Thursday, May 23, 2024

စနစ်တကျ ချွေတာသုံးစွဲသင့်သောရေနှင့်မီး

 


 

စနစ်တကျ ချွေတာသုံးစွဲသင့်သောရေနှင့်မီး

 

          ပူးပြင်းခြောက်သွေ့ ရာသီတွင် သောက်ရေသုံးရေ ပိုမိုလိုအပ်လာသည် နှင့်တပြိုင်နက် ရေရရှိရန် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏမှာလည်း ပိုမိုများပြားလျက် ရှိပါသည်။ နေ့စဉ် လူနေမှုဘ၀တွင် ရေနှင့်မီး(လျှပ်စစ်) တို့က မရှိမဖြစ် အရေးကြီးသည်။ သန့်ရှင်း၍ ဘေးကင်းသည့် သောက်သုံးရေနှင့် လျှပ်စစ်မီးတို့ကို မိမိတို့နိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသ အသီးသီးတို့ရှိ အိမ်ထောင်စုများ အားလုံးသုံးစွဲခွင့် မရရှိသေးပေ။ အိမ်တိုင်း၊ မိသားစုတိုင်း သောက်သုံးရေ ရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး တို့အတွက် ကြိုးပမ်းနေရဆဲ အခြေအနေတွင်သာ ရှိသေးသည်။


          သို့ရာတွင် ရေနှင့်မီးတို့ အိမ်တိုင်ရာရောက် သုံးစွဲခွင့် ရရှိနေသူတို့ကမူ တန်ဖိုးထား ရကောင်းမှန်း မသိဘဲ လေလွင့်ပြုန်းတီးမှု များစွာဖြင့် သုံးစွဲနေကြဆဲ ဖြစ်သည်။ ရေနှင့်မီးကို စနစ်တကျ သုံးစွဲရေး၊ ချွေတာ သုံးစွဲရေးသည် ခြောက်သွေ့ရာသီ ရောက်လာသည် နှင့်အမျှ ပို၍ လိုအပ်နေမည် ဖြစ်ကာ နွေးမိုးဆောင်း ရာသီအားလုံးမှာလည်း ရေနှင့်မီးကို စနစ်တကျ သုံးစွဲတတ်ကြဖို့ လိုပါသည်။

ချွေတာသုံးစွဲသင့်သောရေ

          ကမ္ဘာတစ်ဝန်း၌ ရေရရှိရေး အထူးသဖြင့် ရေချိုရရှိရေး အတွက် ရှာဖွေလျက်ရှိရာ နည်းလမ်းကောင်းများ တိုးတက် လာသော်လည်း လူဦးရေသန်းပေါင်း များစွာသည် သန့်ရှင်းသော သောက်သုံးရေ၊ ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေရရှိမှု နည်းပါး နေသေးသည်။ ထို့ပြင် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေကို အခြေခံသည့် ရောဂါများနှင့် ရင်ဆိုင်ရ နိုင်ဖွယ်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ် တွင် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဒေသများ၌ ရေလိုအပ်ချက် ရှိလာမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သုံးသပ်ထားသည်။

          မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါများသည့် နိုင်ငံဖြစ်သည့် အလျောက် မြန်မာလူမျိုးတို့၏ အမြင်တွင် ရေသည် အပေါများဆုံးသော အရာဝတ္တုအဖြစ် ရှုမြင်သည့်အကျင့်က စွဲနေသည်။ စင်စစ်အားဖြင့်မူ လူတို့ဘေးကင်းစွာ သောက်သုံးနိုင်သည့် သန့် ရှင်းသော ရေသည် ထင်သလောက် မပေါများသည့် အတွက် တန်ဖိုးထားပြီး စနစ်တကျသုံးစွဲရန် လည်းလိုအပ်သည်။ ကမ္ဘာကြီးသည် ရေကမ္ဘာကြီးဟု ဆိုရလောက်အောင် ကုန်းမြေထက် ရေများက ဖုံးလွှမ်း နေသော်လည်း ၉၈ ရာခိုင်နှုန်း ဖြစ်သော ပင်လယ်ရေများ သည် သောက်သုံး၍ မရဘဲ ၂ ရာခိုင်နှုန်းမျှသာ ရှိသော ရေချိုကို သောက်သုံး နေရခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံတွင် သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေကို နိုင်ငံအတွင်းရှိ အိမ်ထောင်စုများ၏ ၄၁ ဒသမ ၄ ရာခိုင်နှုန်းကသာ သုံးစွဲခွင့် ရရှိနေကြောင်း ပညာရှင်များက သုံးသပ်ထားသည်။ သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ ဆိုသည်မှာ ရောဂါပိုးမွှား ကင်းစင်ပြီး ကောင်းမွန်သော ရေအရင်းအမြစ်မှ အချိန်မရွေး လက်တစ်ကမ်းတွင် ရနိုင်သော ရေဖြစ်သည်။ အိမ်ထောင်စု များ၏ ၁၂ ဒသမ ၄ ရာခိုင်နှုန်းသည် မြစ်များ၊ ချောင်းများ၊ ဆည်များ၊ တူးမြောင်းများ၊ ကန်များစသည့် မြေပေါ်ရေများကို သုံးစွဲနေကြ ရသည်။

          ဆည်တမံများမှ ရေကို ဓာတ်အား ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေး တို့အတွက် သုံးစွဲကြရာတွင် ခြောက်သွေ့ရာသီ ရောက်လာသည်နှင့် အမျှ သိုလှောင်ထားသည့် ရေပမာဏ လျော့နည်း လာချိန်တွင် ရေကိုစနစ်တကျ သုံးစွဲရန် လိုအပ်လာသည်။ ထိုအခါ နွေရာသီတွင် ဓာတ်အားသုံးစွဲမှု ပမာဏပိုမိုများပြား လာပြီး နွေစပါးကဲ့သို့သော စိုက်ပျိုးသီးနှံများ အတွက်လည်း ရေပေးဝေရန် လိုအပ်လျက်ရှိရာ ရေသုံးစွဲသူတို့ အလေအလွင့် မရှိသုံးစွဲခြင်းဖြင့်သာ အဆင်ပြေ နိုင်မည် ဖြစ်သည်။

          ခေတ်အဆက်ဆက် နွေကာလ ရောက်သည်နှင့် တပြိုင်နက် အချို့ဒေသများ၌ ကြုံတွေ့နေရသည့် အခက်အခဲတစ်ခုမှာ ရေပြတ်လပ်မှု ပြဿနာ တစ်နည်းအားဖြင့် သောက်သုံးရေ ရှားပါးမှု ပြဿနာပင် ဖြစ်သည်။ လူတစ်ဦး တစ်ယောက်၏ နေ့စဉ်လုံလောက်စွာ သောက်သုံးနေသော ရေပမာဏသည် ထိုသူ၏ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ် ထိန်းသိမ်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လူတို့သည် နေ့စဉ် ရေကို သုံးလီတာခန့် သောက်သုံးပေးပါမှ ကျန်းမာရေး ကောင်းမွန်နိုင်မည် ဖြစ်ပေသည်။

          လူတစ်ဦး ရေလုံလောက်စွာ သောက်ထားပါက ဦးနှောက်၊ ခန္ဓာကိုယ်ဆဲလ်များ၊ အစာခြေစနစ်၊ နှလုံး၊ ကျောက်ကပ် နှင့် ကြွက်သားများ၏ လူပ်ဆောင်ချက် များကို အထောက်အပံ့ ဖြစ်စေရုံသာမက အသားအရေ ခြောက်သွေ့မှု၊ ပြင်ပရောဂါပိုး ၀င်ရောက်မှု တို့ကိုပါ ကာကွယ်ပေး နိုင်သည်။ ထို့ပြင် ရေလုံလောက်စွာ သောက်ပေးခြင်းဖြင့် ပင်ပန်းနွမ်းနယ်မှု လျော့ပါးသက်သာ စေခြင်း၊ စိတ်ရွှင်လန်းစေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မူးဝေအော့အန်သည့် ဝေဒနာများမှ သက်သာစေခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်းမှ ကာကွယ်ခြင်း၊ အစာကြေလွယ်ပြီး ခန္ဓာကိုယ် အလေးချိန် လျော့ကျစေခြင်း စသည့် ကောင်းကျိုးချမ်းသာကို ရရှိစေမည် ဖြစ်သည်။

          မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် သည် ကျေးလက်နေ ပြည်သူများ ဖြစ်ကြသည်။ ထိုကျေးလက်နေ ပြည်သူအများစုသည် သောက်သုံးရေ (ရေချို) ရှားပါးမှုဒဏ်ကို ခံစားနေရကြသည်။ ယနေ့ထိ ကျေးရွာများတွင် လူများသာမက ကျွဲ၊ နွားတိရိစ္ဆာန်များ အတွက်ပါ နွေကာလ သောက်သုံးရေ အခက်အခဲများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ ထို့ကြောင့် နွေကာလတွင် ရေရှားပါး ပြတ်လပ်မှုများ၊ အထူးသဖြင့် သောက်သုံးရေ (ရေချို) ရှားပါး ပြတ်လပ်မှုများ ကြုံတွေ့နိုင်သော ဒေသများကို သက်ဆိုင်ရာခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများက မြေသား ရေလှောင်ကန်များ၊ အဝီစိရေတွင်းများ တူးပေးလျက် ရှိသည်။

          ထို့ပြင် နိုင်ငံတော်က “သက်ရှိကမ္ဘာကြီး ရှင်သန်ရပ်တည်ဖို့၊ သဘာဝ တောတောင်များ ထာဝရ တည်တံ့စေဖို့၊ သင့်ဘ၀ သန့်ရှင်းကျန်းမာ လှပစေဖို့၊ နေ့စဉ်နှင့်အမျှ ရှားပါးလာသော အဖိုးတန်ရေကို ချွေတာကြပါစို့” ဟုနေ့စဉ်ထုတ် သတင်းစာများမှ အစဉ် သတိပေး နှိုးဆော်လျက် ရှိပါသည်။ ထို့ကြောင့် ရေကိုသုံးစွဲရာတွင် လူတစ်ဦးချင်းစီက ချွေတာသုံးစွဲ သွားကြရမည် ဖြစ်သည်။ ဥပမာ ရေချိုးရာတွင် လိုအပ်သည့် ပမာဏထက် ပို၍ ရေကိုသုံးခြင်း၊ လက်ဆေးကြော ရာတွင် ဆပ်ပြာပွတ်တိုက် နေစဉ်အတွင်း ရေပိုက်ခေါင်း ဖွင့်ထားခြင်းမျိုး မပြုလုပ်ခြင်း၊ အ၀တ်လျှော် ပန်းကန်ဆေးရာတွင် ပြန်လည်သုံးစွဲ၍ ရနိုင်သောရေကို သွန်ပစ်ခြင်းမပြုဘဲ သိမ်းထားကာသုံးစွဲခြင်း၊ သစ်ပင်ပန်းပင် ရေလောင်းရာ၌ ရေတစ် စက်တစ်လေမျှ အလေအလွင့် မရှိအောင် စီမံခြင်း၊ မလိုအပ်ဘဲ လမ်းမပေါ် ရေမဖြန်းခြင်း စသည်ဖြင့် နေ့စဉ် ဘ၀မှာ ရေကိုချွေတာ သုံးစွဲကြရပါမည်။

ချွေတာသုံးစွဲသင့်သော လျှပ်စစ်မီး

          မီး(လျှပ်စစ်ဓာတ်အား) သည်လည်း မလိုအပ်ဘဲ မသုံးရန်၊ မဖြုန်းတီးရန်၊ စနစ်တကျ သုံးစွဲရန်၊ ချွေတာ သုံးစွဲရန် လိုအပ်ပါသည်။ ဓာတ်အားခ တစ်ယူနစ် ဈေးနှုန်းများ မြင့်တက်လျက် ရှိခြင်းကလည်း ချွေချွေတာတာ သုံးစွဲကြရန် တွန်းအား တစ်ရပ်ပင် ဖြစ်သည်။ ဓာတ်အားမဖြုန်း၊ ချွေတာသုံးဖြင့်ပင် မိသားစု အတွက်လည်း စားရိတ်သက်သာ၊ နိုင်ငံအတွက်လည်း အကျိုးဖြစ်ထွန်း စေပါမည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး နည်းလမ်းများကို နိုင်ငံပိုင်မီဒီယာ များက မကြာမကြာ ဖော်ပြ၍ အသိပညာ ပေးလျက်ရှိသည်။ 

          “မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ” “လျှပ်စစ်ကို ချွေတာသုံးစွဲခြင်းဖြင့် မီတာခများများ ကျသင့်ခြင်းမှ ရှောင်ရှားပါ” “ကုန်ကျသက်သာ သူငါဝေငှ၊ လျှပ်စစ် အသုံးချွေတာကြ” “လျှပ်စစ်မီးကို ချွေတာလို ၊ မလိုလျှင် မဖွင့်နှင့်” ဟု နိုင်ငံတော်က နေ့စဉ်ထုတ် သတင်းစာများတွင် ပြည်သူများအား အစဉ် သတိပေး နှိုးဆော်လျက် ရှိပါသည်။ ထို့ပြင် လူမရှိသည့် အခန်းများ၌ မီး၊ ပန်ကာ၊ အဲကွန်းတို့ ပိတ်ထားရန်၊ လူမကြည့်သည့် တီဗွီများ ပိတ်ထားရန်၊ ဘုရားမီးများ အချိန်ပြည့် မထွန်းရန်၊ ရေပိုက်များ မပွင့်နေစေရန် (ရေမော်တာ ခဏခဏ မောင်းမနေရ စေရန်အတွက်) စသည်ဖြင့် စနစ်တကျ သုံးရန်၊ မဖြုန်းရန် အတွက်ကိုလည်း နိုင်ငံတော်က ရေဒီယို၊ တီဗွီ၊ သတင်းစာ စသည့် မီဒီယာပေါင်းစုံက တစ်ဆင့် နေ့စဉ် သတိပေး ဆော်သြလျက် ရှိပါသည်။

          လျှပ်စစ်မီးကို ချွေတာ သုံးစွဲရေးမည်မျှပင် ဆော်သြ နေသော်လည်း ပြည်သူ တစ်ဦးချင်းစီက စည်းကမ်း လိုက်နာမှု အားနည်း နေပါက အလေအလွင့် မီတာခများကို ပေးဆောင်ရသည့် အိမ်သုံးစားရိတ် မြင့်တက်မှုကို လက်ငင်းကြုံတွေ့ ရနိုင်ပါသည်။ ထို့ပြင် လျှပ်စစ်အား ပြည့်မီစေရန် ဖြည့်ဆည်းပေး နေရသဖြင့် နိုင်ငံတော်မှာ ကြီးလေးသော ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။ ထို့ကြောင့် နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးရေး အတွက် အဓိက အဖော်မွန်ဖြစ်သော လျှပ်စစ်မီးကို လူတစ်ဦးတစ်ယောက် မှသည် အိမ်ထောင်စုတိုင်းက -

·         ၀န်နှင့်အား မျှတအောင် သုံးစွဲရပါမည်။

·         လေလွင့်ပျောက်ဆုံးမှု မရှိအောင် ဂရုစိုက်ရပါမည်။

·         အန္တရာယ် မဖြစ်အောင် သတိပြုရပါမည်။

·         နေ့စဉ်အကျိုးရှိစွာ ချွေတာသုံးစွဲ ရပါမည်။

·         လမ်းမီးများကို အလင်းရောင်ရှိသော အချိန်များ၌ ပိတ်ထားခြင်းဖြင့် လည်းကောင်း၊ နေ့စဉ် ည ၇ နာရီမတိုင်ခင် မဖွင့်ခြင်း၊ နံနက် ၅ နာရီတွင် ပြန်ပိတ်ခြင်းဖြင့် လည်းကောင်း လျှပ်စစ်ကို ချွေတာရပါမည်။

·         ပြင်ပ အလင်းရောင်ကို အသုံးချ၍ မလိုအပ်သော အိမ်တွင်း လျှပ်စစ်မီးများကို လျော့သုံးရပါမည်။

·         လေနှင့် အလင်းရောင် ၀င်နိုင်သော ပြတင်းတံခါး များအား ဖွင့်လှစ်၍ လေအေးပေးစက် နှင့် လျှပ်စစ်ပန်ကာများ၊ လျှပ်စစ်မီးသီး နှင့် မီးချောင်းများအား သုံးစွဲမှုလျှော့ချ ရပါမည်။

·         အိမ်သုံးတွင်း မီးအလင်းရောင် ရရန်အတွက် LED  မီးချောင်း၊ မီးလုံးများ ပြောင်းလဲသုံးစွဲ ရပါမည်။

·         ထမင်းဟင်း ချက်ပြုတ်ရာတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုသက်သာမည့် လျှပ်စစ်ပစ္စည်း များဖြင့် အစားထိုး အသုံးပြု ရပါမည်။

·         လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ်အား အတတ်နိုင်ဆုံး အသုံးပြုရပါမည်။

·         ဟန်းဖုန်းများ၊ ကွန်ပြူတာ များကိုလည်း ဘတ္ထရီ (charging) အားဖြည့်ရာ၌ လိုအပ်ချိန်ပိုမို ကြာမြင့်စွာ အားဖြည့်ခြင်း မလုပ်သင့်ပေ။ ထိုသို့ ပြုလုပ်ခြင်းက ဘတ္ထရီ လောင်စေရုံမျှက စက်ပစ္စည်း သက်တမ်းလည်း လျော့သွား စေပါသည်။

·         ဖုန်းပြောရာတွင်လည်း တိုတိုနှင့် လိုရင်းပြောခြင်းက ဖုန်းဘီလ် ကုန်ကျစရိတ် သက်သာ စေရုံမျှမက ၎င်းဖုန်း ဘတ္ထရီအား ပြန်လည်ဖြည့်ချိန် လျော့သွားသည့် အတွက် လျှပ်စစ်ဓာတ်အားကို ချွေတာရာ ရောက်ပါသည်။

·         စားသောက်ဆိုင်ကြီးများ၊ အရောင်းဆိုင်ကြီး များကလည်း မလိုအပ်ဘဲ အလှဆင်မီးများကို မြောက်များစွာ ထွန်းညှိခြင်းမပြုဘဲ အတတ်နိုင်ဆုံး လျှော့ချသုံးစွဲ ကြရပါမည်။

·         ထို့ပြင် စက်သုံးဆီ အသုံးစရိတ် လျော့ကျစေရေး အတွက် ခြေလျင်သွား၍ ရသော ခရီးကိုကား၊ ဆိုင်ကယ် မသုံးစွဲပါနှင့်။ ခြေလျင် အတက်အဆင်း ပြုလုပ်နိုင်သော နေရာတွင် ဓာတ်လှေကား၊ စက်လှေကား မသုံးခြင်းဖြင့် မိမိကိုယ်ကို အားကိုးကြ စေလိုပါသည်။ ထိုသို့ပြုမူခြင်းက သက်လုံကောင်း စေကာ ကျန်းမာရေးနှင့် ညီညွတ်မျှတ စေပါသည်။ ထိုမျှမက ကိုယ်လက်လှုပ်ရှားမှု များခြင်းကြောင့် ယနေ့ကမ္ဘာမှာ လူသားအများစု ခံစားနေရသည့် အ၀လွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးနှင့် နှလုံးသွေးကြော ရောဂါများ၊ နာတာရှည် အိပ်မပျော်ရောဂါ တို့ကိုရှောင်ရှား နိုင်မည် ဖြစ်ပေသည်။ 

          အထူးသတိပေး လိုသည်မှာ ခြောက်သွေ့ရာသီ မှသည် နွေရောက် လာသည်နှင့်အမျှ ရေနှင့်မီးတို့ ပိုမိုသုံးစွဲရန် လိုအပ်သော် လည်း ဆည်တမံများ၌ ရေလျော့နည်းမှုနှင့် အတူ ဓာတ်အား ထုတ်လုပ်မှု လျှော့ချရသည့် ကာလလည်း ဖြစ်ပါသည်။ ထို့ကြောင့် ရေနှင့်မီးတို့ကို စနစ်တကျ သုံးစွဲကြရေး၊ ချွေတာသုံးစွဲ ကြရေးအတွက် လူတိုင်း အိမ်ထောင်စုတိုင်းက လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိသားစုအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်ကြ ပါစေရန် အထူးမေတ္တာ ရပ်ခံချင်ပါသည်။

          အချုပ်အားဖြင့် ဆိုသော် နွေရာသီသာမက တစ်နှစ်ပတ်လုံးမှာ “ရေအသက် တစ်မနက်” ဆိုသည့်အတိုင်း လူသားတို့အနေ ဖြင့် ရေကို အသက်ရှင်နေထိုင် နိုင်ရေးအတွက် အသုံးပြုကြရ သဖြင့် ရေသည် အလွန် တန်ဖိုးကြီး လှပါသည်။ ထို့ကြောင့် အဖိုးတန် ရေတစ်စက်ချင်း စီကို အလဟဿ မဖြစ်စေဘဲ စနစ်တကျ ချွေတာသုံးစွဲ သွားကြရမည် ဖြစ်ပါကြောင်းနှင့် လျှပ်စစ်မီးကဏ္ဍ တွင်လည်း “လိုအပ်မှသုံး ခြွေတာသုံး ဖြုန်းတီးမပစ်နှင့်” ဆိုသည့်အတိုင်း မိမိတို့နေအိမ်၊ ရုံးခန်း၊ အလုပ်ရုံများ၌ မလိုအပ်သော မီးခလုတ်များကို ပိတ်ထားခြင်းဖြင့် လိုအပ်သူများ အလင်းရကြ ပါစေကြောင်း တိုက်တွန်းလိုက်ရ ပါသည်။

စေတနာများစွာ

ဆောင်းပါးရှင် တင်ထက်ထက်ဇော် ရေးသားသည်။


No comments: