Tuesday, March 24, 2009

ကံလေးက ခပ်မှိန်မှိန်

သင်္ကြန်အခါရက်က နီးလာပြီ ဆိုတော့ ပရိုမိုးရှင်းလုပ်တဲ့ အနေနဲ့ စတိုးဆိုင်တွေရော မီနီမားကက် တွေကပါ ဒစ္စကောင့်နဲ့ (ဈေးလျော့ပြီး) ဈေးပွဲတော်တွေ လုပ်ကြတာ အစဉ်အလာ တစ်ရပ်လို ဖြစ်နေပါပြီ။ ဒီလိုအချိန်ကို ပစ္စည်းတွေ စောင့်ဝယ်နေကြတဲ့ သူတွေ ရှိတတ်ပါတယ်။ ကိုချစ်ဖေ မဟေသီလည်း အပါအ၀င်ပါ။

"မောင် .. .. မောင်ရေ .. လို့ .. ။ ဟိုစတိုးဆိုင်တွေမှာ ပစ္စည်းဝယ်ရင် ဒစ္စကောင့် ပေးတဲ့အပြင် အပိုဆုအနေနဲ့ လက်ငင်း ကံစမ်းမဲ ပေးသေးတယ်တဲ့။ အဲဒါ သွားကြည့်ရအောင် နော် . မောင် .. နော် .. လို့ "

အီသီသီနဲ့ ချစ်ဇနီးလေးရဲ့ အာလုပ်သံကြောင့် စာဖတ်နေတဲ့ ကိုချစ်ဖေ တစ်ယောက် စာဆက်မဖတ်ဖြစ် တော့ပါဘူး။ ရုံးအားရက်လည်း ဖြစ်တော့ ဇနီးလေး အလိုကျ လက်ကလေးကိုဆွဲပြီး ကံစမ်းမဲ ပေးတယ်ဆိုတဲ့ စတိုးဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြတယ်။ လက်ငင်း " ကံစမ်းမဲ " စနစ်နဲ့ ရောင်းတာဆိုတာ့ ၀ယ်ယူအားပေးတဲ့ သူတွေ ခြေချင်းလိမ်နေတာ တွေ့ရတယ်။ လက်ဆောင်ကောင်းကောင်းတွေ လွတ်သွားမှာစိုးတဲ့ ဇနီးချောက

"မောင် .. မောင့်အတွက် ရုံးတက်ဝတ်ဖို့ ပုဆိုးလေး တစ်ထည်လောက် ၀ယ်ရအောင်လေ"
ဇနီးဖြစ်သူက လောကွတ်ပြု လာတော့လဲ ကိုချစ်ဖေ ဟန်မဆောင်နိုင်
"အော် .. အေး ဟုတ်သားပဲ၊ ဘယ်အဆင်ထဲက ကိုယ်နဲ့လိုက်မလဲ ကြည့်ပေးအုန်းလေ"
"ဟိုး အောက်ဆုံး နီတာရဲ့နဲ့ အဆင်က မောင်နဲ့လိုက်တယ် သိလား၊ ကံစမ်းမဲနဲ့ ပြန်တွက်လိုက်ရင် ကိုက်ပါတယ်မောင်ရဲ့၊ ယူလိုက်ကြအောင်နော်"
"အေး .. အေး ချစ်လေး ကြိုက်ရင် ကိုယ်လည်း နှစ်သက်ပါတယ် "
စတိုင်းဆိုင်တွေမှာ ပစ္စည်းတန်ဖိုးအလိုက် ကံစမ်းမဲထည့်ထားတာမို့ ၀ယ်သူ မရှုံးနိုင်ဘူးဆိုတာ သိထားကြတယ်။ ဒါကြောင့် ပစ္စည်းတိုင်း အရောင်းစွံဖို့ရာ ကံစမ်းမဲ နဲ့ ဆွယ်ရောင်း နေကြတာကြောင့် လူတိုင်း စိတ်ဝင်စားကြတာ မဆန်းပါဘူး။

" သမီးရေ ဦးကို ၄၅၀၀ိ တန်ထဲက ဟို .. ပုဆိုးလေး ပြပါအုန်း၊ ရော့ ၄၅၀၀ိ "
သူများဦးသွားမှာစိုးလို့ ဇနီးချောက ပုဆိုးမရခင်ကတည်းက ပိုက်ပိုက်ကို ပစ်ပေးပြီးသား။ အော် ကံစမ်းမဲ မျက်နှာက ဒီလိုကြီးတာ။ အရောင်းကောင်တာက ကောင်မလေးက ငွေကို ရေတွက်ယူပြီး၊ ပုဆိုးကို အိပ်နဲ့ထုတ်ပေးတယ်၊ (ကံစမ်းမဲနှိုက်ရန်) ဆိုတဲ့ ငွေဖလားကြီးထဲကနေ မဲလိပ်တစ်လိပ် မွှေနှောက်ပြီး ဦးချစ်ဖေကို ကိုရီးယားမင်းသမီးလို ခေါင်းလေးငုံ့ပြီး တရိုတသေလှမ်းပေးသည်။ သူက ပြောသေးတယ် ဦး နံပတ်က (၃၂)ပေါက်တယ်၊ ဟောဟို ပစ္စည်းလေးပဲ ဆိုပြီး တစ်ပေပတ်လည်လောက်ရှိတဲ့ packing paper အပြာရောင်နဲ့ ထုတ်ထားတဲ့ ဗူးတစ်ဗူးကို ကမ်းပေးတယ်။ ကံစမ်းမဲ ဗူးကိုယူပြီး ဦးချစ်ဖေ တို့ လင်မယားနှစ်ယောက် ကျေးဇူးတင်စကား တောင်လောကွတ်မပြု နိုင်အောင် အလောတကောနဲ့ အိမ်ကို တန်းပြန်လာကြတယ်။

" မောင် .. မောင် .. မီးတို့ သိပ်ကို ကံကောင်းတာပဲနော်၊ အိမ်ရောက်မှ ဖွင့်ကြည့်ကြရအောင်"
" အေးကွာ ဒီမနက် ကိုယ်ဘုရားရှိခိုးတာ နည်းနည်း ကြာသွားလို့ထင်တယ်၊ ကံတွေ ဇွတ်တက်နေတယ်"
" ဟုတ်တာပေါ့ မောင်ရယ် .. ..ဟီဟိ " အိမ်ရောက်တော့
" မောင် .. ဟို ကံစမ်းမဲလေး ဖွင့်ကြည့်ရအောင်"
" အေးပါ သည်းလေးရာ။ လောလိုက်တာ။ အိမ်ရောက်ပြီပဲ ဖွင့်ကြတာပေါ့ "
" အို .. အဖိုးတန် လက်ဆောင်ဆိုတာ ရခဲတယ်နော်၊ ပေးပါ မီးပဲ ဖောက်လိုက်ပါမယ် "
" ကဲကဲ ဖောက်စေဗျား " Lady first ဆိုတဲ့အတိုင်း ဇနီးချောကို ဦးစားပေးလိုက်ရတယ်။

ဇနီးဖြစ်သူက စိတ်ဆန္ဒစောစွာနဲ့ ကံစမ်းမဲဗူးကို အလျင်အမြန်ပဲ ဖောက်လိုက်တယ်။ Packing paper ကိုခွာတော့ စတီးဒယ်အိုး ဗူးခွံကို တွေ့လိုက်တော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကျေနပ်တဲ့ သင်္ကေတနဲ့ လက်ဖ၀ါးချင်း ရိုက်လိုက်ကြသေးတယ်။ စတီးဒယ်အိုး ဗူးခွံကို ဖွင့်လိုက်တော့ ဖော့တုံးတွေနဲ့မို့ လူကို စိတ်ကယောက်ကယက် ဖြစ်စေတယ်။ ဖော့ဘူးကိုခွာတော့ ကွမ်းလိပ်တွေနဲ့ အထပ်ထပ် ပတ်ထားတဲ့ ပလပ်စတစ် ဘူးနီနီလေး ထွက်ကျလာတယ်။ (ရွှေဝယ်ရင် ထည့်ပေးတတ်တဲ့ ပလိပ်စတစ်ဗူးလို မျိုးပါ) ကျွန်တော်ရော မိန်းမပါ တဒင်္ဂတော့ မှင်သေသေသွားတယ်။ နှစ်ယောက်သား ရင်ထဲမှာ ရွှေလက်စွပ်၊ ရွှေလော့ကက်သီး၊ ရွှေနားကပ် တစ်ခုခုတော့ တစ်ခုခုပဲပေါ့။ ရင်တွေ တုန်နေကြတယ်။ မ၀ံ့မရဲလည်း ဖြစ်မိကြတယ်။ ဒါနဲ့ ပလပ်စတစ်ဗူးကို ပတ်ထားတဲ့ တိပ်ကို ခွာလိုက်တယ်။ လက်ကတုန်နေတာကြောင့် ဗူးကလွတ်ကျသွားပြီး အဖုံးပွင့်သွားတယ်။ ဗူးထဲကနေ စာရွက်ခေါက်ကလေး ထွက်ကျလာတာကြောင့် နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဖက်ထားမိ လိုက်တယ်။ မယုံကြည်စိတ် များစွာနဲ့ပါ။ ကိုချစ်ဖေကပဲ အရဲစွန့်ပြီး စာရွက်ခေါက်လေးကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ .. ..

" အို အသင် သူတော်ကောင်း၊ သင်သည် စန်းပွင့်နေသော အခါသမယ ဖြစ်သည်။ နောက်တိုး အချစ်သစ် တစ်ခု ဆုံရကိန်းကြုံမည် "
နှစ်ဦးသား တိုင်ပင်ခြင်းမရှိပါဘဲ
" အောင်မေလေး " လို့သာ တစ်ခွန်းတည်းသာ ပြိုင်တူအော်ပြီး ဖက်ရက်သား လှဲကျသွားရသည်။ လူတွေရဲ့ လိုချင် တပ်မက်တဲ့ လောဘစိတ်ကို လောကသဘာဝရဲ့ ရွဲ့စောင်းစောင်း တုန့်ပြန်မှုကြောင့် တစ်ယောက်ကို တစ်ယောက် အားပေးစကားတောင် မပြောနိုင်တော့ ပါဘူး။ ဤမျှသာ။

24 comments:

ကဗျာမလေး said...

အတွေးလည်းကောင်း အရေးလည်းကောင်းတယ်နော်... ကိုချစ်ဖေက ဟိ...။ ပျော်ရွှင်ပါစေရှင်။

ရွှေအင်းသူ said...

အော် လူတွေရယ်။ လိမ်နေမှန်း သိသိ ကြီးနဲ့ ယုံနေကြတာကိုး။ စိတ်မကောင်းစရာ။ ၀တ္တုတိုဆိုတော့ ကိုယ်တွေ့လား။

Zayarr said...

ဝတ္တုတို ဆိုပေမယ့် ဖတ်လို့ကောင်းတဲ့ တစ်ခန်းရပ်ဟာသလိုပါပဲ။ ရေးထားတာကောင်းတယ်။
ဆက်ရေးဖို့ အားပေးနေပါမယ်။

လင်းထက် said...

ရက်စက့်ပါ့ ကံစမ်းမဲရယ်

ကောင်းကင်ပြာ said...

ဟဲဟဲ ၊ကောင်း၏ ကိုချစ်ဖေ

hlaminnlay said...

ကံစမ်းမဲဆိုတော့ စိတ်ဝင်စားတယ်။ ဒါပေမယ့် သွားထုတ်ရင် မရတတ်ဘူး။ ရက်လွန်နေတာပဲ အကြောင်းပြန်တတ်တယ်။ ဒါကြောင့် စိတ်ထဲ မထားတော့ပါဘူး။ အမှန်တော့ မယုံကြည်တော့ တာပါ။ ဈေးကွက်စီးပွားရေး စလုပ်ကတည်းက စားသုံးသူတွေကို ကလားဖန်ထိုးနေတာ ကြာပီပေါ့။

hlaminnlay said...

ဒါနဲ့ ကိုချစ်ဖေ အသည်းလေး နာမယ်က ဘာတဲ့လဲ ရှာတာ မတွေ့ဘူး၇ယ်

flowerpoem said...

အတွေးအရေးတွေက လိုက်မမှီပါဘူး ကိုဝင်းဇော်
ကျွန်မလည်း စာတွေဖတ်ရင်းနဲ့နေမကောင်းဖြစ်တာရယ် စာရှာပျင်းတာရယ်နဲ့ အီစွတ်ပုံပြင်တွေကို တင်လိုက်တာပါ လာဖတ်ရတာ အမောမပြေသလို ဖြစ်သွားရင် ခွင့်လွှတ်ပါနော် ..

Welcome said...

(for ပန်းကဗျာ)
အဲဒီသဘော ပြောခဲ့တာ မဟုတ်ပါဘူး။ စာကြည့်တိုက်က စာတိုင်းကို နှစ်သက်ပါတယ်။ =အီစွတ်ဆိုပြီး စခဲ့တာပါ။ စိတ်ဆိုးပါနဲ့။

မိုးသား said...

ဖတ်သွားတယ်၊ ကောင်းလေစွ။

မယု said...

စီးပွားရေးလောဘသားများနည်းတူ
လိုချင်တပ်မက်တဲ့ စားသုံးသူတို့ ဆုံတွေ့ခန်းလေး ဖတ်လို့ကောင်းသားရယ်။
ဆက်ရေးဖို့ တိုက်တွန်းပါတယ်။

နှင်းပွင့်ဖြူလေး said...

ဟတ်ဟတ်....... ဒစ္စကောင့်တွေလာပြီလားး :P

လင်းဒီပ said...

ဖြစ်ရလေ ကိုချစ်ဖေရယ်..

mgnge said...

ဗျို့ ကို ချစ်ဖေ..။ ခင်ဗျား မိန်းမ အတွက်ရောမ၀ယ် ဘူးလား ဗျ..လူ ပြို ကြီး ရ ..။

နေမင်းသံစဉ် said...

ရေးထားတာ တကယ်ကောင်းတယ်ဗျာ..အားကျပါတယ်
လာအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်

Heart Breaker said...

အရက်ပုလင်းခွံတွေ နံပတ်တစ်လုံးလိုနေတာ ၃ နှစ်ရှိပြီ၊ ထွက်မလာဘူးဗျ။ ကိုယ်သာ အရက်သမား လုံးလုံးဖြစ်သွားတယ်။ ကံစမ်းမဲက ဝေးနေသေးတယ်။ အော် လောဘ လူသားပေကိုး။
မပေါက်မချင်း ဆက်သောက်ရမလို ဖြစ်နေပြီ။

ရွှေညာသူ said...

ကိုချစ်ဖေတို့ စုံတွဲကို လာချောင်းတာ။
ဖစ်မှဖစ်ရလေနော်။ ငါဖြင့် ကံစမ်းမဲကို မယုံဘူး။ လိမ်လည်လှည့်ဖြားခြင်းမှ ကင်းဝေးကြပါစေ။

မိုးခါး said...

အင်း ဖစ်ရမယ် .. :P

ပုံရိပ် / Pon Yate said...

သြော် လောဘ... လောဘ...

Cherrymaw said...

ရှမ်းပြည်မှာတော့ အဲလို မရှိဘူး
ဈေးလျော့ရောင်းတာပဲ၊ ကံစမ်းမဲ မပါဘူး။
သင်္ကြန်နားနီးရင် မယ်ဆိုင်ဘက်မှာ
တရုတ်ဘုံဈေးဆိုတာရှီတယ်
ဝယ်လို့ ကောင်းမှကောင်းပဲ

နှင်းဆီနီ said...

အဟီး ကံစမ်းမဲ က ခေတ်ကုန်သေးဘူးပဲ။
ကြုံဖူးပေါင် ...

မမသီရိ said...

ညာမှန်ူသိသိနဲ့ ယုံနေသူတွေ အများ ကြီး
း)..း)...း)

ကြယ်ဖြူစင် said...

ဒစ္စကောင့်ဆိုကြောက်နေပြီအကိုရေ...ခံရပေါင်း
များနေလို့.

တားမြစ် ထားသော... said...

ကံကလေးက ခပ်မှိန်မှိန်ကို ပြန်လာဖတ်ပါတယ်။ အမှိုက်ကရွှေဖြစ် ဇာတ်လမ်းလေးကို သဘောကျလို့ပါ။ ဒီတစ်ခုမှာကတော့ စကားပြောတွေကိုဖတ်ရတာ တစ်မျိုးလို့ ထင်မိပါတယ်။ ဘာမှတော့ မသိဘူးနော။ ပြောကြည့်တာ။ အရင်းစစ်တော့ကို ပိုကြိုက်မိတယ်။ ဒါပေမဲ့ ဒီတစ်ပုဒ်က ပေးချင်တဲ့ အချက်အလက် (ရသ)ကို ပိုနှစ်သက်တယ်။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)