .......... .com လို့တစ်နည်း transferring data from .......... .com လို့ အမျိုးမျိုး လူကိုဝမ်းချနေပြီး နောက်ဆုံးမှာတော့ The requested URL could not be retrieved ဆိုတာနဲ့ တစ်နေသာ ကုန်သွားတယ် ကိုယ့်ရဲ့ ဘလော့စာမျက်နှာပေါ် မရောက်ခဲ့ရပါဘူး။ Connection မကောင်းတော့ ဆိုင်ရှင် တရုတ်ကြီးကို လှမ်းလှမ်းရှိုးရတယ်။ သူကလည်း သဘောပေါက်စွာနဲ့ ငွေသွားရှင်းရင် အများကြီး သက်ညာခွင့် ပေးခဲ့လို့သာ နက်ပေါ်တက်ဖို့ သက်ဆိုးပိုရှည် စေခဲ့ပါတယ်။ ဒါလိုနဲ့ စိတ်အစဉ်ကို ဆွဲဆောင်စေတဲ့ ဘလောဂ့်ကို ရောက်နိုင်နိုးနိုး စောင့်ပေမယ့် ထူးခြားမလာ ခဲ့တာကြောင့် အိပ်ယာထဲ စောစောဝင်ဖြစ်တယ်။ ခရီးထွက်နေတာဖြစ်လို့ အိမ်မှာလို ကိုယ့်အိပ်ခန်းထဲမှာ ခုတင်ပေါ် သက်တောင့်သက်သာ အိပ်ရတာ မဟုတ်ပါဘူး။ ယာဉ်မောင်းရဲ့ နောက်ခန်း ဆိုဖာခုံလေးက ကျွန်တော့်ရဲ့ လတ်တလော နိဗာန်ဘုံ ဖြစ်ပါတယ်။ ခုံတန်းဆိုပေမယ့် လူတစ်ယောက် ကျယ်ကျယ်လွင့်လွင့် အိပ်လို့ရနိုင်တယ်။ ကောင်းကောင်း ခြေဆန့်ထုတ်လို့ ဖြစ်ပါတယ်။ အညောင်းမမိပါဘူး။ ဇိမ်ကျမယ့် inn တွေ guest house တွေမှာ တကူးတက သွားမအိပ်ဖြစ်ပါဘူး။ ကိုယ်က သိက္ခာဘယ်လောက်ပဲ ရှိတယ်ပြောပြောပါ။ ကားသမားဆိုတာနဲ့ လူတိုင်းက နှာခေါင်းရှုံ့ကြတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေက အစ လူကိုကြည့်တဲ့ မျက်လုံး၊ ပြောထွက်လာတဲ့ စကားတွေက လူတစ်ယောက်အတွက် မခံချိ မခံသာ ဖြစ်စေလောက် ပါတယ်။ မိန်းကလေး တစ်ယောက်နဲ့ ခင်မိရင် တစ်ဖက်သားအမြင်မှာ အဲဒီ မိန်းကလေးကို ကိုယ်ကပဲ သွေးဖောက်သောက် လေမလားဆိုပြီး မိန်းကလေးအတွက် စိုးရိမ်ပေးနေတတ်တဲ့ စေတနာ စကားတွေ အတွက် စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ ဘာဖြစ်ဖြစ် ကားစောင့်ပြီးသားလည်း ဖြစ်အောင် ကားပေါ်ပဲ အမြဲ လွတ်လွတ်လပ်လပ် အိပ်ဖြစ်တယ်။

မခမ်းနားတဲ့ ငြီးငွေ့ဖွယ် အိပ်ယာအကြောင်းကို ယောင်နေတာနဲ့ ဆိုလိုရင်း အကြောင်းအရာကို မရောက်နိုင်ဘူး ဖြစ်တယ်။ ရေးချင်တာက တစ်ညတာ အိပ်စက်ပြီး နောက်တစ်ရက် နေ့သစ်မနက်မှာ ဘယ်လိုအိပ်ယာထတယ် ဆိုတာကို ပြောပြချင်တာပါ။ ဘ၀သမား တစ်ယောက်အတွက်တော့ နေဖင်ထိုးအောင် မအိပ်ဖြစ်တာတော့ အမှန်ပါ။ ညဖက် ဘယ်လောက်ပဲ အလုပ်များပြီး ညည့်နက်အောင် အိပ်ဖြစ်ပါစေ။ မနက် အာရုံမတက်ခင် လေးနာရီခွဲ နဲ့ ငါးနာရီ လောက်ပုံမှန် အိပ်ယာထဖြစ် ပါတယ်။ ဆင်းရဲတဲ့ ကံဇာတာ ပါလာတာလည်း ဖြစ်နိုင်ပါတယ်။ နာရီနိုးစက် အကူအညီလည်း မလိုခဲ့ပါဘူး။ တစ်ယောက်ယောက်ကို ဘယ်အချိန်မှာ လာနိုးပါ ဆိုတဲ့ စကားကြုံလည်း မကမ်းလှမ်းခဲ့ ဖူးပါဘူး။ နိုးကြားနေတတ်တဲ့ အာရုံအသိက အိပ်ယာကနိုးလို့ လက်ပတ်နာရီကို ကြည့်လိုက်ရင် ထနေကျ အိပ်ယာထချိန် ဖြစ်နေတတ်ပါတယ်။ ဒါက ကျွန်တော်ရဲ့ နေ့စဉ် ရိုးရှင်းတဲ့ မနက်အိပ်ယာထချိန်ပဲ ဖြစ်ပါတယ်။

'' မနက်မှာဘယ်လိုအိပ်ယာကထလဲ '' လို့ Tag ခံထားတာ ပြီးခဲ့တဲ့အပတ် ကတည်းကပါ။ အဆင်မပြေတဲ့ အမျိုးမျိုးသော အကြောင်းကြောင့် ချက်ချင်း မရေးနိုင်ခဲ့ပါဘူး။ ရေးပြီးပြန်တော့လည်း ကောင်းမွန်ခြင်း မရှိတဲ့ ကွန်နက်ရှင်ကြောင့် ပို့စ်အဖြစ် မတင်ဖြစ် နိုင်ခဲ့ပြန်ပါဘူး။ Tag ထားတဲ့ လမင်းငယ် တို့ ကိုလည်း အားနာပါတယ်။ လမင်းငယ် တို့ရဲ့ မနက်ခင်းတိုင်းမှာ နွေးထွေးပြီး ကြင်နာမှုအပြည့်ပါတဲ့ အိပ်ယာထ ဆည်းလည်းသံလေးကို အားကျမိတာတော့ အမှန်ပါ။ ကျွန်တော်လဲပဲ ဘယ်တော့မှများ လမင်းငယ်တို့လို စိတ်လက်ပေါ့ပါးပြီး မင်္ဂလာတွေနဲ့ ပြည့်စုံနေတဲ့ နံနက်ခင်းလေးကို ပိုင်ဆိုင်နိုင်မလဲ လေလို့ အတွေးတွေ ပွားရပါတယ်။ အားလုံးကိုပဲ ပျော်ရွှင်စေချင်ပါတယ်။


Thursday, March 26, 2009

အရင်းစစ်တော့


ကိုချစ်ဖေဇနီး မအေးငြိမ်းက အညာသူစစ်စစ်ပါ။ အေးဆေးတည်ငြိမ်ပြီး နားအေးပါးအေး နေတတ်တဲ့ အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်တယ်။ နယ်မှာနေစဉ်ခါက ဆိတ်ငြိမ်တဲ့ ၀န်းကျင်ကြောင့် စိတ်နေစိတ်ထားလည်း နူးနူးညံ့ညံ့ ရှိလှပါတယ်။ အလုပ်ကို အကြောင်းပြုပြီး ကိုချစ်ဖေတို့ ဇနီးမောင်နှံ တာမွေကို ပြောင်းလာကြရတယ်။ ကိုချစ်ဖေတို့ နေတဲ့တာမွေက တော်တော်လေးကို စည်ကားပြီး အချက်အခြာကျ လှပါတယ်။ မနက်ဖက်ဆို လမ်းဘေးဈေးသည်တွေ အစီအရီနဲ့ ပလက်ဖောင်း ဈေးခင်းလေး ရှိတတ်သလို ညဖက် လူခြေတိတ်ချိန်ထိ အသွားအလာ ပြတ်တယ်ရယ်လို့ မရှိတတ်ပါဘူး။ ဆိုက်ကားသံ၊ အမှိုက်သိမ်း တွန်းလှည်းသံ၊ ရေသန့် တွန်းလှည်းသံ၊ အလှူခံတွေရဲ့ အော်သံတွေအပြင် ဥဒဟို သွားလာနေတဲ့ လိုင်းကားအစုံစုံရဲ့ ဟွန်းသံ၊ ဘရိတ်နင်းသံ၊ လီဘာညစ်သံ တွေကို နိစ္စဓူဝ ကြားနေရတဲ့ ဆူညံသံတွေကြောင့် မအေးငြိမ်းခင်မျာ သည်းမခံနိုင်တော့ပါဘူး။ နူးညံ့တဲ့ စိတ်တွေ ပျောက်ပြီး ကြားသမျှ အသံတွေနောက်ကို တိုက်ခန်းထဲကနေ တဗျစ်တောက်တောက် ရေရွတ်နေတော့တာပါပဲ။ ပြောရခက်လို့သာ ကြည့်နေရတာ၊ နို့မဟုတ်ရင် အော်လွှတ်မယ့် သူပါ။

တစ်နေ့တစ်နေ့ နားမခံသာတဲ့ ဆူညံသံတွေကို အကြောင်းပြုပြီး ဇနီးသည်ကို နားချရတယ်။ သည်းခံပါ၊ ခွင့်လွှတ်ပါ၊ သူတို့မှာလည်း သူတို့မိသားစုရဲ့ တစ်ဝမ်းတခါး အတွက် လှုပ်ရှား သွားလာ လုပ်ကိုင်နေရတာ ဖြစ်လို့ ခန္ဓီတရားနှလုံးသွင်းပြီး နားလည်ပေးဖို့ တိုက်တွန်းရတယ်။ ဒီလိုနဲ့ စိတ်ရင်းမှန်တဲ့ မအေးငြိမ်း တစ်ယောက် တရားသဘော နှလုံးသွင်းပြီး တစ်ယောက်ထဲ အလိုမကျဘဲ ဗျစ်တောက်ဗျစ်တောက် ပြောတဲ့ ဥာဉ်ဆိုးလေး လျော့သွားတယ်။ တစ်နေ့ ရုံးအားရက် တစ်ရက်မှာ နေ့လည်စာစားပြီး ကိုချစ်ဖေ တစ်ယောက် မှေးကနဲ အိပ်ပျော်သွားတယ်။ သိပ်ကြာလိုက်မယ် မထင်ပါဘူး။ ကလေးနဲ့ လူငယ်လူရွယ် သုံးလေးယောက် လောက်က သံပြိုင်အော်လိုက်တဲ့ အသံကြောင့် ကိုချစ်ဖေ လန့်နိုးပြီး ကပြာကယာ ထထိုင်လိုက်မိတယ်-

  • " ကျေးဇူးရှင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့ခင်ဗျာ၊ အသုံးမလိုတော့တဲ့ နို့ဆီဗူးခွံများ၊ ရေသန့်ဗူးခွံများ၊ ဆေးပုလင်းခွံ၊ ကတ္တီပါ ဖိနပ်ပျက်များ၊ မီးချောင်း အကျွမ်းများ၊ မီးသီး အကျွမ်းများ ရှိရင် စွန့်ကြဲပေးပါ။ ကျေးဇူးရှင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ များခင်ဗျား "

လို့ အိမ်နောက်ဖေး လမ်းကြားကနေ သံပြိုင်အော်သံကို ကြားလိုက်ရတာကြောင့် ကိုချစ်ဖေ စိတ်ထဲမှာတော့ ဒီကလေးတွေ ငါ့မိန်းမနဲ့တော့ တွေ့တော့မှာပဲ ဆိုပြီး စိုးရိမ်စိတ် ၀င်သွားမိတယ်။ ဒါနဲ့ မအေးငြိမ်းကို ကြည့်လိုက်တော့ ဘုရားခန်းထဲမှာ ဘုရားပန်းအိုးတွေ တိုက်ချွတ်နေတာ တွေ့ရလို့ အနည်းငယ် စိတ်အေး သွားရတယ်။ အရင်လို ဒီလိုအနီးကပ် ဆူညံပူညံသံ ကြားလို့ကတော့ ဗျစ်တောက်ဗျစ်တောက် တင်မကတော့ဘူး အသားကုန် ကလော်တုပ် အဟုတ်လုပ်ခဲ့တယ်။ ဒါနဲ့ ကိုချစ်ဖေ တစ်ယောက် ဇနီးဆီ သွားပြီး

  • " မိန်းမရေ၊ ခုတခါတော့ တယ်ငြိမ်ပါလားနော်။ အေးပေါ့လေ စိတ်တိုစရာတွေ ကြုံတိုင်းသာ အော်ဟစ် နေမယ် ဆိုရင်လည်း ပတ်ဝန်းကျင်က ကဲ့ရဲ့ပါမယ်။ တရားသဘောနဲ့သာ စိတ်ကိုဖြေပါ"

လို့ တိုက်တွန်း လိုက်ပါတယ်။ ဒီအခါမှာ ဇနီးသည်ဖြစ်သူ မအေးငြိမ်း ပြန်ပြော လိုက်တာကတော့ -

  • " သြော် ကိုချစ်ဖေ၊ ရှင်က ဘာသိလို့လဲ၊ အရင်တုန်းက အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တဲ့ ဗူးခွံ၊ ပုလင်းခွံတွေ ရောင်းစားရမှန်း သိလို့ အခု လွှင့်မပြစ်တော့ဘဲ ရောင်းစား နေတာပါတော်၊ ဒီကောင်လေးတွေရဲ့ ကျေးဇူးကြောင့်ပဲ ရှင်ကြိုက်တတ်တဲ့ အရွက်ဟင်းတစ်ခွက် ပိုချက်နိုင်တာ။ အမှိုက်ထဲကနေ ငွေဖြစ်အောင် သူတို့လေးတွေ သင်ပေးထားတာလေ။ သူတို့က မိန်းမတို့ရဲ့ ကျေးဇူးရှင်လေးတွေ ဆိုလည်း မမှားဘူးပေါ့ " တဲ့ဗျာ။

ဘာကြောင့် ကမ္ဘာကြီး ဒီလောက် ငြိမ်းချမ်းနေမှန်း ခုမှအကြောင်းစုံ သိရတော့တယ်။ အော် .. ငြိမ်းချမ်းတဲ့ ကမ္ဘာမြေ၊ အေးချမ်းတဲ့ ကမ္ဘာမြေ .. ။

Wednesday, March 25, 2009

'' ကောင်မလေးအတွက်ကဗျာ”


လှပခွင့် မရတဲ့  ညနေခင်းတစ်ခုမှာ
ကောင်မလေးနဲ့ ငါ မဆုံနိုင်အောင်ဝေးခဲ့ 
အချစ်မဲ့ နေပြီဖြစ်တဲ့  နေရာဟောင်းလေးတွေ ပြန်ရောက်တိုင်း
မျက်ဝန်းထဲ ကောင်မလေးရဲ့ ပုံရိပ်တွေမြင်တိုင်း
ရင်မှာ သွက်သွက်ခါအောင် လွမ်းတယ် . . .

ဝေးရပြီဆိုပေမယ့်လည်း သူနှစ်သက်တဲ့ 
သီချင်းတွေ ငါပြန်ဆိုမိနေတုန်းပဲ
အလွမ်းဆိုတာ စကားလုံးလေးလှသလောက်
သစ်ရွက်ကြွေလို ဝေပြဖို့ က
ရင်နင့်လွန်းလှပါတယ် ကောင်မလေးရယ် . . .

သတိရစိတ်နဲ့  တိတ်တိတ်ကလေးသိုဝှက်ထားတဲ့ 
မျှော်လင့် ချက်လေးတွေလည်း ပြိုပျက်ခဲ့ပြီ
တကယ်ဆို သူပြန်မလာနိုင်တော့ဘူး
ဆုံနိုင်ခွင့် ”ဆိုတဲ့  စကားလုံးလေးကိုပဲ
တိတ်တိတ်ကလေး ရွတ်ဆိုရင်း
လေလှိုင်းကြားက ကောင်မလေးရဲ့  အသံတွေ
ငါ့ နားစည်ထက် ပျံ့ လွှင့်နေတယ် . . .

( ပန်းခင်းလေး )

ကွန်နက်ရှင်မကောင်းလို့ ဘလောဂ့်ပေါ် တင်မဖြစ်သေးတဲ့ ပန်းခင်းလေး ရဲ့ ကဗျာလေးပါ။



Tuesday, March 24, 2009

ကံလေးက ခပ်မှိန်မှိန်

သင်္ကြန်အခါရက်က နီးလာပြီ ဆိုတော့ ပရိုမိုးရှင်းလုပ်တဲ့ အနေနဲ့ စတိုးဆိုင်တွေရော မီနီမားကက် တွေကပါ ဒစ္စကောင့်နဲ့ (ဈေးလျော့ပြီး) ဈေးပွဲတော်တွေ လုပ်ကြတာ အစဉ်အလာ တစ်ရပ်လို ဖြစ်နေပါပြီ။ ဒီလိုအချိန်ကို ပစ္စည်းတွေ စောင့်ဝယ်နေကြတဲ့ သူတွေ ရှိတတ်ပါတယ်။ ကိုချစ်ဖေ မဟေသီလည်း အပါအ၀င်ပါ။

"မောင် .. .. မောင်ရေ .. လို့ .. ။ ဟိုစတိုးဆိုင်တွေမှာ ပစ္စည်းဝယ်ရင် ဒစ္စကောင့် ပေးတဲ့အပြင် အပိုဆုအနေနဲ့ လက်ငင်း ကံစမ်းမဲ ပေးသေးတယ်တဲ့။ အဲဒါ သွားကြည့်ရအောင် နော် . မောင် .. နော် .. လို့ "

အီသီသီနဲ့ ချစ်ဇနီးလေးရဲ့ အာလုပ်သံကြောင့် စာဖတ်နေတဲ့ ကိုချစ်ဖေ တစ်ယောက် စာဆက်မဖတ်ဖြစ် တော့ပါဘူး။ ရုံးအားရက်လည်း ဖြစ်တော့ ဇနီးလေး အလိုကျ လက်ကလေးကိုဆွဲပြီး ကံစမ်းမဲ ပေးတယ်ဆိုတဲ့ စတိုးဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြတယ်။ လက်ငင်း " ကံစမ်းမဲ " စနစ်နဲ့ ရောင်းတာဆိုတာ့ ၀ယ်ယူအားပေးတဲ့ သူတွေ ခြေချင်းလိမ်နေတာ တွေ့ရတယ်။ လက်ဆောင်ကောင်းကောင်းတွေ လွတ်သွားမှာစိုးတဲ့ ဇနီးချောက

"မောင် .. မောင့်အတွက် ရုံးတက်ဝတ်ဖို့ ပုဆိုးလေး တစ်ထည်လောက် ၀ယ်ရအောင်လေ"
ဇနီးဖြစ်သူက လောကွတ်ပြု လာတော့လဲ ကိုချစ်ဖေ ဟန်မဆောင်နိုင်
"အော် .. အေး ဟုတ်သားပဲ၊ ဘယ်အဆင်ထဲက ကိုယ်နဲ့လိုက်မလဲ ကြည့်ပေးအုန်းလေ"
"ဟိုး အောက်ဆုံး နီတာရဲ့နဲ့ အဆင်က မောင်နဲ့လိုက်တယ် သိလား၊ ကံစမ်းမဲနဲ့ ပြန်တွက်လိုက်ရင် ကိုက်ပါတယ်မောင်ရဲ့၊ ယူလိုက်ကြအောင်နော်"
"အေး .. အေး ချစ်လေး ကြိုက်ရင် ကိုယ်လည်း နှစ်သက်ပါတယ် "
စတိုင်းဆိုင်တွေမှာ ပစ္စည်းတန်ဖိုးအလိုက် ကံစမ်းမဲထည့်ထားတာမို့ ၀ယ်သူ မရှုံးနိုင်ဘူးဆိုတာ သိထားကြတယ်။ ဒါကြောင့် ပစ္စည်းတိုင်း အရောင်းစွံဖို့ရာ ကံစမ်းမဲ နဲ့ ဆွယ်ရောင်း နေကြတာကြောင့် လူတိုင်း စိတ်ဝင်စားကြတာ မဆန်းပါဘူး။

" သမီးရေ ဦးကို ၄၅၀၀ိ တန်ထဲက ဟို .. ပုဆိုးလေး ပြပါအုန်း၊ ရော့ ၄၅၀၀ိ "
သူများဦးသွားမှာစိုးလို့ ဇနီးချောက ပုဆိုးမရခင်ကတည်းက ပိုက်ပိုက်ကို ပစ်ပေးပြီးသား။ အော် ကံစမ်းမဲ မျက်နှာက ဒီလိုကြီးတာ။ အရောင်းကောင်တာက ကောင်မလေးက ငွေကို ရေတွက်ယူပြီး၊ ပုဆိုးကို အိပ်နဲ့ထုတ်ပေးတယ်၊ (ကံစမ်းမဲနှိုက်ရန်) ဆိုတဲ့ ငွေဖလားကြီးထဲကနေ မဲလိပ်တစ်လိပ် မွှေနှောက်ပြီး ဦးချစ်ဖေကို ကိုရီးယားမင်းသမီးလို ခေါင်းလေးငုံ့ပြီး တရိုတသေလှမ်းပေးသည်။ သူက ပြောသေးတယ် ဦး နံပတ်က (၃၂)ပေါက်တယ်၊ ဟောဟို ပစ္စည်းလေးပဲ ဆိုပြီး တစ်ပေပတ်လည်လောက်ရှိတဲ့ packing paper အပြာရောင်နဲ့ ထုတ်ထားတဲ့ ဗူးတစ်ဗူးကို ကမ်းပေးတယ်။ ကံစမ်းမဲ ဗူးကိုယူပြီး ဦးချစ်ဖေ တို့ လင်မယားနှစ်ယောက် ကျေးဇူးတင်စကား တောင်လောကွတ်မပြု နိုင်အောင် အလောတကောနဲ့ အိမ်ကို တန်းပြန်လာကြတယ်။

" မောင် .. မောင် .. မီးတို့ သိပ်ကို ကံကောင်းတာပဲနော်၊ အိမ်ရောက်မှ ဖွင့်ကြည့်ကြရအောင်"
" အေးကွာ ဒီမနက် ကိုယ်ဘုရားရှိခိုးတာ နည်းနည်း ကြာသွားလို့ထင်တယ်၊ ကံတွေ ဇွတ်တက်နေတယ်"
" ဟုတ်တာပေါ့ မောင်ရယ် .. ..ဟီဟိ " အိမ်ရောက်တော့
" မောင် .. ဟို ကံစမ်းမဲလေး ဖွင့်ကြည့်ရအောင်"
" အေးပါ သည်းလေးရာ။ လောလိုက်တာ။ အိမ်ရောက်ပြီပဲ ဖွင့်ကြတာပေါ့ "
" အို .. အဖိုးတန် လက်ဆောင်ဆိုတာ ရခဲတယ်နော်၊ ပေးပါ မီးပဲ ဖောက်လိုက်ပါမယ် "
" ကဲကဲ ဖောက်စေဗျား " Lady first ဆိုတဲ့အတိုင်း ဇနီးချောကို ဦးစားပေးလိုက်ရတယ်။

ဇနီးဖြစ်သူက စိတ်ဆန္ဒစောစွာနဲ့ ကံစမ်းမဲဗူးကို အလျင်အမြန်ပဲ ဖောက်လိုက်တယ်။ Packing paper ကိုခွာတော့ စတီးဒယ်အိုး ဗူးခွံကို တွေ့လိုက်တော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကျေနပ်တဲ့ သင်္ကေတနဲ့ လက်ဖ၀ါးချင်း ရိုက်လိုက်ကြသေးတယ်။ စတီးဒယ်အိုး ဗူးခွံကို ဖွင့်လိုက်တော့ ဖော့တုံးတွေနဲ့မို့ လူကို စိတ်ကယောက်ကယက် ဖြစ်စေတယ်။ ဖော့ဘူးကိုခွာတော့ ကွမ်းလိပ်တွေနဲ့ အထပ်ထပ် ပတ်ထားတဲ့ ပလပ်စတစ် ဘူးနီနီလေး ထွက်ကျလာတယ်။ (ရွှေဝယ်ရင် ထည့်ပေးတတ်တဲ့ ပလိပ်စတစ်ဗူးလို မျိုးပါ) ကျွန်တော်ရော မိန်းမပါ တဒင်္ဂတော့ မှင်သေသေသွားတယ်။ နှစ်ယောက်သား ရင်ထဲမှာ ရွှေလက်စွပ်၊ ရွှေလော့ကက်သီး၊ ရွှေနားကပ် တစ်ခုခုတော့ တစ်ခုခုပဲပေါ့။ ရင်တွေ တုန်နေကြတယ်။ မ၀ံ့မရဲလည်း ဖြစ်မိကြတယ်။ ဒါနဲ့ ပလပ်စတစ်ဗူးကို ပတ်ထားတဲ့ တိပ်ကို ခွာလိုက်တယ်။ လက်ကတုန်နေတာကြောင့် ဗူးကလွတ်ကျသွားပြီး အဖုံးပွင့်သွားတယ်။ ဗူးထဲကနေ စာရွက်ခေါက်ကလေး ထွက်ကျလာတာကြောင့် နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဖက်ထားမိ လိုက်တယ်။ မယုံကြည်စိတ် များစွာနဲ့ပါ။ ကိုချစ်ဖေကပဲ အရဲစွန့်ပြီး စာရွက်ခေါက်လေးကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ .. ..

" အို အသင် သူတော်ကောင်း၊ သင်သည် စန်းပွင့်နေသော အခါသမယ ဖြစ်သည်။ နောက်တိုး အချစ်သစ် တစ်ခု ဆုံရကိန်းကြုံမည် "
နှစ်ဦးသား တိုင်ပင်ခြင်းမရှိပါဘဲ
" အောင်မေလေး " လို့သာ တစ်ခွန်းတည်းသာ ပြိုင်တူအော်ပြီး ဖက်ရက်သား လှဲကျသွားရသည်။ လူတွေရဲ့ လိုချင် တပ်မက်တဲ့ လောဘစိတ်ကို လောကသဘာဝရဲ့ ရွဲ့စောင်းစောင်း တုန့်ပြန်မှုကြောင့် တစ်ယောက်ကို တစ်ယောက် အားပေးစကားတောင် မပြောနိုင်တော့ ပါဘူး။ ဤမျှသာ။

Sunday, March 22, 2009

တောင်ငူရောက်တုန်း ခဏတဖြုတ် အချိန်ရတာနဲ့ နက်ကဖီးဆိုင်ကို နေရာစုံစမ်းပြီး နက်ပေါ် တက်ဖြစ်တယ်။ ping ကြည့်လိုက်တော့ connection က 20 ms နဲ့ 30 ms ကြားပဲ ပြေးနေတာကြောင့် လိုင်းကတော့ သိပ်မကောင်းပါဘူး။ ဘလောဂ့်စပေါ့ ထဲတော့ ၀င်လို့ ရမယ်မထင်ပါဘူး။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ ဂူဂဲလ်ကိုတောင် မမှတ်မိချင်ဘူး။ ခရီးထွက်နေပေမယ့် ဘယ်နေရာကို ရောက်ရောက် ကိုယ်ဖန်တီးထားတဲ့ ဘလော့ဂ်လေးကိုတော့ သံယောဇဉ် ရှိတယ်။ ဒါနဲ့ google reader ကနေပဲ သူငယ်ချင်းတွေရဲ့ ဘလောဂ့်တွေကို ဖတ်ဖြစ်တယ်။ Tag ထားတဲ့ သူငယ်ချင်းတွေရဲ့ အဖြေကို ဖတ်ဖြစ်ခဲ့ပေမယ့် ကျေးဇူးတင်ကြောင်း စကားလေးတစ်ခွန်းမှ မပြောဖြစ်ရလို့ စိတ်မကောင်းတာတော့ အမှန်ပါ။ နားလည်ပေး နိုင်မယ်ထင်ပါတယ်။ ရန်ကုန်ပြန်ရောက်မှ အသေအချာ ပြန်နှုတ်ဆက်ပါမယ်၊ အားလုံးကိုပါပဲ။ ခုစာလေးကိုလည်း igoogle ကနေ တင်လိုက်တာပါ။ အဆင်ပြေ မပြေ နောက်မှ ပြန်ကြည့်ပါမယ်။ အားလုံးပဲ ပျော်ရွှင်နိုင် ပါစေ။

Friday, March 20, 2009

ဝါသနာကို အရင်းပြုလို့ ..

၈ တန်း အတန်းတင် စာမေးပွဲရဲ့ နောက်ဆုံးဘာသာကို ဖြေပြီးတာနဲ့ အိမ်ကို တန်းပြန်လာတယ်။ မနက်က ကျောင်းမသွားခင် မေမေ မှာလိုက်တာရှိတယ်။ သားအတွက် အံ့သြစရာ လက်ဆောင်တစ်ခု ၀ယ်ထားမယ်တဲ့။ စာမေးပွဲပြီးရင် သူငယ်ချင်းတွေနဲ့ လျှောက်မလည်ဘဲ ပြန်လာဖို့ သေချာမှာခဲ့လို့လေ။ လက်ဆောင်ဆိုတာကို သိချင်ဇောနဲ့ အိမ်ရောက်ရောက်ချင်းပဲ မေမေ့ကိုရှာပေမယ့် မတွေ့တော့ အိပ်ခန်းထဲဝင်ပြီး မလိုတော့တဲ့ ၈ တန်း စာအုပ်တွေ ရှင်းမယ်လုပ်တော့.. ကျွန်တော့် စာကြည့်စားပွဲပေါ် ကွန်ပျူတာ တစ်လုံးက အခန့်သားရောက်နေတာ တွေ့လိုက်ရတယ်။ ပထမဆုံး အကြိမ်အနီးကပ် မြင်ခွင့်ရတဲ့ ကွန်ပျူတာမို့ ကီးဘုတ်ခလုပ်လေးကို တို့ကြည့်ရုံကလွဲပြီး ဘာမှ မလုပ်တတ်ခဲ့ပါဘူး။ လက်ဆောင် အတွက် ကျေးဇူးပါ မေမေ။

လူတတ်ကြီး လုပ်ဖို့ MCC မှာ သင်တန်းတက်တယ်။ နောက် KMD မှာလည်း တက်ဖြစ်သေးတယ်။ အသေအချာ ဘာတတ်သလဲဆိုတော့ ဖဲကောင်းကောင်း ရိုက်တတ်တယ်။ သီချင်းနဲ့ ရုပ်ရှင်တွေ ဖွင့်တတ်တယ်။ ဂိမ်းမှန်သမျှ အကုန်ကစားဖြစ်တယ်။ ဘယ်သူရဲကောင်းကိုမှ ဘယ်ဗိုလ်မထားခဲ့ဘူး။ ဒီနောက်ပိုင်းတော့ မျက်စိ နှစ်လုံးဖွင့်တာနဲ့ လက်က ကွန်ပျူတာ ကို အလိုလို အွန်ပြီးသား ဖြစ်နေမိတယ်။ လျှပ်စစ်မီးလာနေသရွေ့ ကွန်ပျူရှေ့က မခွာနိုင်အောင် ၀ါသနာထုံမိတယ်။ ထမင်းပန်းကန်ထဲ ဟင်းပုံပြီး ကွန်ပျူတာရှေ့ လာပို့ပေးမှ ထမင်းစားဖြစ် လောက်အောင် စွဲလန်းမိတယ်။ သူငယ်ချင်းတွေနဲ့ အဆက်ဖြတ်ပြီး ကွန်ပျူတာနဲ့ အဖော်ပြုခဲ့တာ အဲဒီအချိန် ကတည်းက စခဲ့တာပါ။

၁၀ တန်းအောင်တော့ PII လေးကို ငွေရောင်ကေဇင် PIII နဲ့ လဲလိုက်တယ်။ Multi-media sound system တွေကောင်းလာသလို Graphic card တွေရဲ့ စွမ်းဆောင်ရည် ထက်မှုကြောင့် အဆင့်ပိုမြင့်တဲ့ ဂိမ်းတွေ ပိုကစား ဖြစ်တယ်။ ဈေးကြီးပြီး ရှားပါးတဲ့ National Geographic စာအုပ်တွေအစား CD ခွေနဲ့ ၀ယ်ဖတ်လို့ အဆင်ပြေတော့ စိတ်ကြိုက်ပဲ ၀ယ်ဖတ်ဖြစ်တယ်။ နောက် Application နည်းပညာရပ် CD ခွေကို မလွတ်တမ်း ၀ယ်လေ့လာ ဖြစ်တယ်။ ကွန်ပျူတာက ကျွန်တော့် အတွက် အဖော်ကောင်း ဖြစ်သလို ကျွန်တော့်ရဲ့ စာဖတ် ၀ါသနာကိုလည်း အများကြီး ပံ့ပိုးပေးခဲ့တယ်ဆိုတာ ယုံမှားသံသယ မဖြစ်မိပါဘူး။

တက္ကသိုလ်တက်တော့ သံယောဇဉ်ရှိတဲ့ ကွန်ပျူတာနဲ့ ခွဲခဲ့ရတယ်။ ဒါပေမယ့် သင်တန်းတွေ အလီလီတက်ဖြစ်ခဲ့ တာကြောင့် စိမ်းမနေခဲ့ပါဘူး။ ကျောင်းပြီးသွားတော့ ကွန်ပျူတာကို အပြည့်အ၀ကိုင်ရမယ် ဆိုတဲ့ အတွေးနဲ့ ပျော်ခဲ့ပေမယ့် လက်တွေ့မှာ အိမ်ရဲ့ လုပ်ငန်းခွင်က ဆီးကြိုစောင့်နေတော့ ကိုယ်ဝါသနာပါပြီး သံယောဇဉ်ကြီးတဲ့ ကွန်ပျူတာကို ၁၀ နှစ်ကျော် ပစ်ထားခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ကွန်ပျူတာကို အပြည့်အ၀ ပြန်ကိုင်ခွင့်ရခဲ့တယ်။ ဒါကလည်း ပါးလျလျ အလုပ်ရဲ့ ကျေးဇူးကြောင့်ပါ။ ဒါနဲ့ PIII ကို P 4 (2.4 GHz) နဲ့ လဲဖြစ်တယ်။ မကြာမတင်ပဲ P 4 (3.2 GHz)နဲ့ ထပ်လဲလိုက်တယ်။ မြန်နှုန်းကတော့ အတိုင်းထက် အလွန်ပါပဲ။ လက်ပြတ်နေတာ ကြာပီဖြစ်တဲ့ DVD version 3D game တွေ ကစားဖြစ်တယ်။ အိမ်မှာကစားတာ အားမရတော့ မြို့ထဲထွက်ပြီး သူငယ်ချင်းတွေနဲ့ network မှာ အုပ်စုလိုက် ကန်သေးတယ်(Fifa 07)၊ ပစ်သေးတယ် (Hero, Counter)။ အဖော်မပါတဲ့ နေ့တွေကျတော့ မျက်မှန်အထူကြီးတပ်ပြီး စာတွေ (Blog) ဖတ်နေတဲ့ အစ်ကို အစ်မ တွေနား မယောင်မလည် ခိုးကြည့်ခဲ့တယ်။ သဘောကောင်းတဲ့ သူတွေကျတော့ အချိန်ကုန်ခံပြီး ရှင်းပြတတ်တယ်။ အကောင့်ယူပေးတယ်၊ ဘလောဂ့်လုပ်နည်း ကို သင်ပေးတယ်။ ဒါနဲ့ အင်တာနက်ရဖို့ အိမ်ကို ပူဆာဖြစ်တယ်။ ဒီလိုနဲ့ မယောင်မလည် နက်ပေါ်မှာ အချိန်ကုန်မှန်းမသိ ကုန်စေခဲ့တယ်။ ဘလောဂ့်ကြောင့်ပဲ စာတွေ ပိုဖတ်ဖြစ်တယ်။ ဘလောဂ့်ကြောင့်ပဲ နည်းပညာဗဟုသုတ တွေပိုနားလည်ခဲ့တယ်။ ဘလောဂ့်ကြောင့်ပဲ သူငယ်ချင်းတွေ အများကြီး ပိုင်ဆိုင်ခွင့်ရတယ်။ ဘလောဂ့်ကြောင့်ပဲ သံယောဇဉ်ဆိုတာကို ရှာတွေ့တယ်။ သံယောဇဉ်ရဲ့ ချိုလွင်လွင် အရသာကို အရင်ကထက် ပိုခံစားတတ်ပြီး ပိုနားလည်လာတယ် ဆိုတာကို ၀န်ခံပါတယ်။

တဂ်ထားတဲ့ ကိုမောင်မျိုး လိုတော့ ၀ါသနာတွေ အများကြီးပါဖို့ အချိန်မရှိခဲ့ပါဘူး။ သူ့လိုလဲ အခြေအနေတွေ မရခဲ့ပါဘူး။ ဒီလောက်နဲ့ပဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ဒီ " ၀ါသနာလေးများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ခင်မင်တဲ့ သယ်ချင်းတွေကို ဆက်တက်ချင်ပါသေးတယ်။ သေချာရေးပေးမယ်လို့ မျှော်လင့်ပါတယ်။
  • Flowerpoem (ဧရာဝတီစာကြည့်တိုက်)


Thursday, March 19, 2009

အချစ်သင့်သူ

တွေ့ ဆုံခြင်းဟာ
ကြေကွဲဖို့ အတွက်ဖြစ်မယ်မှန်း
ကြိုသိခဲ့ရင်
မတွေ့ ဖြစ်အောင်နေမိမှာပဲ...

အဖြူရောင်လေးတွေ
အရောင်စွန်းထင်းလာမယ်မှန်း
ကြိုသိခဲ့ရင်
မပတ်သတ်မိအောင်နေမိမှာပဲ...

ခင်တယ်ဆိုတဲ့ စကားကနေ
ချစ်တယ်ဆိုတာပြောင်းလာမယ်မှန်း
ကြိုသိခဲ့ရင်
ခင်တယ်လို့ မပြောမိအောင်နေမိမှာပဲ...

မချစ်သင့်မှန်းသိရက်နဲ့ 
ချစ်ခဲ့မိတဲ့ ကျွန်မ
နောက်ဆုံးတော့
ရင်ဘတ်တစ်ခုဟာ
ဒဏ်ရာတွေဗရပွနဲ့ 
စုတ်ပြတ်သတ်နေခဲ့ရပြီလေ......။

( ချင်းမလေး )

မူရင်းကဗျာ ရဲ့ လင့်ခ်

Wednesday, March 18, 2009

အမြဲနုပျိုနေစေဖို့


ပျော်ပျော်နေသေခဲ ဆိုတဲ့ စကားပုံလေးလို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ရင်တော့ ကောင်းပါတယ်။ လူတိုင်းကလည်း ဒီလို ပျော်ရွှင်မှုကို တောင့်တကြမှာ အမှန်ပါ။ တဒင်္ဂလောက် စိတ်လိုလက်ရ ရယ်မော လိုက်နိုင်ရင်တောင် တစ်ရက်ပိုပြီး အသက်ရှည်တယ်ဆိုတာ ယုံကြည်ထားကြတယ် မဟုတ်ပါလား။ အသက်တစ်ရက် ပိုရှည်ဖို့အတွက် ရမယ်ရှာပြီး ရယ်ဖြစ်ရင်တောင် စိတ်ထဲမှာ ပျော်ရွှင်မှု ဆိုတာ မရှိရင် အသက်ပါတဲ့ ရယ်မောခြင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုနဲ့ သောကကို မမျှမတ ရောမွှေထားတဲ့ ဒီဘဝထဲမှာ သောကစိတ်က ပိုများနေမှာပါ။ ကိုယ်လိုချင်တာ မရနိုင်တဲ့အခါမျိုးမှာ၊ ကိုယ်ဖြစ်ချင်တာ ဖြစ်မလာ နိုင်တဲ့ အခါမျိုးမှာ တက်ရိပ်ပြနေတဲ့ သောကရဲ့ ဒီရေကို ပိုမြင်မိမှာပါ။ သောကဗျာပါဒ စိတ်များတော့ အရွယ်မတိုင်ခင် ရုပ်ရည်ရင့်တာတို့၊ ရုပ်ရည်ကျတာတို့ ဖြစ်ဖို့ အထောက်အကူ ဖြစ်နေမှာပါ။ ဒါကြောင့် လျင်မြန်စွာနဲ့ အိုမင်းခြင်းကို ရှောင်ရှားစေနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ် ..

၁။ ဦးနှောက်ကို အလုပ်ပေးပါ ..
  • စိတ်ကို အချိန်နဲ့အမျှ အလုပ်ပေးထားတာဟာ ဦးနှောက်ရဲ့ တုံ့ပြန်မှု လျော့နည်းလာတာကို ကာကွယ်ပေးပြီး ဦးနှောက်ဆဲလ် တွေထဲမှာရှိတဲ့ အာရုံကြော မျှင်တွေကို အသစ်ဖွံ့ဖြိုး လာစေတယ်လို့ သိရပါတယ်။ ဒီအာရုံကြောမျှင်တွေက အသက်ကြီးလာတဲ့အခါ ပျက်စီးတတ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံသစ်နဲ့ စိတ်ကို လေ့ကျင့်ပေးရင် အာရုံကြောမျှင်တွေ အသစ်ပြန်ဖြစ် စေပါတယ်။ ဒါကြောင့် စာဖတ်ရင်ဖြစ်စေ၊ တီဗွီ အစီအစဉ်ကို ကြည့်သည်ဖြစ်စေ ဦးနှောက်ကို တွေးတောစရာ၊ မှတ်သားစရာတွေ ပေးတဲ့ အစီအစဉ်တွေကို ကြည့်ရှုသင့်တယ်လို့ သိရပါတယ်။
၂။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ ..
  • အသက်ကြီးလာရင် ကိုယ်လက် လှုပ်ရှားမှု နည်းလာပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်လည်း နှေးကွေး လာပါတယ်။ ကယ်လိုရီလိုအပ်မှုလည်း နည်းလာပါတယ်။ ဒီအတွက်ကြောင့် ကိုယ်အလေးချိန် လျော့ကျလာစေ ပါတယ်။ ဒါကြောင့် သင့်တင့်လျှောက်ပတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးသင့်ပါတယ်။
၃။ မိတ်ဆွေ သူငယ်ချင်း များများထားပါ ..
  • ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး မိတ်ဆွေအပေါင်းအသင်း မျုားတဲ့သက်ကြီး ပိုင်းတွေဟာ ရှိရင်းစွဲ အသက်အရွယ်ထက် ပိုပြီး နုပျိုလန်းဆန်း စေတယ်လို့ သိရပါတယ်။ တစ်ဦးအပေါ်တစ်ဦး ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ကောင်းတွေက စိတ်ဖိစီးမှုကို ကာကွယ်ပေးပါသတဲ့။
၎။ ဆေးလိပ်နဲ့ မီးခိုးငွေ့တွေကို ရှောင်ပါ ..
  • ကိုယ်ကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း မရှိပေမယ့် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိရင်တောင် အိုမင်း ရင့်ရော်စေတယ်လို့ သိရပါတယ်။ ဆေးလိပ်ငွေ့တွေရှိတဲ့နေရာမှာ ၄ နာရီလောက်ရှိနေရင် ရှိရင်းစွဲ အသက်ထက် ၇ နှစ်စာလောက် အိုစာသွားစေပါတယ်။ အသက် ၄၀ အရွယ် ဆေးလိပ်သောက်သုံးသူရဲ့အသားအရည် ဟာ ဆေးလိပ်မသောက်တဲ့ အသက် ၆၀ အရွယ်ရဲ့ အသားအရည်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆေးလိပ်မှာ ပါဝင်တဲ့အဆိပ်ဓာတ်က အသားအရည်အတွက် အောင်ဆီဂျင်ရရှိမှုကို အားနည်းစေပြီး တစ်ရှူးတွေကို ပျက်စီးစေတယ်လို့ သိရပါတယ်။
၅။ အိပ်ရေး၀၀ အိပ်ပါ ..
  • မိမိရဲ့ ရုပ်ရည်အတွက်ရော၊ ကျန်းမာရေး အတွက်ပါ အချိန်မှန် အိပ်ဖို့နဲ့ အိပ်ရေး၀၀ အိပ်ဖို့ အရေးကြီး ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းက ကိုယ်ခံအားကို မြင့်တက်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း အထိုက်အလျှောက် ကာကွယ်ပေးပါတယ်။
၆။ စိတ်ဖိစီးမှုကို တိုက်ဖျက်ပါ ..
  • စိတ်ဖိစီးမှုက လူကို အိုမင်းစေပါတယ်။ စိတ်ဖိစီးမှုက လူကို နှလုံးရောဂါ ဖြစ်ပွားစေနိုင်ပြီး၊ စိတ်တင်းကြပ်မှု တာရှည်လာရင် ကိုယ်ခံအားကို လျော့ပါးလာစေ ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်း ကတော့ တရားထိုင်ခြင်းနဲ့၊ ယောဂကျင့်စဉ်လိုမျိုး စိတ်ကို တည်ငြိမ်စေမယ့် လေ့ကျင့်မှုမျိုးကို လုပ်ဆောင် ပေးသင့်ပါတယ်။
၇။ အိမ်ထောင်ရေးသုခကို ခံစားပါ ..
  • အိမ်ထောင်ရေး သုခကို အပြည့်အ၀ ရရှိတဲ့ အိမ်ထောင်သည် တွေဟာ အိမ်ထောင်ရေး သုခ အပြည့်မ၀ မရရှိတဲ့ အိမ်ထောင်သည် တွေထက် ၇ နှစ်ပိုပြီး နုပျိုစေတယ်လို့ မှတ်သားရ ပါတယ်။ (အိုမင်းရင့်ရော် တာကနေ ရှောင်လွဲနိုင်အောင် မြန်မြန် အိမ်ထောင်ထူသင့်တယ်လို့ ပြောချင် တာများလား မသိ...၊ အတွေးတွေ ပွားသွားရပါတယ်)။
အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။
Levi's Jeans ဂျင်းကြော်ငြာနဲ့ ဆောင်းဟေကို (အွန်စော)


Related Links

Monday, March 16, 2009

သူ့အတွက် ရိုးဂုဏ်မျှသာ


ဖုန်ထနေတဲ့ မြေနီလမ်းပေါ် ကလေးငယ်တစ်သိုက် လွတ်လွတ်လပ်လပ် ပြေးလွား ဆော့ကစားနေကြတယ်။ ပျော်ရွှင်နေတဲ့ ကလေးငယ်တွေကို ကြည့်ပြီး သူတို့လေးတွေရဲ့ အပူအပင်ကင်းတဲ့ ဘ၀လေးကို အားကျမိခဲ့တယ်။ လောဘတွေ မောဟတွေ မာနတွေ ကင်းစင် နေတာကြောင့်လဲ သူတို့ရဲ့ ဘ၀လေးတွေ ဖြူစင်တယ်။ လိုချင်တပ်မက်မှု ဆိုတာလည်းဘာမှ မရှိသေးတာမို့ သူတို့ အတွေးလေး တွေလည်း စင်ကြယ်တယ်။ ဆာရင်စားမယ်၊ ပျော်စရာတွေ့ရင် ရယ်မောမယ်၊ ၀မ်းနည်းစရာတွေ့ရင် အမေ့ကို တမ်းတပြီး ငိုမယ်။ နေညိုလို့ အိပ်ချိန်တန်ရင် အမေ့ရဲ့ နွေးထွေးတဲ့ ရင်ငွေ့အိပ်ယာက အသင့်မို့ လိုလေးသေးမရှိ ပြည့်စုံပါတယ်လို့ ပြောနိုင်ပါတယ်။

ကြောင့်ကျမဲ့ ကလေးဘ၀ကို ပြန်တမ်းတလို့ မရနိုင်မှန်းသိပေမယ့် ပြန်ရောက်ချင် မိပါတယ်။ ကလေးသဘာဝ ဘာပဲ လိုချင်လိုချင် ပူဆာလိုက်ရုံနဲ့ ရနိုင်တယ် မဟုတ်ပါလား။ ရောက်နေတဲ့ လက်ရှိဘ၀လေးကို ကျေနပ်တင်းတိမ် နိုင်ပေမယ့် တခါတလေ အားငယ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်လိုချင်နေတာ ကိုယ်ဖြစ်ချင် နေတာတွေ ထင်သလို ဖြစ်မလာလို့ပါ။ အားငယ်စရာ မဟုတ်ပေမယ့် အားငယ်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လိုချင်လွန်းတဲ့ အရာက ပင်မြင့် တော်ဝင်ပန်း ဖြစ်နေလို့ပါ။

အဆုံးစွန်မှာတော့ လူတစ်ယောက်မှာ ပညာမရှိရင် အသိဥာဏ်ရှိမယ်။ အသိဥာဏ်မရှိရင် ဆွေမျိုး အသိုင်းအ၀ိုင်းရှိမယ်။ ဆွေမျိုး အသိုင်းအ၀ိုင်းမရှိရင် မိတ်ကောင်း ဆွေကောင်းတွေ ရှိမယ်။ ဘာမှ မရှိတော့ရင်တောင်မှ ဘာများ အားငယ်နေမှာလဲနော်။ အမေပေးထားတဲ့ ဦးနှောက်ရှိသေးတယ်။ နောက် ခြေနှစ်ဖက်၊ လက်နှစ်ဖက် ရှိသေးတယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် အာမခံပေးနိုင်မဲ့ ရိုးသားမှုနဲ့ ကိုယ်ကျင့်တရားလဲ ရှိသေးတယ်။ ဒါဆို လူဖြစ်ရကျိုးတော့ နပ်ပါသေးတယ် မဟုတ်ပါလား။ ရိုးသားမှုကိုတော့ ကမ္ဘာပေါ်မှာ ဈေးအချိုဆုံးနဲ့ အမြတ်အစွန်း အများဆုံး ရရှိစေတဲ့ အရင်းအနှီး တစ်မျိုး ဖြစ်တယ်လို့ ထင်မိပါတယ်။ မိမိနဲ့ ဆက်သွယ်လာသူ မှန်သမျှ အပေါ်မှာ ယဉ်ယဉ်ကျေးကျေးနဲ့ ရိုးသားမှုကို ပြသပါ။ ရိုးသားမှုကို ပြသဖို့အတွက် အချိန်တော့ လိုပါမယ်။ ရိုးသားမှုအတွက် အချိန်ပေးဆပ်မှုကတော့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါမယ်။ ရိုးသားခြင်းဟာ အင်မတန် ရှားပါးတဲ့ ရတနာတစ်မျိုးလည်း ဖြစ်ပါတယ်။ လူတိုင်း လိုအပ်တဲ့ ပေးဆပ်ခြင်းမျိုးလည်း ဖြစ်ပါတယ်။ ရိုးသားပြီး သိမ်မွေ့တဲ့လူကိုတော့ ဘယ်သူမှ ဥပေက္ခာမပြုနိုင်ဘူးလို့ ထင်မိပါတယ်။ အသိအမှတ် မပြုဘဲလည်း နေလို့ မရနိုင်ပါဘူး။ ကျွန်တော့်မှာက ရိုးသားမှုတစ်ခုပဲ ပေးနိုင်စွမ်းသေးလို့ပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ .. .. ။


Friday, March 13, 2009

လက်ဆောင်လေးတစ်ခု

လက်ဆောင်ဆိုရင် မနှစ်သက်တဲ့သူ ဘယ်ရှိမလဲနော်။ တန်ဖိုးနည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ တခုတ်တရ လက်ဆောင် ပေးတယ်ဆိုတာ တစ်ယောက်အပေါ် တစ်ယောက် အလေးအနက် ထားတာမျိုး ဖြစ်တယ်။ အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်မှ လက်ဆောင်ပေးတာမျိုး မဟုတ်ဘဲ တစ်ခါတလေ မထင်မှတ်တဲ့ လက်ဆောင်လေးတွေ တကူးတက ပေးဖြစ်တာလည်း တစ်ယောက်အပေါ် တစ်ယောက် အလေးအနက် ထားတယ်ဆိုတာကို နှုတ်က ဖွင့်မပြောဘဲ ထုတ်ဖော်ပြသရာ ရောက်တတ်ပါတယ်။

စာဖတ်ဝါသနာပါတဲ့ သူအတွက် စာအုပ်လေးတွေ လက်ဆောင်ပေးတာမျိုး၊ သီချင်းကြိုက်တတ်တဲ့ သူအတွက် သူနှစ်သက်တဲ့ အဆိုတော်ရဲ့ အခွေထွက်တိုင်း ဦးဦးဖျားဖျား လက်ဆောင်ပေးတာမျိုး အမှတ်မထင် ပေးဖြစ်ရင် တစ်ဖက်သားက ကိုယ့်ကိုပိုပြီး အမှတ်ရစေမယ့် အခွင့်အလမ်းလေးတွေ ဖြစ်စေတယ်လို့ ထင်မိပါတယ်။ ကျွန်တော်လည်း မမျှော်လင့်တဲ့ အမှတ်တရ လက်ဆောင် တစ်ခုရထားလိုက်တယ်။ ပန်းရောင်လွှမ်းတဲ့ အမှတ်တရ ပစ္စည်းလေးပါ။ သူငယ်ချင်းတွေကို ပြလို့ မဖြစ်သလို၊ ပြောပြလို့လည်း မဖြစ်ပါဘူး။ ဒီအတိုင်းပဲ သိထားပေးပါ။ (မေတ္တာများများ ပို့နိုင်ပါတယ်၊ နေမကောင်းသေးလို့)





Thursday, March 12, 2009

ဖြစ်ချင်မိတဲ့ ဆန္ဒလေး .. ..

ခရီးထွက်နေရရင် ပျော်စရာ သိပ်ကောင်းမှာပဲလို့ လူတွေက ထင်ကြပါမယ်။ အပျော်ခရီး ကို သူငယ်ချင်းတွေနဲ့ သွားရတယ် ဆိုရင်တော့ ပျော်စရာအတိ ဖြစ်မှာပါ။ ခုတော့ အလုပ်တစ်ဖက်နဲ့ ခရီးထွက်တာဆိုတာ့ ပျော်ဖို့ နေနေသာသာ အန္တရာယ် မဖြစ်အောင် ဂရုစိုက်နေတာနဲ့ပဲ စိတ်ဖိစီးမှုတွေ များများ လာရတယ်။ အလုပ်က ခရီးထွက်နေရတဲ့ အလုပ်ပေမို့ ခရီးသွားရတဲ့ ကံပါတယ်လို့ ဆိုရမှာပေါ့။ ခရီးစဉ်တိုင်းတော့ အဆင်ပြေ ချောမွေ့တယ် ရယ်လို့တော့ မဟုတ်ပါဘူး။ ကားက မဖောက်ရင် လူက ဖောက်တယ်။ လူနဲ့ ကားနဲ့ ကောင်းရင် ကုန်တွေက ဖောက်တယ်။ နောက် လမ်းကအဆင်မပြေ တာတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် နိစ္စဒူဝ လုပ်နေရတဲ့ အလုပ်မို့ ပျော်တာလည်း မဟုတ်တော့ဘူး၊ မပျော်ဘူးလည်း မဆိုနိုင် တော့ပါဘူး။ ခရီးထွက်လို့ လက်ငင်း ရဖြစ်တဲ့ အကျိုးကတော့ ဘုရားစာ များများ ရွတ်ဖြစ်တာပဲ ပြောစရာရှိပါတယ်။ ဒုက္ခကို ကြောက်လို့တော့ ဟုတ်ပါဘူး မမြင်နိုင်တဲ့ အန္တရာယ်တွေ ကင်းအောင်ပါ။

မနေ့က ပဲခူးကနေ ပြန်ရောက်ရောက်ချင်းပဲ ပင်ပန်းတာကို အကြောင်းပြပြီး ချက်ချင်း ရေချိုးလိုက်မိတယ်။ အပူရှပ်သလို ဖြစ်ပြီး ခုတော့ ကိုယ်လက် မအီမသာ ဖြစ်ရတယ်။ ဖွင့်ထားတဲ့ Chat Box ကနေ ကျောက်မြောင်းက သယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ကိုးကွယ်တဲ့ ဘာသာအယူ ၀ါဒမတူတဲ့ ချစ်သူနှစ်ဦးရဲ့ ရင်တွင်းဇာတ်လမ်း အဖြစ်အပျက်လေးကို ဆွေးနွေးဖြစ်ခဲ့တယ်။ တစ်ယောက်က ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်၊ ကျန်တစ်ယောက်က ခရစ်ယာန်ဘာသာ ကိုးကွယ်တယ်။ စိတ်တူကိုယ်တူ ချစ်သူဘ၀ကို မရောက်ဖြစ်သေးတဲ့ သယ်ချင်း နှစ်ယောက်ပါ။ တစ်ယောက်ကို တစ်ယောက် မြတ်နိုးခဲ့ ပေမယ့်လည်း ဘာသာတရား ကိုင်းရှိုင်းလွန်းတဲ့ နှစ်ဖက် မိဘဆွေမျိုး တွေကြောင့် ရှေ့ဆက်မတိုးနိုင်တဲ့ မေတ္တာဘွဲ့ဖွင့် ဇာတ်လမ်းလေးပါ။ ဒီအကြောင်းလေး ပြောဖြစ်တော့ ကျိုင်းတုံက စီနီယာ သူငယ်ချင်း စုံတွဲကို သွားသတိရမိတယ်။ စီနီယာ အစ်မက ခရစ်ယာန်၊ စီနီယာ အစ်ကိုက ဗုဒ္ဓဘာသာ ကိုးကွယ်တယ်။ ယူခါစတုန်းကတော့ သူ့ဘာသာ ကိုယ့်ဘာသာကို ယုံကြည်သလို နှစ်ဦးသဘောတူ တစ်မျိုးစီ ကိုးကွယ်ခဲ့ကြတယ်။ ဘာမှတော့ ပြဿနာ ကြီးကြီးမားမား မရှိခဲ့တဲ့ အေးချမ်းတဲ့ အိမ်ထောင်ရေးလေးပါ။ ဒါပေမယ့် နှစ်တွေကြာပြီး သားသမီးတွေ ရလာတဲ့အခါ အမေနဲ့ ပိုအနေနီးတဲ့ သားသမီးတွေက ခရစ်ယာန်လေးတွေ ဖြစ်ကုန်တယ်။ စီနီယာ အစ်ကိုခင်မျာလည်း ဇနီးနဲ့ သားသမီးကို ချပ်ကျောင်း အကြိုအပို့ လုပ်ရင်းကနေပဲ နောက်ဆုံးတော့ မိသားစုကို ငဲ့ညာပြီး ဘာသာခြားကို ကူးသွားခဲ့တယ်။ ခုထက်ထိ နွေးထွေးတဲ့ မိသားစုလေးနဲ့အတူ ရှေ့ခရီးကို ချီတက်ဆဲပါ။ နောက်ပေါက် ကောင်လေးနဲ့ ကောင်မလေးကရော တံတိုင်းလို ခြားနေတဲ့ ဘာသာအယူဝါဒကို ဘယ်လို ကျော်လွှားနိုင်မှာ လဲနော်။ ရှေ့ဆက်ဖြစ်ရင်တော့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်လာမှာ အမှန်ပါပဲ။

တကယ်တော့ အချစ်ဆိုတာ သူ့ကဏ္ဍနဲ့သူ၊ သူ့ကံဇာတာနဲ့သူ သတ်မှတ်ပြီးသား ဖြစ်နေရင် အင်မတန် မြတ်နိုးစရာ ကောင်းတဲ့ ခံစားချက် တစ်ခုပါ။ အဲဒီအချစ်ကို ဘာသာအယူဝါ တွေနဲ့ ပိုင်းခြား၊ ငွေကြေးအရှိန်အ၀ါ တွေနဲ့တိုင်းတာ၊ မာနအတ္တတွေ တကိုယ်ကောင်း ဆန်မှုတွေနဲ့ ချိန်ထိုး နေမယ်ဆိုရင် အချစ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်သွားပါမယ်။ အမှန်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလည်း မဟုတ်သလို၊ ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်ပါဘူး။ အနီးစပ်ဆုံး ပြောရရင် တစ်ဦးနဲ့ တစ်ဦး စိတ်တူ ကိုယ်တူ ဖလှယ်ခြင်းလို့ မြင်မိပါတယ်။ တစ်ဦးရဲ့ ပျော်ရွှင်မှုကို တစ်ဦးဆီကို ပေးပြီး ဖလှယ်တာဟာ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်စေပါတယ်။ ဒါကြောင့် ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိနေပါစေ တစ်ဦးအပေါ် တစ်ဦး နားလည်မှုရှိပြီး အပေးအယူ မျှတခဲ့မယ်ဆိုရင် ပျော်ရွှင်တဲ့ ဘ၀တစ်ခုကို တည်ဆောက် ယူနိုင်မယ်လို့ ထင်မြင်မိပါတယ်။

သယ်ချင်းနဲ့ အပေါ်ကအတိုင်း ဆွေးနွေးနေရင်းနဲ့ပဲ အင်တာနက် ကွန်နက်ရှင်းက ပြတ်သွားတယ်။ သွေးရိုးသွေးတန်း ကွန်နက်ရှင် ဒေါင်းတယ်လို့ပဲ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် ဂရုမပြုဘဲ ပစ်ထားတာ ကြာပီဖြစ်တဲ့ ဖုန်းတွေ အလိမ်းလိမ်းတက်နေတဲ့ modem ကိုဖုန်သုတ်ဖို့ ကောက်ကိုင်လိုက်တာ မီးစွဲနေတဲ့ မီးသွေးခဲကို ကိုင်လိုက်မိသလို လက်တစ်ခုလုံး အပူလောင် သွားတယ်။ အပူလွန်ကဲနေတဲ့ modem ကိုလည်း လက်ကနေ လွတ်ချလိုက်ရတယ်။ ခုမှပဲ အိပ်ခန်းကို ညော်နံ့သင်းနေစေတဲ့ တရားခံကို တွေ့တာ ဖြစ်တယ်။ အိပ်ခန်းထဲမှာ လျှပ်စစ်ပစ္စည်းတွေ ချည်းပဲဆိုတော့ ဒီလို ညော်နံ့က နှာခေါင်း ယဉ်နေတာမို့ ဖာသိဖာသာပဲ နေခဲ့မိပါတယ်။ Modem မကောင်းရင်တော့ အင်တာနက်တက်ဖို့ တစ်ရက် နှစ်ရက်လောက်တော့ သည်းခံရပါအုန်းမယ်။ ဒီလိုတွေးပြီး စိတ်မကောင်း ဖြစ်ရတယ်။ နေ့တိုင်း အင်တာနက်ပေါ် အလည်လွန် နေတတ်သူ တစ်ယောက်အနေနဲ့ ရုတ်တရက် အင်တာနက်ပေါ် မတက်ဖြစ်တဲ့ ရင်ထဲက ခံစားချက်ကို နားလည်နိုင်ကြမှာပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

Wednesday, March 11, 2009

အတွေးတွေ ဆန့်ထုတ်ချင်တယ်

အလုပ်ကိစ္စနဲ့ သွားနေရတဲ့ ထောက်ကြန့်တို့ ပဲခူးတို့ ဆိုတာ ကျွန်တော့်အတွက် အိမ်ဦးနဲ့ ကြမ်းပြင်လို လူးလာခေါက်တုန့် သွားနေကျ ဖြစ်တယ်။ ဘယ်အချိန်စထွက်ရင် အိမ်ကို ဘယ်အချိန်မှာ ပြန်ရောက်မယ် ဆိုတဲ့ ကြာမြင့်ချိန်ကို တွက်ချက်နေ စရာမလိုအောင် ခေါင်းထဲ အလွတ်ရမြဲပါ။ ခုတော့ မှန်းခဲ့လေသမျှ တေ့လွဲလွဲ တာတော့ မဟုတ်ပါဘူး။ ငါးပါးမှောက်အောင်ကို လွဲခဲ့ပါတယ်။ ခရီးဆောင်အိတ်ကို နောက်ခန်းထဲ ထည့်ပြီးတာနဲ့ ကားကို ရန်ကုန်ဘက်ဆီ ဦးတည်လိုက်တယ်။ပဲခူးကို ရောက်နေတဲ့ ၆ ရက်လုံးလုံး ပစ်ထားတဲ့ကားကို ပြန်ခါနီးမှ တံခါးလေးဖွင့် တက်မောင်းခဲ့တဲ့ နမော်နမဲ့ နိုင်တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံး ဖြစ်ရတယ်။ အင်းတိုင် မရောက်ခင်လေးမှာ ကားက တိုင်ပင်ခြင်းမရှိပါဘဲနဲ့ ညင်ညင်သာသာပဲ စက်ထိုးရပ်သွားတယ်။ တစ်ယောက်ထဲ ခရီးထွက်နေကျမို့ ဒီလိုအခက်အခဲ လောက်တော့ ကိုင်တွယ်ဖြေရှင်း နေကျပါ။ ကားပေါ်ကဆင်းတော့ ရှင်နေမင်းရဲ့ ဘုန်းတန်ခိုး အစွမ်းကုန် တောက်ပတဲ့ အချိန်အခါမို့ လူကိုမိုက်ကနဲ ဖြစ်စေလောက်အောင် နေအပူရှိန်က သံလျှပ်ပမာ လင်းလက် ပြင်းထန်လွန်းလှပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်းရင်း ငါဟဲ့ ယောက်ျား သေခါမှ ဇွဲလျော့မယ် ဆိုတဲ့ဗန္ဓုလထုံး နှလုံးမူပြီး ကားစက်ဖုံးကို ဖွင့်ပြင်တယ်။ နာရီဝက်ကြာတော့ ကျွန်တော့်ရဲ့ ကားပြင်ပညာသာ ကုန်သွားတယ် ကားက တုတ်တုတ်မျှ လှုပ်မလာပါဘူး။ အိမ်က ဖျက်ကနစ်တွေလည်း ခုနကမှ ရှမ်းပြည်တက်သွားလို့ ဆန့်ကျင်ဘက် လမ်းခွဲခဲ့ကြတာဆိုတော့ သူတို့ကို မျှော်လို့မရတော့ဘူး။ ဒီတစ်ခါတော့ ကားက လူကို ပြန်စီးတဲ့ အချိန်ရောက်ပြီမို့ အလှည့်ကျရင် မနွဲ့စတမ်းပါပဲ။


အမှတ်(၄)လမ်းမကြီး လမ်းဆုံရောက်တဲ့အထိ တွန်းလိုက်ရတာမို့ လူလည်း တော်တော်လေး ဗြိုင်းသွားတယ်။ ဒီလိုဖြစ်ဖို့ ရာသီဥတုကလည်း ခြေထိုးနေတာမို့ ဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ မှတ်ယူမိပါတယ်။ မြေညီ ကတ္တရာလမ်း ပြေပြေ လေးမို့ပဲ တော်တော့တယ်။ ဒီလို အခက်အခဲလေးတွေ ကြုံပြန်တော့ အိမ်ကိုအရင်ဆုံး သတိမရဖြစ်ဘဲ အွန်လိုင်းပေါ်က ဘော်ဒါတွေကို စီကနဲ အစီအရီ တန်းမြင်မိတယ်။ (အဟိ . . ထမင်းလုံး တစ္ဆေခြောက်တာလဲ ဟုတ်ပါဘူး၊ ပုန်းပန်းချီမ တွယ်နေတာလဲ ဟုတ်ပါဘူး။ ကိုယ် ကိုယ်၌က စိတ် ကယောက်ကယက် ဖြစ်နေတာ၊ ဘော်ဒါတွေကို အဲလောက် သံယောဇဉ် ကြီးတယ်ဆိုတာ ယုံ) ၀ပ်ရှော့ရှေ့ ပန်ဒါပင်ရိပ်အောက်က ထန်းလျက် ပက်လက် ကုလားထိုင်ပေါ် ခြေပစ်လက်ပစ်နဲ့ ကားပြင်တာကို ထိုင်စောင့်နေမိတယ်။ မျက်နှာကို နေထိုးပေမယ့် ပင်ပန်းတဲ့အရှိန် ကြောင့် မျက်နှာလွဲ မနေတော့ဘဲ နေထိုးတဲ့အလင်းကနေ အဖြူရောင် မီးလုံးတွေကြားမှာ ပန်းရောင် မိန်းကလေး တစ်ယောက်ကို ထဲထဲဝင်ဝင် မြင်မိတယ်။ သေချာကြည့်လေ မသဲကွဲလေ၊ အားစိုက်ကြည့်လေေ၀၀ါးသွားလေမို့ အားမလိုအားမရ ဖြစ်စေတာ အမှန်ပါပဲ။ ၀ပ်ရှော့ဆရာတွေ ၁၀ မိနစ်လောက် ကားကို စစ်ဆေးပြီးတော့ ကျွန်တော်ဆီ ပြန်လာတယ်။ ကားရဲ့ပြစ်ချက်က "ဓာတ်ဆီ ကုန်နေတာ အစ်ကိုလေး" တဲ့ခင်ဗျာ .. .. ။ ရှက်လိုက်တာမှ မျက်နှာတောင် ထားစရာနေရာ မရှိတော့ ပါဘူး။ ရန်ကုန်ကနေ စထွက်ကတည်းက တိုင်ကီအပြည့် ဖြည့်ထားတာမို့ ကုန်နိုင်စရာ အကြောင်းမရှိ ပါဘူး။ ပဲခူးရောက်တော့လည်း ဘယ်မှ သွားဖြစ်တာ မဟုတ်တာကြောင့် သွေးရိုးသွေးတန်း ကုန်တာတော့ မဟုတ်လောက်ပါဘူး။ ဆီတိုတဲ့ တရားခံတွေကို ချက်ချင်း ပြေးမြင်မိတယ်။ ပြန်လာပါစေအုန်း ဘယ်လို ပညာပြန်ပြရမယ် ဆိုတာကို အကြွေးစနစ်နဲ့ တေးထားလိုက်မိတယ်။


ပဲခူးကနေ ဘယ်အချိန် ထွက်လာတယ်ဆိုတာကို ပြောဖြစ်ခဲ့ပေမယ့် အိမ်ကို အချိန်လွန်မှ ရောက်လာလို့လည်း တကူးတက ခေါ်မေးမြန်းတာ မရှိခဲ့ပါဘူး။ အိမ်အလုပ်က လူကို စိတ်ချမ်းသာစေတဲ့ ကောင်းကွက်လေး တစ်ခုပါ။ အပေါ်ထပ်တက်ပြီး အိပ်ခန်းတံခါးကို ဖွင့်ဝင်တော့ ၀ါယာညော်တဲ့ အနံ့က တစ်ခန်းလုံး လွှမ်းခြုံနေတယ်။ သင်္ကာမကင်းဖြစ်မိတဲ့ ကွန်ပျူတာကို ဖွင့်ကြည့်တော့ အကောင်းအတိုင်းပဲ Window က ပုံမှန် တက်လာတယ်။ နက်ထဲဝင်ကြည့်တော့ ရောက်နှင့်နေတဲ့ ဘော်ဒါတွေလည်း မနည်းပါဘူး။ ကိုယ်ကစပြီး နှုတ်ဆက်လေ့ မရှိတာကြောင့် G-talk ကို ဒီအတိုင်းပဲ ဖွင့်ထားလိုက်တယ်။ ဘာအတွက်ကြောင့် ကိုယ်က စပြီး နှုတ်မဆက်ဖြစ်တာလဲ ဆိုတဲ့ အကြောင်းရင်းက တစ်ဖက်လူ အနေနဲ့ စာဖတ်နေတာလား၊ အလုပ်များနေတာလား၊ ကိုယ့်ထက် အရေးပါတဲ့လူနဲ့ စကားပြောနေတာလား ဆိုတဲ့ အားနာစိတ်၊ အလိုက်တသိ စိတ်လေးကြောင့် အွန်လိုင်းပေါ် တွေ့နေပေမယ့် နှုတ်မဆက်ဖြစ်တာကို နားလည်ပေးစေချင် ပါတယ်။ ထင်သလို မာနကြီးတာလည်း မဟုတ်ပါဘူး၊ စတယ်ကိုင်တာလည်း မဟုတ်တဲ့ အကြောင်း သိစေချင်ပါတယ်။ ဘယ်လိုအချိန်မျိုး၊ ဘယ်လို အခြေအနေမျိုး မှာမဆို တခြားသူတွေရဲ့ ခံစားချက်ကို လေးစားတတ်ခြင်းဟာ ယဉ်ကျေး သိမ်မွေ့မှု တစ်မျိုးပဲလို့ မြင်မိပါတယ်။ (ဆက်ရေးပါအုန်းမယ်)

Monday, March 9, 2009

သံယောဇဉ်အမျှင် တန်းတယ် .. ..

တိမ်တောက်နေတဲ့ ကောင်းကင်ကို မြင်တော့ ရင်ကို ပိုအိုက်လာစေတယ်။ ဒီလို ပြိုးပြက်တဲ့ အလင်းရောင်ဟာ လွမ်းကျန်ခဲ့တဲ့ ကိုယ့်အဖို့ ဘယ်လိုမှ ခံနိုင်ရည် မရှိဘူးဆိုတာ မင်းလေး ယုံနိုင်မလားပဲ။ မင်းနဲ့ အတူရှိနေခဲ့တဲ့ ခဏတာ အချိန်လေးမှာ ရာသီဥတုလေးက တကယ့်ကို ထာဝရ အိုအေစစ်လေးပါ။ ဒီအချိန်လေးကိုပဲ ဖမ်းဆုပ်ထားနိုင်မယ် ဆိုရင် ကိုယ့်အတွက် အတိုင်းထက် အလွန် ကျေနပ်မှုကို ဖြစ်မစေမှာ အမှန်ပါ။ နွေးနေတဲ့ ရေမှုန်လေးတွေရယ်၊ မြေသင်းရနံ့လေးရယ်၊ တိမ်ကင်းတဲ့ ကောင်းကင်ပြာပြာ ကြီးရယ်က မင်းလေးကို ဒီနွေရက်မှာ ပြောပြ ပါလိမ့်မယ် .. ကိုယ်မင်းကို သံယောဇဉ် ရှိနေတယ် ဆိုတာကိုပါ။

မဟာဆန်တဲ့ မျက်နှာလေးနဲ့ အပြုံးတွေ ဝေနေတဲ့ မင်းလေးကို မျက်စိထဲကနေ မထွက်နိုင်ခဲ့ဘူးလေ။ မင်းလေးရဲ့ ဂုဏ်ပုဒ်တွေက အချစ်ကဲ့သို့ နူးညံ့သိမ်မွေ့ခြင်း တွေနဲ့ အတူ အမျက်ဒေါသ ကင်းသူလည်း ဖြစ်တယ်။ အလွန်နူးညံ့သိမ်မွေ့ တတ်သူတစ်ဦးဖြစ်ပြီး နှုတ်ထွက် စကားတွေတိုင်းက တစ်ပါးသူအတွက် ပျားသကာလို ချိုမြိန်စေတယ်။ မင်းလေးရဲ့ ဂရုတစိုက် လုပ်ကိုင်ပေးတတ်မှုတွေ အမြဲပဲ တစ်ဘက်လူအပေါ် အကာအကွယ် ပေးတတ်မှုတွေနဲ့ ကျေနပ်မှုတွေကြောင့် လူချစ်လူခင် ပေါများသူဖြစ်တယ်။ ဒါပေမဲ့ လည်း ကိုယ်တိုင်မှာတော့ အမြဲခံစားကျိုးပဲ့ လွယ်တတ်တဲ့  စိုးရိမ်ပူပန်ခြင်းတွေနဲ့  ချစ်စရာ အလွန်ကောင်းသူ တစ်ဦးပါတဲ့။ ဒီလို စိုးရိမ် ကြောင့်ကျစိတ် ကြောင့်ပဲ ကိုယ့်ကို အပြည့်အ၀ မယုံကြည်ခဲ့ တာလေလားပဲနော်။

ကိုယ်မင်းကို လွမ်းတယ်။ နှုတ်ခမ်းနဲ့ လွမ်းတာမဟုတ်ပါဘူး။ ရင်မှာဖြစ်တဲ့ နှလုံးသားနဲ့ လွမ်းတယ် ဆိုတာကို ယုံစေချင်တယ်။ တစ်နေ့နေ့ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ မင်းလေးကို စောင့်နေမိတယ်။ မင်းဆီက နူးညံ့တဲ့ အပြုံးတစ်ပွင့်နဲ့အတူ နွေးထွေးတဲ့ လက်တစ်စုံရဲ့ အင်အားကို ကိုယ်တမ်းတ နေမိတယ်။ ကိုယ်ညည်းဖို့ မင်းလေး ပေးထားတဲ့ သီချင်းလေးတွေကို ကောင်းကင်ပေါ် ကြယ်တွေစုံတဲ့ ညမှာ မင်းလေးရှိနေမယ့် နေရာကို ရော်ရည်မှန်းပြီး ညည်းချင်းထပ် နေမိတယ်။ ကိုယ့်သံယောဇဉ်တွေဟာ အဖော်မပါတဲ့ လမ်းမပေါ် ရှင်သန်လျက်ပါ။ အလွမ်းတွေနဲ့ ဝေးစေမယ့် နေရာသစ်ဆီကို ခေါ်သွားနိုင်မယ့် သူဟာ မင်းလေးပဲ ဖြစ်တယ်ဆိုတာ ကိုယ်ယုံကြည်တယ်။

အဖြူသက်သက် ကိုယ့်နှလုံးကို ပုံရိပ်ထင်စေတာ မင်းလေးပဲဆို ယုံမှားသံသယ မဖြစ်မိပါဘူး။ အလတ်ဆတ်ဆုံး နဲ့ အသန့်ရှင်းဆုံး ရင်ခုန်သံတွေကို ပထမဆုံး ဖြစ်ပေါ် စေခဲ့တာလည်း မင်းလေးပဲ ဖြစ်တယ်ဆို ၀န်ခံပါရစေ။ မင်းလေးကို သံယောဇဉ်ရှိ တယ်ဆိုတာကို ကိုယ် အပွင့်လင်းဆုံး ၀န်ခံခဲ့ပါပြီ။ ပကတိ ရိုးသားတဲ့ စကားလုံးတွေရဲ့ နောက်မှာ အစစ်မှန်ဆုံး ရင်ခုန်သံတွေကို မင်လေး မေ့နိုင်မှာလား။ ကိုယ့်ဘ၀မှာ အမြတ်နိုးဆုံး ဆိုတဲ့ နေရာလေးမှာ ရှိနေစေဖို့ ရည်ရွယ်ရင်း၊ မျှော်လင့်ရင်း မင်းလေးနဲ့ ဝေးရမှာ ကြောက်မိတဲ့ ကိုယ့်ရဲ့ စိုးရိမ်စိတ်နဲ့အတူ မင်းလေး ပြောဖို့ကျန်နေသေးတဲ့ စကားလေး တစ်ခွန်းကို စောင့်မျှော်နေလျက်ပါ။






Friday, March 6, 2009

မိတ်ကောင်းဆွေမွန်

ကိုယ်ကိုယ်တိုင်က စီးပွားရေးသမား ဖြစ်တဲ့အပြင် လူအများနဲ့ ပေါင်းသင်းဆက်ဆံ နေရတဲ့ ကားသမား တစ်ယောက် ဖြစ်တယ်။ မတူညီတဲ့ လူအမျိုးမျိုး၊ ခြားနားတဲ့ စိတ်အထွေထွေ ရှိနေကြတဲ့ လောကသားတွေနဲ့ နေ့စဉ် ပြောဆို ဆက်ဆံ ပေါင်းသင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကိုယ်ကတော့ လူငယ်ပီပီ ဖောက်သည်တွေကို အမြဲပဲ ဦးညွတ်ပြီး တလေးတစား ဆက်ဆံပါတယ်။ ဟင်းသီး ဟင်းရွက်သည် ကိုလည်း အလိုက်အထိုက် ဆလံပေး ဆက်ဆံပါတယ်။ ကုန်တိုက် မန်နေဂျာနဲ့လည်း လည်တငြိမ့်ငြိမ့် ရိုသေတာမို့ ကိုယ့်ကိုယ်ကိုယ် တစ်ခါတလေ ပေါတောတော ဖြစ်နေသလားလို့ ဆန်းစစ်မိပါတယ်။ လုပ်ငန်းရဲ့သဘော သဘာဝမို့ ပေါနေရင်လည်း ခွင့်လွတ်နိုင်မယ် ထင်ပါတယ်။ လူတွေထဲက လူတစ်ယောက်မို့ နေ့တွေထပ်လို့ ရက်တွေ ဆက်လာတော့လည်း အဆင်မပြေရင် မပြေသလို ဘုစကားတွေ ပြောဖြစ်မိတယ်။ စိတ်ထဲက ပါလို့တော့ မဟုတ်ပါဘူး။ မိတ်ဆွေ အပေါင်းအသင်းတွေကို လိုချင် တပ်မက်ပါတယ်။ စိတ်သဘောခြင်း ထပ်တူသည် ဖြစ်စေ စိတ်အမြင်ခြင်း ဆန့်ကျင်သည် ဖြစ်ပါစေ လူတိုင်းနဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်။ မှန်ကန်တဲ့ မိတ်ဆွေစစ် တစ်ယောက်ရဖို့ နှစ်တွေ အကြာကြီးစောင့်ရပါစေ စောင့်ရကျိုးနပ်တယ်လို့ပဲ မြင်မိပါတယ်။

မိတ်ဆွေကောင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကျွန်းကိုကိုင်းမှီ၊ ကိုင်းကိုကျွန်းမှီ ဆိုသလို အပြန်အလှန် မှီခို၊ အပြန်အလှန် လေးစားမှုရှိကြရ ပါမယ်။ တစ်ယောက်ရဲ့ ကောင်းမြတ်တဲ့ အရည်အချင်းတွေကို တစ်ယောက်က လေးစား အသိအမှတ်ပြုပြီး တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖေးမကူညီ ဖြည့်စွမ်းပေး ရပါမယ်။ တစ်ယောက်ရဲ့ ဘေးအန္တရာယ်ကို တစ်ယောက်က ကာကွယ်စောင့်ရှောက်ပြီး တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က ၀မ်းမြောက် ၀မ်းသာ ဂုဏ်ယူတတ် ရပါမယ်။ တစ်ယောက်က ကောင်းစားရင် ကျန်တစ်ယောက်က မနာလို ၀န်တိုခြင်း မရှိပါဘဲ မုဒိတာစိတ် ထားရှိတတ် ရပါမယ်။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က သည်းခံခွင့်လွှတ်ပြီး တစ်ယောက်ရဲ့ အကျိုးကို တစ်ယောက်က ဆောင်ရွက်ပေးခြင်းဟာ မိတ်ကောင်း ဆွေကောင်းတွေရဲ့ ကျင့်ကြံအပ်တဲ့ ကောင်းမြတ်တဲ့ လက္ခဏာ ဖြစ်ပါတယ်။

မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း ဆိုတာကတော့ တစ်ကိုယ်ကောင်း မဆန်တဲ့သူ။ စေတနာမှန်ကန်တဲ့သူ၊ အကျိုးတူ ကိစ္စရပ်များကို သတ္တိရှိရှိ ပူးပေါင်း ဆောင်ရွက် ကူညီလိုစိတ်ရှိသူ၊ အခက်အခဲ အကြပ်အတည်းတွေနဲ့ အရေးကြုံ လာတဲ့အခါ ခေါင်းရှောင် သွေဖီ မသွားပါဘဲ မိမိရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ကူညီ ဖြေရှင်းပေးတာတွေ ပဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အခြားတစ်ယောက်ရဲ့ အမှားအယွင်းနဲ့ အပြစ်တွေကိုပဲ ကြည့်ပြောနေမယ်၊ အားနည်းချက်တွေကိုပဲ မြင်နေမယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ကို သူ့အပေါင်း အသင်း မိတ်ဆွေတွေက ရှောင်ရှားဖယ်ပြန် သွားကြမှာ ဓမ္မတာပါ။ အဲဒီနည်းနဲ့ လူတွေကို စည်းရုံးသိမ်းသွင်းလို့ မရနိုင်ပါဘူး။ လူတိုင်းလူတိုင်းမှာ ချို့ယွင်းမှုနဲ့ ပြစ်ချက်ဆိုတာ အနည်းနဲ့အများတော့ ရှိတတ်ကြတာ သဘာဝပါ။ ပုထုစဉ် လူသားမို့ ခြောက်ပစ်ကင်း သဲလဲစင် တယ်ဆိုတာ မရှိနိုင်ပါဘူး။ လူတစ်ယောက်ဆီကနေ အကောင်းတွေချည်း မျှော်လင့်လို့ မရစကောင်း တာကိုတော့ နားလည်ထားပြီးသား ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ စိန်ကောင်း ကျောက်ကောင်း တစ်ပွင့်ရဖို့ ငွေကြေးဥစ္စာနဲ့ ပုံအောပေးပြီး ရနိုင်ပေမဲ့လည်း မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း တစ်ယောက်ကို ရရှိနိုင်ဖို့ အတွက်တော့ ငွေကိုပုံအောပေးလို့ မရနိုင်ကောင်းပါဘူး။ စိန်ကောင်း ကျောက်ကောင်းထက် မိတ်ကောင်း ဆွေကောင်းက ပိုပြီး ရှားပါတယ်။ ပိုပြီး တန်ဖိုးကြီးပါတယ်။ စိန်ကောင်း ကျောက်ကောင်းကို တန်ဖိုးထား သတ်မှတ်လို့ ရနိုင်ပေမယ့် မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်းမှာ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့အကြောင်း ပြောကြား ချင်ပါတယ်။ အားလုံးကို လေးစားခင်မင်လျက်ပါ။

Thursday, March 5, 2009

မီရှဲလ်ဝီ


ဟာဝိုင်အီကျွန်း၊ ဟိုနိုလူလူ မှာ အမေရိကန်ဖခင်နဲ့ တောင်ကိုရီးယားမိခင် ကနေ ၁၁-၁၀-၁၉၈၉ မှာမွေးဖွားခဲ့တဲ့ ကပြားမလေး ဂေါက်သီးအလှမယ် မီရှဲလ်ဝီ ကို ပရော်ဖက်ရှင်နယ် အမျိုးသမီး ဂေါက်သီးအဖွဲ့ချုပ် LPGA ရဲ့ အမြဲတမ်း ပြိုင်ပွဲဝင်ခွင့် ရရှိသွားပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန် ခဲ့ပါတယ်။ ကြေးစား ဂေါက်သီးမယ် အနေနဲ့ ၂၀၀၅ ခုနှစ်ကတည်းက ၀င်ရောက်ခဲ့ပေမယ့် အရေးပါတဲ့ LPGA ပြိုင်ပွဲတွေမှာ သူမဟာ စံတင်လောက်တဲ့ အောင်မြင်မှု မရရှိခဲ့သေးပါဘူး။ အမျိုးသမီးပြိုင်ပွဲ တွေနည်းတူ၊ အမျိုးသားတွေနဲ့ပါ ပါဝင်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှု မရခဲ့ပေမယ့် သူမူရဲ့ လှပတဲ့ ရုပ်ရည် ရူပကာကြောင့်သာ ပြိုင်ပွဲတွေတိုင်းမှာ ဖိတ်ခေါ် ယှဉ်ပြိုင်ခြင်း ခံရသူ ဖြစ်ပါတယ်။ ဂေါက်ပြိုင်ပွဲ မြက်ခင်းပြင်ပေါ်မှာ လူလုံးပြ နေခြင်းထက် ဂေါက်သီးစွမ်းရည်ကို ထုတ်ဖော်ပြသဖို့ ဝေဖန်မှုတွေ မကြာခဏ ပြောဆိုခံနေရတဲ့ သူလေးလည်း ဖြစ်ပါတယ်။

မီရှဲလ်ဝီဟာ စတန်းဖို့ဒ် တက္ကသိုလ်မှာ သင်ယူနေတဲ့ ဘာသာရပ်တိုင်းမှာ အမှတ် ကောင်းကောင်း ရအောင် ကြိုးစားနေတဲ့ ကျောင်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဂေါက်ကွင်းတွေမှာ ဟန်ရေးပြ အလှထုတ်နေတာ တွေကို လျော့ချမယ်လို့ ဆိုနေပေမဲ့ ကုန်ပစ္စည်း ကြော်ငြာ တွေအတွက်တော့ မိန်းကလေး တစ်ယောက်ရဲ့ အလှကို ဆွဲဆောင်မှုရှိရှိ သရုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မွေးရပ် ဟာဝိုင်အီ မှာတော့ လူကြီး လူငယ် အများစုရဲ့ ချစ်ခင် နှစ်ခြိုက်မှုကို ခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။ (ငံပြာရည် ကျိုတာပါ)


http://www.golftout.com/michelle-wie

Wednesday, March 4, 2009

ဟိုမရောက် ဒီမရောက် နေ့များ

အလုပ်ကိစ္စနဲ့ ပဲခူးကို ရောက်နေတာ ၄ ရက်ရှိသွားပြီ။ ပျားပန်းခတ်နေတဲ့ မြို့သေးသေးလေးမှာ ပူပြင်းတဲ့ ရာသီဥတုဒဏ်နဲ့ လေပူနဲ့အတူ လိပ်လိပ်ပြီး တက်လာတတ်တဲ့ ဖုန်မှုန့်တွေရဲ့ဒဏ်ကို မခံစားနိုင်တာကြောင့် နက်ကဖီးဆိုင်ကိုပဲ အကြောင်းမရှိ အကြောင်းရှာ ရောက်နေမိတယ်။ အကြောင်းပြချက်ကတော့ မေးလ်တွေ သွားရှင်းလိုက် အုန်းမယ်။ မေးလ်တွေ အ၀င်များရင် အကောင့် ပျက်သွားနိုင်တယ် ဆိုပြီး မသိတဲ့သူကို ဘာမှနားမလည်တဲ့ ကျွန်တော်ကပဲ ရွှီးခဲ့ပါတယ်။ ဒါမှလည်း နားအေး ပါးအေး လွတ်ရာကျွတ်ရာ ဖြစ်မှာမို့ပါ။ ဒီလိုနဲ့ ဖက်တန်းဈေးကနေ မြို့ထဲကို ဒိုးခဲ့တယ်။

နယ်က နက်ကော်နက်ရှင်ဆိုတော့ ဘလောဂ့်စပေါ့ထဲကို ၀င်လို့ရတစ်ချက် မရနှစ်ချက်မို့ စိတ်ရှည်စရာ အကြောင်းမရှိပါဘူး။ ဒါနဲ့ အလွယ်တကူ ၀င်လည်လို့ ရတဲ့ ဖိုရမ်တွေဖြစ်တဲ့ တောင်ပေါ်သားတို့ ဆုံဆည်းရာမြေ (ရှမ်းပြည်နယ်တောင်ပိုင်း)ကြယ်စင်စုရပ်GreenHill နဲ့ Taunggyi Youth တွေဆီပဲ ၀င်လည်ဖြစ်တယ်။ ကြယ်စင်စုရပ် ကတော့ အစည်ကားဆုံးလို့ မြင်မိပါတယ်။ Taunggyi Youth ဖိုရမ်လည်းပဲ အွန်လိုင်းပေါ်မှာ အနည်းဆုံး ၁၅ ယောက်လောက်တော့ အမြဲ ရှိနေတတ်ပါတယ်။ ကနဦးဆုံးဖွင့်ခဲ့တဲ့ MBS တော့ တော်တော်လေးကို မန်းဘား များပေမယ့် ခုတော့ ငြိမ်ချက်သား ကောင်းလွန်းတယ်လို့ မြင်မိပါတယ်။ ကိုယ်ဖန်တီးခဲ့ ဖိုရမ်တစ်ခု အမြဲ active ဖြစ်နေဖို့အတွက် ပေးရတဲ့ အချိန်ကိုလည်း နားလည်ပါတယ်။

ဖိုရမ်တွေ လည်ပြီးလို့ ငြီးငွေ့လာတော့ ဂိမ်းဖက်ကို ဦးတည်လိုက်တယ်။ အင်တာနက်ဆိုင်နဲ့ ဂိမ်းဆိုင် တွဲဖွင့်ထားတာကြောင့် ဆိုင်ထဲကို တစ်ချက် ဝေ့ကြည့်တော့ ကျောင်းသားလေးတွေ တော်တော်များပါတယ်။ အငယ်တန်းလေးတွေ အတန်းတင် စာမေးပွဲ ပြီးသွားတာကြောင့်လို့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း ပြီးခဲ့တဲ့နှစ်ကအထိ တွေ့သမျှဂိမ်း လက်မရှောင်တမ်း ကစားဖြစ်ခဲ့တယ်။ ထမင်းလျော့စားတယ် ကော်ဖီများများ သောက်တယ်။ များများထိုင်တယ်၊ နည်းနည်းပဲအိပ်တယ်။ ဒီလို ဂိမ်းကို တမ်းတမ်းစွဲ ကစားခဲ့ပါတယ်။ ဂိမ်းအဟောင်းတွေကို နိုင်ပြီးရင် ဂိမ်းအသစ်တွေကို အမြဲ စိတ်ဝင်စားတယ်။ ဘယ်လို စိတ်လှုပ်ရှားမှုကို ပေးမလဲ၊ ဘာဖြစ်လာမလဲ ဆိုတဲ့ မေးခွန်း တွေနဲ့ မရပ်မနားကစားဖြစ်တယ်။ ဂိမ်းကို အချိန်အကြာကြီး ရေရှည်စွဲ ဆော့ရင်တော့ (level မကုန်မချင်း ထချင်စိတ်မရှိတော့ရင်) ခေါင်းမူးမယ်၊ လက်အံသေတယ်၊ မျက်စိကျိန်းစပ်တယ်၊ နှလုံးနာတယ်၊ ကိုယ်လက် မအီမသာ ဖြစ်တယ်၊ အိပ်နေရင်တောင် နားထဲမှာ ဂိမ်းထဲက music တွေက ကိုယ့်ကိုယ် စိုးမိုးထားတယ်။ ပစ်ပယ်လို့ မရနိုင်ခဲ့တဲ့ ဆိုးကျိုးလေး တွေပါ။ ခုတော့ အတိုက်အခိုက် အပစ်အခတ် ကြမ်းကြမ်းဂိမ်းတွေ မကစားဖြစ်တော့ ပေမယ့် Mario ကိုတော့ ကစားနေတုန်းပါပဲ။

မြန်မာနိုင်ငံမှာ ဂိမ်းကစားခြင်းဟာ တဖြည်းဖြည်းကျယ်ပြန့် လာတာကြောင့် ရန်ကုန်မြို့တွင်းမှာတင် ဂိမ်းဆိုင်ပေါင်း ၂၀၀ ၀န်းကျင်လောက် ရှိပါမယ်။ ခေတ်နဲ့အညီ တိုးတက် လာတဲ့ ကစားနည်းဖြစ်ပေမယ့် အလွန်အကျွံစကားရင် ပညာရေး၊ စီးပွားရေးသာမက ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းကစားတာကို လူငယ်တွေကြားမှာ ဖျော်ဖြေရေးတစ်ခု အနေနဲ့ သာမက အားကစားနည်း တစ်ရပ်အနေနဲ့လည်း ကစားလာကြပါတယ်။ ( Counter ပြိုင်ပွဲလိုမျိုးပါ) ဂိမ်းကစားတာဟာ လူငယ်တွေရဲ့ စူးစမ်းလိုစိတ်၊ ထူးခြားဆန်းသစ်တဲ့ ဂရပ်ဖစ်တွေရဲ့ ဆွဲဆောင်မှုတွေကြောင့် ဂိမ်းကစားဖို့ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ခေတ်သစ်ဂိမ်းတွေဟာ ပျော်ရွှင်မှု ရသကို အပြည့်အ၀ ပေးနိုင်စွမ်းပါတယ်။ ဂိမ်းကစားတာကြောင့် ဆိုးကျိုးတွေ ရနိုင်သလို မိမိကစားတဲ့ ဂိမ်းကစားနည်း အမျိုးအစားအပေါ် မူတည်ပြီး ဥာဏ်ထက်မြက်စေတယ်၊ ဖြတ်ထိုးဥာဏ် ကွန့်စေတယ်၊ သွတ်လက် ချက်ချာစေတယ်၊ ကွက်ကျော် မြင်တတ်စေတယ်၊ အနိုင်ရလိုစိတ်ကို ပြင်းပြစေတယ်၊ အင်္ဂလပ် ဝေါဟာရတွေ ကြွယ်ဝလာစေတဲ့ ကောင်းကျိုးလေးတွေ လည်းရရှိစေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဂိမ်းကစားရာကနေ သေဆုံးတာတို့၊ စိတ်ဖောက်ပြန်တာတို့ မရှိသေးပေမယ့် ချက်ချင်း လက်ငင်း မသိနိုင်သေးတဲ့ မျက်စိအာရုံကြောများ ထိခိုက်ခြင်း၊အလွန်အကျွံ ကစားတာကြောင့် ဦးနှောက် အာရုံကြောများ အားနည်းခြင်း တွေတော့ ဖြစ်ပေါ်တတ်ပါတယ်။ ဂိမ်းကစားခြင်းကြောင့် အန္တရာယ်ဆိုးတွေကို ကျော်လွှားနိုင်ဖို့ အတွက် ဂိမ်းကစားတဲ့ လူငယ်တွေအနေနဲ့ တစ်နေ့ကို အနည်းဆုံး ၆ နာရီထက် ပိုမကစားသင့်ပါဘူး။ ဂိမ်းရဲ့ အတိုက်အခိုက်တွေ ဆွဲဆောင်အား ကောင်းတယ် ဆိုပေမယ့် လူငယ်တွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတာကြောင့် ပြည်ပနိုင်ငံတွေလိုမျိုး ဂိမ်းဆင်ဆာ အဖွဲ့များက လူငယ်များ အသက်အရွယ်အလိုက် ကစားသင့်တဲ့ ဂိမ်းအမျိုးအစား များကိုသာ ရွေးချယ် ကစားသင့်ကြောင်း ပြောချင်ပါတယ်။ (ဂိမ်းခွေ cover မှာတော့ ဂိမ်းအဆင့်သတ်မှတ်ချက် တွေရေးထားပါတယ်)

မည်သို့ဖြစ်ပါစေ ဂိမ်းကစားခြင်းဟာ လူငယ်လူရွယ်တွေအကြား ပိုမိုကျယ်ပြန့်လာနိုင်တဲ့အတွက် ဂိမ်းများကို အလွန်အကျွံ ကစားခြင်းထက် ဂိမ်းထဲကနေ ကောင်းတဲ့ အချက်တွေကို ထုတ်ယူ ပြောင်းလဲ ကစားမယ်ဆိုရင် လူငယ်များရဲ့ အနာဂတ် တိုးတက်ရေးအတွက် အသုံးတည့်လာနိုင်တဲ့ ပညာရပ်တစ်ခု အဖြစ် အထောက်အကူ ဖြစ်စေမယ် ထင်မိပါတယ်။ ဂိမ်းကစားတာဟာ လူငယ်များရဲ့ လူမှုရေးလိုအပ်ချက် တစ်ခုအဖြစ်ပါ ပြောင်းလဲ လာတဲ့အတွက် ကလေးငယ်များကို ဂိမ်းလုံးဝ မကစားစေဖို့ ထိန်းချုပ်ခြင်းထက်စနစ်တကျ အချိန်ဇယားတစ်ခု ရေးဆွဲကစားစေခြင်းဖြင့် ကလေးများရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို မှန်ကန်တော်တည့်စွာ လမ်းညွှန်ပေးနိုင်မှာ ဖြစ်ပြီး ဆိုးကျိုးကို နဲစေနိုင်မှာ ဖြစ်ကြောင်း တင်ပြချင်ပါတယ်။


ပုံတွေကို google images ကနေ ယူထားတယ်နော် ... ...

Sunday, March 1, 2009

ရင်ထဲက လွန်ဆွဲပွဲ (သို့) နှစ်ယောက်ထဲက တစ်ယောက်

ဖိုးရှမ်းငယ်ငယ်က ၀၀ကစ်ကစ်လေးမို့ ရပ်ကွက်ထဲကို လမ်းသလားပြီးလို့ အိမ်ပြန်ရောက်ရင် ပါးနှစ်ဖက်လုံး ရောင်သွားသလား အောင့်မေ့ရတယ်။ တွေ့သမျှ ကိုကို မမတွေက ပါးဖောင်းဖောင်း နှစ်ဖက်ကို အားမလို အားမရနဲ့ ဆွဲဆွဲသွားကြလို့ပါ။ ၁၀ နှစ်ပြည့်လို့ ကိုရင်ဝတ်ပြီးမှပဲ အရပ်က ရှည်ထွက်ပြီး လူကြီး တစ်ယောက်လို ကလန်ကလား ဖြစ်သွားတယ်။ ငယ်က ဖိုးရှမ်းလို့ ခေါ်ရာကနေ ကြီးတော့ ရှမ်းကြီးလို့ ချစ်စနိုး ပြောင်းခေါ်ကြတယ်။ ဖိုးရှမ်း ဖေဖေက ရှမ်း-တရုတ်စပ်တယ်။ အလုပ်ကတော့ ကုန်တင်ကားကြီးတွေ ထောင်ပြီး ကုန်တွေ ခရီးသည်တွေ ပို့တဲ့အလုပ် လုပ်တယ်။ သူ့ဝါသနာနဲ့ သူ့ကျွမ်းကျင်ရာက ဒီကားအလုပ်ပါပဲ။ မှန်တာ ၀န်ခံရင် ကားသမားဆိုတော့ အသောက်အစားတော့ မကင်းပါဘူး။ ဒါပေမယ့် မေမေနဲ့ မိသားစုကိုတော့ ဒုက္ခမပေးခဲ့ပါဘူး။ မေမေကတော့ ချက်တယ် ပြုတ်တယ် လျှော်တယ် ဖွတ်တယ်။ နေ့ခင်းဖက်ဆို တစ်လမ်းကျော်က သူငယ်ချင်းအိမ်မှာ တစ်နေကုန် သွားနေတယ်။ (အမှန်တော့ အပျင်းပြေ ဖဲသွားကစားတာပါ) မေမေနဲ့အတူ ဖိုးရှမ်းလည်း အမြဲလိုက်သွားလေ့ရှိတဲ့ အိမ်ဖြစ်တယ်။ အဲဒီအိမ်မှာ ဖိုးရှမ်းထက် ၂ နှစ်ငယ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ နာမည်က နန်းလောဝ်ခမ်း လို့ခေါ်တယ်။ ဖိုးရှမ်းတို့ ဖေဖေလိုမျိုးပဲ ကုန်ကားထောင်တယ်။ လုပ်ငန်းတူလည်းဖြစ်၊ တစ်မြို့တည်းသား တွေလည်းဖြစ်။ စားအိမ် သောက်အိမ်လည်း ဖြစ်တော့ ငယ်ကတည်းက ဖိုးရှမ်းလေးနဲ့ လောဝ်ခမ်းတို့ နှစ်ယောက်ကိုစေ့စပ် ထားလိုက်ကြတယ်။ တစ်ဦးတည်းသောသားနဲ့ တစ်ဦးတည်းသော သမီးမို့ ဆွေမျိုးစပ်ပြီး သွေးချင်းနီးအောင် လူကြီးတွေက စီမံခဲ့တာပါ။

ဖေဖေက အမြဲခရီးထွက်တော့ ဖိုးရှမ်းလေးကို မေမေရဲ့အချစ်ကပဲ အလေးပိုခဲ့ပြီး အရမ်းပဲ အလိုလိုက်တယ်။ တစ်ဦးတည်းရှိတဲ့ ဖိုးရှမ်းကို မျက်နှာမငယ်ရအောင် လိုလေသေးမရှိ ဖြည့်ဆည်းပေး ခဲ့တယ်။ ဖိုးရှမ်းလေး ၁၀ တန်းအောင်တော့ အိမ်ကို တစ်ခါမှ မခွဲစဖူးခွဲပြီး တစ်နယ်တကျေးကို ကျောင်းသွားတက်တယ်။ လှောင်အိမ်က လွှတ်လိုက်တဲ့ ငှက်ကလေးလို လွတ်လပ်သွားတယ်။ ပြင်ပဗဟုသုတကို နီးနီးကပ်ကပ် လေ့လာခွင့်ရတော့ အမြင်ကျယ်တာ ရှိခဲ့သလို။ လောကအတွေ့အကြုံ မရှိလို့ ဆုံးရှုံးနစ်နာ တာတွေလည်း မနည်းပါဘူး။ တောင်ကြီးမှာ နေတုန်းကတော့ အိမ်ကို မကြာမကြာ ပြန်ရောက်ခဲ့ပေမယ့်။ မန်းလေးကို ကျောင်းပြောင်း တက်တော့ အကြောင်းပြချက် အမျိုးမျိုးနဲ့ အိမ်မပြန်ဖြစ်တာ နှစ်နဲ့ချီခဲ့တယ်။ ကျောင်းပြီးသွားပေမယ့် ရန်ကုန်မှာ ဟိုလိုလို ဒီလိုလိုနဲ့ အကြာကြီးပဲ သောင်တင်နေမိတယ်။ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ်ဌာနကို မေ့လျော့လွယ် စေတာကတော့ မကုန်ဆုံးနိုင်တဲ့ အတတ်ပညာတွေ နည်းပညာတွေကို ဆည်းပူးနေလို့ပါ။ ဘွဲ့ယူတဲ့နှစ်မှာပဲ မေမေနေမကောင်းလို့ ဖိုးရှမ်း အိမ်ပြန်ဖြစ်ခဲ့တယ်။ မေမေ့ကို နောက်ဆုံးတွေ့ဖို့  ပြန်ခဲ့တယ် ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ မွေးမေမေကို ဘာမှ မယ်မယ်ရရ ကျေးဇူးခွင့်မရခဲ့တဲ့ ဖိုးရှမ်းလေးဟာ မေမေ မရှိတော့မှ နောင်တ ရခဲ့တယ်။

မေမေက ဖိုးရှမ်းလေးကို ကတိတစ်ခွန်းပဲ တောင်းသွားတယ်။ အိမ်က စီးပွားရေးကို ဦးစီးပြီး ၃၀ ပြည့်တဲ့နှစ်မှာ လူကြီးတွေ သဘောတူထားတဲ့ လောဝ်ခမ်းနဲ့ လက်ထပ်ယူဖို့ပဲ ဖြစ်ပါတယ်။ ဖိုးရှမ်းလေးခမျာ မိဘနှစ်ပါးလုံး မရှိတော့တဲ့ နယ်ကိုစွန့်ပြီး မြို့ပေါ် ပြောင်းလာတယ်။ အဖေရဲ့ လက်ငုတ်လက်ရင်း အလုပ်ကို ဦးစီးလုပ်ကိုင်တယ်။ တိုးတက်အောင် လုပ်တယ်။ မေမေမှာထားတဲ့အတိုင်း နန်းလောဝ်ခမ်းကို ဆက်သွယ်တယ်။ အထက်တန်း အောင်တဲ့အထိ အတူတူ ကျောင်းတက်ခဲ့တဲ့ ငယ်သူငယ်ချင်း ဖြစ်ပေမယ့် ခုချိန်မှာ ပြန်တွေ့တော့ နှစ်ယောက်လုံး အိုးတိုး အန်းတန်းနဲ့ရယ်ပါ။ စကားပြောတော့လည်း အယောင်အယောင် အမှားမှားတွေပါပဲ။ လောဝ်ခမ်းက ကွန်ပျူတာတက္ကသိုလ် ကျောင်းပြီးတာနဲ့ နယ်မှာပဲ မိဘတွေနဲ့အတူ အခြေချနေတယ်။ မိန်းကလေးဆိုတော့ တကူးတက အပြင်အလုပ်ထွက်လုပ်တာ မရှိခဲ့ပါဘူး။ ဖိုးရှမ်းနဲ့ လောဝ်ခမ်းတို့ နှစ်ယောက်ပြန်တွေ့ပြီး နောက်ပိုင်း တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မပြတ်ခဲ့ပါဘူး။

လုပ်ငန်းခွင်ထဲရောက်တော့ ဖိုးရှမ်းခမျာ လူငယ်တို့ သဘာဝ အပျော်အပါးတွေနောက် မလိုက်နိုင်ရှာ ခဲ့ပါဘူး။ မြားမြှောင်လှတဲ့ အလုပ်ထဲမှာပဲ နစ်နေရတော့ နှလုံးသားရေးကို ရှေ့တန်း မတင်နိုင်ခဲ့တာ အမှန်ပါ။ တစ်နှစ်ကို ၈ လလောက် ခရီးထွက်နေရသူ တစ်ယောက်အတွက် အလုပ်အပေါ်မှာပဲ သံယောဇဉ်တွယ် နေမိတယ်။ (အမှန်တော့ လောဘဇော ကပ်နေတာပါ။) မှတ်မှတ်ရရ ပြီးခဲ့တဲ့နှစ် သင်္ကြန်လောက်ကစပြီး အလုပ်က ပါးလာတယ်။ ခရီးကို ကြိုကြားကြိုကြား လောက်ပဲ သွားရတော့တယ်။ ဒါနဲ့ ဖိုးရှမ်း ၀ါသနာပါတဲ့ အင်တာနက်နဲ့ အချိန်ကုန်စေခဲ့တယ်။ အင်တာနက်ပေါ်မှာ ဟိုလူနဲ့တွေ့လည်း သံယောဇဉ်တွယ်မိ၊ ဒီတစ်ယောက်နဲ့ တွေ့လည်း သံယောဇဉ်တွယ်မိနဲ့ ကိုယ့်ကိုယ်ကို ဘယ်ဟာက အမှားအမှန်၊ ဘယ်ဟာက အတုအယောင် ဆိုတာကို မဆန်းစစ်မိခဲ့တာ အမှန်ပါ။ အမှားသံဝေဂတွေ တော်တော်လေး ရပြီးမှပဲ ဖိုးရှမ်းခမျာ တည်တည်ငြိမ်ငြိမ် ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဖိုးရှမ်းရဲ့ နှလုံးသွေးကို သံစဉ်မမှန်အောင် ခုန်စေတဲ့ အချစ်ဆိုတာကို စတင်တွေ့ခဲ့တယ်။ အချစ်ကို မျက်စိနဲ့  ကိုယ်တိုင်ကိုယ်ကျ တပ်အပ် မမြင်ဖူးသေးပေမယ့် ကြားနေရတဲ့ အသံလွင်လွင်လေးကပဲ ဖိုးရှမ်းလေးရဲ့ နှလုံးစည်းချက်ကို လှုပ်ခတ်စေတယ်ဆိုတာ ၀န်ခံပါတယ်။ လေလိုင်းထဲက ပို့လိုက်တဲ့ ပုံလေးတွေကိုကြည့်ပြီး သံယောဇဉ်ပိုတွယ်စေတယ် ဆိုရင်လည်း မမှားပါဘူး။

အချိန်ဆိုတဲ့ ယန္တယားကို ရှေ့ဆက်မရအောင် တားထားလို့ မရသလို၊ ကိုယ့်စိတ်ကြိုက် ပြုပြင် ဖန်တီးယူလို့ ရကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဖိုးရှမ်းတစ်ယောက်ရဲ့ နှလုံးသားရေးရာ လွန်ဆွဲတိုက်ပွဲဟာ မကြာမတင်မှာ အဆုံးအဖြတ် ပေးရမဲ့ ပန်းတိုင်ကို ရောက်တော့မှာ ဖြစ်ပါတယ်။ ဖိုးရှမ်းအဖို့ မိဘတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ငယ်သူငယ်ချင်း ကိုပဲ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်မလား၊ ထူထောင်သင့်ပါသလား။ ဒါမှမဟုတ်ပါပဲ မိဘစကားကို ဖယ်ရှားပြီး ဖိုးရှမ်းရင်ထဲမှာ နေရာအပြည့် ယူထားတဲ့ 21 Vs Me နဲ့  စိတ်ယိုင်ပြီး အနှစ်သာရပြည့်တဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ထူထောင် သင့်ပါလား။ 2010 Elections ထက်ပိုအရေးကြီးတဲ့ ဖိုးရှမ်းလေးရဲ့ ရင်ထဲက လွန်ဆွဲပွဲလေးမှာ ဘယ်သူ့ကို အလေးသာစေချင်တယ်၊ ဘယ်သူ့ကို အလေးထားရမယ် ဆိုတဲ့ အားပေးစကားလေးကို ဖိုးရှမ်းကို ခင်မင်တဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းအားလုံးက မဖြစ်မနေ အကြံဥာဏ် ပေးကြပါအုန်းလို့ တောင်းဆိုချင်ပါတယ်။ မပျက်မကွက်နဲ့ပါ။