Wednesday, November 11, 2020

အကိုက်အခဲပျောက်ဆေး နှင့် အန္တရာယ်

 

အကိုက်အခဲပျောက်ဆေး နှင့် အန္တရာယ်

 


အကိုက်အခဲ ပျောက်ဆေးမှာ စတီးရွိက် မဟုတ်တဲ့ အကိုက်အခဲ ဆေးတွေဟာ ကမ္ဘာတစ်ဝန်း အသုံး အများဆုံးဆေး တွေမှာ ပါဝင်တယ်။ အမေရိကန်နိုင်ငံ မှာ လူဦးရေရဲ့ ၅ ဒသမ ၄ ရာခိုင်နှုန်း လူ ၁၃ သန်း ကျော်မှာ အကိုက်အခဲ ပျောက်ဆေး တစ်မျိုးမျိုး သောက်သုံး နေရပြီး လူ ၁၀၀၀၀ - ၂၀၀၀၀ ဟာ အကိုက်အခဲ ပျောက်ဆေးရဲ့ ဘေးထွက် ဆိုးကျိုးကြောင့် နှစ်စဉ် သေဆုံးလျက် ရှိတယ်လို့ ဆိုတယ်။

          အကိုက်အခဲ ဆေးအုပ်စုထဲမှာ ရှေးယခင်က စတင် ပေါ်ထွက်ခဲ့တဲ့ အကိုက်အခဲ ပျောက်ဆေးနဲ့ ယခု နောက်ပိုင်း ပေါ်ထွက်ခဲ့တဲ့ အကိုက်အခဲ ဆေးနဲ့ စတီးရွိက်ဆေး တွေ ပါဝင်ပါတယ်။


          အကိုက်အခဲ ပျောက်ဆေး ရရှိတဲ့ ကောင်းကျိုးတွေက အနာကိုက်ခဲမှုမှာ သက်သာခြင်း (ခေါင်းကိုက်ခြင်း) ၊ ခါးကိုက်ခြင်း ၊ သွားကိုက်ခြင်း ၊ ခွဲစိတ်ပြီး နာကျင်ခြင်း တို့မှ သက်သာခြင်း ၊ အဖျားကျစေခြင်း ၊ အရောင်ကျ စေခြင်း ၊ အချို့ အကိုက်အခဲ ပျောက်ဆေးမှာ သွေးကျဲစေတဲ့ အာနိသင် ရှိခြင်း စတာတွေကြောင့် အမျိုးမျိုး ရှိတဲ့ အကြောရောင် ၊ အဆစ်အမျက် ရောင်ရောဂါ ၊ အရိုးရောဂါ အမျိုးမျိုး ၊ ကြွက်သားရောဂါ အမျိုးမျိုး ၊ ဓမ္မတာလာစဉ် ကိုက်ခဲခြင်း နှင့် အချို့ နှလုံးသားနဲ့ ပတ်သက်တဲ့ ရောဂါတွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြတယ်။

          အကိုက်အခဲ ပျောက်ဆေးမှ ရရှိတဲ့ ဆိုးကျိုးတွေက အစာအိမ်မှာ အနာဖြစ်ခြင်း ၊ အစာအိမ် သွေးကြော ပေါက်ခြင်း ၊ အစာအိမ်နဲ့ အူသိမ် ပေါက်ခြင်း ၊ အူမကြီး အနာဖြစ်ခြင်း ၊ ပေါက်ခြင်း ၊ အစာရေမျိုပြွန် ရောင်ခြင်း ၊ ကျောက်ကပ်မှ သွေးရရှိမှု နည်းကာ ကျောက်ကပ် ပျက်စီးခြင်း ၊ ဦးနှောက် အတွင်း သွေးယိုစီးမှု ဖြစ်စေခြင်း ၊ အချို့သူတွေ ဓာတ်မတည့်မှု ခံစားရခြင်း ၊ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေမှာ မိခင်သာမက သန္ဓေသားနဲ့ ကလေးငယ်ကို အန္တရာယ် ဖြစ်စေခြင်း ၊ အခြား ဆိုးကျိုးများ ရရှိနိုင် ပါတယ်။

          အကိုက်အခဲ ပျောက်ဆေး အန္တရာယ်မှ ကာကွယ်နိုင်ဖို့ အကိုက်အခဲ ပျောက်ဆေးကို ကိုယ့်သဘောနဲ့ နီးစပ်ရာ ဆေးဆိုင်တွေမှာ ၀ယ်ယူ မသောက်သင့် ပါဘူး။ ငွေကုန်တာ သက်သာပေမယ့် ရေရှည်မှာ ဆိုးကျိုးတွေ ခံစားရနိုင် ပါတယ်။ အကိုက်အခဲ ပျောက်ဆေးကို ဆရာဝန် ညွှန်ကြားချက် နဲ့သာ သောက်သုံး သင့်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါမှာ အကိုက်အခဲ ပျောက်ဆေး လုံးဝ မသုံးသင့်ပါဘူး။ အပူချိန်များရင် ပါရာစီတမော ဆေးပြား ၊ ပါရာစီတမော ဆေးရည် ၊ ပါရာစီတမော ဂြိုဟ်တုဆေးတောင့် ပေးနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားမှ လုပ်ဆောင်သင့် တယ်။ ကိုယ်သဘောနဲ့ ကိုယ် တိုက်ကျွေးမိရင် အစာအိမ် သွေးကြော ပေါက်ပြဲကာ ရှော့ရနိုင် ပါတယ်။ မလိုအပ်ဘဲ အကိုက်အခဲ ပျောက်ဆေး မသောက်သင့် ပါဘူး။ ဆရာဝန် ညွှန်ကြားမှသာ သုံးစွဲသင့် ပါတယ်။

          အကိုက်အခဲ ပျောက်ဆေးကို တစ်မျိုးထက် ပိုပြီး မသောက်သင့် ပါဘူး။ ဆရာဝန်ရဲ့ ညွှန်ကြားချက် အတိုင်း လိုအပ်တဲ့ အနည်းဆုံး ပမာဏကိုပဲ သောက်သင့်တယ်။ အချိန်စွဲ မသောက်သင့်ပါ။ အချိန်တိုတို နဲ့ ဆေးရပ်ရမယ်။ အသက်အရွယ် ကြီးရင့် သူတွေမှာ အကိုက်အခဲ ပျောက်ဆေး အသုံးပြုမှုကို အထူး ဂရုပြုစိုက် ပေးသင့်တယ်။ စပ်ဆေးများ အထူးသဖြင့် စတီးရွိက် စားဆေးတွဲ တွေက အန္တရာယ် ပိုဖြစ် စေပါတယ်။ အစာအိမ် သွေးယိုစိမ့်မှု လက္ခဏာ များမှာ ကော်ဖီရောင် အန်ခြင်း ၊ ၀မ်းမည်းမည်း သွားခြင်း ၊ ရုတ်တရက် သွေးပေါင် ထိုးကျခြင်း စတာတွေ ဂရုပြု ရမယ်။ ယင်း လက္ခဏာတွေ ပေါ်လာရင် အကိုက်အခဲ ပျောက်ဆေး ချက်ချင်း ရပ်ပစ်ရပါမယ်။

          အစာအိမ် သွေးယိုစိမ့်မှု လက္ခဏာများ ဖြစ်ပွားရင် သိသိချင်း နီးစပ်ရာ ဆေးရုံသွားရောက် ပြသင့်တယ်။ အစာစားပြီးမှ အကိုက်အခဲ ပျောက်ဆေး သောက်ခြင်း ၊ အစာကြေဆေး (ဥပမာ - ဒိုင်ဂျင်း ၊ ဂျဲမက်) တို့က အကိုက်အခဲ ပျောက်ဆေးကြောင့် ဖြစ်တဲ့ အစာအိမ် အူလမ်းကြောင်း အန္တရာယ် မှ ကာကွယ်နိုင်တယ်။ အစာအိမ် အက်စစ် ထိန်းပေးတဲ့ ဆေးတွေက အကိုက်အခဲ ပျောက်ဆေးကြောင့် ဖြစ်တဲ့ အစာအိမ် ဘေးထွက် ဆိုးကျိုးတွေ ကာကွယ်နိုင် ပါတယ်။ အိုမီပရာဇော စတာတို့ ဖြစ်တယ်။ အူသိမ်လမ်းကြောင်း ၊ အူမကြီး လမ်းကြောင်း တစ်လျှောက် ထိခိုက်မှုကို ယင်းဆေးဝါး များက မကာကွယ် ၊ မကုသနိုင်ပါဘူး။

          သောက်ဆေး သာမက အကိုက်အခဲ ပျောက်ဆေး ထိုးဆေးတွေက အစာအိမ် အူလမ်းကြောင်း ကို ထိခိုက် စေပါတယ်။ အကိုက်အခဲ ပျောက်ဆေးရေရှည် သောက်လိုသူ တွေက အစာအိမ် ရောဂါ ရှိ-မရှိ ၊ အစာအိမ်ပိုး ရှိ-မရှိ စစ်ဆေးသင့် ပါတယ်။ အစာအိမ်ထဲ မှန်ပြောင်းကြည့် ကိရိယာနဲ့ ကြည့်ပြီး ပိုးရယူကာ ဓာတ်ခွဲခန်းမှာ စစ်လို့ အိပ်ပိုင်လိုရီပိုး တွေ့ရှိ ခဲ့လျှင် အမောက်ဆလင် ၊ မက်ထရို ၊ ရာနယ်သဒင် ၊ အင်ဝိုင်ပယ် ဆေးလေးမျိုးကို နေ့စဉ် ၂ ကြိမ် နှစ်နဲ့ချီ တိုက်ကွေးရင် ပျောက်နိုင် ပါတယ်။

          နှလုံးရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ သွေးတိုးရောဂါ ၊ အသည်းရောဂါ ၊ သွေးရောဂါ ရှိသူတွေဟာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အကိုက်အခဲ ပျောက်ဆေး သုံးသင့်ပါတယ်။ စတီးရွက်ဆေး ၊ သွေးကျဲဆေး နဲ့ အကိုက်အခဲ ပျောက်ဆေး တွဲသောက် နေသူတွေဟာ ဆရာဝန်နဲ့ ပြသတိုင်း အထူး သတိပေးဖို့ လိုပါတယ်။

          ဆေးလိမ်းခြင်း ၊ အပူပေးခြင်း ၊ အနီအောက် ရောင်ခြည် ပေးခြင်း ၊ လေ့ကျင့်ခန်း လုပ်ခြင်း ၊ ပါရာစီတမော ဆေးသောက်ခြင်း နဲ့ အခြားနည်းလမ်း တွေက ကိုက်ခဲမှုကို သက်သာ စေနိုင်ပါတယ်။

          ဒါဆိုရင် အကိုက်အခဲ ပျောက်ဆေးကို မပေးတော့ ဘူးလား။ ပေးသင့်ရင်  ပေးရပါမယ်။ ဗိုက်အောင့် ပျောက်ဆေး ၊ ဒိုင်ဂျင်း ၊ အက်စစ် အချဉ်ရည် ထိန်းဆေး တို့နဲ့ တွဲဖက် ပေးနိုင်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး ဟာ နှလုံး အတိုက်ခိုက် ခံရခြင်း ၊ ဦးနှောက် အတိုက်ခိုက် ခံရခြင်း တို့မှ ကာကွယ်နိုင်လို့ ဆရာဝန် ညွှန်ကြားချက် နဲ့ သုံးစွဲသင့်တဲ့ ဆေးဝါး ဖြစ်ပါတယ်။ အက်စပရင် အကိုက်အခဲ ပျောက်ဆေးက နှလုံး ရုတ်တရက် အတိုက်ခိုက်ခံ ရခြင်းရောဂါ မှာ ပေးတယ်။ အချို့ အူမကြီးကင်ဆာ မှာ အက်စပရင် ရဲ့ ကောင်းကျိုးကို တွေ့ရှိထား ပါတယ်။

          ခန္ဓာကိုယ် နာကျင်ကိုက်ခဲ ဖျားနာနေရင် အကိုက်အခဲ ပျောက်ဆေး ပေးမှသာ သက်သာ ပျောက်ကင်းနိုင်လို့ စနစ်တကျ အစာအိမ် မထိခိုက်တဲ့ ဆေးနဲ့ တွဲဖက်ပေး သင့်တယ်။ ကာလရှည် သောက်သုံးမယ် ဆိုရင် အစာစားပြီးမှ သောက်သုံးဖို့ ၊ ဆေးထိုးနှံဖို့ ၊ စအိုတွင်းထည့် ကုသဖို့ ခံယူသင့် ပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး သိထားရင် မဖြစ်ရအောင် အစာနဲ့ နီးနီး ဆေးတိုက်ကျွေး ခြင်းက ဘေးထွက်ဆိုးကျိုး ကို ရှောင်ရှားနိုင် မှာပဲ ဖြစ်ပါတယ်။

 

ဒေါက်တာ လွင်သန့်

ဓာတ်ပုံ - အင်တာနက်

Crd – mwddaily


No comments: