Thursday, June 27, 2024

မိုးရာသီဓာတ်စာ

 



 မိုးရာသီဓာတ်စာ

မုတ်သုံရာသီနှင့် အတူ အအေးမိနှာစေး ချောင်းဆိုးရောဂါများ၊ ရာသီတုပ်ကွေး ရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ၊ ဌက်ဖျားရောဂါ၊ အရေပြားရောဂါ စသည့် ကူးစက်ရောဂါများ ဖြစ်လာနိုင်သည်။ ထို့ပြင် အစာအဆိပ်သင့်ခြင်း၊ ၀မ်းပျက်ဝမ်းလျောခြင်း၊ အစာအိမ် နှင့် အူများရောင်ရမ်းခြင်း တို့လည်းဖြစ်လာ နိုင်ပါသည်။


ရှေးလူကြီးများ လက်ထက်တွင် မိုးရာသီဓာတ်စာ အဖြစ်ပျားရည်၊ ထန်းလျက်ရည်၊ သံပုရာရည် ဤသုံးမျိုးကို တစ်ကျပ် သားစီဆတူ ရော၍ ၀ါဆိုလပြည့်ကျော် တစ်ရက်နေမှစပြီး သုံးရက်တိတိ တစ်နေလျှင် ဆေးတဖုံကုန်အောင် စားလေ့ရှိကြသည်။ ၄င်းဓာတ်စာက မိုးတွင်းရာသီ တစ်ခုလုံး မည်သည့်ရောဂါမျှ မဖြစ်လာနိုင်ဟု ဆိုသည်။ ထို့ကြောင့် သင့်မိသားစု ကျန်းမာရေးအတွက် မိုးရာသီမှာ ဆောင်ရန်ရှောင်ရန် အစားအစာလေးများကို အောက်ပါအတိုင်း အကြံပြုလိုက်ရ ပါသည်။

·         ဆီဖြင့်ကြွပ်ကြွပ်ကြော် ထားသော အစားများက အစာကျေညက်စေရန် ခက်ခဲပြီး အစာချေစံနစ်ကိုပါ ပြဿနာဖြစ်စေ နိုင်သည်။ ထို့ကြောင့် ချမ်းအေးသော မိုးရာသီတွင် ဆီပါဝင်မှုနည်းသော အစားအစာမျိုးကိုသာ ရွေးချယ် စားသောက်သင့်သည်။

·         ကြက်ဟင်းခါးသီး၊ ကင်းပုံခါးသီး၊ ခွေးတောက်ရွက် ကဲ့သို့ခါးသော ဟင်းသီးဟင်းရွက် တွေက ပြင်ပရောဂါပိုးများ ကူးစက်ခြင်းမှ ကာကွယ်ပေး နိုင်သည်။

·         မည်သည့် အစားအစာမဆို လတ်လတ်ဆတ်ဆတ် စားသုံးပါ။

·         အငန်ဓာတ်က ခန္ဓာကိုယ်ထဲရှိ အရည်ဓာတ်ကို ချုပ်တည်း စေနိုင်သည်။ ထို့ကြောင့် ဆား(အငန်) လျော့စားပါ။

·         ကွေကာအုတ်က မိုးရာသီအတွက် ဆေးဖက်ဝင်သော ဓာတ်စာတစ်မျိုး ဖြစ်သည်။

·         မိုးရာသီအတွက် အသင့်တော်ဆုံး ဆီအမျိုးအစားမှာ သံလွင်ဆီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သံလွင်ဆီက စေးပျစ်ခဲခြင်း မရှိဘဲ အစာကြေညက် လွယ်သည်။

·         အထူးသဖြင့် မိုးအေးလွန်းသည့် နေ့များမှာ ညစာစားပါက ပျော့သောကျေညက်လွယ်သော ဟင်းလျာမျိုးကိုသာ စီမံချက်ပြုတ်၍ စားသုံးပါ။

·         ကြက်သွန်ဖြူ၊ဂျင်း၊ ငရုပ်ကောင်း၊ ဇီရာ၊ နံနံပင်၊ နံနံစေ့၊ နနွင်း စသည့် ဟင်းခတ် အမွှေးအကြိုင်များက မုတ်သုံရာသီအတွက် သက်စောင့်ဆေး ဖြစ်သည်။

·         အစာအစာများကို ပူပူနွေးနွေး သုံးဆောင်နိုင်က အကောင်းဆုံးဖြစ်သည်။

·         ဟင်းသီးဟင်းရွက် များကို ချက်ပြုတ်ပြီးသည့် အခါ အပူပေး၍ စားနိုင်ပါက အကောင်းဆုံး ဖြစ်သည်။

·         မိုးရာသီ၌ အစာစားပြီးနောက် ၀မ်းဗိုက်ထဲ မအီမသာ ခံစားရပါက အုန်းရည် သောက်ပါ။

·         အအေးမိ၊ တုပ်ကွေးနှာစေး ခြင်းမှ ကြိုတင်ကာကွယ် သည့်အနေဖြင့် ဗီတာမင်စီဓာတ် ကြွယ်ဝသော ဂေါ်ဖီကို စွပ်ပြုတ်လုပ်၍ မကြာခဏ စားပေးပါ။ (ဗီတာမင်စီ ဆေးပြားလေးကို ဖြည့်စွက်စာ အဖြစ် မှီဝဲနိုင်သည်)

·         မိုးရာသီ ဖြစ်သော်လည်း ရေအလုံအလောက် သောက်ဖိုလိုအပ်သည်။ မုတ်သုံရာသီတွင် ဖြစ်တတ်သော ရာသီတုပ်ကွေး ဖျားနာများသည် ကိုယ်အပူချိန် မြင့်တက်လွန်းခြင်း၊ ၀မ်းပျက်ဝမ်းလျော ၍ ခန္ဓာကိုယ်တွင်း ရေဓာတ် ခမ်းခြောက်ခြင်း များ ဖြစ်နိုင်သဖြင့် ကြိုတင်ကာကွယ် သည့်အနေဖြင့် ရေများများ သောက်ပေးသင့်သည်။ အကယ်၍ ရေဘုံဘိုင်မှ ရသော ရေဖြစ်ပါက ဦးစွာ ရေကိုကြိုချက်ပြီး မှသာ အအေးခံ၍ သောက်ပါ။

·         အအေးမိသူများ တွင် နှာခေါင်းနှင့် လည်ချောင်း ရှင်းစေရန်အတွက် လ္ဘက်ရည်ကြမ်း (ရေနွေး)ကိုသာ သောက် သုံးသင့်သည်။

·         အအေးမိခြင်း နှင့် လည်ချောင်းနာခြင်း တိုအတွက် ဂျင်းအနည်းငယ် ကိုထောင်းပြီး ရေနွေးပူမှာ တစ်မိနစ်ခန့် ဆူအောင်ပြုတ်၍ တစ်နေ့ နှစ်ခွက် သောက်ပါ။

·         ကိုယ်ခံစွမ်းအား ကောင်းမွန်၍ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး စသည့် ကူးစက်ဝေဒနာ ရာသီဖျားမှ ကြိုတင်ကာကွယ် သည့်အနေဖြင့် ကြက်သား သိုမဟုတ် ကြက်ရိုးကို  ကြက်သွန်ဖြူ၊ ချင်းတို့ဖြင့် စွပ်ပြုတ်ပူပူ သောက်ပါ။

·         အအေးမိ၍ လည်ချောင်းနာ အသံဝင်ခြင်း တို့အတွက် နွားနို့ ပန်းကန်လုံးထဲသို့ ပျားရည် နှင့် နနွင်းမှုန့်တို့ကို လ္ဘက်ရည်ဇွန်း တစ်ဝက်ခန့် စီရော၍ တစ်နေနှစ်ကြိမ်သောက်ပါ။

·         ၀မ်းလျောဝမ်းပျက် ပါက ရေဓာတ် ခမ်းခြောက်ခြင်းမှ ကာကွယ်နိုင်ရန် အတွက် ဓာတ်ဆားရည် တစ်ခုခု သောက် ပါ။ ဓာတ်ဆားရည် အလွယ်တကူ မရပါက ရေကျက်အေး လေးခွက်၌ သကြား လက်ဖက်ရည်ဇွန်း ရှစ်ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ဖျော်ပြီးသောက်ပါ။

·         မိုးမိလာပြီးနောက် ချမ်းစိမ့်စိမ့် ဖြစ်လာပါက ချင်း(ဂျင်း) ပါးပါး ၇လွှာနှင့် ထန်းလျက် အညိုသုံးခဲတို့ကို ရေ သုံးခွက် တစ်ခွက်တင် ကြို၍ နံက်၊ ည တစ်ခွက်စီ သောက်ပါ။

·         ဒိန်ချဉ် တစ်ဖန်ခွက်ထဲသို ကြံသကာကို ထောင်းထု၍ ဖျော်ထဲ့ပါ၊ ၄င်းဖျော်ရည်ထဲကို ငရုပ်ကောင်းမှုန် နှင့် ဆား အနည်းငယ်ထဲ့၍ နံက်တိုင်း အိပ်ယာထမှာ စားပေးပါ။ ဤဆေးဖျော်ရည်က မိုးဥတုတွင် သာမက ဆောင်းဥတု များတွင်ပါ ဖြစ်လေ့ရှိသော နှာစေးရောဂါကို သုံးရက်အတွင်း သက်သာ ပျောက်ကင်းသွား စေသည်။ (ကြံသကာ အဟောင်းရနိုင်လျှင် ပိုကောင်းပါသည်)

မိုးရာသီအတွက် ရှောင်ရန်အစားအစာများ

ကျန်းမာရေးနှင့် မညီညွတ်သော လမ်းဘေး အစားအစာများနှင့် ယင်နားစာများက ၀မ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်စေနိုင်သည့် အပြင် အစာအဆိပ်သင့် ခြင်းပါ ဖြစ်လာနိုင်၍ ၄င်းအစားအစာ များကို ရှောင်ပါ။

·         ၀မ်းလျောဝမ်းပျက် အန္တရာယ် ကြိုတင်ကာကွယ် သည့်အနေဖြင့် အမှည့်လွန် သစ်သီးများကို ရှောင်ပါ။

·         ယင်အန္တရာယ် မဖြစ်စေရန်အတွက် သစ်သီးမှည့် အခွံများ (ဥပမာမိုးရာသီ သီးနှံများ ဖြစ်ကြသည့် သရက်သီး၊ ဒူးရင်းသီး၊ နာနတ်သီးအခွံများ) ကိုအမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။

·         လွန်စွာချဉ်သော အစားအစာများက ခန္ဓာကိုယ်တွင်း အရည်ဓာတ်နှင့် ဆီးတို့ကို ချုပ်စေတတ်သည်။

·         ဖရဲသီး ကဲ့သို့သော အရည်ရွှမ်းသော အသီးများကို မိုးရာသီမှာ မစားသင့်ပေ။ အစာမကျေ ရင်ပြည့်ရင်ကယ် ဖြစ်စေတတ်သည်။

·         မုန်ညင်းဆီ၊ ပဲဆီ၊ နှမ်းဆီတွေက ချမ်းအေးသော ရာသီမှာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေနိုင်၍ ၄င်းဆီများကို မုတ်သုံရာသီတွင် ရှောင်ရှားသင့်သည်။

·         မုတ်သုန်ရာသီမှာ အဆီဓာတ်ပါဝင်မှု များသော နို့ နှင့် နို့ထွက်ပစ္စည်း များကို မစားသင့်ပေ။ ၄င်းတိုက အစာချေစံနစ်ကို ခက်ခဲစေကာ အစာချေလမ်းကြောင်း အတွင်း ရောဂါပိုးမွှားများ ပေါက်ပွားလာစေ တတ်သည်။

·         အေးခဲထားသော အစားအစာများ ထဲတွင် ဘက်တီးရီးယားများ တိုးပွားလာ စေနိုင်သဖြင့် ရေခဲသေတ္တာ ထဲမှာ ပြန်လည်အေးခဲ၍ မစားသင့်ပေ။ အခန့်မသင့်ပါက အစာအဆိပ် ဖြစ်စေနိုင်သည်။

·         မိုးရာသီတွင် မချက်ပြုတ်ဘဲ အစိမ်းစားရသော ဟင်းရွက်စိမ်း အသုပ်များကို အတတ်နိုင်ဆုံး ရှောင်ပါ။ သို့မဟုတ် ပါက သေသေချာချာ ဆေးကြောသန်စင်ပါ။

အချုပ်ဆိုသော် မုတ်သုံရာသီဥတု ကူးပြောင်းခါစမှာ အအေးမိနှာစေးချောင်းဆိုး စသည့်ကူးစက် ရာသီဖျားများ ဖြစ်လေ့ရှိသဖြင့် မိမိတို့အိမ်မှာ ဖျားနာကိုက်ခဲ ပျောက်ဆေးပြားလေး အရံသင့် ဆောင်ထားသင့် ပါသည်။ မိုးရေစက်တွင် ပါလာလေ့ရှိသော သဘာဝအက်ဆစ်ပျော့ များနှင့် စိုထိုင်းထိုင်း ထိတွေ့မှုကလည်း အသားအရေနှင့် ဆံသားတွေကို ပျက်စီးစေတတ် ည်။ ထို့ကြောင့် မိုးမိလာသော အခါ ရေခပ်နွေးနွေးဖြင့် ရေချိုးပါ။ မှိုပိုးမွှား အန္တရာယ်မှ ကားကွယ်ပေးနိုင်သည့် ကာဘော်လိပ် သိုမဟုတ် ဒတ်တောလ် ခေါ် ပိုးသေစေနိုင်သော ကိုယ်တိုက် ဆပ်ပြာမျိုး တွေသုံးပါ။ အနံအသက် ကောင်းပြီး သန့်ရှင်း ခြောက်သွေသည့် မျက်နှာသုပ်ပုဝါ သုံးပါ။ ရေချိုးပြီးသော အခါတွင်လည်း လိုအပ်ပါက ယားနာပျောက် ကိုယ်လိမ်းပေါင်ဒါ သို့မဟုတ် ကရင်မ်လိမ်းပေးပါ။ မိုးရေထဲမှာ ပျော်ဝင်နေသော အက်ဆစ်ပျော့က အသားအရေကို ခြောက်သွေ့ ယားယံစေသဖြင့် ညအိပ်ယာဝင်ခါနီး အသားလှဆီ သို့မဟုတ် ရေဓာတ်များသော ညလိမ်း မျက်နှာလိမ်းကရင်မ် ကို လိမ်းအိပ်သင့် ပါသည်

မိုးရာသီ လေထုစိုထိုင်းမှု တွေကြောင့် ၀က်ခြံပိုမို ပွားလာစေတတ်သည်။ ထို့ကြောင့် ဗီတာမင်စီကို အခြေခံ၍ ဖော်စပ် ထုတ်လုပ်ထားသော မျက်နှာသစ် ဆပ်ပြာကို ရွေးချယ်သုံးသင့်သည်။ မိုးရေထဲရှိ သဘာဝ အက်ဆစ်ပျော့ ဓာတုပစ္စည်းက ဆံသားတွေကို ခြောက်သွေ့ပျက်စီး စေနိုင်၍၊ အိမ်ပြန် ရောက်ရောက်ချင်း ရေစိုနေသော ဆံပင်ကို သုံးနေကျ ရှမ်ပူ(shampoo) ဖြင့် ခေါင်းလျှော်ပါ သိုမဟုတ် မျက်နှာသုပ်ပုဝါ သန့်သန့်ငြ့် မိုးရေတွေ ကုန်စင်ခြောက်သွေ့ အောင်သုပ်ပါ။ အမျိုးသမီးများ အနေဖြင့် မိုးရေ ကြောင့် အလှမပြယ် ရလေအောင် ရေစိုခံမိတ်ကပ်၊ ရေစိုခံပေါင်ဒါ သို့မဟုတ် ကရင်မ်ပပ်ဖ်၊ ရေစိုခံနှုတ်ခမ်း ဆိုးဆေး၊ ရေစိုခံအိုင်းလိုင်နာ လေးတွေရွေးသုံး ပေးခြင်းဖြင့်လည်း မိုးရာသီအတွင်း ကျန်းမာလှပစွာ နေထိုင်နိုင်ကြ ပါစေကြောင်း အကြံပြုလိုက်ရ ပါသည်။

စေတနာများစွာ

ဆောင်းပါးရှင်ပေါက်ပေါက်ရေးသားသည်


No comments: