Showing posts with label သူငယ်ချင်းအတွက်. Show all posts
Showing posts with label သူငယ်ချင်းအတွက်. Show all posts

Monday, November 23, 2009

သံသယစိတ်လေး ကင်းဝေးပါစေ

သံသယစိတ်လေး ကင်းဝေးပါစေ

ဘလောဂ့်ကို နှစ်နှစ်ကာကာ စွဲလမ်းစေတဲ့ အကြောင်းရင်းတွေတော့ အများကြီးပါ။ ဘလောဂ့်ဂင်း နေရရင် ထမင်းမေ့တယ်၊ ဟင်းမေ့တယ်၊ ဆွေမေ့ မျိုးမေ့နဲ့ အတိတ်ရော ပစ္စုပ္ပန်ပါ မေ့ပစ်တတ်တယ်။  အဲလို အကုန်မေ့ဖြစ်အောင်လည်း ထိုင်ရာကမထ စိတ်လွတ်ကိုယ်လွတ် ဘလောဂ့်နေတတ် လို့ဖြစ်ပါတယ်။ မီးလည်းလာမယ် ကွန်နက်ရှင်းလဲ ကောင်းတယ် ဆိုရင်တော့ သာလို့ဆိုးပြီ မှတ်ပါ။ အလွန်အကျွံ လို့ပဲဆိုဆို သဲတယ်လို့ပဲ ပြောပြောပါ ဘလောဂ့်ဂင်း နေရရင် ကျေနပ်နေတတ်တဲ့ ကျွန်တော်ပါ။ ဘလောဂ့်ဂါစစ်စစ် တစ်ယောက် မဟုတ်ပေမယ့်လည်း ဘလောဂ့်ဂင်း တာကိုတော့ စိတ်ဝင်စားတယ် ပျော်ရွှင်မိတယ်။ ဒီဘလောဂ့်တွေကနေ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ခံစားချက်ကို သိမြင်နိုင်တယ်။ သူတို့ ရေးတဲ့စာ၊ သူတို့ စပ်တဲ့ကဗျာ ကနေ သူတို့ရဲ့ လတ်တလော ခံစားချက်တွေကို သိနိုင်တယ်။ ဒါကြောင့် စိတ်အားငယ်နေမယ် ထင်ရင် ပျော်ရွှင်စေဖို့ အားပေးဖြစ်တယ်။ ပျော်ရွှင်တဲ့ သူကိုတွေ့ရင် အပျော်တွေကူးပြီး ကိုယ်လဲ လိုက်ပျော်ဖြစ်ခဲ့တယ်။  နောက်ပြီး ကိုယ်သိချင်တဲ့ အိုင်တီ နည်းပညာတွေကို ပေါ့ပေါ့ပါးပါး လေ့လာ မှတ်သားနိုင်တာကလည်း အမြတ်တစ်ခုပါ။ ဒါကြောင့် ဘလောဂ့်ကို လှေကား အမျိုးမျိုးထောင်ပြီး မရောက် ရောက်အောင် သွားမြဲ သွားဖြစ်နေတာပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင် ဘလောဂ့်လေးက ကျွန်တော့်ရဲ့ ကိုယ်ပွားတစ်ယောက် လို့ပဲ မြင်မိတယ်။ ကျွန်တော် ပြောမထွက်ခဲ့တဲ့ စကားတွေနဲ့ ရင်ထဲက ခံစားချက်တွေကို တစ်ဖက်တစ်လမ်းကနေ အပြင်ရောက်အောင် ကူညီပေးတယ်လို့ ခံယူထားပါတယ်။ တစ်စုံတစ်ယောက်ကို ရွယ်ရည်ပြီး ရင်ဖွင့်စရာရှိရင် ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လို့ရတယ်။ အခက်အခဲနဲ့ ၀မ်းနည်းစရာ အဖြစ်တွေ ကြုံခဲ့ရင်လည်း ဒီပေါ်မှာပဲ ပေါက်ကွဲဖြစ်တယ်။ မေ့ဖျောက်လို့မရနိုင်တဲ့ အမှတ်ရစရာတွေနဲ့ မရှိခဲ့တဲ့ အချစ်ဆိုတာကို လွမ်းဖို့ ဖြစ်လာရင်လည်း ကိုယ့်ဘလောဂ့်မှာပဲ ငိုကြွေးနိုင်တာကြောင့် ဘလောဂ့်ကိုပဲ ခင်တွယ်နေမိတာ အပြစ်မဟုတ်လောက် ပါဘူးလို့ ထင်မိပါတယ်။ (သံယောဇဉ်ရှိတဲ့ အစ်မတစ်ယောက်က ဆုံးမခဲ့ဖူးတယ်။ ဘလောဂ့်ဆိုတာကို အစ်မတော့ နားမလည်ဘူး၊ အချိန်လည်း မပေးနိုင်ဘူးတဲ့။ ငါ့မောင်လည်း မိန်းမယူရင် ဘလောဂ့်ဂါထဲက ရှာမယူနဲ့နော်တဲ့။ အချိန်ပြည့် သူဘလောဂ့် ကိုယ်ဘလောဂ့်နဲ့ဆို ထမင်းငတ်မှာတဲ့ .... ခုတော့ အဲဒီအစ်မလဲ ဆူပါထက်ကျော်ပြီး မဂ္ဂါဘလောဂ့်ဂါ ဖြစ်နေပါပြီ။ ဘလောဂ့်ကပေးတဲ့ ထူးခြားတဲ့ အနှစ်သာရကို ခံစားတတ်သွားပြီ ထင်ပါတယ်။ ဘာဖြစ်ဖြစ် ဘလောဂ်ဂါ အသစ်တစ်ယောက် တိုးလာတာကိုတော့ လှိုက်လှိုက်လှဲလှဲ ၀မ်းသာစွာနဲ့ ကြိုဆိုပါတယ်။)

ပိုလို့ တန်ဖိုးထားစေတဲ့ အဓိကအကြောင်းကတော့ ဒီဘလောဂ့်လေးကြောင့် စိတ်ချင်းနီး ဆန္ဒချင်းနွယ် ရင်ခုန်သံစဉ်ချင်း တူညီတဲ့ သူငယ်ချင်းတွေ အများကြီး ရလိုက်တာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပိုလို့ရင်းနှီးစေတဲ့ အကြောင်းကလည်း ရှိပါသေးတယ်။ အဲဒါကတော့ အကြောင်းအရာ တစ်ခုကို ကိုယ့်အာဘော် ကိုယ့်အတွေ့အကြုံ ကိုယ်ခံစားမိသလို ၀ိုင်းဝန်းတဂ်ကြ တာပဲ ဖြစ်ပါတယ်။ ဘလောဂ့်အပေါ် ပေးရတဲ့အချိန်နဲ့ ပြန်ရတဲ့ အကျိုးအမြတ်ကို ဘယ်အခါမှ နှိုင်းယှဉ်တွက်ချက်ခဲ့တာ မရှိခဲ့ပါဘူး။ စာဖတ်သူတွေရဲ့ မှတ်ချက်စကားလေး တွေနဲ့တင် ပီတိဝေခဲ့ရတာပါ။ ဒီကြည်နူးမှုတွေကိုပဲ တလေးတစားနဲ့  အမြတ်ရယ်လို့ မှတ်ယူပါတယ်။ တော်လို့ ထင်ပေါ်ချင်လို့ ချီးမွှမ်းခံချင်လို့ အရေးပါ အရာရောက်သူ ဖြစ်ချင်လို့ ဘလောဂ့်ကို ရေးခဲ့တာ မဟုတ်ပါဘူး။ တဆက်တည်း ပြောချင်တာက (ဆုရည် နာမည်နဲ့) နှောင်းအကြောင်းအရာ တွေကြောင့် တစ်စုံတစ်ယောက် ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မယ် ဆိုရင် အမှန်ပဲ စိတ်မကောင်းစွာနဲ့ တောင်းပန်ပါတယ်။ ဗဟုသုတ မကြွယ်ခဲ့လို့ စိတ်ကူးစိတ်သန်း အားနည်းခဲ့လို့ အမှားအယွင်း ဖြစ်ရတယ်လို့ပဲ နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ပါတယ်။ တစ်စုံတစ်ယောက်ကို နစ်နာစေချင်လို့ အသားယူချင်လို့ (ဆုရည် နာမည်နဲ့) ရေးခဲ့တာ မဟုတ်တာကိုလဲ ပြောချင်ပါတယ်။ တင်ကျန်နေသေးတဲ့ သံသယ အမှားကိုလည်း နောင်အလျဉ်းသင့်ရင် ၀န်ခံသွားဖို့ ၀န်မလေးပါဘူးလို့ ကတိပေးပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။






Saturday, April 18, 2009

အတွေ့ချင်ဆုံး ၁၀ ယောက်


နှစ်သစ်ကို အွန်လိုင်းပေါ်က သူငယ်ချင်း မိတ်ဆွေတွေရဲ့ ပို့သတဲ့ မေတ္တာတွေ အနန္တနဲ့ ပျော်ရွှင်စွာ ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။ အမှန်လဲ စိတ်နှလုံး အေးချမ်းခဲ့ပါတယ်။ သင်္ကြန်ရက်အတွင်း ပို့စ်အသစ် တင်မဖြစ်ခဲ့ပေမယ့် စီဗုံးမှာ ပျော်ပျော်ကြီး ရေလာလောင်းကြတဲ့ သူငယ်ချင်းတွေရဲ့ နှုတ်ဆက်စကား တွေကြောင့် တကယ်ပဲ ရင်ထဲ လှိုက်လှဲစွာ ကြည်နူး ခဲ့ရပါတယ်။ ဘလောဂ့်ကို စိတ်ဝင်တစားနဲ့ ရေးခဲ့တာ ၄-၄-၀၉ ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်နှစ် ဆိုတဲ့ ကာလအတွင်းမှာ အွန်လိုင်းပေါ်က ခင်မင်ခွင့်ရတဲ့ သူငယ်ချင်း မိတ်ဆွေတွေ မှတ်သားထားတဲ့ ဒိုင်ယာရီထဲ ပြန်စစ်ကြည့်တော့ ၄၈၀ ကျော် ၅၀၀ နီးပါး ရှိခဲ့ပါတယ်။ ကနဦး ခင်မင်ခဲ့တဲ့ ဘလောဂ်ဂါတွေ မထင်မရှား ကွယ်ပျောက်သွားခဲ့ ကြသလို၊ မကြာမတင် လင်းလက်လာတဲ့ ဘလောဂ်ဂါလက်သစ် တွေအဆုံး ဖြစ်ပါတယ်။ ၀န်ခံရရင် အွန်လိုင်းပေါ် မိတ်ဆွေ သူငယ်ချင်းတွေ အရေအတွက် များပေမယ့် အပြင် လက်တွေ့မှာတော့ မျက်နှာချင်းဆိုင် တွေ့ဆုံဖြစ်တဲ့ သူငယ်ချင်း ဆိုလို့ ကနေ့အထိ တစ်ယောက်မှ မရှိခဲ့သေးတာတော့ အမှန်ဖြစ်ပါတယ်။ ခရီးတွင်တွင် သွားနေရတဲ့ ကျွန်တော့်ရဲ့ အားနည်းချက်လည်း ပါမယ် ထင်ပါတယ်။

" တွေ့ဖူးချင်ဆုံး ၁၀ ယောက် " ဆိုပြီး လိပ်ပြာလေး က သင်္ကြန်ရက်အတွင်း Tag ထားခဲ့ပါတယ်။ လိပ်ပြာလေး ရေးတဲ့ မူရင်းပို့စ် ကိုတော့ အကြိမ်ကြိမ်ကြိုးစားပြီး ဖွင့်ပေမယ့် သူ့ဘလောဂ့်အိမ်ကို ဖွင့်မရခဲ့ပါဘူး။ Tag ခေါင်းစဉ်က " တွေ့ဖူးချင်ဆုံး ၁၀ ယောက် " လို့ ဆိုထားတဲ့အတွက် မျက်နှာလိုက်စရာ ဖြစ်လာပါတယ်။ ဖြစ်ချင်တဲ့ ရင်တွင်း ဆန္ဒကတော့ စာရေးဖော် စာရေးဖက်၊ စာဖတ်ဖော် စာဖတ်ဖက် အွန်လိုင်း သူငယ်ချင်း အားလုံးကို တွေ့ဖူး မြင်ဖူး ချင်ပါတယ်။ လောဘကြီးလွန်းတယ်လို့ ထင်မိမလားပဲဗျာ။ တတ်နိုင်ဘူးလေ ကန့်သတ်ချက်လေးနဲ့မှ ပျော်စရာ ကောင်းမှာပါ။

ကျွန်တော့်အတွက် တွေ့ဖူးချင်ဆုံး ၁၀ ယောက်က မိန်းကလေး ၁၀ ယောက်လုံး ဖြစ်နေရင်တော့ ပြောစမှတ် ဖြစ်မယ် ထင်ပါတယ်။ ဒီအတွက် ပြဿနာတော့ ရှိမယ် ဖြစ်မယ် မထင်ပါဘူး။ ကျားကျားချင်းတော့ လမ်းမှာမတွေ့ ဖြစ်ရင်တော့ တိရစ္ဆာန်ရုံသွားကြည့်လည်း တွေ့နိုင်သေးတာပဲ မဟုတ်လား။ (၀ိုင်းရိုက်ရင်တော့ ပြေးပြီသာမှတ်) တွေ့ဖူးချင်တဲ့ ဒီ ၁၀ ယောက် ထဲမှာလည်း ကျွန်တော့်ကို ကြည့်မရနိုင်အောင် သိပ်မုန်းနေတဲ့ မိန်းကလေးတွေလည်း ပါပါတယ်။ မုန်းနေပေမယ့် တွေ့ဖူးချင် သေးတဲ့ ဆန္ဒကို မဖုံးဖိနိုင်တာတော့ အမှန်ဖြစ်ပါတယ်။ ကျွန်တော် အတွေ့ချင်ဆုံး မိန်းကလေး ၁၀ ယောက်တော့ .. ..

လိပ်ပြာလေး ကျွန်တော့်ကို Tag ထားလို့ တွေ့ဖူးချင်တာပါ။
မီကူးမီ ဘာမှ ဟုတ်ပါဘူး၊ တွေ့ဖူးချင်တာပါ။
ပန်းခင်းလေး မအားမလပ်တဲ့ ကုမ္ပဏီအလုပ်တွေကြားက ကောင်မလေး။
ချင်းမလေး စကားပြောတာ မပီတဲ့ ကလေးမလေး။
ငှက်ငယ်လေး ပို့စ်အသစ်တင်တိုင်း အသိပေးတယ်။
မီးလေးဇာ အကြွားပိုပြီး အမြဲ ၀ိတ်လျော့နေတဲ့ အစ်မ။
ကောင်းကင်ဖြူ အမြဲ အကူအညီတောင်းပေမယ့် တစ်ခါမှ လုပ်မပေးနိုင်လို့ အမှတ်တရ ဖြစ်စေတယ်။
ကောင်းကင်ပြာ ရှမ်းပြည်တောင်ပိုင်းက ရွာငံသူ မို့လို့။
မေတ္တာရောင်ပြန် ရုံးမသွားခင်မနက်တိုင်း ၀င်နှုတ်ဆက်နေတတ်လို့။
မခင်ဦးမေ ဓာတ်ပုံတစ်ခု၊ စာတစ်ကြောင်းနဲ့ ကွန်မင့် ၁၀၀ ကျော်ရအောင် လုပ်နိုင်လို့။

တွေ့ဖူးချင်ဆုံး ၁၀ ယောက် တော့ ပြည့်သွားပြီ ဖြစ်ပါတယ်။ အမှန်တော့ အပေါ်က ပြောခဲ့သလိုပဲ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကို တွေ့ဖူးချင်တာ တကယ့်ဆန္ဒအမှန်ပါ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရတဲ့ ဘ၀သေးသေးလေးမှာ နေပျော်သလို နေနေရပါတယ်။ ကျန်ရှိနေတဲ့ သူငယ်ချင်းတွေလဲ စိတ်မကွပ်ဖို့ အသိပေး တောင်းပန်ချင်ပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ကြ ပါစေဗျာ။


Thursday, April 9, 2009

လေမဖြတ်အောင် အခါးရည်ကို ဆောင်

ခုနှစ်ရန်ကုန်နွေက မတ်လဆန်း ကတည်းက ပြင်းပြစွာနဲ့ လူတိုင်းကို ပူလောင်စွာ ခံစားစေခဲ့တယ်။ မိုးလင်းကနေ မိုးချုပ်အထိ အပူဒဏ်ကို လူးလူးလှိမ်းလှိမ့် ထိတွေ့နေရတယ်။ အပူဒဏ်ကာကွယ်ဖို့ လူလုပ် ဇိမ်ခံ ပစ္စည်းတွေဖြစ်တဲ့ အဲကွန်းနဲ့ ပန်ကာကလည်း ချစ်ဖေကြီး မီးကမလာတော့ ဆွေးရတယ်။ မီးမလာတော့ ချစ်သမီး ရေက မလာပြန်ဘူး ဒါနဲ့ လွမ်းစရာလေး ထပ်ပြန်ရော။ ဆွေးတာတွေ လွမ်းတာတွေ ကင်းဝေးဖို့ ရေသန့်ဘူးကို အဖော်လုပ်ပြီး ဆိုက်ဘာဆိုင် ဆီကိုပဲ ခြေဦးလှည့် နေမိတယ်။ တစ်ရက် နှစ်ရက်ဆို ဆိုင်ရှင်က ကြည်ဖြူစွာနဲ့ ကြိုဆိုပါရဲ့။ သုံးရက် လေးရက်ကြာရင် ဆိုင်က သိပ်မကြည်တော့ဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က လှေကား ရှည်ရှည်နဲ့ မသွားရဘူးဆိုပြီး ကာဖြူးထုတ်ထားတဲ့ ဘလောဂ့်ရွာတွေကို အကုန်လျှောက်သွား နေလို့လေ။ ဒါကြောင့် သူ့စီးပွားရေးကို တုတ်နဲ့ အထိုးခံရမှာကြောက်တာနဲ့ ဆိုင်ရှင်က ကျွန်တော့်ကိုတွေ့ရင် လှန့်နေတာ။ မကောင်းကြံတာ မဟုတ်ပေမယ့် ကိုယ်မှာ သွားလည်စရာ ဒီဘလောဂ့် အိမ်လေးတွေပဲ ရှိတာကြောင့် နားလည်ပေး စေချင်ပါတယ်။ ဥတုပူလို့ ရေခဲစိမ် ရေသန့်ဗူးတွေ တအားသောက်တော့လည်း အစာအိမ် ရောင်သလို ဖြစ်ပြီး တနေ့က ၀မ်းပျက်တာ ခံစားရတယ်။ ဆေးအလျင်မီလို့ ခုလို ပြန်တွေ့နိုင်တာပါ။ ဆေးခန်းဒေါက်ဒေါက်က မှာလိုက်တယ် ဒီလို ရာသီမှာ ရေသန့်ဗူး သောက်တာထက် ရေကျက်အေး ဖြစ်ဖြစ် ရေနွေးကြမ်း (အခါးရည်) ဖြစ်ဖြစ် သောက်တာ ပိုကောင်းတယ်လို့ အကြံပေးခဲ့တယ်။

လဖက်ရည်ကြမ်း တစ်နေ့ သုံးခွက် သောက်သုံးဖြစ်မယ် ဆိုရင် လေဖြတ်ခြင်း အန္တရာယ်ကနေ သိသာထင်ရှားစွာ လျော့နည်းစေတယ်လို့ သိရပါတယ်။ လူကြီးပိုင်းမှာ အဖြစ်များတတ်တဲ့ လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှု ရှိတဲ့ လက်ဖက်ရည်ကြမ်း ထဲမှာ ကမဲလီးယားအပင်ကနေ ပြုပြင်ထားတဲ့ လက်ဖက်ရည်ကြမ်း ဖြစ်တယ်လို့ သိရပါတယ်။ လူတွေက လက်ဖက်ရည်ကြမ်း သောက်တဲ့အလေ့အထ ကနေ လေဖြတ်တဲ့ ရောဂါဆိုးကို ကာကွယ်နိုင်ကြောင်းကို သိသူ အလွန်နည်းပါးတယ်လို့ သိရပါတယ်။ များသောအားဖြင့် လေဖြတ်ဝေဒနာ ခံစားလာကြတဲ့ အခါမှသာ ဆေးဝါးကုသမှု ခံယူကြတယ်လို့ သိရပါတယ်။ လေဖြတ်ခြင်းသည် အလွန်လျင်မြန်စွာ ဆိုးကျိုးသက်ရောက်မှု ဖြစ်စေပြီး လေဖြတ်ဝေဒနာရှင်တွေ အနေနဲ့ ဆေးဝါးကုသမှု ခံယူရာမှာ အလွန် နောက်ကျတတ်ကြ ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် အနည်းဆုံး လက်ဖက်ရည်ကြမ်း သုံးခွက် သောက်သုံးခြင်းဖြင့် လေဖြတ်ခြင်း ဝေဒနာကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် လေဖြတ်ခြင်းကြောင့် ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း တင်ကြို ကာကွယ်မှု ပြုရာရောက်တယ်လို့ သိရှိပါတယ်။

ရှမ်းပြည် တောဘက်မှာတော့ အိမ်လည်က မီးဖိုဘေးမှာ မြေအိုးလေးထဲ လက်ဖက်ခြောက်ခပ်ပြီး တနေကုန် သောက်နေတတ်တဲ့ တောင်သူတွေကို တွေ့ဖူးတယ်။ ပင်လောင်းဘက်က အရွက် သေးမျှင်မျှင်နဲ့ စော်ဘွားနှုတ်ခမ်းမွှေး လက်ဖက်ခြောက်တွေဆို နာမည်ကြီးတယ်။ တာရှည် သိုလှောင်ထားလဲ မှိုမတက်ဘူး။ နောက် ဟဲဟိုးဘက်က ပလောင် လက်ဖက်ခြောက်လဲပဲ ရေနွေးထဲမှာ စိမ်းဖန့်ဖန့်နဲ့ မို့ သောက်ရတာ ခံတွင်းတွေ့စေတယ်။ အင်းသားတွေကျတော့ လက်ဖက်ခြောက်ကို လှော်ပြီးမှ သောက်ကြတယ်။ ထူးခြားတဲ့ လက်ဖက်ရည်ကြမ်း အရသာကို ဖြစ်စေတယ်။ နောက် နှမ်းလှော်ပြီး လက်ဖက်ခြောက်နဲ့အတူ ထည့်သောက် ကြသေးတယ်။ ကောက်ညှင်းရွက်မွေး ပါထည့်သောက်လို့ကတော့ ဆွေမျိုးတောင် ရေထားရလိမ့်မယ်။ မြောက်ပိုင်းက ရွှေဖီမိုးလွတ် လက်ဖက်ခြောက်တွေလဲ နာမည်ကြီးတယ်။ ဒီဘက်ခေတ်မှာတော့ လက်ဖက်ခြောက် အနံ့ကို စပယ်ပန်းအနံ့နဲ့ ပြုပြင်ပြီး လှပသေသပ်တဲ့ သံဗူးတွေနဲ့ ပြည်ပပို့ကုန်အနေနဲ့ တရုတ်ဘက်က ၀င်လာတာ များတယ်။ စပယ်ပန်းအနံ့နဲ့မို့ လက်ဖက်ရည်ကြမ်း သောက်တဲ့အလေ့ကို ပိုစွဲမက်စေပါတယ်။ အ၀ါရောင် Auramine O ဆိုးဆေးကြောင့် လက်ဖက်အစိုတွေ ဈေးကွက်ပျက်ချိန်မှာ လက်ဖက်ခြောက်ပွဲရုံ ပိုင်ရှင် သူငယ်ချင်း စိုင်းနောင့် အတွက် အခမဲ့လက်ဖက်ခြောက် ကြော်ငြာ ၀င်ပေးလိုက်ပါတယ်။ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ .. ဆန္ဒပြုလိုက်ပါတယ်။


လက်ဖက်စိုက်ခင်းတွင် လက်ဖက်ခူးနေကြစဉ်



( ပုံတွေကို google image ကနေ ယူထားတယ်နော် )

Friday, March 6, 2009

မိတ်ကောင်းဆွေမွန်

ကိုယ်ကိုယ်တိုင်က စီးပွားရေးသမား ဖြစ်တဲ့အပြင် လူအများနဲ့ ပေါင်းသင်းဆက်ဆံ နေရတဲ့ ကားသမား တစ်ယောက် ဖြစ်တယ်။ မတူညီတဲ့ လူအမျိုးမျိုး၊ ခြားနားတဲ့ စိတ်အထွေထွေ ရှိနေကြတဲ့ လောကသားတွေနဲ့ နေ့စဉ် ပြောဆို ဆက်ဆံ ပေါင်းသင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကိုယ်ကတော့ လူငယ်ပီပီ ဖောက်သည်တွေကို အမြဲပဲ ဦးညွတ်ပြီး တလေးတစား ဆက်ဆံပါတယ်။ ဟင်းသီး ဟင်းရွက်သည် ကိုလည်း အလိုက်အထိုက် ဆလံပေး ဆက်ဆံပါတယ်။ ကုန်တိုက် မန်နေဂျာနဲ့လည်း လည်တငြိမ့်ငြိမ့် ရိုသေတာမို့ ကိုယ့်ကိုယ်ကိုယ် တစ်ခါတလေ ပေါတောတော ဖြစ်နေသလားလို့ ဆန်းစစ်မိပါတယ်။ လုပ်ငန်းရဲ့သဘော သဘာဝမို့ ပေါနေရင်လည်း ခွင့်လွတ်နိုင်မယ် ထင်ပါတယ်။ လူတွေထဲက လူတစ်ယောက်မို့ နေ့တွေထပ်လို့ ရက်တွေ ဆက်လာတော့လည်း အဆင်မပြေရင် မပြေသလို ဘုစကားတွေ ပြောဖြစ်မိတယ်။ စိတ်ထဲက ပါလို့တော့ မဟုတ်ပါဘူး။ မိတ်ဆွေ အပေါင်းအသင်းတွေကို လိုချင် တပ်မက်ပါတယ်။ စိတ်သဘောခြင်း ထပ်တူသည် ဖြစ်စေ စိတ်အမြင်ခြင်း ဆန့်ကျင်သည် ဖြစ်ပါစေ လူတိုင်းနဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်။ မှန်ကန်တဲ့ မိတ်ဆွေစစ် တစ်ယောက်ရဖို့ နှစ်တွေ အကြာကြီးစောင့်ရပါစေ စောင့်ရကျိုးနပ်တယ်လို့ပဲ မြင်မိပါတယ်။

မိတ်ဆွေကောင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကျွန်းကိုကိုင်းမှီ၊ ကိုင်းကိုကျွန်းမှီ ဆိုသလို အပြန်အလှန် မှီခို၊ အပြန်အလှန် လေးစားမှုရှိကြရ ပါမယ်။ တစ်ယောက်ရဲ့ ကောင်းမြတ်တဲ့ အရည်အချင်းတွေကို တစ်ယောက်က လေးစား အသိအမှတ်ပြုပြီး တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖေးမကူညီ ဖြည့်စွမ်းပေး ရပါမယ်။ တစ်ယောက်ရဲ့ ဘေးအန္တရာယ်ကို တစ်ယောက်က ကာကွယ်စောင့်ရှောက်ပြီး တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က ၀မ်းမြောက် ၀မ်းသာ ဂုဏ်ယူတတ် ရပါမယ်။ တစ်ယောက်က ကောင်းစားရင် ကျန်တစ်ယောက်က မနာလို ၀န်တိုခြင်း မရှိပါဘဲ မုဒိတာစိတ် ထားရှိတတ် ရပါမယ်။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က သည်းခံခွင့်လွှတ်ပြီး တစ်ယောက်ရဲ့ အကျိုးကို တစ်ယောက်က ဆောင်ရွက်ပေးခြင်းဟာ မိတ်ကောင်း ဆွေကောင်းတွေရဲ့ ကျင့်ကြံအပ်တဲ့ ကောင်းမြတ်တဲ့ လက္ခဏာ ဖြစ်ပါတယ်။

မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း ဆိုတာကတော့ တစ်ကိုယ်ကောင်း မဆန်တဲ့သူ။ စေတနာမှန်ကန်တဲ့သူ၊ အကျိုးတူ ကိစ္စရပ်များကို သတ္တိရှိရှိ ပူးပေါင်း ဆောင်ရွက် ကူညီလိုစိတ်ရှိသူ၊ အခက်အခဲ အကြပ်အတည်းတွေနဲ့ အရေးကြုံ လာတဲ့အခါ ခေါင်းရှောင် သွေဖီ မသွားပါဘဲ မိမိရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ကူညီ ဖြေရှင်းပေးတာတွေ ပဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အခြားတစ်ယောက်ရဲ့ အမှားအယွင်းနဲ့ အပြစ်တွေကိုပဲ ကြည့်ပြောနေမယ်၊ အားနည်းချက်တွေကိုပဲ မြင်နေမယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ကို သူ့အပေါင်း အသင်း မိတ်ဆွေတွေက ရှောင်ရှားဖယ်ပြန် သွားကြမှာ ဓမ္မတာပါ။ အဲဒီနည်းနဲ့ လူတွေကို စည်းရုံးသိမ်းသွင်းလို့ မရနိုင်ပါဘူး။ လူတိုင်းလူတိုင်းမှာ ချို့ယွင်းမှုနဲ့ ပြစ်ချက်ဆိုတာ အနည်းနဲ့အများတော့ ရှိတတ်ကြတာ သဘာဝပါ။ ပုထုစဉ် လူသားမို့ ခြောက်ပစ်ကင်း သဲလဲစင် တယ်ဆိုတာ မရှိနိုင်ပါဘူး။ လူတစ်ယောက်ဆီကနေ အကောင်းတွေချည်း မျှော်လင့်လို့ မရစကောင်း တာကိုတော့ နားလည်ထားပြီးသား ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ စိန်ကောင်း ကျောက်ကောင်း တစ်ပွင့်ရဖို့ ငွေကြေးဥစ္စာနဲ့ ပုံအောပေးပြီး ရနိုင်ပေမဲ့လည်း မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း တစ်ယောက်ကို ရရှိနိုင်ဖို့ အတွက်တော့ ငွေကိုပုံအောပေးလို့ မရနိုင်ကောင်းပါဘူး။ စိန်ကောင်း ကျောက်ကောင်းထက် မိတ်ကောင်း ဆွေကောင်းက ပိုပြီး ရှားပါတယ်။ ပိုပြီး တန်ဖိုးကြီးပါတယ်။ စိန်ကောင်း ကျောက်ကောင်းကို တန်ဖိုးထား သတ်မှတ်လို့ ရနိုင်ပေမယ့် မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်းမှာ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့အကြောင်း ပြောကြား ချင်ပါတယ်။ အားလုံးကို လေးစားခင်မင်လျက်ပါ။

Sunday, March 1, 2009

ရင်ထဲက လွန်ဆွဲပွဲ (သို့) နှစ်ယောက်ထဲက တစ်ယောက်

ဖိုးရှမ်းငယ်ငယ်က ၀၀ကစ်ကစ်လေးမို့ ရပ်ကွက်ထဲကို လမ်းသလားပြီးလို့ အိမ်ပြန်ရောက်ရင် ပါးနှစ်ဖက်လုံး ရောင်သွားသလား အောင့်မေ့ရတယ်။ တွေ့သမျှ ကိုကို မမတွေက ပါးဖောင်းဖောင်း နှစ်ဖက်ကို အားမလို အားမရနဲ့ ဆွဲဆွဲသွားကြလို့ပါ။ ၁၀ နှစ်ပြည့်လို့ ကိုရင်ဝတ်ပြီးမှပဲ အရပ်က ရှည်ထွက်ပြီး လူကြီး တစ်ယောက်လို ကလန်ကလား ဖြစ်သွားတယ်။ ငယ်က ဖိုးရှမ်းလို့ ခေါ်ရာကနေ ကြီးတော့ ရှမ်းကြီးလို့ ချစ်စနိုး ပြောင်းခေါ်ကြတယ်။ ဖိုးရှမ်း ဖေဖေက ရှမ်း-တရုတ်စပ်တယ်။ အလုပ်ကတော့ ကုန်တင်ကားကြီးတွေ ထောင်ပြီး ကုန်တွေ ခရီးသည်တွေ ပို့တဲ့အလုပ် လုပ်တယ်။ သူ့ဝါသနာနဲ့ သူ့ကျွမ်းကျင်ရာက ဒီကားအလုပ်ပါပဲ။ မှန်တာ ၀န်ခံရင် ကားသမားဆိုတော့ အသောက်အစားတော့ မကင်းပါဘူး။ ဒါပေမယ့် မေမေနဲ့ မိသားစုကိုတော့ ဒုက္ခမပေးခဲ့ပါဘူး။ မေမေကတော့ ချက်တယ် ပြုတ်တယ် လျှော်တယ် ဖွတ်တယ်။ နေ့ခင်းဖက်ဆို တစ်လမ်းကျော်က သူငယ်ချင်းအိမ်မှာ တစ်နေကုန် သွားနေတယ်။ (အမှန်တော့ အပျင်းပြေ ဖဲသွားကစားတာပါ) မေမေနဲ့အတူ ဖိုးရှမ်းလည်း အမြဲလိုက်သွားလေ့ရှိတဲ့ အိမ်ဖြစ်တယ်။ အဲဒီအိမ်မှာ ဖိုးရှမ်းထက် ၂ နှစ်ငယ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ နာမည်က နန်းလောဝ်ခမ်း လို့ခေါ်တယ်။ ဖိုးရှမ်းတို့ ဖေဖေလိုမျိုးပဲ ကုန်ကားထောင်တယ်။ လုပ်ငန်းတူလည်းဖြစ်၊ တစ်မြို့တည်းသား တွေလည်းဖြစ်။ စားအိမ် သောက်အိမ်လည်း ဖြစ်တော့ ငယ်ကတည်းက ဖိုးရှမ်းလေးနဲ့ လောဝ်ခမ်းတို့ နှစ်ယောက်ကိုစေ့စပ် ထားလိုက်ကြတယ်။ တစ်ဦးတည်းသောသားနဲ့ တစ်ဦးတည်းသော သမီးမို့ ဆွေမျိုးစပ်ပြီး သွေးချင်းနီးအောင် လူကြီးတွေက စီမံခဲ့တာပါ။

ဖေဖေက အမြဲခရီးထွက်တော့ ဖိုးရှမ်းလေးကို မေမေရဲ့အချစ်ကပဲ အလေးပိုခဲ့ပြီး အရမ်းပဲ အလိုလိုက်တယ်။ တစ်ဦးတည်းရှိတဲ့ ဖိုးရှမ်းကို မျက်နှာမငယ်ရအောင် လိုလေသေးမရှိ ဖြည့်ဆည်းပေး ခဲ့တယ်။ ဖိုးရှမ်းလေး ၁၀ တန်းအောင်တော့ အိမ်ကို တစ်ခါမှ မခွဲစဖူးခွဲပြီး တစ်နယ်တကျေးကို ကျောင်းသွားတက်တယ်။ လှောင်အိမ်က လွှတ်လိုက်တဲ့ ငှက်ကလေးလို လွတ်လပ်သွားတယ်။ ပြင်ပဗဟုသုတကို နီးနီးကပ်ကပ် လေ့လာခွင့်ရတော့ အမြင်ကျယ်တာ ရှိခဲ့သလို။ လောကအတွေ့အကြုံ မရှိလို့ ဆုံးရှုံးနစ်နာ တာတွေလည်း မနည်းပါဘူး။ တောင်ကြီးမှာ နေတုန်းကတော့ အိမ်ကို မကြာမကြာ ပြန်ရောက်ခဲ့ပေမယ့်။ မန်းလေးကို ကျောင်းပြောင်း တက်တော့ အကြောင်းပြချက် အမျိုးမျိုးနဲ့ အိမ်မပြန်ဖြစ်တာ နှစ်နဲ့ချီခဲ့တယ်။ ကျောင်းပြီးသွားပေမယ့် ရန်ကုန်မှာ ဟိုလိုလို ဒီလိုလိုနဲ့ အကြာကြီးပဲ သောင်တင်နေမိတယ်။ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ်ဌာနကို မေ့လျော့လွယ် စေတာကတော့ မကုန်ဆုံးနိုင်တဲ့ အတတ်ပညာတွေ နည်းပညာတွေကို ဆည်းပူးနေလို့ပါ။ ဘွဲ့ယူတဲ့နှစ်မှာပဲ မေမေနေမကောင်းလို့ ဖိုးရှမ်း အိမ်ပြန်ဖြစ်ခဲ့တယ်။ မေမေ့ကို နောက်ဆုံးတွေ့ဖို့  ပြန်ခဲ့တယ် ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ မွေးမေမေကို ဘာမှ မယ်မယ်ရရ ကျေးဇူးခွင့်မရခဲ့တဲ့ ဖိုးရှမ်းလေးဟာ မေမေ မရှိတော့မှ နောင်တ ရခဲ့တယ်။

မေမေက ဖိုးရှမ်းလေးကို ကတိတစ်ခွန်းပဲ တောင်းသွားတယ်။ အိမ်က စီးပွားရေးကို ဦးစီးပြီး ၃၀ ပြည့်တဲ့နှစ်မှာ လူကြီးတွေ သဘောတူထားတဲ့ လောဝ်ခမ်းနဲ့ လက်ထပ်ယူဖို့ပဲ ဖြစ်ပါတယ်။ ဖိုးရှမ်းလေးခမျာ မိဘနှစ်ပါးလုံး မရှိတော့တဲ့ နယ်ကိုစွန့်ပြီး မြို့ပေါ် ပြောင်းလာတယ်။ အဖေရဲ့ လက်ငုတ်လက်ရင်း အလုပ်ကို ဦးစီးလုပ်ကိုင်တယ်။ တိုးတက်အောင် လုပ်တယ်။ မေမေမှာထားတဲ့အတိုင်း နန်းလောဝ်ခမ်းကို ဆက်သွယ်တယ်။ အထက်တန်း အောင်တဲ့အထိ အတူတူ ကျောင်းတက်ခဲ့တဲ့ ငယ်သူငယ်ချင်း ဖြစ်ပေမယ့် ခုချိန်မှာ ပြန်တွေ့တော့ နှစ်ယောက်လုံး အိုးတိုး အန်းတန်းနဲ့ရယ်ပါ။ စကားပြောတော့လည်း အယောင်အယောင် အမှားမှားတွေပါပဲ။ လောဝ်ခမ်းက ကွန်ပျူတာတက္ကသိုလ် ကျောင်းပြီးတာနဲ့ နယ်မှာပဲ မိဘတွေနဲ့အတူ အခြေချနေတယ်။ မိန်းကလေးဆိုတော့ တကူးတက အပြင်အလုပ်ထွက်လုပ်တာ မရှိခဲ့ပါဘူး။ ဖိုးရှမ်းနဲ့ လောဝ်ခမ်းတို့ နှစ်ယောက်ပြန်တွေ့ပြီး နောက်ပိုင်း တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မပြတ်ခဲ့ပါဘူး။

လုပ်ငန်းခွင်ထဲရောက်တော့ ဖိုးရှမ်းခမျာ လူငယ်တို့ သဘာဝ အပျော်အပါးတွေနောက် မလိုက်နိုင်ရှာ ခဲ့ပါဘူး။ မြားမြှောင်လှတဲ့ အလုပ်ထဲမှာပဲ နစ်နေရတော့ နှလုံးသားရေးကို ရှေ့တန်း မတင်နိုင်ခဲ့တာ အမှန်ပါ။ တစ်နှစ်ကို ၈ လလောက် ခရီးထွက်နေရသူ တစ်ယောက်အတွက် အလုပ်အပေါ်မှာပဲ သံယောဇဉ်တွယ် နေမိတယ်။ (အမှန်တော့ လောဘဇော ကပ်နေတာပါ။) မှတ်မှတ်ရရ ပြီးခဲ့တဲ့နှစ် သင်္ကြန်လောက်ကစပြီး အလုပ်က ပါးလာတယ်။ ခရီးကို ကြိုကြားကြိုကြား လောက်ပဲ သွားရတော့တယ်။ ဒါနဲ့ ဖိုးရှမ်း ၀ါသနာပါတဲ့ အင်တာနက်နဲ့ အချိန်ကုန်စေခဲ့တယ်။ အင်တာနက်ပေါ်မှာ ဟိုလူနဲ့တွေ့လည်း သံယောဇဉ်တွယ်မိ၊ ဒီတစ်ယောက်နဲ့ တွေ့လည်း သံယောဇဉ်တွယ်မိနဲ့ ကိုယ့်ကိုယ်ကို ဘယ်ဟာက အမှားအမှန်၊ ဘယ်ဟာက အတုအယောင် ဆိုတာကို မဆန်းစစ်မိခဲ့တာ အမှန်ပါ။ အမှားသံဝေဂတွေ တော်တော်လေး ရပြီးမှပဲ ဖိုးရှမ်းခမျာ တည်တည်ငြိမ်ငြိမ် ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဖိုးရှမ်းရဲ့ နှလုံးသွေးကို သံစဉ်မမှန်အောင် ခုန်စေတဲ့ အချစ်ဆိုတာကို စတင်တွေ့ခဲ့တယ်။ အချစ်ကို မျက်စိနဲ့  ကိုယ်တိုင်ကိုယ်ကျ တပ်အပ် မမြင်ဖူးသေးပေမယ့် ကြားနေရတဲ့ အသံလွင်လွင်လေးကပဲ ဖိုးရှမ်းလေးရဲ့ နှလုံးစည်းချက်ကို လှုပ်ခတ်စေတယ်ဆိုတာ ၀န်ခံပါတယ်။ လေလိုင်းထဲက ပို့လိုက်တဲ့ ပုံလေးတွေကိုကြည့်ပြီး သံယောဇဉ်ပိုတွယ်စေတယ် ဆိုရင်လည်း မမှားပါဘူး။

အချိန်ဆိုတဲ့ ယန္တယားကို ရှေ့ဆက်မရအောင် တားထားလို့ မရသလို၊ ကိုယ့်စိတ်ကြိုက် ပြုပြင် ဖန်တီးယူလို့ ရကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဖိုးရှမ်းတစ်ယောက်ရဲ့ နှလုံးသားရေးရာ လွန်ဆွဲတိုက်ပွဲဟာ မကြာမတင်မှာ အဆုံးအဖြတ် ပေးရမဲ့ ပန်းတိုင်ကို ရောက်တော့မှာ ဖြစ်ပါတယ်။ ဖိုးရှမ်းအဖို့ မိဘတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ငယ်သူငယ်ချင်း ကိုပဲ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်မလား၊ ထူထောင်သင့်ပါသလား။ ဒါမှမဟုတ်ပါပဲ မိဘစကားကို ဖယ်ရှားပြီး ဖိုးရှမ်းရင်ထဲမှာ နေရာအပြည့် ယူထားတဲ့ 21 Vs Me နဲ့  စိတ်ယိုင်ပြီး အနှစ်သာရပြည့်တဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ထူထောင် သင့်ပါလား။ 2010 Elections ထက်ပိုအရေးကြီးတဲ့ ဖိုးရှမ်းလေးရဲ့ ရင်ထဲက လွန်ဆွဲပွဲလေးမှာ ဘယ်သူ့ကို အလေးသာစေချင်တယ်၊ ဘယ်သူ့ကို အလေးထားရမယ် ဆိုတဲ့ အားပေးစကားလေးကို ဖိုးရှမ်းကို ခင်မင်တဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းအားလုံးက မဖြစ်မနေ အကြံဥာဏ် ပေးကြပါအုန်းလို့ တောင်းဆိုချင်ပါတယ်။ မပျက်မကွက်နဲ့ပါ။

Thursday, December 11, 2008

အဝေးဆုံးကို .... လှမ်း

 
နှောင်ကြိုး

မမြင်နိုင်တဲ့ သံယောဇဉ် အမျှင်တန်း လေးတစ်မျှင်ရဲ့ ရစ်နှောင်ဖွဲ့မှုဟာ
ဖြေမပြေနိုင်အောင် ခိုင်မြဲ လွန်းလှပါတယ်။

စမှတ်နဲ့ ဆုံးမှတ်ဟာ ဝေးကွာလွန်းလှ ပေမယ့် 
ဒီသံယောဇဉ် ကြိုးလေးဟာ ပြတ်တောက်နိုင်စွမ်း မရှိပါဘဲ
ပိုမို ရစ်တွယ် နေမိတာကို ၀န်ခံပါတယ်။

သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ရစ်ပတ်ထုံးနှောင်ထားတဲ့
ဒီသံယောဇဉ်ကြိုးလေးကို တင်းမာမှုတွေနဲ့ ပြိုင်ဆိုင်ပြီး ဖြတ်တောက်ပစ် မယ်ဆိုရင်
ဖြစ်ပေါ်လာမယ့် နာကျင်မှု ဝေဒနာတွေကို
တဆွေးမြေ့မြေ့ ခံစားရမှာ အသေအချာပါ။

သို့ပေမယ့် တစ်ဖက်သတ်ဆန်လွန်းတဲ့ ဒီနှောင်ကြိုးလေးအတွက်
စောင်းကြိုးညင်းသလို အလျော့အတင်း ညှိပါသော်လည်း
ပြတ်တောက်အောင် အကြောင်းဖန်ဖန်လာတာမို့
ဖယ်ခွာဖို့ အကြောင်း မနှောင်းခင် အချိန်မှာ
အသိတရားလေး ထွန်းလင်းခဲ့ပြီ .. .. ။

Friday, December 5, 2008

ဒီလိုလေး နှုတ်ဆက်ချင်ပါတယ်


သူငယ်ချင်းတွေရဲ့ အိမ်ကို ရောက်ခဲ့ရင် " မင်္ဂလာပါ " ဆိုပြီး အလျင် နှုတ်ဆက်မိတာ ကိုယ်ပိုင်ဟန်ပန် လိုဖြစ်နေပါပြီ။ နောက် "ချမ်းမြေ့ပါစေ"၊ "ရွှင်လန်းပါစေ"၊ "ပျော်ရွှင်နိုင်ပါစေ" စသဖြင့် အပိတ် နှုက်ခွန်းဆက်ပြီးမှ ပြန်လာတတ်ပါတယ်။ မမြင်နိုင်တဲ့၊ မတွေ့ဖူးတဲ့ အွန်လိုင်းပေါ် က သူငယ်ချင်းတွေကို ညီအစ်ကို မောင်နှမလို၊ မိတ်တွေစစ်တွေလိုပဲ ခင်မင် ရင်းနှီးစွာနဲ့ နှုတ်ဆက် ဖြစ်ပါတယ်။ ခင်မင်စိတ်နဲ့ အာလုတ်ပြုတဲ့ စကားလေးပါ။ ပြင်ပလောကမှာ ကျတော့ "လှလို့ ၀လို့ ပါလား" ဆိုပြီး ဥပကာရ ပြောဖြစ်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစ အရာရာ အဆင်ပြေနေပါမှ စိတ်ချမ်းသာပြီး လှပ နေနိုင်တာပေါ့နော်။ ဒီလို လှပနေမှ ပြည့်ပြည့်၀၀ စိုစိုပြည်ပြည် ဖြစ်မယ်လေ။ စေတနာအရင်းခံနဲ့ လူတွေ အဆင်ပြေကြပြီး စိုပြည်လှပနေဖို့၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ကျော်လွှား နိုင်ကြဖို့အတွက် လှလို့ ၀လို့ ပါလားလို့ နှုတ်ဆက်လိုက်ရင် တော်တော်များများက အကျေနပ်ကြီး ကျေနပ်ပြီး ရယ်မောနိုင်တာကို တွေ့ရပါတယ်။

စိတ်လက်ပေါ့ပါးစွာနဲ့ ရယ်မောနိုင်တာဟာ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်ပါတယ်။ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံးအတွက် မဖြစ်မနေ လိုအပ်တဲ့ အရာကိစ္စလေးပါ။ ရယ်မောလိုက်ခြင်းဖြင့် မျက်နှာပြင်မှရှိတဲ့ အကြောအချင်တွေ ဘယ်မျှ ဘယ်၍ ဘယ်လို လှုပ်ရှားစေပြီး ဘယ်အတိုင်း အတာအထိ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတာကိုတော့ ဆေးပညာရှင်တွေက ပိုသိ၊ ပိုနားလည်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ရယ်မော ပျော်ရွှင်နေတာက စိတ်ညစ် ငိုယိုနေရ တာထက်တော့ ပိုကောင်းတယ် ဆိုတာတော့ အသေအချာပါပဲ မဟုတ်လား။

ဒါကြောင့် ရယ်မောနိုင်ကြပါစေ၊ ကျန်းမာပျော်ရွှင်နိုင်ပါစေ၊ ဒီကနေတစ်ဆင့် ၀၀လှလှ လေးတွေ ဖြစ်ပါစေလို့ ဆုတောင်း မေတ္တာပို့ကြတာ ဖြစ်ပါလိမ့်မယ်။ မနှစ်သက် သူတွေအတွက် အဓိပ္ပာယ်ကောက်လွဲတာ၊ အမြင်လွဲတာတွေ ဖြစ်နိုင်ပေမယ့် မလွဲနိုင်တာကတော့ လူတစ်ဦးအပေါ်မှာ ထားရှိတဲ့ စေတနာတရားပါပဲ။ ကိုယ့်သူငယ်ချင်း မိတ်ဆွေ ရယ်မောပျော်ရွှင်နိုင်ဖို့ ဘ၀မှာ စိုစိုပြည်ပြည် လှလှပပ ဖြစ်ဖို့ထားတဲ့ စေတနာကတော့ ဘယ်လိုမှ မလွဲမမှားနိုင်တာကို တပ်အပ် ပြောနိုင်ပါတယ်။ ဘုရားဟော ရှိပါတယ်။ " အာရောဂျံ ပရမံ လာဘံ " ဖြစ်ပါတယ်။ အာရောဂျံ - အနာရောဂါ ကင်းရှင်း ကျန်းမာခြင်းသည်၊ ပရမံ - မြတ်သော၊ လာဘံ - လာဘ်တစ်ပါး ဖြစ်သည် လို့ ဆိုထားပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်ပါမှ မိမိဘဝရဲ့ တိုးတက်မှုနဲ့ ပျော်ရွှင် ချမ်းမြေ့မှုကို ရရှိနိုင်ပါမယ်။ ဒါမှလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ စိုပြည်လှပ နေမှာပါ။

လူတိုင်းကိုယ်စီ ရယ်မောပျော်ရွှင် နိုင်တဲ့ဘဝ၊ ပူပင်ကြောင့်ကျမှု ကင်းတဲ့ဘဝ၊ ကျန်းမာရေး ဒေါင်ဒေါင်မြည် နေတဲ့ဘဝ၊ စိတ်ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့ နေရတဲ့ဘဝ တွေကို မက်မောကြတာ ဓမ္မတာပါ။ ငွေရှိပေမယ့် စိတ်မချမ်းသာတဲ့ သူတွေ၊ ရာထူးဂုဏ်သိန် တွေရှိပေမယ့် ကိုယ် မကျန်းမာတဲ့ သူတွေ ကျွန်တော်တို့ ခင်ဗျားတို့ ဘေးနားမှာ ရှိနေကြတာ၊ ရှိနေတာကို တွေ့မြင်နေရပါလိမ့်မယ်။ တစ်ဖက်က ပြည့်စုံပြီး တကယ့်လိုအပ်ချက်က ချို့တဲ့နေတဲ့ ချိန်ခွင်လျှာ မညီမှုမျိုး တွေကိုလည်း တွေ့ဖူးကြမှာပါ။ ဒါကြောင့် လူတိုင်း အနေမခက်၊ မသေမခက်ဘဲ ဘဝကို ခင်တွယ် မက်မောစရာ၊ ပျော်မွေ့စရာ အဖြစ် ခံယူရှင်သန် နိုင်အောင် အားလုံးပဲ ရယ်မောနိုင်ကြပါစေ၊ ပျော်ရွှင်နိုင်ကြပါစေလို့ ပြောရတာဖြစ် ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ သက်ပြင်းတွေချ၊ ငိုကြွေးပြီး စိတ်သောက ရောက်နေရတာထက် ရယ်မော ပျော်ရွှင်နေတာက ပိုမကောင်းဘူးလား။ တပိန်ပိန် တလိန်လိန်နဲ့ အရိုးပေါ် အရေတင်ပြီး ကမ္မဋ္ဌာန်း ရုပ်ပေါက်နေတာထက် စာရင်တော့ စိုပြည်လှပပြီး ၀နေကြက ပိုမကောင်းပေဘူးလား။ ဒါကြောင့် လူတိုင်းကိုပဲ "လှလို့ ၀လို့ပါလား" လို့ပဲ နှုတ်ဆက်ချင်ပါတယ်။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

Sunday, November 30, 2008

မွန်မြတ်တဲ့ သူငယ်ချင်း . . . တဲ့



သူငယ်ချင်း
သူငယ်ချင်းကောင်း ဆိုတာ ကျွန်တော်တို့ ဘဝကို နည်းပေါင်းစုံနဲ့ ဘက်ပေါင်းစုံကနေ စိတ်ချမ်းသာမှုတွေ ပေးနိုင်စွမ်းတယ်။ တူညီခြင်းတွေနဲ့ ကွဲပြားခြားနား တာတွေကို ပေါင်းစပ်ထားတဲ့ ကြားကနေ သူငယ်ချင်းတွေက ကျွန်တော်တို့ကို သိနားလည်ဖို့ အခွင့်အရေးတွေ သယ်ဆောင်လာကြသလို ကျွန်တော်တို့ကို ဘဝမှာ ဘယ်လို နေထိုင်ရှင်သန် သွားရမယ်ဆိုတာကို သိအောင် ကူညီပေးတတ်ကြတယ်။ တူညီခြင်းက တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ခြင်းကို ဆွဲဆောင်မှုရှိစေပြီး ကျွမ်းဝင်မှုအတွက် ကျေနပ်နှစ်သိမ့်မှု ကိုရရှိစေပါတယ်။ ကျွန်တော်တို့ အားကျတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆွဲဆောင်မှုကို ခံယူတဲ့အချိန်မှာ မသိစိတ်က ထိုပုဂ္ဂိုလ်က ပိုင်ဆိုင်တဲ့ အရည်အသွေးမျိုး မိမိတို့မှာလည်း ရှိနေကြတာကို အသိအမှတ်ပြုမိ ကြပါမယ်။ မိတ်ဆွေ သူငယ်ချင်း တွေကို ကြည့်မှန်အဖြစ် သဘောထားလိုက် မယ်ဆိုရင် သူတို့က ဘယ်လိုလူလဲ ဆိုတာ သိစေဖို့ ရောင်ပြန်ဟပ်စေတာ ကူညီပေးတတ်ပါတယ်။


ကျွန်တော်တို့ရဲ့ မတူညီတဲ့ ကွဲပြားတဲ့ အမြင်တွေကနေလည်း မိတ်ဆွေတွေက မိမိကိုယ်ကိုမိမိတို့ သိနားလည်ဖို့ အထောက်အကူ ပေးပါတယ်။ ကွဲပြားခြားနားမှု တွေက တခြားရွေးချယ်မှုတွေကို မြင်တွေ့စေနိုင်ပါတယ်။ ကျွန်တော်တို့ ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ ဆိုတာကို ရွေးချယ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်နဲ့ တစ်ယောက် အယူအဆတွေ၊ အနေအထိုင်တွေ၊ ၀ါသနာတွေ၊ စိတ်ထားချင်းတွေ မတူညီကြသူတွေနဲ့ ပေါင်းသင်း ဆက်ဆံကြရ ပါတယ်။ ဆန့်ကျင်ဘက် ဖြစ်နေတဲ့သူတွေ ဆီကနေလည်း ဆွဲဆောင်မှုတွေ ရှိနေတတ်ကြပါတယ်။ သူတို့ဆီကနေ ကျွန်တော်တို့ နှစ်သက်တဲ့ အစိတ်အပိုင်းတွေကို အကောင်းဘက်ကနေ လက်ခံသင်ယူပြီး ကျွန်တော်တို့နဲ့ သံစဉ်ညှိယူလို့ မရတဲ့ အချက်တွေက ဘာတွေလဲ ဆိုတာကိုလည်း လက်ခံထားဖို့တော့ လိုအပ်ပါတယ်။ ဒါဆိုရင် အဖိုးတန်တဲ့ အတွေ့အကြုံလေးတွေ ရရှိလာမှာပါ။


တစ်စုံတစ်ယောက်ရဲ့ ဘဝနဲ့ မိမိရဲ့ဘဝတို့ ကွဲပြားတာကို နားလည်လာတဲ့ အခါမှာ ဒီခြားနားချက်အပေါ်မာ အသိတွေ ရလာနိုင်ပါမယ်။ တစ်ခါတစ်လေမှာ မိမိကိုယ်ကို မိမိ မကြိုက်နှစ်သက်တဲ့ အချက်တွေကို မိတ်ဆွေတွေဆီမှာ တွေ့နိုင်ပါတယ်။ မှန်သားပြင်ပေါ်က အရိပ်ကို လက်ခံဖို့ ခက်ခဲချင် ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် သူငယ်ချင်းကောင်း တစ်ယောက်၊ မိတ်ဆွေကောင်း တစ်ယောက်က ကျွန်တော်တို့ရဲ့ ဘဝကို ပြောင်းလဲပစ်ဖို့ အတွက် နည်းလမ်းတွေ ရှာဖွေပေးဖို့ အထောက်အကူ ပေးမှာပါဧကန်မလွဲပါဘူး။ ဒါဟာ သူတို့က ပေးတဲ့ ကျွန်တော်တို့အတွက် လက်ဆောင်မွန်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ဒီလို လက်ဆောင်တွေကို နေ့စဉ် ပြန်ပြီး ပေးနိုင်ပါတယ် မဟုတ်လား။


သူငယ်ချင်းကောင်း တစ်ယောက်အဖြစ် ရွေးချယ်ရတာဟာ ထိုသူက ကျွန်တော်တို့ရဲ့ဘဝကို သာယာစိုပြေ လာစေတာပဲ ဖြစ်ပါတယ်။ မျက်ရည်တွေနဲ့ ဘဝအခက်အခဲတွေ ကြားထဲကနေ သူငယ်ချင်းတွေက ရယ်ရွှင်ခြင်းကို တွေ့ရှိဖို့ ဝိုင်းဝန်း ကူညီတတ်ပါတယ်။ ကျွန်တော်တို့ ဘဝရှင်သန်ဖို့အတွက် အကောင်းဆုံးသော စိတ်သက်သာမှုနဲ့ အားအင်တွေကို ဝေမျှပေးတဲ့ ထူးခြားတဲ့ သူငယ်ချင်း မိတ်ဆွေ များနဲ့ တွေ့ဆုံရတဲ့အခါ ကျွန်တော်တို့ ကံကောင်းတဲ့သူ ဖြစ်လာရ ပါတော့တယ်။ အကောင်းဆုံး အဖော်များဖြစ်တဲ့ မိတ်ဆွေ သူငယ်ချင်းများနဲ့ ဘဝခရီးကို အတူလျှောက်လှမ်း ကြတဲ့အခါမှာ သူတို့က ကျွန်တော်တို့ ဘယ်သူတွေဆိုတာနဲ့ ဘာတွေကို ရွေးချယ်ရမယ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုဖို့နဲ့ ချောမွေ့ပြေပြစ်စေဖို့ကို အထောက်အကူ ပေးတယ်ဆိုတာကို နားလည်မိပါတယ်။

(သူငယ်ချင်းအသစ်နဲ့ မွေ့လျော်နေပြီး မိတ်ဆွေဟောင်းကို မေ့ချင် ယောင်ဆောင် ဥပက္ခောပြုနေတဲ့ သူငယ်ချင်း တစ်ယောက်ကို ရည်ရွယ်ပါတယ်)

Thursday, November 20, 2008

ပုလဲဧကရီ

ု

သူငယ်ချင်း
သူငယ်ချင်းကို ပုလဲဧကရီ လို့တင်စားခေါ်ချင်ပါတယ်
ပုလဲဟာ ကျက်သရေရှိတယ်။ ပုလဲအရောင်ဟာ လူသားတွေရဲ့ နှလုံးသားကို ချမ်းမြေ့မှု အပေးနိုင်ဆုံး ဖြစ်တယ်
သူငယ်ချင်းကို မြင်ရရင် ရင်ကို အေးချမ်းပြီး ကျက်သရေရှိတဲ့ သူလေးတစ်ယောက်လိုပဲ မြင်မိတယ်
မဟုတ်ခဲ့ရင်တောင် အဲဒီလိုဖြစ်အောင် စိတ်ထဲအမြဲ မွေးနေမိပါတယ်
သူငယ်ချင်းကကို ပုလဲဧကရီ လို့ တင်စားခေါ်ဝေါ်နိုင်အောင် ပုလဲဋီကာကို ပြောပြချင်ပါတယ်

ပုလဲဟာ တစ်ခြားကျောက်မျက်ရတနာတွေလို မဟုတ်ပါဘူး
လူတိုင်းနဲ့ လိုက်ဖက် တင့်တယ်တယ်
ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး ပုလဲကို ၀တ်ဆင်ထားရင် အားလုံးဟာ တူညီတဲ့ ကျက်သရေကိုဆောင်တယ်
တစ်ခြားကျောက်မျက်တွေက
တန်ဖိုးအလိုက် ကြွားဖို့ ၀ါဖို့ ဂုဏ်ရှိဖို့ ဂုဏ်တုဂုဏ်ပြိုင်ဖို့ အတွက်သာ အဓိပ္ပာယ်ဆောင်ပေမယ့်
ပုလဲကတော့
တည်ကြည်ခြင်း ငြိမ်သက်ခြင်း မေတ္တာတရား သက်ဝင်ခြင်း စတဲ့
ကျက်သရေ အရိပ်အယောင်တွေနဲ့သာ နိမိတ်ဆောင်နေပါတယ် .. ..


ကမ္ဘာပေါ်မှာရှိတဲ့ ဣတ္ထိယတို့ အလှအပအတွက် ဖက်ရှင်အမျိုးမျိုး တီထွင်သုံးစွဲခဲ့ပြီး
ရေစီးကြောင်းတွေ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းခဲ့ပေမယ့် ပုလဲဝတ်ဆင်မှုကတော့
ခေတ်အဆက်ဆက် မပြောင်းလဲခဲ့ပါဘူး ရိုးသွားတယ်ရယ်လို့ မရှိခဲ့ဘူးဆိုတာ သူငယ်ချင်း သိမှာပါ
အဲဒါ ဘာကြောင့်လဲဆိုတော့ ပုလဲဟာ မိန်းမသားတို့ရဲ့နှလုံးသည်းပွတ်မှာ
မြတ်နိုးတွယ်တာ ခုံမင်စရာ ရတနာတစ်ပါးအဖြစ်နဲ့ ထာဝရ ကိန်းအောင်းနေလို့ပါပဲ
ဒါကြောင့်
ပုလဲကို ရတနာလောကရဲ့ ဘုရင်မ The Queen of Gems လို့ သတ်မှတ်ထားခဲ့ကြတယ်
ပုလဲဟာ လှပရုံသာမက စန်းပွင့်တယ် နိမိတ်ကောင်းတယ် ဆိုပြီး နှစ်နှစ်ကာကာ ၀တ်ဆင်ခဲ့ကြတယ် .. ..

ပုလဲဟာ ရှေးအကျဆုံး ရတနာတစ်ပါးဖြစ်ပြီး
တစ်ခြား ကျောက်မျက်ရတနာတွေလို သွေးစရာလည်းမလို
အကွက်ဖော်စရာလည်းမလို အသင့်ဝတ်ဆင်နိုင်တာကြောင့် ကျောက်သွေးပညာ မပေါ်ခင်ကတည်းက ခေတ်စားခဲ့တယ်
ခရစ်ယာန်တို့ရဲ့ ဓမ္မကျမ်းစာမှာပဲ ကြည့်ကြည့်
ဂျူးလူမျိုးတို့ရဲ့ ရဟူဒီဓမ္မကျမ်းမှာပဲ ကြည့်ကြည့်
မူဆလင်တို့ရဲ့ ကုရ်အာန် ကျမ်းမှာပဲ ကြည့်ကြည့်
ပုလဲရတနာကို ကြွယ်ဝချမ်းသာခြင်း အဖြစ် တင်စားဖော်ပြထားတာတွေ့ရမယ် .. ..



မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို ဘက်စုံ ထောင့်စုံကနေ အချက်အလက်ပေါင်းစုံနဲ့ တန်ဖိုးဖြတ်ကြသလို
ပုလဲတွေရဲ့ တန်ဖိုးကိုလည်း အချက်(၇)ချက်နဲ့ ဆုံးဖြတ်ကြတယ်
ပထမအချက် အရောင် Colour ဖြစ်တယ် Body Colour နဲ့ ရောင်ပြေး Over Tone ကိုကြည့်ရတယ်
ဒုတိယအချက်က တောက်ပမှုစွမ်းအား Lustre
တတိယ ပုလဲရဲ့ မျက်နှာပြင်မှာ အပြစ်အနာအဆာ ကင်းစင်မှု
စတုတ္ထ ပုလဲရဲ့ သဏ္ဍာန် Shape
ပဉ္စမ အရွယ် Size
ဆဋ္ဌမ အချက်က ပုလဲရဲ့ သီကုံးပုံ Make
သတ္တမနောက်ဆုံးအချက်က ပုလဲရည် အထူအပါး Nacre Thickness တို့ပဲဖြစ်တယ် .. ..

သဘာဝပုလဲရဲ့ အရောင်တွေကတော့
အဖြူရောင်၊ နို့နှစ်ရောင်၊ ရွှေရောင်၊ နှင်းဆီရောင်၊ ပန်းရောင်၊ ခရမ်းဖျော့ရောင်၊ လိမ္မော်ရောင်၊ ကြေးဝါရောင် ရှိကြတယ်
မွေးပုလဲတွေကတော့
အဖြူရောင်၊ နို့နှစ်ရောင်၊ နှင်းဆီရောင်၊ ပန်းရောင်၊ အ၀ါရောင်၊ ငွေရောင်နဲ့ မီးခိုးရောင် တွေရှိတယ်
ပုလဲ အစစ်နဲ့ အတုကို လွယ်လွယ်ခွဲခြားတဲ့နည်းကို သူငယ်ချင်း မှတ်ထားပါဦး
ပုလဲသားကို လူရဲ့ ရှေ့သွားနဲ့ ပွတ်ကြည့်ရတယ်
ပုလဲအစစ်က သွားကို သဲနဲ့ရှသလို အာရုံမျိုး ခံစားရလိမ့်မယ်
ပုလဲအတုကတော့ သွားမှာ ဘာအာရုံမှမရဘဲ ချောနေပါမယ်

ပုလဲနဲ့ ပတ်သက်ပြီး ရှောင်ရန် ဆောင်ရန်နဲ့ သတိထားရမှာတွေကတော့
ပုလဲကို အက်စစ်နဲ့ လုံးဝမထိမိပါစေနဲ့
အက်စစ် မပြောပါနဲ့
အပြင်းစား အလှဆီ၊ အပြင်းစား ရေမွှေး၊ အပြင်းစား Hair Spray များနဲ့ ထိလို့မရဘူး
ပုလဲကို ၀တ်ဆင်ထားရင် ရေမွှေးဆွတ်ထာ သတိထားပေါ့နော်
ပုလဲကို မဝတ်ဆင်ဘဲ သိမ်းထားမည်ဆိုရင်တောင် (မာဆင့်များတဲ့)
ကျောက်မျက်ရတနာတွေနဲ့ ရောနှောသိမ်းဆည်းထားလို့ မရပါဘူး၊ ပုလဲကို ပွန်းပဲ့ ပျက်စီးစေတယ်
အကောင်းဆုံးကတော့ နူးညံ့ပျော့ပြောင်းတဲ့ ကတ္တီပါဘူးများနဲ့သာ သိမ်းထားသင့်ပါတယ်
ကြိုးနဲ့သီသွယ်ထားတဲ့ ပုလဲလည်ဆွဲဆိုရင်လည်း ခြောက်လ တစ်ကြိမ်ကြိုးအသစ်လဲပေးရမယ် .. ..

ပုလဲကို ဝတ်ဆင်တဲ့အခါမှာလည်း ပုလဲဟာ ပေါ်လွင်ပြီးသားမို့
ဝတ်ဆင်သူတို့နဲ့ လိုက်ဖက်အောင် စီစဉ်ရတာလည်း အဆင်ပြေလွန်းပါတယ်
မျက်နှာကျ ရှည်သွယ်တဲ့သူဆိုရင် လည်ပင်းအရင်းမှာကပ်ပြီး
ပုလဲလည်ဆွဲကို ဝတ်ဆင်မယ်ဆိုရင် ရှည်သွယ်တဲ့ မျက်နှာကို ပေါ်လွင်စေတယ်
ဝိုင်းတဲ့ မျက်နှာနဲ့ လေးထောင့်ပုံမျက်နှာပိုင်ရှင် ဣတ္ထိယတို့ အနေနဲ့
ရင်ညွန့်နဲ့ ရင်ညွန့်အောက်အထိရောက်တဲ့ ပုလဲထပ်ကုံးရှည်ကို ဝတ်ဆင်ပေးရမယ်
ဒါမှ ရှိပြီးသားအလှကို ပိုပေါ်လွင်စေပါတယ် .. ..



အဖြူရောင်ဟာ လူသားတွေကို ချမ်းမြေ့မှု အပေးနိုင်ဆုံးအရောင် ဖြစ်တယ်
အဖြူရောင်ရှိနေတဲ့ ပုလဲဟာလည်း ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မင်္ဂလာသင်္ကေတ ပဲဖြစ်တယ်
လူ့ယဉ်ကျေးမှု ခေတ်ဦးကတည်းကနေ ကနေ့တိုင်
သန့်စင်ခြင်း စင်ကြယ်ခြင်း အပြစ်ကင်းစင်ခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ ပုလဲဟာ
အပျိုစင် အပျိုမတို့ ဆင်မြန်းထားမယ်ဆိုရင်
ဒိုင်ယာနာနတ်သမီး ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရတယ်လို့ ယုံကြည်မိရင်း
မကြာမတင် ကျရောက်မယ့် သူငယ်ချင်းရဲ့ မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
စဉ်ဆက်မပြတ်စီးဆင်းနေတဲ့ တော်ဝင်အလှတစ်ပါး ပုလဲရတနာများနည်းတူ
သူငယ်ချင်းရဲ့ ဘဝလည်း အစွမ်းကုန် လှပ ချမ်းမြေ့ ပျော်ရွှင် နိုင်ပါစေလို့ .. .. .. ဆန္ဒပြုလိုက်ပါတယ် ။

(ပင်လောင်းမှာ ရှိနေစဉ်တုန်းက ရေးထားခဲ့တဲ့ စာလေးဖြစ်ပါတယ်။ မူရင်းစာအုပ်ကို code မဖော်ပြပေးနိုင်တဲ့ ပျက်ကွက်မှုအတွက် ဒီနေရာကနေ အနူးအညွှတ် တောင်းပန်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။)

Wednesday, November 19, 2008

လူတိုင်းအတွက် .. ကိုယ်ပါ


လူတိုင်းအတွက် .. ကိုယ်ပါ

ကိုယ့်မိသားစု အတွက်ဖြစ်စေ၊ ကိုယ်ချစ်တဲ့ ချစ်သူကိုဖြစ်စေ၊ ခင်မင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အတွက်ဖြစ်စေ မထင်မှတ်တဲ့ လိုအပ်တာ လေးတွေကို အကောင်းဆုံး ဖြည့်ဆည်း ပေးတာက သိပ်ကို ရိုးစင်းတဲ့အကူအညီ တစ်ခုပဲလို့ နားလည်ခဲ့ပါတယ်။ နေ့တိုင်း ကျွန်တော် ရွေးချယ်ပြီး ဘယ်သူ တစ်ဦးတစ်ယောက်မှ မသိအောင် လုပ်ဆောင်ခဲ့တဲ့ သေးသေးဖွဲဖွဲ့ အမှတ်တမဲ့ လုပ်ဆောင်ချက် လေးတွေ ရှိတတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံ ပေးတာမျိုး၊ အချိန်နဲ့ အင်အား ပေးဝေပြီး နားထောင်ပေးခဲ့တာမျိုး တွေ ဖြစ်ပါတယ်။ ကိုယ်ကျိုးမပါပါဘဲ လုံးဝ အတ္တမဆန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ကတော့ ကြိုးစားနေဆဲပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော့်ဘဝနဲ့ တခြားသူတွေ အတွက် လုပ်ဆောင်ချက် တွေတစ်သားတည်း တစ်ထပ်တည်း ဖြစ်ချင်မှ ဖြစ်ပေမယ့် ကြိုးပမ်းအားထုတ် ခဲ့မှုအတွက် ကိုယ့်ကိုယ်ကိုယ် သိတဲ့အလျှောက် ကျွန်တော်ရဲ့ ဘဝနေနည်းအပေါ် ကျွန်တော် အားရ ကျေနပ်မှုဖြစ်ခဲ့ပါတယ်။

ဆိုရိုးစကားတစ်ခုကို သာဓက ပြချင်ပါတယ်။ " ပေးဆပ်ခြင်းက သူရဲ့ ကိုယ်ပိုင်ဆုလာဘ် " ဆိုတာပါပဲ။ ကိုယ်ရေးလိုက်တဲ့ စာတွေအပေါ် စာဖတ်သူတွေက အသိအမှတ်ပြု ဖတ်ပေးတာကို ပြန်ပြီး ရရှိပါတယ်။ ကိုယ်ပေးလိုက်တာနဲ့ တိုက်ရိုက်အချိုးအစား ညီညီ ကိုယ်ပြန်ရတာပါ။ မေတ္တာပေးရင် မေတ္တာပြန်ရသလို စေတနာဟာလည်း တုံ့ပြန် စေတနာ ပြန်လာတတ် ပါတယ်။ ။ တစ်စုံတစ်ယောက် အတွက် ကောင်းတာလေး ကူညီပေးပေမယ့် တစ်ခြားသူတွေကရော ငါ့အတွက် ဘာလို့ပြန်မလုပ်ပေးတာလဲ ရယ်လို့ တွေးမိတာမျိုး မရှိခဲ့ပါဘူး။ သူတစ်ပါး အတွက် စေတနာနဲ့ ဆောင်ရွက်ပေးခြင်း၊ ကူညီပေးခြင်းတွေဟာ ဘဝတစ်ခုလုံး လုပ်ဆောင်နေရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့ ယူဆထားပါတယ်။ ဒါက မိတ်ဆွေ သူငယ်ချင်းတွေ အပေါ်မှာ ထားရမယ့် ကျွန်တော့် သဘေားထား အမြင်လေးပါ။


Tuesday, November 18, 2008

မိတ်ဆွေဆိုလားပဲ


မိတ်ဆွေဆိုလားပဲ

စာတွေ၊ ကဗျာတွေနဲ့ နေထိုင်ရတာ အလွန်မှပဲ စိတ်ကိုပျော်ရွှင် ကြည်နူးစေပါတယ်။ ဘာအရသာနဲ့မှ မတူတဲ့ အရသာနဲ့ ပြည့်စုံလှပါတယ်။ တစ်ခါတလေ စိတ်ထဲမှာ နေလောင်ခံရသလိုမျိုး မရွှင်လန်းရင်၊ ရည်းစားပူမိလို့ စိတ်ပျက် နွမ်းလျနေရင်၊ ကွန်ပျူတာ အကြည့်များလို့ ခေါင်းတစ်ခုလုံး ထုံထိုင်းနောက်ကျိ နေရင် ကျွန်တော်တော့ သက်သာရာ သက်သာကြောင်း အဖြစ်နဲ့ ကုစားဖို့ရာ နည်းလမ်းတွေ အများကြီးထဲက စာတွေဖတ်တယ်၊ ကဗျာတွေ ဖတ်တယ်။ သူများတွေရဲ့ ကဗျာကို ဖတ်ပြီး ခံစားသလို ကိုယ်ကိုယ်တိုင်လည်း မတတ်တခေါက်နဲ့ ဖန်တီးထားတာလေးကို ပြန်ဖတ်ဖြစ်ပါတယ်။ ဒီနေ့လည်း ကိုးနတ်ရှင် ကောင်းမှုနဲ့ စာတွေ ကဗျာတွေကိုပဲ ဖတ်နေမိပါတယ်။ စာတွေဆိုတာက သတင်းစာ၊ အားကစားဂျာနယ်ကနေ ဗဟုသုတရစေမယ့် စာအုပ် စာစောင် အစုံစုံကို ဖတ်ပါတယ်။ ကလောင် မရွေးဘူး၊ စာပါအကြောင်းအရာ မရွေးဘူး ဖတ်တယ်။ စာရေးသူတွေရဲ့ စေတနာကို အပြည့်အ၀ ထောက်ခံတယ်။ ဒါကြောင့် အားလုံး ဖတ်ဖြစ်တယ်။ ဘလောဂ့်မှာ ကြပြန်တော့ အချိန်ကန့်သတ်ချက် ရှိတယ်။ အခြေအနေ အချိန်အခါ ကြည့်ရတယ်။ ဘယ်အချိန် မီးပျက်မလဲ၊ ကိုးနတ်ရှင် ဘယ်အချိန် ကျမလဲနဲ့ပေါ့။

ဒီကနေ့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို သွားလည်တော့ သူခင်မျာ တစ်ယောက်ထည်း အဖော်မယ့်နေတဲ့ အပြင်၊ သူယုံကြည်ခဲ့တဲ့ မိတ်ဆွေကလည်း ယုံကြည်မှုကို အလွဲသုံးစား လုပ်သွားလို့ ဆိုတာ သိရပါတယ်။ ဒါနဲ့ မိတ်ဆွေ အပေါင်းအသင်းနဲ့ သက်ဆိုင်ပြီး ဒီပို့စ်လေး ရေးလိုက်မိပါတယ်။ မိတ်ကောင်း ဆွေကောင်း မိတ်ဆွေစစ်ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်ပါသလဲပေါ့လေ။

မိတ်ဆွေ သူငယ်ချင်း ဆိုတာ မိမိကို အင်မတန် ပေးနိုင်ခက်တဲ့ အရာကို ပေးတတ်တယ်။ အင်မတန် ပြုနိုင်ခက်တဲ့ အမှုမျိုး၊ အကူအညီမျိုးကို လုပ်ဆောင် ပေးတတ်တယ်။ မိမိက သတိလက်လွတ် ဖြစ်လို့ပဲ ဖြစ်စေ၊ တခြားအခြေအနေ တစ်ရပ်ရပ် ကြောင့်ပဲဖြစ်စေ မကောင်းသဖြင့် ပြောဆိုမိတဲ့စကား၊ ပြုမူမိတဲ့ အပြုအမူမျိုး ဖြစ်ခဲ့ရင်လည်း သည်းခံတတ် ရတယ်။ မိမိက လျှို့ဝှက်ထားစေချင်တဲ့၊ မပေါက်ကြား စေလိုတဲ့ စကားကိုပြောတဲ့ အခါမှာလည်း အဲဒီစကား မပေါက်ကြားအောင် လုံခြုံအောင် လျှို့ဝှက်ပေးတတ်ရတယ်။ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာရင်လည်း မိမိကို ကျောခိုင်း စွန့်ခွာမသွားဘူး။ ချန်မပစ်ခဲ့ဘူး။ အကြောင်းမသင့်လို့ မိမိမှာ ပစ္စည်းဥစ္စာ ဆင်းရဲသွားတဲ့ အခါမျိုး၊ အဆင့်အတန်းလျှောဆင်း နိမ့်ကျသွားတဲ့အခါ မျိုးမှာလည်း မိမိကို မထေမဲ့မြင် မပြုဘူး။ အထင်သေးတဲ့ အပြောမျိုး၊ အထင်သေးတဲ့ အကြည့်မျိုးနဲ့ မကြည့်တတ်ဘူး .. တဲ့။

မိတ်ဆွေစစ်ဆိုတာ ကိုယ်က ချမ်းသာရင် အောင်မြင်ရင် ကျော်ကြားသွားရင်လည်း မနာလို မရှုစိမ့် မဖြစ်ဘူး။ မိမိနဲ့ ထပ်တူစွာပဲ (ဥပက္ခောစိတ်နဲ့) ၀မ်းသာနေ တတ်ပါတယ်။ မိမိရဲ့ အောင်မြင်မှု ကျော်ကြားမှုကို ၀မ်းမြောက် ဂုဏ်ယူစွာနဲ့ တစ်ခြားသူတွေကိုတောင် တစ်ဆင့် ပြန်ပြောပြနေတတ်ပါသေးတယ်။ မိတ်ကောင်း ဆွေကောင်း ဆိုတာ သဒ္ဒါတရားနဲ့ ပြည့်စုံတယ်။ စင်ကြယ်တဲ့ သီလရှိတယ်။ အကြားအမြင် ဗဟုသုတ များတယ်။ ၀န်တိုခြင်း မရှိဘူး။ ပညာနဲ့လည်း ပြည့်စုံတဲ့ ပညာတတ်ဖြစ်တယ်။ ဒီလိုစိတ်ထားမျိုးရှိတဲ့ မိတ်ဆွေတွေနဲ့ ဘ၀ခရီးမှာ ကြုံတွေ့ရရင် သိပ်ကို အေးချမ်း ပြေလွင်တဲ့ ဘဝခရီး ဖြစ်မှာပါ။ လူဖြစ်ရကျိုးနပ်တယ် လို့တောင် ပြောနိုင်ပါတယ်။

စိတ်ကောင်း၊ နှလုံးကောင်းရှိတဲ့ မိတ်ကောင်းဆွေကောင်း ဆိုတာမျိုးဟာ စိန်ကောင်း ကျောက်ကောင်းလို ရှားပါတယ်။ သူတစ်ပါးကို အထင်သေး အမြင်သေး ကဲ့ရဲ့ အပြစ်မြင်ချင်သူ မီးဖုတ်ကျောက်လို အတုအယောင် မိတ်ဆွေတွေက အများသားပါ။

အခက်အခဲတွေ၊ အန္တရာယ်ရန်စွယ်တွေ၊ မိုးသားတွေ ကင်းစင်ပြီး အရာခပ်သိမ်း အေးချမ်းနေတဲ့ အချိန်မျိုးမှာ၊ ဒါမှမဟုတ် သူ့ရဲ့လိုအပ်ချက်မှန်သမျှ ကူညီနေတဲ့ အချိန်မျိုးမှာ အပေါင်းအသင်း မိတ်ဆွေတွေက လက်နဲ့ သပ်ချလို့ မကုန်နိုင်အောင် များပြားလွန်းလှ ပါတယ်။ ကိုယ်ရီမောနေတဲ့ အချိန်မှာ ကိုယ်နဲ့ လိုက်ပြီး ရီမောမယ့်သူတွေ များလှပေမယ့် ငိုခန်းနဲ့ ကြုံလာတဲ့အခါ ကိုယ်တစ်ယောက်ထဲပဲ ရှိနေလိမ့်မယ်ဆိုတာ နားလည်ပါ သူငယ်ချင်း။

သာမန်အချိန်မှာ မိတ်ဆွေ သူငယ်ချင်းတွေ အဖြစ်နဲ့ ပြေလည်နေမယ် ထင်ရပေမယ့် မက်မောလောက်တဲ့ အခွင့်အရေး တစ်ခုခု၊ ရစရာ တစ်ခုခု ရှိလာပြီဆိုရင် မိတ်ဆွေအဖြစ်ကနေ ရန်သူပြိုင်ဘက် တွေအဖြစ်နဲ့ ရောက်ရှိသွားတတ်တာ တွေ့ဖူးပါတယ်။ အဲဒီမှာ ရစရာရှိတဲ့ အခွင့်အရေးတွေ၊ အခြေအနေကောင်း တွေကို ကွယ်လွှင့်ပျက်စီး ဆုံးပါးသွားစေလိုတဲ့ ဝန်တိုမစ္ဆရိယစိတ် များ တဖွားဖွား ပေါ်လာတတ်ပါတယ်။ ငါသာယူမယ်၊ ငါသာရစေမယ်ဆိုတဲ့ အတ္တစိတ်နဲ့ တစ်ဖက်လူကို မကြည်ဖြူနိုင်တော့ဘဲ ပျက်စီးသွားအောင် မှုတ်ထုတ် ဖျက်ဆီးတတ်ရုံသာမက မိတ်ဆွေစာရင်းကနေ မသိမသာ ဖယ်ရှားလို့ ရန်သူစာရင်းကို သွတ်သွင်းတတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများ ရှိခဲ့သည် ဆိုပါလျှင် .. .. ..

သူငယ်ချင်း ရေ ...
အခက်အခဲနဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့တဲ့ အချိန်မျိုးမှာ ကိုယ့်ကို ဘာမှ မကူညီ မရိုင်းပင်းတဲ့ မိတ်ဆွေ သူငယ်ချင်းမျိုး၊ ကိုယ်လွတ်ရုန်း သွားတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းမျိုးနဲ့ နောက်နောင် ဘယ်သောအခါမှ ခရီး အတူတူ မသွားပါနဲ့လို့ပဲ အမှာစကား ပြောလိုက်ချင်ပါတယ်။