Sunday, June 2, 2024

နာတာရှည်ကင်ဆာဖြင့် အသက်မဆုံးရှုံးစေလို




နာတာရှည်ကင်ဆာဖြင့် အသက်မဆုံးရှုံးစေလို

နှစ်စဉ် ဇွန်လ ပထမပတ်၏ တနင်္ဂနွေနေ့ကို National Cancer Survivors Day အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက အထူးတလည်သတ်မှတ်ထားကြပြီး ထိုနေ့သို့ရောက်တိုင်း ကင်ဆာရောဂါများနှင့်ပတ်သက်သော ကျန်းမာသုတမျှဝေပွဲကို ကျင်းပလေ့ရှိကြသည်။ထိုသို့အထူးတလည် သတ်မှတ်ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်များမှာကင်ဆာရောဂါများ ခံစားရသော်လည်း အသက်ရှင်သန်နိုင်ကြောင်း၊ နာတာရှည်ကင်ဆာဝေဒနာသည်များကို စိတ်ဓာတ်ခွန်အားဖြစ်စေရန်၊ အချိန်မီကုသမှုခံယူရန်နှင့် ကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေ လျော့ချနိုင်ရန် စသည်တို့ဖြစ်သည်။


ကင်ဆာရောဂါ

လူသားအားလုံး၏ ခန္ဓာကိုယ်ထဲတွင် ကင်ဆာဆဲလ်များက အလိုလျောက် ဖြစ်တည်နေကြပြီး လူတစ်ယောက်၏ ဘ၀တစ်သက်တာမှာ ၄င်းကင်ဆာဆဲလ် တွေက ပျမ်းမျှအားဖြင့် ၆ ကြိမ် မှ ၁၀ကြိမ်အထိ ပေါ်လာတတ် ကြသည်။ ကင်ဆာဆဲလ်များသည် သန်းထောင်ပေါင်း အနည်းငယ်အထိ ပွားမလာမချင်း ပုံမှန်ရောဂါရှာဖွေ စစ်ဆေးချက်များမှာကင်ဆာရောဂါဆိုသည်ကို ဖော်ပြလာမည် မဟုတ်သေးပေ။ ခန္ဓာကိုယ်ကို ဆဲလ်များဖြင့် တည်ဆောက် ထားကြပြီး ဆဲလ်အဟောင်းများ ပြိုကွဲ သေဆုံးသွားချိန်မှာ ဆဲလ်အသစ်များက အစားထိုးဖြစ်ပေါ် လာလေ့ရှိသည်။ ထိုသို့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်မျိုး မဟုတ်ဘဲ၊ ဆဲလ်များမူမမှန်၍ အတိုင်းအဆမရှိ ပွားများလာပြီးနောက် တခြားသော အင်္ဂါအစိပ်အပိုင်း များအတွင်းသို့ ကျုးကျော် ၀င်ရောက်ခြင်းဖြင့် အလုံး၊ အဖု၊ အကျိတ်တွေ ဖြစ်လာကကင်ဆာရောဂါကိုဖြစ်စေသည်။ ၄င်းကင်ဆာဆဲလ် များသည် သွေးကြော နှင့်သားငံ(သားနံ) ရည်ကြောများမှ တဆင့်အခြားသော အင်္ဂါအစိပ်အပိုင်းများ အတွင်းပြန့်နှံ့ ရောက်ရှိသွားခြင်းကိုကင်ဆာ အမြစ်ပွားသည်  ဟု ဆိုကြသည်။

သို့သော် တချို့ဖြစ်စဥများတွင် ကင်ဆာအဖြစ် ဆက်လက်ဖြစ်ပွားခြင်း မရှိဘဲအသားပို၊ အကျိတ် အနေမျိုးဖြင့်သာ တည် ရှိနေသည်။ ၄င်းအကျိတ် ကလည်း တချိန်ချိန်မှာ ကင်ဆာဖြစ်လာနိုင်၍ မပေါ့ဆသင့်ပေ။ ကင်ဆာရောဂါသည် လူအသေအပျာက် အများဆုံး ရောဂါဖြစ်ပြီး ကမ္ဘာနှင့်အ၀ှမ်း ယနေ့အထိ ကင်ဆာ အမျိုးအစားပေါင်း ၂၀၀ မက ရှိနေပြီဖြစ်သည်။ ကင်ဆာရောဂါ ဝေဒနာသည်များ အတွက် အထိရောက်ဆုံး အသက်ကယ်ဆယ် နည်းမှာ ရောဂါမကျွမ်းခင် စဦးပိုင်းကာလမှာ အချိန်မီ သိနေဖို့လိုပါသည်။ ဆဲလ်တစ်ခုမှာ စတင်ဖြစ်ပွားခဲ့သော ကင်ဆာကျိတ် တစ်ခုသည် ကိုယ်ခန္ဓာ၏ အခြားသော အင်္ဂါအစိတ်အပိုင်း တစ်ခုသိုပျံ့နှံ့ သွားသည်ဖြစ်စေ၊ ခွဲစိတ်ဆရာဝန်က အကျိတ်တစ်ခုလုံး ကုန်စင်အောင် မထုတ်နိုင်ခဲ့လျှင် ဖြစ်စေ၄င်း ကင်ဆာရောဂါ ပြန်လည်ဖြစ်ပေါ် လာတတ်ပါသည်။

မြန်မာနိုင်ငံ နှင့် ကင်ဆာအခြေအနေ

လေ့လာမှုမှတ်တမ်းများ အရ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများ တွင်ကင်ဆာရောဂါ ဖြစ်ပွားမှုမှာ နှစ်စဉ်ပိုမို များပြား လာကြောင်း၊ ၄င်းဖြစ်ပွားမှုနှုန်း အရ အရှေ့တောင်အာရှ ဒေသတွင်ကင်ဆာ ရောဂါဖြစ်ပွားမှု နှုန်းထားမှာလာမည့် ၂၀၃၀ ပြည့်နှစ် အရောက်တွင် ၇၀ ရာခိုင်နှုန်းအထိ မြင့်တက် လာနိုင်ကြောင်း သိရသည်။ ယနေ့ မြန်မာနိုင်ငံတွင် အမျိုးသားများမှာ အဆုတ်ကင်ဆာ သို့မဟုတ် ခံတွင်းကင်ဆာ ရောဂါ အဖြစ်များနေကြပြီး ၄င်းကင်ဆာ နှစ်မျိုးစလုံးသည် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနှင့် ပတ်သက် ဆက်နွယ်နေသည်။ အမျိုးသမီးများတွင် သားအိမ်ခေါင်း ကင်ဆာ နှင့် ရင်သားကင်ဆာများ အဓိက ဖြစ်ပွားနေကြသည်။ ကျန်းမာရေးသုတ ခေါင်းပါး နေကြသဖြင့် ရောဂါကို စောစီးစွာ စနစ်တကျ ရှာဖွေစစ်ဆေး နိုင်ခြင်းနှင့် ထိရောက်စွာ ဆေးဝါးကုသခံယူမှု အပိုင်းများတွင် အားနည်း နေကြသဖြင့် လူအသေအပျောက် ဖိတ်စင်မှုများ မြင့်တက်နေသည်။

ကင်ဆာရောဂါသည်များအတွက် သတင်းကောင်း

          တရုတ်နိုင်ငံ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဆေးတက္ကသိုလ် ကုခန်းဆိုင်ရာ ကျောင်းကလေးနှင့် လူကြီး ဆေးပညာဌာနမှ ပါမောက္ခ တူေ၀၀င် ဦးဆောင်သော ဆေးသိပ္ပံသုတေသီ တစ်စုသည် အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ ရှိ ကာလီဖိုးနီးယား တက္ကသိုလ်မှ ပညာရှင်များနှင့် ပူးပေါင်းကာ ကင်ဆာဆဲလ်များ တားဆီးရေး နှင့် ပတ်သက်၍ သုတေသန ပြုခဲ့ကြသည်။ ယင်းသို့ သုတေသနပြုရာမှ မကြာသေးမီက ကုထုံးသစ်တစ်မျိုး ပေါ်ပေါက်လာ စေမည့် နည်းလမ်းတစ်ခုကို ဖော်ထုတ်တွေ့ရှိ ခဲ့သည်။ ဆဲလ်အတွင်းပိုင်းရှိ မျိုးရိုးဗီဇများ ဖြစ်အောင် ဖန်တီးပေးသည့် အက်ဇိုဆုမ်း များကို ပြုပြင်ခြင်းအားဖြင့် ကင်ဆာဆဲလ်များ တိုးပွားမလာအောင် တားဆီးနိုင်လိမ့်မည် ဟု  ကြိုတင်တွေးဆကာ သုတေသနပြု လေ့လာရာ၌ ဓာတ်ကင်ခြင်းကို နည်းလမ်းတစ်ခု အဖြစ် သုံးခဲ့ရာ အလားအလာ ကောင်းများ တွေ့ရှိခဲ့ကြောင်း ၎င်းတို့၏ သုတေသနစာတမ်း တွင် ဖော်ပြထားပါသည်။

ဆင်ခြင်သင့်သော ဘ၀နေထိုင်မှုပုံစံ

(က) ရုပ်ခန္ဓာကိုယ် နှင့် စိတ်နေသဘောထား ပြဿနာကြောင့် ကင်ဆာရောဂါ ဖြစ်လာရသည်။ စိတ်တိုဒေါသ ထွက်လွယ်ခြင်း၊ ခွင့်မလွှတ်တတ်ခြင်း၊ အာဃာတကြီးခြင်း၊ အဆိုးမြင် တတ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ဖိအားဖြစ်ကာ အက်ဆစ်များ မတန် တဆ ထွက်ရှိလာသည်။ ၄င်းအက်စစ်က ရုပ်ခန္ဓာကိုယ်အတွက် ကင်ဆာဖြစ်စေသည်။ ထို့ကြောင့် စိတ်ရှည်သီးခံ မေတ္တာစိတ်မွေးပါ။

(ခ) အအိပ်အနေ မှန်ကန်ခြင်း၊ စားသောက်ပုံ နည်းလမ်းကျခြင်း၊ အသင့်အတင့် ပုံမှန်လေ့ကျင်းခန်း ယူခြင်းစသည့် ကျန်းမာရေး နှင့်အညီ လူနေမှုဘ၀ ပုံစံများအတိုင်း နေထိုင်နိုင်ပါက ကင်ဆာရောဂါ ဆယ်မျိုးတွင် လေးမျိုးထက်ပိုသော ကင်ဆာရောဂါများကို ကာကွယ်ထား နိုင်မည် ဖြစ်ပါသည်။

(ဂ) ဆေးလိပ်သောက်ခြင်း နှင့် တဆင့်ခံ ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်းက ကင်ဆာရောဂါ ဖြစ်နိုင် သည့် အကြီးမားဆုံး အန္တရာယ် ဖြစ်သည်။

(ဃ) သဘာဝနည်း မဟုတ်ဘဲ အနံ့အရသာ ကောင်းအောင် ပြုပြင်ဖန်တီး ထားသည့် ကျန်းမာရေးနှင့် မညီညွတ်သော ရယ်ဒီမိတ် (အရန်သင့်) အစားအသောက် များက ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကို ဒုတိယအဆင့်မှာ ရှိစေသည်။

(င) အ၀လွန်ခြင်းက ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကို တတိယအဆင့်မှာ ရှိစေသည်။

(စ) အရက်အလွန်အကျွံ သောက်ခြင်းက ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကို စတုတ္တအဆင့်မှာ ရှိစေသည်။

(ဆ) ကိုယ်လက်လှုပ်ရှား အားကစားမရှိခြင်း ကလည်း ကင်ဆာရောဂါ ဖြစ်စေနိုင်သော အန္တရာယ်အဆင့်မှာ ရှိနေသည်။

(ဇ) ပုံမှန်နည်း မဟုတ်ဘဲ လိင်အပျော်ကြူးခြင်း ကလည်း ခံတွင်း၊ လည်ချောင်းနှင့် ကျား၊ မ မျိုးပွားအင်္ဂါတို့တွင် ကင်ဆာရောဂါ ဖြစ်လာစေသော အဓိကတရားခံများ ဖြစ်ကြသည်။

(ဈ) စိတ်ချမ်းသာမှုက ရောဂါဝေဒနာတွေကို လျော့ပါးသက်သာရာ ရစေသည့်အတွက် ကိုယ်စိတ်နှစ်ပါးကို ပျော်ရွှင်အောင် ကြိုးစား နေထိုင်ပါ။

(ည) ကင်ဆာဆဲလ်များက အောက်စီဂျင် ကိုကြောက်ကြသည်။ ထို့ကြောင့် ကိုယ်တွင်းရှိဆဲလ်တွေထဲ ထိအောင် အောက်စီဂျင်များများ ရောက်ရှိစေဖို့အတွက် နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုပြုပါ၊ အသက်ပြင်းပြင်း ရှုရှိုက်ပါ။

(ဋ) ဖြစ်နိင်ရင် ရေခဲသေတ္တာထဲမှာ ပလပ်စတစ် ရေသန့်ဗူး မထည့်ပါနှင့်။ သောက်ရေကို ဖန်ပုလင်းဖြင့် ထည့်ထားခြင်းက ပိုကောင်းပါသည်။

(ဌ) ပလပ်စတစ်ဖြင့် ပြုလုပ်ထားသော ဗူးခွက်များက မိုက်ခရိုဝေ့ဖ်မီးဖိုထဲတွင် လုံးဝထည့်မသုံး ပါနှင့်။

(ဍ) ကင်ဆာဝေဒနာသည် များတွင် ကျန်းမာသော ဆဲလ်များ တည်ဆောက်စေရန် ခန္ဓာကိုယ်ထဲမှာ စွမ်းအားမြှင့် အင်ဇိုင်းတွေ အလုံအေလာက် ရရှိရန် လိုအပ်သည်။ ထို့ကြောင့် လတ်လတ် ဆတ် ဆတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကို တစ်နေ့လျှင်နှစ်ကြိမ်မှ သုံးကြိမ်အထိ စားပေးဖို့လိုအပ်သည်။ အပင်မှရသော ထိုအင်ဇိုင်းဓာတ်များကို ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်သဖြင့် စားသောက်ပြီးနောက် ၁၅ မိနစ် အတွင်းမှာပင် ခန္ဓာကိုယ်၏ ဆဲလ်များဆီသိုရောက်ရှိသွားနိုင် ပါသည်။ အင်ဇိုင်း အာဟာရဓာတ်တွေ အပြည့်အ၀ ရရှိနိုင်စေရန် ၄င်းဟင်းသီးဟင်းရွက် များကို နွမ်းပျော့သွားသည့် တိုင်အောင် အချိန်ကြကြာ မချက်ပြုတ်သင့်ပေ။

ကင်ဆာဆဲလ်များကိုနိုင်သော အစားအစာများ

(က) ဘရိုကိုလီ(ခေါ်) ပန်းဂေါ်ဖီစိမ်းထဲတွင် ရင်သားကင်ဆာကို နှိမ်နှင်းပေးနိုင်သော သဘာဝ indole 3-carbinol ဓာတ်ပါရှိနေ၍ အမျိုးသမီးများ မကြာခဏ စားပေးသင့်သည်။ ထို့ပြင် အူမကြီး နှင့် မစင်အိမ်ကင်ဆာ တို့ကိုလည်း မဖြစ်စေနိုင်ပေ။

(ခ) ကြက်သွန်ဖြူထဲရှိ ဓာတ်ပေါင်းစုများက သွေးဖြူဥများဖြင့် ရောဂါပိုးကို ခုခံနိုင်သော အစွမ်းသတ္တိ ရှိစေ၍ ကင်ဆာရောဂါကို သေ စေသည်။ အထူးသဖြင့် ကြက်သွန်ဖြူက အစာအိမ်ကင်ဆာ အတွက် သဘာဝ အားဆေးဖြစ်သည်။

(ဂ) မုန်လာဥနီက အဆုတ်၊ အစာအိမ်၊ ဆီးကျိတ်၊ ဆီးအိမ်၊ အူကင်ဆာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်သဖြင့် နေ့စဉ် အစားအသောက် စာရင်းထဲတွင် မုန်လာဥနီ ထဲ့စားပေးပါ။

(ဃ) မှိုထဲရှိ Lectin (ခေါ်) ပရိုတိန်းဓာတ် တစ်မျိုးက ကင်ဆာဆဲလ်များကို တိုက်ထုတ် ပေးသည့်အပြင်၊ ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ ဆက်လက်မပြန့်ပွား အောင်ဟန့်တား ပေးသည်။ ထို့ပြင် ကိုယ်ခံစွမ်းအားကို တိုးတက် မြင့်မားစေသည်။

(င) ဗာဒန်စေ့၊ မြေပဲ၊ သစ်ကြားသီးကဲ့သို့ အခွံမာသီးမှ ရရှိသော အစေ့အဆံများမှာ quercetin နှင့် kaempferol ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ အလုံအလောက် ပါရှိနေ၍ ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို ရပ်တန့်စေသည်။

(စ) သင်္ဘောသီးထဲရှိ အကျိုးပြုဓာတ်တိုး ဆန့်ကျင်ပစ္စည်းများက ကင်ဆာရောဂါကို တိုက်ထုတ်ပေး နိုင်သည်။ ၀က်အူချောင်း၊ ၀က်သားပြား၊ ငါးသေတ္တာ အစရှိသည့် တာရှည်ခံပြုလုပ် ထားသော စည်သွပ်ဗူး များကြောင့် ခဲဆိပ်တက်ခြင်း မှလည်း သင်္ဘောသီး စားခြင်းဖြင့် ပြေပျောက်စေ ပါသည်။

(ဆ) ထောပတ်သီးထဲရှိ ပိုတက်စီယမ်ဓာတ် က ဌက်ပျောသီးထဲတွင် ပါရှိမှုထက် ပိုမိုသည်။ ထို့ပြင် ထောပတ်သီးမှာ အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ပြည့်နှက်နေ၍ ခန္ဓာကိုယ်ထဲရှိ ကင်ဆာ ဖြစ်စေနိုင်သော အဆီဆဲလ်များကို စုပ်ယူပစ်နိုင် သည်။

(ဇ) စပျစ်သီးထဲတွင် ဗီတာမင်စီနှင့် ဖောလစ်အက်ဆစ် တို့ ကြွယ်ဝစွာပါရှိနေ၍ အထူးသဖြင့် ရင်သားကင်ဆာကို ကာကွယ်ပေးသည်။ ထို့ပြင် ခန္ဓာကိုယ်ထဲရှိ ဘေးဥပါသ်ဖြစ်စေသော ဆဲလ်များကို တိုက်ထုတ်ပေးသည်။

(ဈ) ခရမ်းချဉ်သီးထဲရှိ ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင် ပစ္စည်းအဖြစ် အစွမ်း ထက်မြက်စေကာ ကင်ဆာဖြစ်စေသော ဆဲလ်များကို ဖျက်စီးပေးသည်။ ဓာတ်ခွဲစမ်းသပ်ချက် များအရ ခရမ်းချဉ်သီး ထဲတွင် ပါရှိနေသော သဘာဝ lycopene ဓာတ်က ခံတွင်းကင်ဆာဆဲလ် များကို သတ်ပေးနိုင်ကြောင်း သိရသည်။

(ည) လ္ဘက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏရှိသော  နနွင်းမှုန့်နှင့် သံလွင်ဆီတို့ကို ဆတူရော၍ ၄င်းအရောအနှော ထဲသို့ လ္ဘက်ရည်ဇွန်း လေးပုံ တစ်ပုံ ပမာဏရှိသော အနက်ရောင်ငရုပ်ကောင်းမှုန့် ထဲ့၍ သမအောင် ရောမွှေပါ။ ရလာသော ဆေးကို တစ်နေ့တစ်ကြိမ်မျှ သောက်ပေးရုံဖြင့် အူမကြီးကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ အဆုတ်ကင်ဆာ နှင့် အသည်းကင်ဆာ တို့မှ ကာကွယ်ပေးနိုင်သည်။

(ဋ) အစိမ်းရင့်ရောင် အရွက်ရှိပြီး ဖယောင်းပန်းနှင့် သဏ္ဍာန်တူသော အပွင့်များပွင့်သည့် အပင်ကြီးတစ်မျိုး မှရရှိသော magnolia ပန်းပွင့်သည် ဦးခေါင်း နှင့် လည်ပင်းကင်ဆာ အကျိတ်များကို ကျုံ့ဝင်သွားစေနိုင်သည့် အစွမ်းရှိသဖြင့် တရုတ် နှင့် ဂျပန်နိုင်ငံတို့တွင် ရိုးရာ တိုင်းရင်းဆေးအဖြစ် နှစ်ပေါင်းရာချီ၍ အသုံးပြုလာခဲ့ကြသည်။

(ဌ) ဘရာဇီးနိုင်ငံရှိ သိပံ္ပပညာရှင်များ၏ လေ့လာစမ်းစစ်ချက် များအရ အင်းဆက်ပိုးမွှား တစ်မျိုးဖြစ်သော နကျယ်ကောင်၏ အဆိပ်သည် ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်စွမ်း ရှိကြောင်းတွေ့ရှိ ခဲ့ကြသည်။ နာကျယ်ကောင်၏ MPI ဟု အမည်ပေးထားသော ၄င်းအဆိပ်မှ သတ်ပစ်နိုင်သော ကင်ဆာများမှာ ဆီးအိမ်၊ ဆီးကျိတ်နှင့် သွေးဖြူဥကင်ဆာဆဲလ် များဖြစ်ကြောင်း၊ MPI အနေနှင့် အခြားကျန်းမာရေး ကောင်းမွန်နေသေ ဆဲလ်များကို ထိခိုက်စေနိုင်ခြင်း မရှိသောကြောင့် သုတေသီများက ၄င်းအဆိပ်ကို မည်ကဲ့သို့ အသုံးပြုရမည်ဆိုသော နည်းလမ်းများကို ဆက်လက်ရှာဖွေ နေကြောင်း သိရသည်။

ရှောင်ရန် အစားအစာများ။

(က) ဆွတ်ဆွတ်ဖြူဖွေး နေသော သကြားမှုန်များက ကင်ဆာအတွက် အာဟာရဖြစ်သည်။ ၄င်းကင်ဆာဆဲလ်ကို အားပေးသော အာဟာရကို ဖြတ်တောက်ပစ်သည့် အနေဖြင့်သကြားကို (လုံးဝ) မစားသင့်ပေ။ ထို့ပြင် Nutra Sweet, Equal, Spoonful စသည့် သကြားအစားထိုး အချိုအရသာ တွေမှာလည်း Aspartame ဓာတ်များ ပါဝင်နေ၍ ကင်ဆာဝေဒနာရှင် များကို ထိခိုက်စေနိုင်သည်။ သကြားကိုရှောင်၍ ပျားရည် (သို့မဟုတ်) တင်လဲရည်တို့ကို သင့်တင့်ရုံပမာဏမျှ စားပေးနိုင် ပါသည်။

(ခ) နွားနို့၊ ဆိတ်နို့၊ ကျွဲနို့ စသည့်တိရစ္ဆာန်ထွက် နို့များသည် လူ့ခန္ဓာကိုယ်တွင်း အစာအိမ် နှင့် အူလမ်းကြောင်းမှ အကျိအချွဲတွေ ပုံမှန်ထက်ပို၍ ထွက်လာစေသည်။ ထိုအကျိအချွဲများကို ကင်ဆာဆဲလ်တွေက စားသုံးပစ် တာကြောင့်လည်း ကင်ဆာဆဲလ်တွေ အားကောင်းလာအောင် တွန်းအားပေးရာ ရောက်နေသည်။ ထို့ကြောင့် ကင်ဆာရောဂါသည် များအနေဖြင့် တိရစ္ဆာန်ထွက်နို့ များကို ရှောင်၍၊ သကြားမပါသော ပဲနို့ရည်ကိုသာ သောက်ပေးသင့်သည်။ ပဲနို့ရည်က ကင်ဆာဆဲလ်တွေကို ယုတ်လျော့စေရုံ သာမက လူကိုခွန်အား ဖြစ်စေသည်။

(ဂ) အမဲ၊ ၀က် စသည့်အနီရောင် အသားများက အက်ဆစ်ထွက်ရှိမှုကို အားပေးသည့်အပြင်၊ အသားပရိုတိန်းဓာတ် ကအစာကျေညက်ရန် ခက်ခဲသွားတာကြောင့် လူ့ခန္ဓာကိုယ်ထဲမှာ အစာခြေအင်ဇိုင်း တွေအများကြီးရှိဖို့ လိုအပ်သည်။ အကယ်၍ လူ့ခန္ဓာကိုယ်ထဲမှာ အင်ဇိုင်းမလုံလောက် ပါက ကင်ဆာဆဲလ်တွေကို သုတ်သင်ရန် ခက်ခဲသွားပါ လိမ့်မည်။ ထိုအသားတွေကို စားသုံးသောအခါ အစာမကြေပါက အသားများ ပုပ်သိုးသွားပြီး လူကို အဆိပ်အတောက် ဖြစ်စေသည်။ ထို့ပြင်အမဲ၊ ၀က်၊ ကြက် များကိုမွေးမြူရာတွင် သုံးလေ့ရှိသော ပဋိဇီဝဆေးများ၊ ကြီးထွားဟော်မုန်း ဆေးများနှင့် ၄င်းတိရစ္ဆာန်တွေမှ ပါလာသော ကပ်ပါးပိုးတွေက ကင်ဆာရောဂါသည် တွေကို ထိခိုက်စေနိုင်သည်။

(ဃ) ကင်ဆာဝေဒနာသည် များအနေဖြင့် ငါးများများ စားသင့်ပြီး ကြက်သားကို အသင့်အတင့် စားပေးနိုင်သည်။

 

စေတနာများစွာ

 

ဆောင်းပါးရှင် ပေါက်ပေါက် ရေးသားသည်။


No comments: