Monday, April 21, 2008

ကျွန်တော်ကျောင်းသားဘ၀ (၇)

(၅)တန်းကျောင်းသားဘ၀ ကျောင်းတက်တော့ အဖေတာဝန်ကျရာ တာချီလိတ်မြို့မှာ တက်ဖြစ်တယ်။ တာချီလိတ်မြို့ရဲ့ တစ်ခုတည်းသော အထက်တန်းကျောင်းမှာပါ။ ၀န်ထမ်းဘ၀ဆိုတော့ ကိုယ့်ကိုယ်ကို မပိုင်တော့ဘူးလေ။ ကိုယ်လုပ်ချင်တဲ့အရာ၊ ကိုယ်နေချင်တဲ့နေရာ ဆိုတာတွေဦးစားပေးလို့ မရတော့ဘူး .. .. ။ သွား … ဂျောင်း … ရောက်ပြီပဲ။ ကျောင်းတွေကျောင်းတွေ အများကြီး ပြောင်းနေခဲ့ဖူးပါတယ်။ အခုပြောမဲ့ ကျောင်းကတော့ အင်း …
တော်တော်လေး အခြေအနေဆိုးပါတယ်။ အဲဒီအချိန်က မှောင်ခိုခေတ် ကြီးလေ တာချီလိတ်-ကျိုင်းတုံ၊ တာချီလိတ်-ဟဲဟိုး၊ တာချီလိတ်-ရန်ကုန် လေယာဉ်ခရီးစဉ်တွေမှာ “ဆမာ” လို့ခေါ်တဲ့ မှောင်ခိုပစ္စည်း ပို့တဲ့ အလုပ်ကလူတိုင်းကို ကြီးစိုးထားတယ်။ အထူးသဖြင့် လစာနည်း ၀န်ထမ်းတွေအတွက် အချိန်ပိုအလုပ်ဖြစ်ခဲ့တယ်။ အချိန်မပိုလည်း အလုပ်ချိန်ထဲမှာ လုပ်ဖြစ်ကြတယ်။ ၀န်ထမ်းဆိုတော့ လေယာဉ်နေရာ အတွက် သိပ်မခက်လှပါဘူး။ အကြောင်းပြပြီး လစ်ပြီး မှောင်ခိုလုပ်နေ ကြတာပါ။


ကျောင်းတက်တော့ အတန်းပိုင်ကမရှိ။ ခရီးထွက်နေတယ်။ ဝေလေလေနဲ့ တစ်လလောက်ကြာတယ်။ ကျိုင်းတုံမှာ သောင်တင်နေ တယ်တဲ့။ လေယာဉ်လက်မှတ်မရတော့ ကားလမ်းနဲ့ ပြန်လာရတယ် လို့ပြောတယ်။ ၀န်ထမ်းဆိုတော့ အရပ်ယာဉ်နဲ့မပြန်ဘူး။ ကောင်ဘွိုင် လို့ခေါ်တဲ့ အစိုးရယာဉ်တန်းနဲ့လိုက်ဖို့ အကြာကြီး စောင့်ရတာပဲ ဖြစ်တယ်။ ဒါကျွန်တော်တို့ အရှေ့ပိုင်းရှမ်းပြည်ရဲ့ လမ်းပန်းဆက်သွယ် ရေးစနစ်ပါ။ တာချီလိတ်-ကျိုင်းတုံ ကားလမ်းမိုင် ၁၀၁ မိုင်ကို နှစ်ညအိပ် သုံးရက် သွား/လာနေရတယ်။ ကားပျက်လို့ လမ်းလျှောက် ရတဲ့ ခရီးကလည်း မနည်းပါဘူး။ ကားနဲ့ဝန် မမျှတော့ ကားဒစ်ဝီးကွဲ၊ ကလောင်းကျွေ၊ ရှပ်ကြိုး၊ ဒီဒုက္ခတွေက ကျိုင်းတုံ-တာချီလိတ် ခရီးသည်တွေ အတွက် ထမင်းစား ရေသောက် အလုပ်တွေပါ။ ကားပျက်ရင်လမ်းလျှောက်၊ နီးစပ်ရာရွာမှာ ယမ်ယမ်ဝယ်ကြိုသောက်၊ ပြောင်းဖူးပြုတ်စားပေါ့။


စာသင်တော့လည်း ကြုံခဲ့ဖူးသမျှ ဆရာတွေထဲမှာ တော်တော်လေးကို နိမ့်ပါတယ်။ အဲဒီခေတ် အင်္ဂလိပ်စာကို ၅ တန်းရောက်မှ သင်ရတာ ဖြစ်တဲ့အတွက် ကျွန်တော့်မှာ အခက်အခဲတွေနဲ့ပါ။ ဒါနဲ့ အဖေ ကျူရှင် တော့တက်ရလိမ့်မယ်။ ကျွန်တော်စာတွေ မလိုက်နိုင်တာမဟုတ်ဘူး။ နားမလည်နိုင်လွန်းလို့ အဖေ့ကို ပူဆာတာပါ။ အဖေက အိုကေဆိုပြီး အတန်းပိုင်ဆီသွား၊ ကျူရှင်သင်ပေးဖို့ခယ၊ ၀န်ထမ်းချင်းခြေမြင်တော့ လက်ဆောင်ထုတ်လည်းပါတာပေါ့။ ဒီလိုနဲ့ ကျူရှင်တက်ပေါ့ ။ အားပါး အိမ်မှာသင်တဲ့ကျူရှင်က လွတ်ကောင်းဗျာ၊ နှစ်ခါတောင်ပြန်မမေးရဘူး၊ ရှင်းကနဲ လင်းကနဲ ကွက်တိပဲ။ ဒါနဲ့ ကျောင်းထက် ကျူရှင်ကို အားကိုး ခဲ့ရတယ်။ ဒါက ကျွန်တော်တို့ အရှေ့ပိုင်းရှမ်းပြည်ရဲ့ ပညာရေးစနစ် တစ်စိတ်တစ်ပိုင်းပါ။


ဆက်ရေးပါအုံးမယ်…

No comments: