Sunday, June 23, 2024

ပဲပုပ်စေ့၊ ပဲပုပ်ဆီနှင့် ကျန်းမာရေး

 


 ပဲပုပ်စေ့၊ ပဲပုပ်ဆီနှင့် ကျန်းမာရေး

ပဲပုပ်သည် နိုင်ငံတကာသုံး အစားအစာဖြစ်၍ ပဲပုပ်ကို Soybean, Soja Bean, Soya Bean ဟု အမျိုးမျိုးခေါ်ကြသည်။ Fabaceae မျိုးရင်းဝင်ဖြစ်ပြီး ပဲပုပ်၏ သိပ္ပံအမည်မှာ Glycine max ဖြစ်ပါသည်။ ပဲပုပ်သည် အရသာကောင်းပြီး စားသုံးမှုများပြားသော သီးနှံတစ်မျိုး ဖြစ်ပါသည်။ လေ့လာမှုမှတ်တမ်းများအရ ပဲပုပ်သည် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ (၁၀) မျိုးအနက်၊အမှတ်စဉ် (၆) တွင် ချိတ်သော သီးနှံဖြစ်ကြောင်း နှင့် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ (၁၀) မျိုးမှာပြောင်း၊ ဂျုံ၊ ဆန်၊ အာလူး၊ ပီလောပီနမ်၊ ပဲပုပ်၊ ကန်စွန်းဥ၊ နှံစားပြောင်း၊ ၀ဥနှင့်  Plantains (ခေါ်) ချက်စားရသော ငှက်ပျောသီး တစ်မျိုးတို့ ဖြစ်ကြောင်း သိရသည်။



မြန်မာပြည်တွင် ပဲပုပ်ကိုမည်သည့် သက္ကရာဇ်တွင် စတင်စိုက်ပျိုးခဲ့ သည်ကို သီးနှံသမိုင်းတွင် မတွေ့ရသော်လည်း၊ ဂန္ဓာလရာဇ်ပြည် (ခေါ်) စိနတိုင်း ပြည် (ခေါ်) တရုတ်ပြည်၏ ရှေးဟောင်းစာပေ များတွင် ထိုတိုင်းပြည်၌ ပဲပုပ်ပင် အမြောက်အများ စိုက်ပျိုး၍ အလွန် အဖိုးထိုက်တန်သော အစားအစာ တစ်ခုအဖြစ် လူတို့စားသုံးခဲ့ ကြောင်းရေးသား ဖော်ပြထားသည်ကို လေ့လာမှတ်သား ရပါသည်။ ပဲပုပ်တွင် အရောင်အသွေး အမျိုးမျိုးရှိရာ အ၀ါရောင်၊ အညိုရောင်၊ အနက်ရောင်နှင့် အစိမ်းရောင် ရှိသောပဲမျိုးမှာ လူသိအများဆုံး ဖြစ်ပြီးအထူးသဖြင့် အ၀ါရောင်နှင့် အစိမ်းရောင်ပဲမျိုးကို စားသုံးမှု ပိုပါသည်။ ပဲပုပ်ဆိုသည့် အတိုင်း သူ့အမည်နှင့် လိုက်ဖက်အောင် (မကြိုက်တတ်သူ များအတွက်) ပုပ်အဲ့အဲ့အနံ့ ရှိသော်လည်း ကြိုက်တတ်သူများ အတွက်မူ ထိုအနံ့ကပင် ပဲပုပ်၏ အရည်အသွေး တစ်ရပ် ဖြစ်ပါသည်။

ပဲပုပ်ကို ပြည်ထောင်စုဖွား ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားလေ့ရှိသော အစားအစာတစ်မျိုး ဖြစ်သောကြောင့် “ရှမ်းရိုးရာအစားအစာ (ရှမ်းပဲပုပ်)” ဟူ၍ လူသိများခဲ့ သော်လည်း ယနေ့ခေတ်မှာ ရှမ်းတိုင်းရင်းသားများ သာမက တိုင်းရင်းသား လူမျိုးစုံနှစ်ခြိုက်စွာ စားသုံးလာကြသော အစားအစာ ဖြစ်နေပါသည်။ ပဲပုပ်အမျိုးမျိုး ရှိသည့်အနက်ရွှေဝါပဲပုပ်မျိုးသည် ပိုမွှေးပိုဆိမ့်သော အရသာထူးသဖြင့် ရှမ်းပြည်နယ်တွင် ၁၉၅၅ ခုနှစ်မှာ အထူးတလည် တိုးချဲစိုက်ပျိုး ခဲ့ကြောင်း လေ့လာမှတ်သား ရပါသည်။ ပဲပုပ်ကို အချပ်လိုက် အခြောက်လှန်း ထားသော ပဲပုပ်ချပ်အချို (သို့မဟုတ်) ပဲပုပ်ချပ်အစပ် အဖြစ်လည်းကောင်း ချပ်ပျော့ပျော့ ပဲငပိအဖြစ် တစ်ဖုံဝယ်ယူ ရရှိနိုင်ပါသည်။

ပဲပုပ်နှင့်နိုင်ငံတကာစားသုံးမှု

ပဲပုပ်၏ဇာတိမှာ တရုတ်၊ မန်ချူးရီးယားနှင့် ဂျပန်တို့ဖြစ်ကြပြီး ထိုနိုင်ငံများတွင် ရာဇ၀င်မပေါ်ခင် ခေတ်ကာလ ကတည်းကပင် ပဲပုပ်ကိုစိုက်ပျိုး စားသုံးခဲ့ကြပြီး ယနေ့ကာလ ပဲပုပ်ဆီ ထုတ်လုပ်သော နိုင်ငံအလိုက် လေ့လာကြည့်ရာတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် ရှိနေကြောင်း တွေ့ရသည်။ ပဲပုပ်၏ အာဟာရဓာတ် ပေါကြွယ်ဝပုံကို တစ်စထက်တစ်စ သိရှိလာကြရာ အမေရိကန်၊ ဥရောပ၊ အာဖရိက၊ အီဂျစ်၊ ရုရှား၊ မြန်မာနှင့် နီပေါစသည့် နိုင်ငံများတွင်ပါ တွင်ကျယ်စွာ စိုက်ပျိုးလျှက် ရှိနေကြပါသည်။

ပဲပုပ်ကို နိုင်ငံတကာ စားသုံးမှုနှင့် ပတ်သက်၍ ဗဟုသုတတစ်ရပ် အနေဖြင့်ဝေမျှရပါလျှင်-

·         တရုတ်ပြည်ကြီး၏ ယဉ်ကျေးမှုနှင့် ဆက်စပ်လျက်ရှိသော မွန်မြတ်သည့် သီးနှံငါးမျိုးတွင်ပဲပုပ်သည် တစ်မျိုးအပါအ၀င်ဟု ဆိုထားပါသည်။

·         ဒုတိယကမ္ဘာစစ်ကြီး အတွင်းက ဂျာမနီတွင်ပဲပုပ်မှ အာဟာရဖြစ်စေ တတ်သည့်ဓာတ်များကို သိပ္ပံနည်းဖြင့် ထုတ်ယူပြီး ဆေးလုံးကလေး များကဲ့သို့ ကယ်လိုရီ ၁၅၀၀ ခန့်ပါရှိသော ရိက္ခာလုံးကလေးများ ပြုလုပ်ကာနာဇီရိက္ခာလုံးကလေးဟု အမည်ပေး၍ ဂျာမန်စစ်တပ် အ တွက် ထုတ်ဝေပေးခဲ့ကြောင်း၊ စစ်သားတစ်ယောက် အတွက် ၄င်းရိက္ခာလုံး ကလေး၂လုံး (သို့မဟုတ်) ၃ လုံးစားထားလျှင် တစ်နေ့တာလုံး အင်အား မဆုတ်ယုတ်ဘဲ ကျန်းမာစွာ နေနိုင်ကြောင်း သိရသည်။

·         ရုရှား-ဂျပန် စစ်ပွဲကြီးတွင်လည်း ဂျပန်စစ်သားများ စစ်မြေပြင်တွင် ခံနိုင်ရည်ရှိရေး အတွက် ဂျပန်အစိုးရက ပဲပုပ်ပင်ကို အများဆုံးအားထား ခဲ့ကြောင်း သိရပါသည်။

·         ပဲပုပ်ကို လူသားတိုအာဟာရသီးနှံ အဖြစ်စားသုံးရုံမျှ မက အမေရိကန်ပြည် တွင်ပဲပုပ်မှ ဆော့စ်၊ နို့၊ ဒိန်ခဲ၊ ကော်ဖီ၊ ကိတ်၊ စည်သွတ်ဗူး များအပြင် တိရိစ္ဆာန် အစားအစာများ သာမက ပဲပုပ်ဆီဖြင့် စာရေးမင်၊ ပုံနှိပ်မင်၊ ဆပ်ပြာ၊ ရော်ဘာတု၊ ဓာတ်ဆီ၊ ပလပ်စတစ်၊ ခဲတံ၊ အရောင်တင် ဆီ၊ အလှကုန်ပစ္စည်း အမျိုးမျိုး၊ ပိုးမွှားသတ်ဆေး၊ ကြွေဆေး၊ ဆီစိမ်စက္ကူ၊ သားရေတု၊ ဖယောင်းတိုင်၊ သိုးမွှေးတု၊ သုတ်ဆေး၊ သကြားလုံး စသည်ဖြင့် လူ့အသုံးအဆောင် ပစ္စည်း အမျိုးပေါင်း ၂၀၀၀ တို့ကိုလည်း ထုတ်လုပ်နိုင် ပါသည်။ တရုတ်၊ မန်ချူးရီးယားနှင့် ကိုရီးယားနိုင်ငံ တိုတွင် ပဲပုပ်ပင်အမြစ်နှင့် အရိုးများကို ထင်းအဖြစ် လည်းကောင်း၊ အရွက်ကို အခြောက်လှန်း၍ ဆေးလိပ်အဖြစ် သောက်ကြသည်။ အင်ဒိုနီးရှားနိုင်ငံ တွင် ကြံခင်းများတွင် ပဲပုပ်ဖြင့် မြေသြဇာ ကောင်းအောင် ပြုပြင်စိုက်ပျိုး ကြသည်။

ပဲပုပ်နှင့်ကျန်းမာရေး

ပဲပုပ်တွင် အဓိကပါဝင်သော အာဟာရဓာတ်မှာ ပရိုတင်းဓာတ် ဖြစ်သည်။ အခြားသော ကောင်းမွန်သည့် ဆီနှင့် carbs တို့လည်းပါရှိသည်။ ပြုတ်ထား သော ပဲပုပ် ၁၀၀ ဂရမ် (၃ ဒသမ ၅ အောင်စ)တွင် ပါရှိသည့် အာဟာရဓာတ် များမှာ ကယ်လိုရီ ၁၇၃၊ ရေဓာတ် ၆၃ ရာခိုင်နှုန်း၊ ပရိုတင်း ၁၆ ဒသမ ၆ ဂရမ်၊ Carbs ၉ ဒသမ ၉ ဂရမ်၊ သကြားဓာတ် ၃ ဂရမ်၊ အမျှင်ဓာတ် ၆ ဂရမ်၊ အဆီဓာတ် ၉ ဂရမ်၊ Saturated ၁ ဒသမ ၃ ဂရမ်၊ Monounsaturated ၁ ဒသမ ၉၈ ဂရမ်၊ Polyunsatursted ၅ ဒသမ သုည ၆ ဂရမ်၊ အိုမီဂါ-၃ ဓာတ် သုည ဒသမ ၆ ဂရမ်၊ အိုမီဂါ-၆ ဓာတ် ၄ ဒသမ ၄၇ ဂရမ် စသည်တို့ အသီးသီး ပါရှိနေကြသည်။

·         ပဲပုပ်တွင် ခွန်အားနှင့် သွေးနီအား တိုးတက်စေသော သံဓာတ်များ အလုံအလောက် ပါရှိနေသောကြောင့် သားသတ်လွတ် စားသူများအတွက် သံဓာတဖြည့်စွက်စာ အဖြစ် အားကိုးထိုက် ပါသည်။

·         ပဲပုပ်တွင်ပါရှိသော အသားဓာတ် (ခေါ်) ပရိုတင်းဓာတ်က အခြားသော သီးနှံပင်များထဲရှိ ပရိုတင်းဓာတ်မျိုးနှင့် မတူဘဲ သာလွန် ကောင်းမြတ်သောပထမတန်းစား ပရိုတင်းဓာတ် ဖြစ်ပါသည်။

·         ပဲပုပ်တွင်ပါ ရှိသော ပရိုတင်းဓာတ်သည် အမဲသား၊ ကြက်ဥနှင့် နွားနို့တို့တွင် ပါရှိသော ပရိုတင်းဓာတ်နှင့် အမျိုးအစား တူညီရုံမျှမက၊ ပဲပုပ် တွင် ပရိုတင်းဓာတ် ပါဝင်မှုပိုများသည်။ ထူးခြားချက်မှာ ပဲပုပ်တွင် ပါရှိသော ပရိုတင်းပမာဏသည် အမဲသားထက် နှစ်ဆ၊ ကြက်ဥထက် သုံးဆ၊ နွားနို့ထက် ၁၁ ဆပိုမို ပါဝင်သည်။

·         ပဲပုပ်တွင် ကစီဓာတ် ပါဝင်မှုလွန်စွာ နည်းသဖြင့် အ၀လွန်သူများနှင့် ဆီးလွန်ရောဂါ ရှိသူတွေအတွက် ကောင်းကျိုးပြုသည်။

·         ပဲပုပ်က ပိန်သောသူကို ၀ဖြိုးစေခြင်း၊ အသားအရေကို အရွယ်တင်နုပျို စိုပြေစေခြင်း၊ ၀မ်းချုပ်ရောဂါကို ကုသနိုင်ခြင်း၊ ကြွက်သား၊ အရေ ပြားနှင့် အကြောများကို အားကောင်းစေခြင်း၊ ခန္ဓာကိုယ်တွင်း အပူဓာတ်ဖြည့်ပေး၍ အားပြည့်စေခြင်း၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့် အစာအိမ်တို့ကို ကျန်းမာစေခြင်း၊ ဗီတာမင်အေဓာတ် ကြွယ်ဝ၍မျက်စိကို အားကောင်းစေခြင်း၊ ဦးနှောက်နှင့် အာရုံကြောများကို အားပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြု ပါသည်။

·         ပဲပုပ်က အရိုးနှင့်သွားများကို ခိုင်မာစေခြင်း၊ အရိုးကြီးထွားမှုကို အားပေးခြင်း၊ ကိုယ်ခန္ဓာထွားကျိုင်း စေခြင်း စသည်တို့ကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အနေဖြင့် မဖြစ်မနေ ပဲပုပ်စားပေး သင့်ပါသည်။

·         ပဲပုပ်ကို အပူပေး၍ ချက်ပြုတ်ထုတ်လုပ် ထားသော ပဲနို့ဒိန်ခဲကို နွားနို့ဒိန်ခဲနှင့် နှိုင်းယှဉ်ကြည့်ပါက ပဲနို့ဒိန်ခဲ၏ အနံအရသာက သာလွန် ကောင်းမွန်သည်။ ပဲနို့ဒိန်ခဲကလည်း နွားနို့ဒိန်ခဲနည်းတူ လူသားတို့၏ အစာအိမ်နှင့် အူလမ်းကြောင်းကို အကျိုးပြုပေးသော ပိုးမွှားလေး များ ပါရှိနေပြီး ထူးခြားချက်မှာ ပဲနို့ဒိန်ခဲထဲရှိ ၄င်းအကျိုးပြု ပိုးမွှားလေးများက အရွယ်အစား ပိုကြီးကာပို၍လည်း ဆေးစွမ်းထက်မြက် ကြောင်းလေ့လာ သိရှိရပါသည်။

သားသတ်လွတ်သမားများအားထားရာပဲပုပ်ဟင်းလျာများ

ပဲပုပ်စေ့ကို သွားရည်စာအဖြစ် အစိမ်းလိုက်ကြော်၍ စားနိုင်သလို၊ ပြုတ်၍သုပ်စား၊ ချက်စားနိုင်ပါသည်။ သားသတ်လွတ် ဟင်လျားအဖြစ် ပဲပုပ်ထောင်းကြော်၊ ပဲပုပ်ကြက်သွန်ကြော်၊ ပဲပုပ်မြေပဲကြော်၊ ပဲပုပ်ဂျူးမြစ်ကြော်၊ ပဲပုပ်ကြော်ချက်၊ ပဲပုပ်မြေပဲချက်၊ ပဲပုပ်စေ့ဟင်းချို၊ ပဲပုပ်မီးကင်၊ ပဲပုပ်ချဉ် စသည် ဖြင့် မိမိနှစ်သက်ရာ ပုံစံအမျိုးမျိုး တို့ဖြင့် ဖန်တီးစားသောက် နိုင်ပါသည်။ ကချင်ပြည်နယ်တွင် ပဲပုပ်ကို အမဲသားနှင့်ရော၍ အစပ်ချက်စားလေ့ ရှိကြသည်။ ပဲပုပ် ကြိုက်တတ်လွန်း သူများက ပဲပုပ်ခြောက် ၁၀ ချပ်ခန့်ကို မီးအေးအေးတွင် ၀င်းဝါလာအောင် ကင်၍ အအေးခံကာ ညက်ညက်ထောင်း ပြီးနောက် တာရှည်ခံအောင် ဖန်ပုလင်းဘူးထဲ ထည့်ကာ စားသုံးကြသည်။

မုန်ညင်းရွက်နှင့် ပဲပုပ်သည် လွန်စွာလိုက်ဖက် သောကြောင့် မုန်ညင်းဟင်းချိုထဲမှာ ပဲပုပ်ထောင်းမှုန့် ထည့်ခပ်၍ သောက်သုံးခြင်းဖြင့် အရသာထူးလှ ပါသည်။ ထို့ပြင် ခရမ်းသီး မီးဖုတ်သုပ်(သို့မဟုတ်) ခရမ်းချဉ်သီး မီးဖုတ်သုပ် ထဲမှာလည်း ပဲပုပ်ထောင်းမှုန့် ကိုထည့်၍ သားသတ်လွတ် သုပ်စားခြင်းဖြင့် ထမင်းမြိန် စေပါသည်။ (သားသတ်လွတ် မဟုတ်သော ဟင်းလျာများအတွက် ပဲပုပ်သုံးလျှင် ငပိသုံးရန် မလိုပါ။ ဤအရသာ နှစ်မျိုးပေါင်းစပ်မိ ပါက ရသာဓာတ် ပျက်ပြယ်သွားတတ်သည်)

အထက်တွင် ဖော်ပြထားသည့် အတိုင်း ပဲပုပ်သားသတ်လွတ် ဟင်းလျာများစွာ ထဲမှ ပဲ၏ အာဟာရဓာတ် နှစ်မျိုးစလုံးကို ဟင်းလျာ တစ်မျိုးတည်းမှာ တပြိုင်တည်း ရရှိနိုင်သည့်“ပဲပုပ်မြေပဲကြော်” ပြုလုပ်နည်းကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။ ပဲပုပ်မြေပဲကြော် ပြုလုပ်ရန်အတွက်-

·         မညက်တညက် ထောင်းထားသော ပဲပုပ် ၅ ချပ်၊

·         မီးကင်ပြီး မှုန့်ညက်အောင် ထောင်းထားသော ငရုတ်သီးခြောက် ၅ တောင့်၊

·         အခွံချွတ်ပြီးသား မြေပဲဆန်(အစိမ်း) လက်ဖက်ရည်ကြမ်း တစ်ပန်းကန်၊

·         ဆားတော်သင့်ရုံ၊

·         ဆီ ငါးကျပ်သားခန့်  စသည်တို့လိုအပ်သည်။

·         ပထမဦးစွာ မြေပဲဆန်(အစိမ်း) ကိုမကွဲတကွဲ ထောင်း၍ ဆီပူပူတွင် ကြွပ်သည်အထိ ကြော်ပါ။

·         မြေပဲဆန် ကျက်သွားပါက မညက်တညက် ထောင်းထားသော ပဲပုပ်ကိုကြော်ပါ။

·         ငရုတ်သီးခြောက်မှုန့်  နှင့် ဆားတို့ကို ထည့်၍ ပဲပုပ်ကြွတ် လာသည် အထိကြော်ပါ။

·         ပဲပုပ်ကြွတ်လာပါက မီးဖိုပေါ်မှ ချ၍ အအေးခံပြီး စားသုံးနိုင်ပါပြီ။

(မှတ်ချက်) အချိုအရသာ ကြိုက်သူများက ဟင်းချိုမှုန့် (သို့မဟုတ်) သားသတ်လွတ် dashi ဟင်းခတ်မှုန့် အနည်းငယ်ကိုထည့်၍ အသုံးပြုနိုင်ပါသည်။

          ဗဟုသုတ တစ်ရပ်အေနဖြင့် ဖော်ပြရလျှင် ပဲပုပ်သည် ပဲပိစပ် လုံးဝ မဟုတ်ပါ။ အထက်တွင် ဖော်ပြထားသည့် အတိုင်း ပဲပုပ်က Soybean, Soja Bean, Soya Bean ဖြစ်ပြီး၊ ပဲပိစပ်က Horse Gram (ခေါ်) မြင်းစားပဲ ဖြစ်ပါသည် (စကားချပ် - ပဲပိစပ်တွင် ပရိုတင်းဓာတ် ကြွယ်ဝသဖြင့် ပြိုင်မြင်းများကို ကျွေးမွေးရာမှ ဈေးကွက်တွင် မြင်းစားပဲ ဟု အမည်တွင်ခြင်း ဖြစ်ကြောင်း၊ ပဲပိစပ်ကို လူတို့ စားသုံးခြင်းဖြင့်လည်း အာဟာရများ ရရှိစေကြောင်း လေ့လာမှတ်သား ရပါ၏) ပဲပုပ်စေ့က အဆီထွက်ရှိပြီး ပဲပိစပ်က အဆီ လုံးဝ မထွက်ပါ။ ယနေ့ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာ စားသုံးဆီ ဈေးကွက်တွင် တွေ့ရသော Soyabean Oil သည် ပဲပုပ်ဆီသာ ဖြစ်ပါသည်။ သို့သော် လူအများစုက Soyabean Oil ကို ပဲပိစပ်ဆီဟု ထင်မှတ်မှား နေကြပါသည်။

          အချုပ်အားဖြင့် ဆိုသော် ကမ္ဘာ့အရေးကြီးဆုံး သီးနှံစာရင်းဝင် ပဲပုပ်ကို “အစာလည်းဆေး၊ ဆေးလည်းအစာ” အဖြစ် သားသတ်လွတ် သမားများ လည်း အာဟာရရှိရှိ စားသုံးသင့် ပါကြောင်း နှင့် ပဲပုပ်ဆီ (ခေါ်) Soyabean Oil ကို စားသုံးခြင်းဖြင့် လည်း အလားတူ ကျန်းမာရေး အာနိသင်များ ရရှိနိုင်ပါ ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

စေတနာများစွာ

ဆောင်းပါးရှင်… ပေါက်ပေါက်…ရေးသားသည်။

ဓာတ်ပုံ - အင်တာနက်


No comments: