Sunday, November 29, 2020

သမိုင်းထင်ပေါ် သာမညဖလ ပွဲတော်

 

သမိုင်းထင်ပေါ် သာမညဖလ ပွဲတော်

 


''တန်ဆောင်မုန်းတွင်း    ဆီးနှင်းတစ်ပြိက်  မိုးတစ်လိုက်'' ဟု ဆိုအပ်သော မြန်မာ့တစ်ဆယ့် နှစ်လအနက် အဋ္ဌမမြောက် တန်ဆောင်မုန်းလ သည် ထူးခြားသော လဖြစ်သည်။  ''မိုးဝသန် ကုန်ဆုံးလို့ တန်ဆောင်မုန်း ဗြိစ္ဆာ၊ ဖွားနှစ်ခုစွန်း ခါဝယ်၊ ကြတ္တိကာ ကြယ်မင်း'' ဟူသော ဦးပုည ၏ တေးထပ်အတိုင်း တန်ဆောင်မုန်း လသည် မိုးရာသီ ကုန်ဆုံးသော  ခြေခင်းလက်ခင်း သာသည့် ဆောင်းအစ လဖြစ်သည်။ ထို့ကြောင့်ပင်  ''သန်မိုးကုန်စဲ၊ နှင်းသွေးဖွဲသည်၊ ခ၀ဲပွင့်တုန်း၊  တန်ဆောင်မုန်းကား၊ မချုန်းမိုးသား၊ တိုင်ထွတ် ဖျားတွင်၊ ငါးပါးကျိုးရှိ၊ မီးပွင့်ညှိ၍၊ ပြည်ကြီး ဖွယ်ရာ၊ သဒ္ဓါအားကြိး၊ မသိုးသင်္ကန်း၊ လှူရွှင်လန်းသည်''ဟု ဦးယာ ၏ လူးတားတွင် ဖွဲ့ခဲ့ခြင်း ဖြစ်ပေသည်။


တစ်ရံရောအခါက ဤ တန်ဆောင်မုန်းလ တွင် အဇာတသတ် မင်းတရားသည် အိပ်မပျော်သော ရောဂါစွဲကပ်ခဲ့ ပေသည်။ သူ၏ မျက်လုံးတို့ကို လှံချက်ပေါင်း တစ်ရာ၊ တစ်ထောင်ဖြင့် ထိုးဆွသလို  ဝေဒနာ ကြီးမားခဲ့သည်။   ယင်းဝေဒနာ ပျောက်ကင်းအောင်   မည်သည့် ဆေးနှင့်မှ ကုစားမရ ဖြစ်နေပါသည်။ အကြောင်းမူ ဖခင်ဖြစ်သူ ဗိမ္ဗိသာရဘုရင် ကို သတ်ခဲ့မိ သောကြောင့် ဖြစ်သည်။ အဇာတသတ်မင်း သည် ရောဂါကုစားရန် အမတ်များ အကြံပေးသည့် အတိုင်း  တိတ္ထိ ဆရာကြီး ခြောက်ယောက်တို့ထံ    ရှေးဦးစွာ သွားရောက် ခဲ့သည်။   အဇာတသတ်မင်း က   သူသိလိုသော သာမညဖလ (ရဟန်းပြခြင်း၏ အကျိုး) ကို မေးသောအခါ ကျေနပ်လောက် သော အဖြေကို မရ၍ ပြန်လာခဲ့ပါသည်။ နောက်ဆုံးတွင် သမားတော်ကြီး ဇီဝက ၏ အကူအညီဖြင့် မြတ်စွာဘုရားထံ ရောက်သွား ပါသည်။ ထိုအခါမှ သူသိလိုသော သာမညဖလ အကြောင်းကို သိခွင့်ရ၍ ကျေနပ်နှစ်သိမ့် သွားပါသည်။

အဇာတသတ်မင်း မြတ်စွာဘုရားထံ အဖူးအမြော် သွားရောက်သော အချိန်မှာ တန်ဆောင်မုန်း လပြည့်နေ့  ညချမ်းအချိန်အခါ ဖြစ်သည်။ ထိုအချိန်က မြတ်စွာဘုရား သည် ရာဇဂြိဟ်ပြည် ရာဇဂြိဟ်မြို့ အနီး ဇီဝက လှထားသော သရက် ဥယျာဉ်တော်၌ သီတင်းသုံးလျက် ရှိပါသည်။ ဆရာ ဇီဝက ၏ဥယျာဉ်သည် တောင်သုံးလုံးတို့ ခြံရံလျက် ရှိ၏။    နန်းတော်မှ ဘုရားကျောင်းသို့ သွားသည့်အခါ နန်းတော်မြို့ရိုးရှိ အရှေ့ဘက် မျက်နှာတံခါးမှ ထွက်၍ အရှေ့ဘက်ရှိ တောင်ရိပ် နှင့် သစ်ပင်အရိပ် များက လူသွားလမ်းပေါ်သို့ကျရောက်ပြီး အမှောင်ဖုံး နေပါသည်။ ထို့ကြောင့်  လိုက်ပါသူ အားလုံး မီးရှူးမီးတိုင် ကိုယ်စီ ထွန်းညှိပြီး သွားကြ ရသည်။ မီးရှူးမီးတိုင်ကို ရှေးခေတ်သုံး ပေါရာဏ စကားဖြင့် တန်ဆောင် (တန်ဆောင်တိုင်) ဟု ခေါ်ဝေါ်ပါသည်။

အဇာတသတ်နှင့်  အခြွေအရံ ပရိသတ်ကြီး  တန်ဆောင်မုန်း လပြည့်နေ့ည ၌    မီးရှူးမီးတိုင် အလင်းရောင် ထွန်းညှိပြီး သွားရောက်ခဲ့ ဖူးသော ထုံးကို နှလုံးမူ၍ တန်ဆောင်မုန်း လ၌ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ကျင်းပကြပါသည်။

ဤသို့သော ရာသီသဘာဝ ရှိသည့် တန်ဆောင်မုန်းလ ၏ လပြည့်ည တစ်ညတွင် အဇာတသတ် မင်းသည်  မှးမတ်ဗိုလ်ပါ စုံလင်စွာ ညီလာခံ သဘင် ဆင်ယင်နေပါသည်။  ဆီးနှင်းမြတိမ် သူရိန်မီးခိုး    ညစ်မျိုးငါးဝ ကင်းစင်ပလျက် သာယာကြည်နူးဖွယ် တန်ဆောင်မုန်း လပြည့်နေ့ ည၏အလှ ပသာဒကို ကြည့်၍ အဇာတသတ် မင်းက မွေ့လျော်ဖွယ် ကောင်းသော ညပါတကား၊ အလွန်လှပသော ညပါတကား၊ ရှုဖွယ်ကောင်းသော ညပါတကား၊ ကြည်လင် ရွှန်းပသော ညပါတကား၊ မေ့မရနိုင်သော ညပါတကား ဟု ကျူးရင့် လိုက်ပါသည်။ အဇာတသတ်မင်း သည် ဖခင်ကို သတ်မိသော အကုသိုလ် ကံကြောင့်  အလွန် သာယာ ကြည်နူးဖွယ် တန်ဆောင်မုန်း လပြည့်ည တွင် မကြည်နူး မချမ်းမြေ့ နိုင်ဘဲ အိပ်စက်မရ အောင် စိတ်ဒုက္ခခံစား နေရပါသည်။ သမားတော်ကြီး ဇီဝက ကျေးဇူးကြောင့်သာ မြတ်စွာဘုရား ရှေ့တော်မှောက် ရောက်ခဲ့ရ ပါသည်။ အဇာတသတ်မင်း တရား လျှောက်ထားချက်အရ သာမညဖလသုတ် တရားဒေသနာတော် ကို တန်ဆောင်မုန်း လပြည့်ည ချမ်းအချိန်၌ ရာဇဂြိဟ်မြို့ အနီး ဆရာဇီဝက လှဒါန်းထားသော  သရက်ဥယျာဉ် အတွင်း၌ မြတ်စွာဘုရား ဟောကြား တော်မူပါသည်။  ဤ သမိုင်းကြောင်းကို အထောက်အထား ပြ၍ ဗုဒ္ဓဘာသာဝင် တို့က တန်ဆောင်မုန်း လပြည့်နေ့ကို သာမညဖလ အခါတော်နေ့ အဖြစ် အထိမ်းအမှတ် ထားကာ ပွဲလမ်းများ ကျင်းပခြင်း ဖြစ်ပါသည်။

အဇာတသတ်မင်း သည် မြတ်စွာဘရား၏ တရားကို    နာကြားရပြီးသော အခါတွင်မှ အိပ်စက်၍ ရသွားသည်ဟု   သိရှိရပါသည်။  အဇာတသတ် သည် အဖကို သတ်သော ပြစ်မှုကြီး ဖြစ်သည့် ပိတုဃာတကကံ ကိုကျူးလွန်သူပီပီ စိတ်ဒုက္ခ ဝေဒနာများ   ဖိစီးခံနေရခြင်း ပါပေ။ ၀ရာဘိသံဃနာထ ဆရာတော် (၉၉၁-ခု)၏ မဏိကုဏ္ဍလ၀တ္ထတွင် ''အဇာတသတ် မင်းကြီးသည်  ဒေ၀ဒတ် စကားကိုနာ၍   စုတိစိတ်၏ အနန္တရ၌    အ၀ီစိပဋိသန္ဓေ ကို ပေးကောင်းသော ငါးပါးသော ပဉ္စာနန္တရိယကံ တို့တွင် ပိတုဃာတကကံ ကိုပြ'' ဟု ဖွဲ့ပါ၏။   ပိတုသည်  အဖ၊ ဃာတကသည် သတ်သော ဟု အဓိပ္ပာယ်ရ၏။

''မင်းသား၊ ပိတုဃာတကကံ မည်သည်ကား အလွန် ၀န်လေးစွ၊ မချွတ်မလွဲလျှင် ခန္ဓာပြောင်း လျှင်ပင် ငရဲသို့သွားရအံ့'' ဟူ၍လည်း တောင်ဘီလာ ဆရာတော်၏ ယသ၀ဍ္ဎန၀တ္ထတွင်ဆို၏။ ပိတုဃာတကကံ ၏ဆိုးရွားပုံကို ထင်ရှားစိမ့် သောငှာ  ငါးရာ့ငါးဆယ် နိပါတ်ဇာတ်ဝတ္ထတွင် ညောင်ကန် ဆရာတော် ဦးက၀ိန္ဒက ''ငါ့အမိသည် ယုတ်မာသော အကျင့်ရှိ၏။ ငါ့အဘသို့ ပိတုဃာတကကံ ကို ပြစေ၏''ဟု ရေးဖွဲ့ထား၏။ တန်ဆောင်မုန်းလ နှင့်ဆက်စပ်နေသော အဇာတသတ် မင်းကြီး၏ ပရိဒေ၀သောကမီး၊ ပိတုဃာတကကံ ကို လွန်ကျူးသူတို့ ခံရမည့် ဘေးဒဏ်တို့မှာ နက်ရှိုင်းလွန်းရကား သတိချပ် ဆင်ခြင်ဖွယ် ပါပေ။ ဘုရားနှင့် တစ်ဂိုဏ်းတည်းထား ကျေးဇူးရှိသူ မိဘတို့သည်  မပြစ်မှား အပ်သော    ခင်ပွန်းကြီး ဆယ်ပါးဝင် မဟုတ်ပါလော။

ပိတုဃာတကကံ ကို ကျူးလွန်မိသူ အဇာတသတ်မင်း သည် မိမိအမှား များကို တရေးရေး မြင်လာပြီးနောက် ''မြတ်စွာဘုရား- တပည့်တော် သည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရား သည် တပည့်တော်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သော  ဥပါသကာ အဖြစ် မှတ်တော်မူပါ ဘုရား'' ဟု လျှောက်ထား တော်မူလေသည်။ အဇာတသတ်မင်း ၏ ယူကျုံးမရ မိုက်နောင်တ တို့ကြောင့် ''မြတ်စွာဘုရား- မိုက်၍၊ တွေဝေ၍၊ မလိမ္မာ၍ အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ။   တရားစောင့်သော တရားသဖြင့် မင်းပြသော ခမည်းတော်ကို မင်းစည်းစိမ် အာဏာ ဟူသော အကြောင်းကြောင့် တပည့်တော် သတ်မိခဲ့ပါ၏။ ထိုတပည့်တော်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရားက လက်ခံတော်မူပါ ဘုရား'' ဟူသော မြည်တမ်း လျှောက်ထားချက် တို့သည် အစီအရီ ထွက်ပေါ် လာခဲ့ပေပြီ။ အဇာတသတ်မင်း ၏ အပြစ်ကုစားပုံ တို့သည် သံဝေဂ ယူဖွယ် ဆင်ခြင်ဆန်းစစ်ဖွယ် ပါတကား။

ထို့ကြောင့် မြတ်စွာဘုရားက  ''မင်းကြီး- အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်း အားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ဤကုစား စောင့်စည်းခြင်း သည် အရိယာ၏ ၀ိနည်းအဆုံးအမ ၌ ကြီးပွားခြင်း ပင်တည်း'' ဟု မိန့်တော်မူလေသည်။ အဇာတသတ် မင်းသည် မြတ်စွာဘုရားထံမှ သာမညဖလသုတ် တရားတော်ကို နာယူရသည့် အတွက်   သူ၏အမှားကို နောင်တရပြီး သတိတရား ရလာခဲ့သည်။

ဗုဒ္ဓသာသနာတော်ကို အသက်ပေး ကြည်ညိုသူ ဖြစ်လာသည်။ အဇာတသတ်မင်း သည်  ပထမသင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့ ပါသည်။ နှောင်းခေတ် ဗုဒ္ဓဘာသာဝင် များအတွက်  ဓာတ်တော်များကို စနစ်တကျ သိမ်းဆည်းခဲ့ ပါသည်။ ဗုဒ္ဓသာသနာတော် နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့ ပါသည်။ ဤ လုပ်ဆောင်ချက်များ အရ အဇာတသတ်၏ ဘ၀သည် မူလပထမပိုင်း တွင် မခံမရပ်နိုင်ဖွယ် အကျည်းတန် လွန်းသော်လည်း နောက်ပိုင်း ဆင်ခြင် သတိဝင်လာပုံက စိတ်သက်သာ ဖွယ်ဟု မှတ်ယူရပါသည်။

သာမညဖလ တရားတော်ကို နာကြားလိုက်ရ သည့်အတွက် အဇာတသတ်မင်း တရားသည် အိပ်မပျော်သော ရောဂါဝေဒနာ ပျောက်ကွယ်သွား ပါသည်။ ရတနာသုံးပါး အပေါ် နှစ်နှစ်ကာကာ ယုံကြည်လာပါသည်။ ပုထုဇဉ်ထဲမှ ရတနာသုံးပါး ကို အကြည်ညိဆုံး ပုဂ္ဂိလ်အဖြစ် မှတ်တမ်းတင် ခြင်းခံရပါသည်။ အပြစ်ကြီးလေးသော မဟာအ၀ီစိငရဲ ၌   မခံရတော့ဘဲ   အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ ၌သာ ခံရပါတော့သည်။ နောင် အနာဂတ် ကာလ၌ ၀ိဇိတာဝီ အမည်ဖြင့် ပစ္စေက ဗုဒ္ဓါဖြစ်ပြီး    ကျွတ်တမ်းဝင် ရပါလိမ့်မည်။ ဤသို့သော အကျိုးထူး တရားများကို   အဇာတသတ်မင်း ရရှိခဲ့ပါသည်။

သမိုင်းထင်ရှားသော သာမညဖလ အခါတော်နေ့ သည် သာမညဖလသုတ် ပါဠိတော်လာ  ''ရမဏိယာဝတဘော ဒေါသိနာရတ္တိ၊ အဘိရူပါ ၀တဘော ဒေါသိနာရတ္တိ၊ ဒဿနီယာ ၀တဘော ဒေါသိနာရတ္တိ...''အစချီသော မွေ့လျော်ဖွယ် ညပါတကား၊ အလွန်လှပသော ညပါတကား၊ ရဖွယ်ကောင်းသော ညပါတကား   ဟူသော အဇာတသတ်မင်း ၏ ဥဒါန်းစကား အတိုင်း တန်ဆောင်မုန်းည ၏ တင့်ရွှန်း ပြည့်ဝန်းသော အသရေသည်   မိဘတို့၏  ဆပ်မကုန်ဖွယ် အေးမြချမ်းမြေ့သည့် မေတ္တာကိုလည်း ကိုယ်စားပြဖော်ညွှန်းနေမည့်နေ့ ဖြစ်ပါပေ တော့သည်။  

 

ပါမောက္ခ ခိုင်ခိုင်ရီ

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - mwd daily


No comments: