Monday, May 6, 2024

သွေးချိုဆီးချိုရောဂါနှင့်သတိပြုစရာအပူလွန်ကဲခြင်းပြဿနာ

 



သွေးချိုဆီးချိုရောဂါနှင့်သတိပြုစရာအပူလွန်ကဲခြင်းပြဿနာ

ဒေါက်တာသိင်္ဂီကျော်

သွေးချိုဆီးချိုရောဂါ ရှိသူများသည် အပူလွန်ကဲခြင်းနှင့် ဆက်စပ်သော ကျန်းမာရေးပြဿနာ များကို ရောဂါမရှိသူ များထက် ပို၍ခံစားကြရပါသည်။ နွေရာသီတွင် သွေးချိုဆီးချို ဝေဒနာရှင်များ ကြုံတွေ့ရနိုင် သည့်ပြဿနာ များကို ကာကွယ်ရန် လူနာများ၊ မိသားစုဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ အထူးသတိပြုရန် လိုအပ်ပါသည်။ နွေရာသီတွင် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင် အပူချိန်လွန်ကဲမှု ကြောင့်သွေးချိုဆီးချို ရောဂါရှိသူများတွင် သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ရန်ပို၍ ခက်ခဲတတ်ပါသည်။ ပူပြင်းသော နွေရာသီတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်မှု ပိုမိုမြင့်မားပြီး အင်ဆူလင်ကို ပိုမိုစုပ်ယူ နိုင်သောကြောင့်  hypoglycemia (သကြားဓာတ်နည်းခြင်း) ဖြစ်နိုင်ခြေ များပါသည်။ နေပူထဲတွင် ကြာကြာ ထိုင်ခြင်းသည် သွေးတွင်း သကြားဓာတ်ကို ပုံမှန်ထက်ပို၍ မြင့်တက် စေသောကြောင့် သွေးချိုဆီးချို ရောဂါကို ပိုဆိုးစေနိုင်ပါသည်။ ပူပြင်းသော ရာသီဥတုတွင် သွေးချိုဆီးချို ရောဂါ ရှိသူများသည် ပြင်းထန်သော သွေးတွင်း သကြားဓာတ် နည်းခြင်း၊ သွေးတွင်း သကြားဓာတ် များခြင်းကြောင့် အက်စစ်ဓာတ် လွန်ကဲခြင်း (Diabetic Ketoacidosis)၊ နှလုံးခုန်နှုန်း အလွန်မြန်ခြင်း (ventricular  arrhythmia) နှင့် ရုတ်တရက် နှလုံးရပ်ခြင်း (Cardiac arrest) တို့ကို ခံစားရတတ်ပါသည်။


လူ့ခန္ဓာကိုယ်သည် သဘာဝအားဖြင့် ပူပြင်းသော ရာသီဥတုတွင် ချွေးထွက်များ၍ အရေပြားပေါ်ရှိ ချွေးများအငွေ့ပျံ စေကာအပူများကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို အေးမြစေပါသည်။ အချို့သော သွေးချိုဆီးချို ရောဂါသည်များတွင် သွေးကြောများနှင့် အာရုံကြောများ ပျက်စီးပြီး ချွေးဂလင်းများ ကောင်းစွာ အလုပ်မလုပ် နိုင်သောကြောင့် ချွေးထွက်နိုင်စွမ်းကို ထိခိုက်စေပြီး ခန္ဓာကိုယ်ကို ထိထိရောက်ရောက် မအေးမြနိုင်ပါ။ ထို့ကြောင့် သွေးချိုဆီးချို ရောဂါရှိသူများသည် ရောဂါမရှိသူများထက် အပူဓာတ်ကြောင့် ပင်ပန်းနွမ်းနယ်နိုင်ခြေ ပိုများသည်။

ရာသီဥတုပူပြင်းချိန်တွင် သွေးချိုဆီးချိုရောဂါ ရှိသူများအနေဖြင့် အလယ်အလတ် လှုပ်ရှားမှုပြုလုပ်မှု သည်ကပင် ချွေးထွက်များစေကာ ရေဓာတ်ခန်းခြောက် လာပြီး သွေးတွင်းဂလူးကို့စ် ပမာဏကိုမြင့်တက် စေသည်။ ထို့အပြင်သွေးချိုဆီးချို ရောဂါရှိသူများသည် ရေဓာတ်ခန်းခြောက်ခြင်းနှင့် ခန္ဓာကိုယ်မှရေများ အလွန်အကျွံ ဆုံးရှုံးခြင်းသည် အပူလွန်ကဲသော အခါတွင်ပို၍ လျင်မြန်သည်။ အရေးပေါ် အခြေအနေများဖြစ်သည့် အသက်အန္တရာယ် ဖြစ်စေနိုင်သော အပူကြောင့် ပင်ပန်းနွမ်းနယ်မှု (Heat Exhaustion)  နှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat stroke) တို့ကိုဖြစ်ပေါ် စေနိုင်သည်။

 အပူမြင့်တက် နေချိန်တွင်ရေ အလုံအလောက် မသောက်ပါက သွေးတွင်းဂလူးကို့စ်ကို မြင့်တက်စေပြီး သွေးတွင်းဂလူးကို့စ် မြင့်မားခြင်းကြောင့်လည်း တဖန်ဆီးသွားခြင်းကို ပိုများစေနိုင်၍ ရေဓာတ်ခန်းခြောက် စေနိုင်ပါသည်။ မြင့်မားသော အပူချိန်သည် ခန္ဓာကိုယ်မှ အင်ဆူလင် အသုံးပြုပုံကို ပြောင်းလဲစေနိုင်သည်။ သွေးချိုဆီးချိုရောဂါ ကုသရာ၌ အသုံးပြုသည့် ထိုးဆေး အင်ဆူလင်ကို ဆေးထိုးသည့် နေရာမှပိုမိုလျင်မြန်စွာ စုပ်ယူနိုင်၍ သွေးတွင်းသကြားဓာတ် နည်းခြင်းဖြစ်တတ် ပါသည်။ ထို့ကြောင့် သွေးတွင်း ဂလူးကို့စ်ကို မကြာခဏ စစ်ဆေးပြီး လိုအပ်သည့် အင်ဆူလင်ပမာဏနှင့် စားသောက်သည့် ပမာဏတို့ကို ချိန်ညှိရန် လိုအပ်နိုင်ပါသည်။

သွေးချိုဆီးချိုရောဂါ ရှိသူများအနေဖြင့် နွေရာသီတွင် အပူလွန်ကဲခြင်းကြောင့် ဖြစ်သော ပြဿနာများကို ကာကွယ်ရန်-

၁။ ပူပြင်းသောရာ သီဥတုတွင် ရေသို့မဟုတ် သကြားမပါသော အရည်များများ သောက်ပါ၊ ရေငတ်တဲ့အထိ မစောင့်ပါနဲ့။ ကော်ဖီ၊ကယ်လိုရီနှင့် ကဖိန်းဓာတ်ပါသော ဖျော်ရည်များ၊ အရက်နှင့် ဘီယာများသည် ရေဓာတ်ဆုံးရှုံးစေပြီး သွေးတွင်း ဂလူးကို့စ် ပမာဏကို မြင့်တက်စေနိုင် သဖြင့် ရှောင်ကြဉ်ပါ။

၂။ ပူပြင်းသော ရာသီဥတုတွင် လူများသည် သွေးတွင်းဂလူးကို့စ် နည်းခြင်းနှင့် မြင့်တက်ခြင်း နှစ်မျိုးလုံး ဖြစ်နိုင်ခြေရှိပြီး၊ ၄င်းဖြစ်စဉ်သည် အသက်အန္တရာယ် ရှိသဖြင့်  သွေးတွင်း သကြားဓာတ်ကို မကြာခဏ စစ်ဆေးရန်နှင့် လိုအပ်ပါက အရေးပေါ်ကုသမှု ခံယူရန် အရေးကြီးပါသည်။ ကိုယ်လက် လှုပ်ရှားမှုသည် အများအားဖြင့် အင်ဆူလင် လိုအပ်မှု လျော့နည်းနိုင်ခြေ ရှိသဖြင့်မလှုပ်ရှားမီ အချိန်နှင့် လှုပ်ရှားပြီးနောက် သွေးတွင်းဂလူးကို့စ်ကို စစ်ဆေးပါ။ အသုံးပြုသည့် အင်ဆူလင်ပမာဏကို လိုအပ်သလိုချိန်ညှိ နိုင်စေရန်ဆရာဝန်နှင့် ပြရန်လိုအပ်ပါသည်။

၃။လေ့ကျင့်ခန်း လုပ်ခြင်းသည် သွေးချိုဆီးချိုရောဂါ ရှိသူများတွင် သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်း၏ အရေးကြီးသော ကုသမှုတစ်ခု ဖြစ်သော်လည်း ပူပြင်းသော နေ့ရက်များတွင် ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်းကို ရှောင်ကျဉ်ပါ။ နံနက်စောစော သို့မဟုတ် နေဝင်သည်နှင့် လေ့ကျင့်ခန်းလုပ်ပါ သို့မဟုတ် လေအေးပေးစက် တပ်ထားသော Gym မှာ လေ့ကျင့်ခန်းလုပ်ပါ။

၎။ပေါ့ပေါ့ပါးပါးနှင့် အရောင်ဖျော့ဖျော့ အဝတ်အစားများကို ပွပွနှင့် ချောင်ချောင် ဝတ်ဆင်ပါ။

၇။နေလောင်ခြင်းသည် သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေနိုင်သဖြင့် အပြင်ထွက်ချိန်တွင် နေရောင်ကာခရင်မ် လိမ်းပါ။ ဦးထုပ်ဆောင်းပါ။

၅။ အာရုံကြောရောဂါ ရှိနေပါက ပူသောမြေပေါ်တွင် ခြေထောက်များ ပူလောင်သည်ကို သတိမထားမိ နိုင်သောကြောင့် ဖိနပ်ကို အမြဲဝတ်ဆင်ပါ။

၆။အပူချိန်မြင့်မား နေချိန်တွင် တတ်နိုင်သမျှ အပြင်မထွက်ပဲ အေးမြပြီး အရိပ်ရသည့်နေရာ၊ လေဝင်လေထွက် ကောင်းသောနေရာ တွင်အနားယူပါ။ အလွန်မြင့်မားသော အပူရှိန်တွင် လေအေးပေးစက် သုံးပါ။

၇။သွေးတွင်းသကြားဓာတ် နည်းခြင်း၏ သတိပေးလက္ခဏာ များကိုသတိထားပါ။ အပူလွန်ကဲခြင်း၏ လက္ခဏာအချို့သည် သွေးတွင်း သကြားဓာတ်နည်းခြင်း သို့မဟုတ် hypoglycemia နှင့် ဆင်တူသည်။ ချွေးထွက်ခြင်း၊ ခေါင်းမူးခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ ဆာလောင်ခြင်း၊ ကတုန်ကယင် ဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း တို့ပါဝင်သည်။ သွေးတွင်းသကြားဓာတ် ကိုမြှင့်တင်ရန် လိုအပ်ချိန်တွင် စားရန်မုန့်များ၊ အချိုရည်များနှင့် ဂလူးကို့စ်ဆေးပြား များကို အမြဲဆောင်ထားရန် လိုအပ်ပါသည်။

၈။ အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်နှင့် အထက်မြင့်တက်ပြီး အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများ ခံစားရလျှင် နီးစပ်ရာ ဆေးရုံဆေးခန်းများမှာ ပြသကုသမှုခံယူရန် လိုအပ်ပါသည်။ အပူဒဏ်ကြောင့် သတိလစ်ခြင်း ဖြစ်နိုင်သည့် လက္ခဏာများ ခံစားနေရသည်ဟု သံသယရှိလျှင် အပူချိန်အမြန် ကျစေရန် ယက်ခပ်ခြင်း (သိုမဟုတ်) ပန်ကာဖွင့်ပေးပါ။ ရေအေးဝတ်ဖြင့် နဖူး၊ လည်ပင်း၊ ဒူးခေါက်ကွေး၊ ချိုင်းကြားနှင့် ပေါင်ခြံနေရာများကို ရေပတ်တိုက် ပေးရပါမယ်။ ရေချိုးလို့ရလျှင် ရေချိုးပေးပါ။ ထို့နောက် ဆေးရုံဆေးခန်းသို့ အချိန်မှီပို့ရန် လိုအပ်ပါသည်။

၉။ ပူပြင်းသော ရာသီဥတုတွင် အင်ဆူလင်ကို အခန်းအပူချိန်ထက် မကျော်လွန်စေရန် ရေခဲသေတ္တာ ထဲတွင် သိမ်းဆည်းခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ခရီးသွားလျှင် အင်ဆူလင်ကို အအေးခံအိတ်ထဲ ထည့်၍ သယ်ဆောင်ပါ။ အင်ဆူလင်ကို နေရောင်ခြည် တိုက်ရိုက်မထိအောင် ထားပါ။ မြင့်မားသော နွေရာသီအပူချိန်သည် ဆီးချိုရောဂါ ကုသဆေးများ၊ ဂလူးကို့စ်မီတာနှင့် ဆီးချိုစမ်းသပ်သည့် ပစ္စည်းများကို ထိခိုက်စေနိုင်သည်။ ဆေးများကို အေး၍ ခြောက်သွေ့သော နေရာတွင် မှန်ကန်စွာ သိမ်းဆည်းပါ။

၁၀။အပူလွန်ကဲခြင်း၊ သွေးချိုဆီးချိုနှင့် အခြားရောဂါများ ဆိုင်ရာ အရေးပေါ် အခြေအနေများကို စောစီးစွာသိရှိနိုင် စေရန်မိသားစုဝင်များမှ အထူးဂရုပြု စောင့်ကြည့်ပေးရန် လိုအပ်ပါသည်။

ဤအကြံပြုချက် များသည် သွေးချိုဆီးချိုနှင့် အခြားရောဂါအခံ ရှိသူများ အနေဖြင့် နွေရာသီတွင် အပူလွန်ကဲခြင်း ကြောင့်ဖြစ်တတ်သော ကျန်းမာရေး ပြဿနာများကို ကြိုတင်ကာကွယ် နိုင်စေရန် ရည်ရွယ်ပါသည်။

Photo - Internet

 

 


No comments: