Wednesday, April 23, 2008

ကျွန်တော်ကျောင်းသားဘ၀ (၉)



ကျွန်တော့်မွေးရပ် ကျိုင်းတုံလိုပါပဲ နယ်စပ်မြို့ကလေး တာချီလိတ်လဲ လျှပ်စစ်မီး မရရှာဘူး။ ယိုးဒယားကလာတဲ့ ၅၀ ချောင်းပါ အ၀ါရောင် ဖယောင်းတိုင် တွေနဲ့ပဲ နှစ်ပါးသွားရတယ်။ ဟိုဘက် မယ်ဆိုင်မြို့လေးကို လှမ်းမျှော်ကြည့်လိုက်တော့ နီယွန်မီးတွေ၊ မာကျူရီ မီးတွေ၊ လမ်းဘေး၊ လမ်းလယ်မီးလုံးတွေ၊ တိုက်တွေက နေလျှံထွက်လာတဲ့ မီးရောင်တွေက မယ်ဆိုင်တစ်မြို့လုံးကို လေးလမ်းသွား နိုင်လွန်ကတ္တရာ လမ်းမကြီးနဲ့အတူ ထိန်ထိန်ညီးနေစေတယ်။ ညနေခင်းဆို သူငယ်ချင်းတွေနဲ့ မယ်ဆိုင်ချောင်းတံတားပေါ်ကလက်ရန်းကိုမှီ နီယွန်မီးတွေအောက်မှာ အမြဲအချိန်ဖြုန်းနေကျပါ။ တာချီလိတ်မြို့ထဲက ကတ္တရာလမ်းပေါ် ချိုင့်ခွက်တွေကို သတိထားရှောင်ရှားရင်း အိမ်အပြန်လမ်းမှာ သိမ်ငယ်တဲ့စိတ်တွေ ခဏခဏ ၀င်မိတယ်။


တစ်နေ့ ဟိုဘက်ကမ်းမှာ အဖေနဲ့ရုပ်ရှင်သွားကြည့်တယ်။ ပလက်တွန် ဖြစ်မယ်။ ဗီယက်နမ်စစ် နောက်ခံစစ်ကားပါ။ အနိမ့်ဆုံးက ၁၆ ဘတ် ပေးရတယ်။ လူကြီး ၁၆ ဘတ်၊ ကလေး၊ ဆိုက္ကားသမား၊ ဘုန်းကြီး တွေကိုတော့ တစ်ဝက်နှုန်းပါ။ ကျွန်တော်က ၈ ဘတ်ပေးရတယ်။ သူတို့ဆီက ထိုင်ခုံနံပါတ်မပါဘူး။ ကြိုက်ရာနေရာထိုင်ပဲ။ စပြတော့ ယိုးဒယားဘုရင် ဓာတ်ပုံနဲ့ ယိုးဒယားနိုင်ငံတော် သီချင်းဖွင့်တယ်။ ရုပ်ရှင်က မူရင်းအင်္ဂလိပ် အသံထွက်မဟုတ်ဘဲ ယိုးဒယားအသံထွက်နဲ့ ဘာသာပြန်ထားတယ်။ ကြည့်ရတာ တစ်မျိုးလိုနေသလိုပါပဲ။ မယ်ဆိုင်မှာ ရုပ်ရှင်ရုံ(၂)ရုံရှိတယ်။ ယိုးဒယားဇာတ်ကားတွေ သီးသန့်ပြ တဲ့ရုံနဲ့ နိုင်ငံခြားဇာတ်လမ်းတွေပြတဲ့ရုံပါ။ နိုင်ငံခြားဇာတ်လမ်းပြတဲ့ ရုံက စပြတဲ့ ပထမရက်တစ်ရက်တည်း မူရင်းအသံထွက်ဖြစ်တယ်။ ကျန်ရက်တွေမှာ ဘာသာပြန်ပြီး ယိုးဒယားအသံဖြစ်တယ်။


ရုပ်ရှင်ကြည့်ပြီးတော့ အနီးအနားမှာ ခေါက်ဆွဲပြုတ်ဆိုင်ဝင်စားတယ်။ တစ်ပွဲ ဘတ် ၃၀ ပါ။ နောက် စက်နဲ့ဖျော်ထားတဲ့ မြင်းခွာရွက်အအေး က တစ်ခွက် ၅ ဘတ်ပါ။ ယိုးဒယားမှာ ဟင်းချိုမှုန့်လုံးဝ စားသုံးတာ မတွေ့ရပါဘူး။ ခေါက်ဆွဲဆိုင်မှာ ဟင်းချိုမှုန့်အစား သကြားပဲပေးပါ တယ်။ ပြည်သူတွေ စားသုံးခြင်းမရှိတဲ့ ဟင်းချိုမှုန့်တွေကို နိုင်ငံခြား (မြန်မာနိုင်ငံ)ကိုအဓိက တင်ပို့တယ်။ ဆိုင်ရှင်ကို မေးကြည့်တော့ အရိုးပျော့ဆေးပါလို့ မစားကြဘူးလို့ ပြန်ပြောပြတယ်။


မယ်ဆိုင်မြို့လေးရဲ့ ရောင်းချတဲ့ဆိုင်တွေရဲ့ ဆိုင်းဘုတ် ၈၀ ရာခိုင်နှုန်းက မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ဖြစ်တယ်။ ထူးထူးခြားခြား အိန္ဒိယတိုင်းရင်းသားရောင်းတဲ့ ပါတိတ်ဆိုင်တစ်ဆိုင် ရှိပါတယ်။ ဒီမှာက အထည်အလိပ်တွေ အများဆုံးရောင်းတာ တွေ့ရတယ်။ ဈေးလည်းပေါတယ်။ အဆင်တွေလည်းလှတယ်။ တစ်ကိုက် နှစ်ကိုက်အစား မစ် နဲ့သုံးတယ်။ အလေးချိန်ကျတော့ ကီလို၊ ပေါင် အလေးချိန်သုံးပါတယ်။ သားအဖနှစ်ယောက် ပိတ်စတွေဝယ်ပြီး ခေါက်ဆွဲဆိုင်လမ်းကြားထဲက နာမည်ကြီး မိုးပြာ အပ်ချုပ်ဆိုင်မှာ တစ်ခါတည်း ၀င်အပ်တယ်။ ချုပ်ခက ready made ထက်ဈေးကြီး တယ်။ ယိုးဒယားမှာ ဈေးဝယ်ရတာက ပျော်စရာသိပ်ကောင်းတယ်။ ဘာပဲဝယ်ဝယ် လက်ဆောင်ပစ္စည်းပါတယ်။ အနည်းဆုံးတော့ ပြက္ခဒိန် ပါတယ်။ ပေးတဲ့လက်ဆောင်ဟာ ပစ္စည်းအသစ်ကြော်ငြာတာဖြစ်သလို အမြဲလာအားပေးအောင် လာဘ်ထိုးတာလဲ ဖြစ်နိုင်ပါတယ်။


ဆက်ရေးပါအုံးမယ်….

No comments: