Wednesday, April 9, 2008

ကျွန်တော်ကျောင်းသားဘ၀ (၅)

မန္တလေးကို နယ်ကအတူတူကျောင်းလာတက်တဲ့ သူငယ်ချင်းတွေ အကြော်စားချင်ရင် ရေနီမြောင်းဘေးက ဦးချစ်အကြော်ဆိုင်မှာ သွားကြတယ်။ ဆိုင်က ကုက္ကိုလ်ပင်အရိပ်အောက် မှာဆိုတော့ အပူဒဏ်ကို အတော်အတန် ကာကွယ်ပြီးဖြစ်တယ်။ မြေကြီးပေါ် သင်ဖြူးဖျာအချောကို ခင်းပြီး သင်ဖြူးဖျာပေါ်မှာ လေးယောက်ထိုင် သစ်သားစားပွဲဝိုင်းတွေ လေးဝိုင်းလောက် အစီအရီ ခင်းထားတယ်။ ရေနွေးကြမ်း အခါးရည် နဲ့အကြော် တော်တော် လိုက်ဖက်ပါတယ်။ အကြော်ဆိုင် တစ်ခါထိုင်ရင် နေ့တစ်ပိုင်းလောက်ကုန်တယ်။ ဘာရယ်မဟုတ်ပေမယ့် အဆောင်ကျောင်းသားမို့ ကိုယ့်အချိန်တွေချည်းပဲ။ လိုက်ခေါ်မယ့် အမေလည်းပါမလာဘူးလေ။ အကြော်စားလိုက်၊ ကျောင်းစာဆွေးနွေးလိုက်၊ ဖြတ်လျှောက်တွေ ငေးလိုက်၊ အကြော်ရောင်းတဲ့မိသားစုရဲ့ လှုပ်ရှားမှုတွေကိုကြည့်လိုက်နဲ့ တစ်ကဲ့အလုပ်ကြီး အကိုင်ကြီးပါပဲ။ ခဏကြာတော့ တခြားဝိုင်းက စားပြီးသား အကြော်ပန်းကန်တွေကို ဆိုင်ဘေးက ရေနီမြောင်းထဲ ထိုးဆေးလိုက်တယ်။ ပြဿနာတော့မဖြစ်သေးပါဘူး။ မန္တလေးကရေရှားတာကိုး။ ပန်းကန်ဆေးတာလောက်တော့ ရပါတယ်။ ခဏကြာတော့ ရေနွေးတည်တဲ့ခရားအိုးကို ရေဖြည့်ဖို့အတွက် အဲ… ခုနက ရေနီမြောင်းထဲက ရေကိုပဲ လှမ်းခပ်ထည့်လိုက်တာပဲ။ အဲဒီမှာတင် ပြဿနာစတော့တာပဲ။ ရေနီမြောင်းဆို အားလုံးသိတဲ့ အတိုင်းပဲ လူတကာ …. …. ….. …. လုပ်နေ၊ ပစ်နေ၊ ဆေးနေ၊ လျှော်နေတဲ့ ချောင်း၊ ချောင်းရေအရောင်က နီဝါ၀ါ၊ အနံ့က … မပြောချင်တော့ပါဘူး။ တစ်နေ့ကုန် အော်ကလီဆန် တော့တာပဲဗျာ . . . . ။

No comments: