Tuesday, May 21, 2024

နွေရာသီမှာရေချိုးစနစ်မှန်စေချင်



 

 နွေရာသီမှာရေချိုးစနစ်မှန်စေချင်

          အိုဇုန်းလွှာ ပြဿနာကြောင့် ကမ္ဘာကြီးပူနွေးလျက် ရှိရာ၊ မြန်မာနိုင်ငံ၏ ရာသီဥတုမှာလည်း တစ်နေ့ထက် တစ်နေ့ အပူရှိန်မြင့်တက် လျက်ရှိသည်။ နေ့ရောညပါ ချွေးထွက်ကြရသည်။ ထိုအခါ ရေများများ သောက်ပေးဖို့ လိုအပ်လာသည်။ အဘယ်ကြောင့် ဆိုသော် အပူဒဏ်ကို ရင်ဆိုင်ရာတွင် လူတို့၏ ဇီဝပြောင်းလဲမှု ဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန် အတွက် “ရေ” က မရှိမဖြစ် အရာဖြစ်ပါသည်။ အပူဒဏ်ကြောင့် တစ်နာရီကြာ ချွေးထွက်ခြင်း အတွက် သန့်ရှင်းသော သောက်ရေကို ဌက်ပျောဖူးနှစ်ပုလင်း (တစ်လီတာခန့်) သောက်သုံး ပေးသင့်ပါသည်။ ချွေးထွက်လွန် နေသော အရွယ်ရောက်ပြီးသူ လူတစ်ဦးတွက် တစ်နေ့လျှင် သန့်ရှင်းသော သောက်ရေကို ဌက်ပျောဖူး ၁၀ ပုလင်း မှ ၁၆ ပုလင်း (ငါးလီတာမှ ရှစ်လီတာခန့်)ကို ဓာတ်ဆားရည်နှင့် ရော၍ သောက်သုံးပေး သင့်သည်။

          အဘယ်ကြောင့် ရေများများသောက်သင့်သနည်း?

·         အကယ်၍ လူတစ်ယောက်သည် အပူချိန် ၁၀၆ ဒီဂရီ ဖာရင်ဟိုက် (၄၁ ဒီဂရီ စင်တီဂရိတ်) တွင်အချိန်ကြာကြာ အပူဒဏ်ကိုဆက်၍ ခံနေရပါက ဦးနှောက် ကလပ်စည်းများကို ထိခိုက်ပျက်စီး စေနိုင်သည်။

·         အကယ်၍ လူတစ်ယောက်သည် အပူချိန် ၁၀၉ ဒီဂရီ ဖာရင်ဟိုက် (၄၃ ဒီဂရီ စင်တီဂရိတ်)တွင် အသက်သေဆုံး နိုင်သည်။

          ထို့ကြောင့် ပြောင်းလဲလာသော ပြင်ပအပူရှိန်နှင့် အတူ လူ့ခန္ဓာကိုယ်တွင်း၌ အပူချိန်တို့ မျှခြေဖြစ်စေဖို့ အတွက် ပူပြင်းသော ရာသီတွင် ရေများများ သောက်ပေးသင့် ပါသည်။ ထို့ပြင် အပူဒဏ် ခံရမှုကြောင့် ကိုယ်အပူချိန် ကျစေရန်အတွက် ကိုလည်း ရေများများ သောက်ခြင်း၊ ခန္ဓာကိုယ်တွင်း အပူငြိမ်း၍ အေးမြစေသော အစားအသောက် များဖြစ်ကြသည့် ဥပမာနွားနို့၊ ဒိန်ချဉ်၊ အုန်းစိမ်းရည်၊ ထန်းရည်ချို၊ ဖရဲသီး၊ ဖရဲသခွား၊ သခွားမွှေးသီး၊ သံပုရာသီး၊ သခွားသီး၊ ဗူးသီး၊ မန်ကျည်းသီး၊ ရှောက်သီး၊ ပူစီနံရွက်၊ ဂေါ်ရခါးသီး၊ ဗူးသီး၊ မုန်လာဥအဖြူ စသည်တို့ကို စားပေးသင့်ပါသည်။

နွေရာသီရေချိုးသင့်သောအချိန်

          ပူးပြင်းသောရာသီမှာ ရေချိုးနည်းစနစ် မှန်ကန်ဖို့သည်လည်း အထူး အရေးကြီးပါသည်။ ရေချိုးနည်း မှန်ကန်မှသာလျှင် အပူကို အကြောင်းခံ၍ ဖြစ်ပေါ်သော လေသင်တုန်းရောဂါ (Heat Stroke) ကိုကာကွယ်နိုင်မည် ဖြစ်ပေသည်။ ရေချိုးသည် ဆိုရာမှာလည်း အချိန်အခါမဟုတ် မချိုးသင့်ပေ။ “ဆောင်းတစ်ဆယ်၊ နွေကိုး၊ မိုးခုနှစ် ရေချိုးစနစ် အကျိုးဖြစ်၏” ဟု ရှေးဗိန္ဓော ဆရာကြီးများက မိန့်ဆိုထားသည်။ ထို့ကြောင့် နွေရာသီအတွက် ရေချိုးရန် အသင့်တော်ဆုံး အချိန်မှာနံနက် (၉) နာရီဖြစ်သည်။ ထို့ပြင် မြန်မာပြည် ရာသီဥတုအတွက် ၁၂ လရာသီပတ်လုံး မှာနံနက် (၇) နာရီမှ နေ့လည် (၁၂) နာရီအတွင်းသာ ရေချိုးသင့်ကြောင်း မှတ်သားလိုက်နာ သင့်ပေသည်။

          နေပူထဲက ပြန်လာလျှင် ချက်ချင်း ရေမချိုးသင့်ပေ။ နေပူထဲက ပြန်လာပြီးနောက် ရေကိုဝအောင် သောက်၍ ခေတ္တဆိုင်းငံ့ အနားယူပြီးမှသာ ရေချိုးသင့်ပါသည် (ရေခဲရေ မသောက်ပါနှင့်)။ မည်မျှပင် ပူအိုက်နေပါစေ ညဘက် ရေချိုးခြင်းကို ရှောင်ရှားသင့် ပေသည်။ ညအချိန် ရေချိုးခြင်းက သွေးလေထိုင်းမှိုင်းပြီး အခိုးမထွက်တော့ဘဲ ရေချိုးမှား၍ ဖျားနာတတ်သည်။ အဆိုးဆုံး အခြေအနေ၌ လေဖြတ်တတ် ပါသည်။ အကယ်၍ မဖြစ်မနေ ညဘက်ရေချိုးရမည် ဆိုပါက အိမ်ထဲမှာ ဆယ့်ငါးမိနစ်ခန့် မရပ်မနား လမ်းသွက်သွက် လျှောက်ပြီး လည်ကုတ်နှင့် ချိုင်း(ဂျိုင်း) ချွေးစို့လာမှသာ ရေချိုးသင့် ပါသည်။

မှန်ကန်သောရေချိုးနည်းစနစ်

          ပုံမှန် ကျန်းမာရေး ကောင်းမွန်နေသူ အတွက် လိုက်နာသင့်သော ရေချိုးပုံနည်းစနစ် အဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်သည်။

·         ပထမအဆင့်၌ ဒူးဆစ်အောက်ပိုင်း ခြေထောက်မှစ၍ ရေလောင်းချိုးပါ။

·         ဒုတိယအဆင့်၌ ခါး၊ ပေါင် စသည်တို့ကို ရေလောင်းချိုးပါ။

·         တတိယအဆင့်၌ ကျောပြင်မှစ၍ ရေလောင်းချိုးပါ။

·         စတုတ္ထအဆင့်၌ တစ်ကိုယ်လုံး ရေလောင်းချိုးပါ။

          ထိုနည်းစနစ်ဖြင့် ရေချိုးလျှင် ကိုယ်ခန္ဓာကိုယ်ကြီး အတွင်း အောင်းနေသော အပူ၊ အပုတ်၊ အခိုးများ တရှိန်ရှိန်ထွက်၍ ကိုယ်လက်ပေါ့ပါးကာ စိတ်ကြည်လင် လန်းဆန်းလာစေ ပါမည်။ အထူးသတိထား ဆင်ခြင်ရန်မှာ ရေကို ခေါင်းကစ၍ လောင်းချိုးလျှင် တစ်ကိုယ်လုံးရှိ အခိုးအငွေ့များ ဦးခေါင်းထဲ ရောက်လာ၍ ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိမှုန်၊ ဆံပင်ကျွတ်၊ ထိပ်ပြောင် စသည် တို့ကို ဖြစ်စေသည်။ ထို့ကြောင့် ခေါင်းလျှော်သည့် နေ့မှာလည်း ဖော်ပြပါ ရေချိုးပုံနည်း စနစ် အဆင့်ဆင့် အတိုင်း လိုက်နာသင့် ပါသည်။

          အထက်ပါ ရေချိုးနည်းသည် ကျန်းမာရေး ပုံမှန် ကောင်းမွန်နေသူများ အတွက် ဖြစ်သော်လည်း ခြေဖျားလက်ဖျား အမြဲအေးစက်လေ့ ရှိသူများ၊ သွေးပေါင်ချိန် ကျသူများနှင့် တစ်မိနစ်လျှင် သွေးခုန်နှုန်း အကြိမ် (၅၀) အောက် နည်းသူများကမူ ရေမချိုးခင် အသက်ပြင်းပြင်း လေ၀၀ရှုပါ။ လေကောင်းလေသန့် ရသောနေရာ၌ ခေတ္တမျှ လမ်းလျှောက်ပြီး ရေနွေးဖြင့် ချိုးပါ။ သို့သော် ရေနွေး အပူသည် လူ့ခန္ဓာကိုယ် အပူရှိန်ထက် ပို၍ မပူသင့်ပေ။ ရေနွေးနှင့် ရေချိုးနေစဉ် မျက်နှာသုတ်ပုဝါ တစ်ထည်ကို ရေအေးဆွတ်၍ ဦးခေါင်းထက် ပေါင်းထားသင့် ပါသည်။

ရေချိုးခြင်း၏ အကျိုးကျေးဇူးများ

          နေ့စဉ် ရေချိုးခြင်းအားဖြင့် လူ့ခန္ဓာကိုယ်အား အပူ၊ အအေး မျှတအောင် သဘာဝနည်းဖြင့် ပြုပြင်ပေးရာ ရောက်ပါသည်။ တစ်နည်းဆိုသော် ခန္ဓာကိုယ်အား အပူအအေး မျှတအောင် သဘာဝအလျောက် ပြုပြင်ပေးသည့် ကုထုံးတွင် ရေချိုးခြင်းက အထိရောက်ဆုံးနှင့် အလွယ်ကုဆုံး နည်းစနစ် ဖြစ်ပါသည်။ ရေမှန်မှန် ချိုးခြင်းဖြင့် အောက်ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူး များစွာကို ရရှိနိုင်ပါသည်။

·         လူ့ခန္ဓာကိုယ်မှ ထွက်သည့် မကောင်းသော အခိုးအနံ့နှင့် ချေးညှော်များကို သန့်ရှင်းစင်ကြယ် စေသည်။

·         အာဂန္တုပိုးမွှား များကို ပယ်ဖျောက်စေပါသည်။ ထိုမျှမက ကူးစက်တတ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုး များကိုလည်း ရေများများ လောင်း၍ ဆပ်ပြာမော်လီကျူး များဖြင့် နှိမ်နင်းနိုင်ပါသည်။

·         လူ့ခန္ဓာကိုယ်မှ ထွက်သော ချွေးအဆီ အစေးတို့သည် ကိုးသောင်း ကိုးထောင်သော မွေးညှင်းပေါက် များကိုပိတ်ဆို့ထားရာ ရေချိုးလိုက်ခြင်းဖြင့် ၄င်း မွေးညှင်းပေါက်များ ပွင့်လာသည်။ အခိုးပွင့် လာသဖြင့် စိတ်ကြည်လင် လန်းဆန်းလာသည်။

·         ရေမှန်မှန် ချိုးခြင်းဖြင့် မျက်စိကြည်လင် စေပြီး သွားကိုက် သွားနာခြင်း၊ သွားဖုံးရောင်ခြင်း၊ ခေါင်းအုံခြင်း၊ အကြောတက်ခြင်း၊ နားအူခြင်းတို့မှ ကာကွယ်နိုင်သည်။

·         ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီးနောက် ရေချိုး လိုက်သောအခါ ချက်ချင်းဆိုသလို အားအင်ပြည်လည် ပြည်ြ့ဖိုးသလို စိတ်ရောကိုယ်ပါ ခံစားရနိုင်ပါသည်။

·         သဘာဝ ပတ်ဝန်းကျင် လေထုနှင့် ထိတွေ့မှုနည်းသော ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများ ဖြစ်ကြသည့် ပေါင်ခြံ၊ ချိုင်း(ဂျိုင်း)ကြား တို့ကို ရေချိုးခြင်းဖြင့် သန့်ရှင်းစင်ကြယ် စေသည်။

·         ရေချိုးခြင်းဖြင့် မျက်စိ၊ နား၊ နှာခေါင်း ကျန်းမာရေး အတွက် တစ်ဖက်တစ်လမ်းက လွန်စွာ ကောင်းကျိုးပြု ပါသည်။

·         နွေရာသီ ခံတွင်းပျက် အစာစားလိုစိတ် မရှိသော သက်ကြီးရွယ်အိုများ ရေချိုးပြီးနောက် ထမင်းစားပါက ခံတွင်းလိုက်ပြီး ထမင်းမြိန်စေ ပါသည်။

အပူဒဏ်ခံနိုင်အောင် ဆေးဖက်ဝင်ရေချိုးနည်း

          အပူဒဏ်ခံနိုင်အောင် ဆေးဖက်ဝင် ရေချိုးနည်း အဆင့်ဆင့်ကို အောက်ပါအတိုင်း အကြံပြု လိုပါသည်။

·         အရိပ်ထဲတွင် ရေချိုးပါ။

·         ဦးစွာ သောက်ရေ တစ်ဖန်ခွက် အပြည့်သောက်ပါ။

·         ပြီးနောက် ဦးနှောက်ထဲရှိ အပူထိန်း အာရုံကြောစနစ် များဖြစ်ကြသည့် (က) ခြေထောက် အောက်ပိုင်း၊ (ခ) လက်ဖျား နှင့်  (ဂ) လက်မောင်းများ စသည့် သုံးနေရာကို ကြိုတင် အသိပေးသည့် အနေဖြင့် ရေဆွတ် ပက်ဖျန်းပေးပါ။

·         ပြီးနောက် မျက်နှာသစ်ပါ။

·         တစ်ဆက်တည်း မှာပင် လည်ကုတ် (ဂုတ်ပိုး) နှင့် လည်ပင်းတို့ကို ရေနှင့်ပက်ပေးပါ။

·         ပြီးမှ ရေလောင်းချိုးပါ။

·         ရေချိုးပြီးမှ သွားတိုက်ပါ။

·         အလွန်အေးစိမ့်သော ရေကိုမချိုးရ။

·         ဆပ်ပြာကိုလည်း ရှားစောင်းလက်ပတ် မန်ကျည်း တို့ပါဝင်သော ဆပ်ပြာကိုသုံးပါ။

·         ရေချိုးပြီးကာစ ဖြစ်သော်လည်း နွေရာသီ၌ ချွေးထွက် တတ်သည်။ ရေချိုးပြီးခါစ ပန်ကာလေ မခံပါနှင့်။

·         ရေချိုးပြီးနောက် ရေခြောက်အောင် သုတ်ပါ။

·         သနပ်ခါးရေကျဲ ကိုနေ့စဉ် မှန်မှန် လိမ်းပေးပါ။

(မှတ်ချက်)

          ရေချိုးသောအခါ ဗြုံးကနဲ တရှိန်ထဲ ရေကို လောင်းချိုးခြင်း မပြုပါနှင့်။ ၄င်းနည်းက ကိုယ်အငွေ့အပြင် သို့ မထွက်တော့ဘဲ အပူငုတ်ပြီး ရောဂါရတတ်သည်။ ပူပြင်းသော ရာသီ၌ ရေချိုး ကြာမြင့်ချိန်သည် အနည်းဆုံး ၇ မိနစ် မှ အများဆုံး ၁၁ မိနစ်ခန့် ဖြစ်သင့်ပါသည်။ မြစ်၊ ချောင်းများ၌ ရေချိုးသူ များသည် တစ်ခါထဲ မြစ်၊ ချောင်းထဲသို့ ခုန်မချဘဲရေဖြင့် ကိုယ်လက်တို့ကို ပွတ်သပ်ပြီးမှ ရေထဲသို့ ဆင်းပါ။ နေပူကျဲကျဲအချိန်၊ ဖျားနာနေချိန်၊ နေပူထဲက ပြန်ရောက်ကာစ အချိန်၊ အလုပ်သိမ်းကာစ မောပမ်းနွယ်နယ်ချိန် သို့မဟုတ် အားကစား လုပ်ပြီးပြီးချင်း ချွေးထွက်များချိန်၊ ခရီးရောက်မဆိုက် အချိန် စသည့်အချိန် များတွင် ရေချိုးပါက အဆုတ်နာရောဂါ၊ မျက်စိမှုန်ဝေခြင်း၊ မျက်စိနာခြင်း၊ နားအူခြင်း၊ နားလေထွက်ခြင်း၊ နားပင်းရောဂါနှင့် လေဖြတ်လေငန်း ရောဂါများကို ဖြစ်စေတတ်သည်။

          အချုပ်အားဖြင့် ဆိုသော် အနာရောဂါ ကင်းဝေးပြီး သက်တမ်းစေ့ နေလိုသူများ အတွက် ရေချိုးရာမှာ စနစ်တကျ မှန်ကန်ဖို့ လိုပါသည်။ နွေရာသီ ရေချိုးမှားတတ် သူများ၊ အပူလေသင်တုန်း (Heat Stroke) ဖြစ်လွယ်သော သက်ကြီးရွယ်အို များနှင့်  ကလေးသူငယ်များ အတွက် ယခုနှစ် နွေရာသီတွင် အပူဒဏ် ခံနိုင်အောင် ဆေးဖက်ဝင် ရေချိုးနည်းကို ဤဆောင်းပါးက တစ်ဆင့် အကြံပြု ရေးသားလိုက်ရ ပါသည်။ ဤနည်းက ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို တဖြည်းဖြည်း အေးမြစေခြင်း မျိုးဖြင့် အပူမရှပ်စေဘဲ ရေချိုးနည်း ဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။

          အထူးသတိပြုရန်မှာ မည်သည့် ရာသီဥတုမဆို အလွန်အေးသော ရေ နှင့် အလွန်ပူနွေးသော ရေတို့ကို မချိုးပါနှင့်။ ရေမချိုးမီ ရေတစ်ခွက်ကြိုတင် သောက်ထားသင့်ပြီး ရေလောင်း မချိုးခင်မှာလည်း ဆီးအရင်သွားထား ဖို့လိုအပ်သည်။ ရေမချိုးမီ ခြေဖ၀ါးကို ဆားပွတ်ခြင်းက အလွန်ကောင်းမွန်သော အလေ့အထ ဖြစ်ပါသည်။

စေတနာများစွာ

ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားသည်။

 

ဓာတ်ပုံ  - အင်တာနက်

 

 


No comments: