Monday, November 23, 2020

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအကြောင်း

 

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအကြောင်း

 


သားအိမ်ခေါင်း ကင်ဆာရောဂါသည် အမျိုးသမီး များတွင် တတိယ သေဆုံးမှု အများဆုံး ဖြစ်စေသော ရောဂါဖြစ်သည်။ ၂၀၁၈ ခုနှစ် စာရင်းအရ နှစ်စဉ် လူနာသစ် ၅၆၉၈၄၇ ဦး တွေ့ရှိရပြီး နှစ်စဉ် ၃၁၁၃၆၅ ဦး သေဆုံးစေသည့် ရောဂါဖြစ်သည်။ မြန်မာနိုင်ငံ တွင်လည်း ၂၀၁၈ ခုနှစ် ခန့်မှန်းချက် အရ နှစ်စဉ်လူနာသစ် ၆၄၇၂ ဦး တွေ့ရှိရသည်။

          သားအိမ်ခေါင်း ကင်ဆာသည် အမျိုးသမီး များကို သေဆုံးစေသော ကင်ဆာရောဂါ များတွင် ထိပ်ဆုံးဖြစ်သည်။ မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်မှ ၄၄ နှစ်ကြား အမျိုးသမီး များတွင် ဖြစ်ပွားမှုနှုန်း နှင့် သေဆုံးမှုနှုန်း အများဆုံး ကင်ဆာလည်း ဖြစ်သည်။ နှစ်စဉ် လူ ၃၈၅၆ ဦး သေဆုံးစေသော ရောဂါ ဖြစ်သည်။


သားအိမ်ခေါင်းကင်ဆာ

          သားအိမ်ခေါင်း ကင်ဆာ ဆိုသည်မှာ သားအိမ်ခေါင်းရှိ ဆဲလ်များမှ ကင်ဆာ (မြစ်ပွားနာ) အဖြစ် ဖြစ်ပွားခြင်း ဖြစ်သည်။ ဆဲလ်များသည် ပုံမှန်အားဖြင့် ပျက်စီးခြင်းနှင့် သဘာဝအတိုင်း ပြန်လည် ပွားလာခြင်း ဖြစ်စဉ်သည် အဖန်တလဲလဲ ဖြစ်ပွားနေသော် လည်း အသစ်ဖြစ်ပွား ဖြစ်စဉ်သည် ဖောက်လွဲဖောက်ပြန် ဖြစ်ပါက ပုံမှန်ဆဲလ်များ မဟုတ်ဘဲ ကင်ဆာဆဲလ်များ အဖြစ် ပွားများလာသည်။ ထိုကဲ့သို့ ကင်ဆာဆဲလ်များ အဖြစ် ပြောင်းလဲစေသော အကြောင်းရင်း များစွာ ရှိသည့်အနက် သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေသော အကြောင်းရင်း များတွင် လိင်အင်္ဂါကြွက်နို့ ဖြစ်စေသော ဗိုင်းရပ်စ်ပိုးများ အုပ်စုသည် အဓိက ဖြစ်သည်။

          အဆိုပါ ဗိုင်းရပ်စ်ပိုး အုပ်စုသည် အချို့လူများတွင် လင်အင်္ဂါကြွက်နို့ ဖြစ်စေနိုင် သကဲ့သို့ အချို့တွင်လည်း ရောဂါလက္ခဏာ မပြသဘဲ ရှိနေတတ်သည်။ သို့သော်လည်း အချို့ အမျိုးသမီး များတွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ၊ အမျိုးသားများတွင် လိင်အင်္ဂါ ကင်ဆာ ၊ အမျိုးသား ၊ အမျိုးသမီး နှစ်ဦးစလုံးတွင် စအိုကင်ဆာ အထိ ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်စေနိုင်သော ဗိုင်းရပ်စ်ပိုး အုပ်စု (HPV) ဖြစ်သည်။

          သားအိမ်ခေါင်း ကင်ဆာ၏ ရောဂါလက္ခဏာ များမှာ ရောဂါနုသေးသော အချိန်တွင် မသိသာပါ။ ရောဂါရင့် လာလျှင် အောက်ပါ လက္ခဏာများကို တွေ့ရှိရ နိုင်သည်-

(၁)     လိင်ဆက်ဆံပြီးချိန် ၊ ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြားချိန်တွင် မိန်းမကိုယ်မှ သွေးဆင်းခြင်း။

(၂)     မိန်းမကိုယ်မှ အနံ့ဆိုးသော အချွဲများဆင်းခြင်း။

(၃)     တင်ပါးဆုံကွင်း အတွင်းမှ နာကျင်ခြင်း ၊ လိင်ဆက်ဆံစဉ် မိန်းမကိုယ်အတွင်း ဘက်မှ နာကျင်ခြင်း။

          သားအိမ်ခေါင်း ကင်ဆာတွင် Squamous Cell Carcinoma နှင့် Adenocarcinoma ဟူ၍ အဓိက ၂ မျိုးတွေ့ရှိ ရတတ်သည်။ Squamous Cell Carcinoma ဆိုသည်မှာ သားအိမ်ခေါင်း အ၀တွင်ရှိသည့် သေးငယ် ပြားချပ်သော ပုံစုံရှိပြီး မိန်းမကိုယ် ဘက်ခြမ်းရှိ ဆဲလ်များမှ ဖြစ်ပွားသော ကင်ဆာဖြစ်သည်။ သားအိမ်ခေါင်း ကင်ဆာများတွင် အတွေ့ရ များသော အမျိုးအစားလည်း ဖြစ်သည်။ Adenocarcinoma ဆိုသည်မှာ သားအိမ်ခေါင်း အတွင်းဘက် သားအိမ်သို့ ဆက်သော ပြွန်နေရာတွင် တွေ့ရှိရသော ဆဲလ်များမှ ဖြစ်ပွားသော ကင်ဆာဖြစ်သည်။

လိင်အင်္ဂါကြွက်နို့ဖြစ်စေသော ဗိုင်းရပ်စ်အုပ်စု (HPV)

          HPV ဗိုင်းရပ်စ်ပိုးများသည် ရောဂါပိုး ရှိနေသော အရေပြားနှင့် ထိမိရာမှ ကူးစက်နိုင်သော ရောဂါပိုး ဖြစ်သည်။ အထူးသဖြင့် ရောဂါပိုးရှိနေ သူ၏ လိင်အင်္ဂါ အရေပြားနှင့် မိမိ၏လိင်အင်္ဂါ အရေပြားချင်း ထိမိရာမှ အဓိက ကူးစက်နိုင်သည်။ အမျိုးသား ၊ အမျိုးသမီး ၂ ဦးစလုံးတွင် ရောဂါပိုး ရှိနေနိုင်ပြီး အမျိုးသမီးများတွင် ရောဂါလက္ခဏာ ပို၍ ပြသလေ့ ရှိသည်။ လိင်ဆက်ဆံရာမှ အဓိက ကူးစက်တတ်ပြီး ဆက်ဆံသော နည်းလမ်းများ ပေါ် မူတည်ပြီး လိင်အင်္ဂါ ၊ စအို ၊ ပါးစပ် နှင့် လည်ချောင်း အတွင်းတွင် အဆိုပါ ဗိုင်းရပ်စ်ကို တွေ့ရှိရတတ်သည်။ လိင်ဆက်ဆံရာမှ ကူးစက်နိုင်သည် ဟု ဆိုသော်လည်း ခုခခံအား ကျဆင်းမှု ကူးစက်ရောဂါ ကဲ့သို့ မဟုတ်ဘဲ လိင်အင်္ဂါချင်း ထိုးသွင်း ဆက်ဆံခြင်း မရှိဘဲ ပွတ်သပ် ထိမိရုံနှင့် ကူးစက်တတ်သည်။ ထို့ကြောင့် သတိပြုရန်မှာ အမျိုးသမီး အချင်းချင်း လိင်ဆက်ဆံခြင်း သည်လည်း ကူးစက်စေ နိုင်သည်။

          အချို့လူများ၏ ခန္ဓာကိုယ် အတွင်းတွင် HPV ပိုးသည် ကာလရှည်ကြာစွာ မည်သည့် ရောဂါလက္ခဏာ မျှမပြဘဲ ရှိနေနိုင်သည်။ ထိုကဲ့သို့ ရောဂါ လက္ခဏာ မပြသသူ များသည် Silent Carrier ဟု ခေါ်သည့် ပိုးသယ်ဆောင်သူ ဖြစ်နေနိုင်သည်။ ထို့ပြင် ရောဂါပိုး ရှိနေသော မိခင်မှ ကလေးသို့ မွေးဖွားနေသော အချိန်တွင် ကူးစက် စေနိုင်ပြီး ကလေး၏ လေပြွန်နှင့် လည်ချောင်းကို ပိတ်ဆို့ စေနိုင်သော မွေးရာပါ ရောဂါတစ်မျိုး ( Recurrent Respiratory Papillomatosis) ဖြစ်စေနိုင်သည်။

          ဤဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အများစု (ကူးစက်ခံရသူ ၁၀ ဦးလျှင် ၉ ဦး) မှာ ၂ နှစ် အတွင်း သူ့အလိုလို ပြန်လည် ပျောက်ကင်းသည်။ သို့သော်လည်း ထိုကာလ အတွင်းတွင် လိင်ဆက်ဆံမှု ရှိခဲ့ပါက ရောဂါပိုးကို ဖြန့်ဝေနေသည်။ အများစုမှာ ဗိုင်းရပ်စ်ပိုးကြောင့် သိသာသည့် ရောဂါ လက္ခဏာလည်း မပြတတ်ပါ။ အဓိက ပြသသော ရောဂါလက္ခဏာ များမှာ ဗိုင်းရပ်စ် ကူးစက်ခံရသော နေရာ (လိင်အင်္ဂါ ၊ စအို ၊ လည်ချောင်း စသည်တို့ ) တွင် ကြွက်နို့များ ဖြစ်ပွားခြင်း ဖြစ်ပြီး အချို့သူ များတွင် ကင်ဆာရောဂါများ ဖြစ်ပွား တတ်သည်။

အမျိုးသမီများနှင့် HPV ဗိုင်းရပ်စ်

          လေ့လာချက် တစ်ခုအရ ၈၀ ရာခိုင်နှုန်းသော အမျိုးသမီးများ၏ ဘ၀ တစ်သက်တာတွင် HPV ဗိုင်းရပ်စ်ပိုး တစ်မျိုးမဟုတ် တစ်မျိုး ကူးစက်ခံရဖူးသည်။ အများစုတွင် ရောဂါလက္ခဏာ မပြသော်လည်း အချို့တွင် အရေပြား ကြွက်နို့များ ဖြစ်နိုင်သည်။

          အမေရိကန်နိုင်ငံတွင် လိင်ဆက်ဆံဖူးခြင်း ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အသက် ၂၁ နှစ်ပြည့်သော အမျိုးသမီးများ အားလုံးကို သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးမှု အဖြစ် ပထမအကြိမ် သားအိမ်ခေါင်း အချွဲယူ၍ စစ်ဆေးခြင်း ( Pap Smear Test ) ခံယူရန် တိုက်တွန်းထားသည်။ ထိုကဲ့သို့ စစ်ဆေးခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာကို ဆောလျင်စွာ တွေ့ရှိကုသမှု ခံယူနိုင်စေရန် ရည်ရွယ်သည်။ ထို့နောက် အသက် ၂၁ နှစ်မှ ၂၉ နှစ်ကြားထဲတွင် သုံးနှစ်တစ်ကြိမ် Pap Smear Test စစ်ဆေးမှု ခံယူရန် တိုက်တွန်းထား ပါသည်။

          အသက် ၃၁ နှစ်မှ ၆၅ နှစ်ကြား အမျိုးသမီး များကို အောက်ပါ စစ်ဆေးမှု တစ်မျိုးမျိးကို ခံယူရန် တိုက်တွန်းထားသည်။

(၁)     သုံးနှစ်လျှင်တစ်ကြိမ် Pap Smear Test စစ်ဆေးခြင်း။

(၂)     ငါးနှစ်လျှင် တစ်ကြိမ် HPV ဗိုင်းရပ်စ်ပိုးကို စစ်ဆေးခြင်း (High-Risk Types of HPV hrHPV) စစ်ဆေးခြင်း)။

(၃)     Pap Smear Test နှင့် High-Risk Types of HPV (hrHPV) ၂မျိုးစလုံးကို ငါးနှစ်လျှင် တစ်ကြိမ် စစ်ဆေးခြင်း ဟူ၍ ၃ မျိုးအနက် တစ်မျိုးမျိုးကို စစ်ဆေးနိုင်သည်။

သားအိမ်ခေါင်းက်ဆာ ဖြစ်ပွားနှုန်း မြင့်မားစေနိုင်သော အကြောင်းရင်းများ

          သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနှုန်းကို မြင့်မားစေ နိုင်သော အကြောင်းရင်း များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁)     လိင်ဆက်ဆံဖော် များပြားခြင်း (လိင်ဆက်ဆံဖော် များပြားလေလေ HPV ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေ များလေလေ ဖြစ်သည်။)

(၂)     မိမိ၏ အိမ်ထောင်ဖက် သို့မဟုတ် လိင်ဆက်ဆံဖော်မှာ မိမိနှင့် မဟုတ်ဘဲ အခြားသော လိင်ဆက်ဆံမှုများ ရှိနေခြင်း။

(၃)     လိင်စ ဆက်ဆံသည့် အသက်ငယ်ခြင်း ( အသက်ငယ်လေ ရောဂါပိုး ကူးစက်နိုင်ခြေ များလေလ ဖြစ်သည်။)

(၄)     အခြားသော လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများ ဖြစ်ပွားဖူခြင်း။

(၅)     ကိုယ်ခံအားနည်းခြင်း (HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရ ပါက သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ခြေ ပို၍ များပြားသည်။)

(၆)     ဆေးလိပ်သောက်ခြင်း ( ဆေးလိပ်သောက် ခြင်းကြောင့် Squamous Cell Carcinoma ကင်ဆာ အမျိုးအစားကို ပို၍ ဖြစ်စေနိုင်သည်။)

သားအိမ်ခေါင်းကင်ဆာကာကွယ်ရန် နည်းလမ်းများ

          သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ရန် နည်းလမ်းများမှာ -

(၁)     တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးခြင်းသည် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ရေး အတွက် အရေးကြီးသော အချက်ဖြစ် သကဲ့သို့ မိမိ၏ လိင်ဆက်ဆံဖော် ၊ အိမ်ထောင်ဖက် ၏ လိင်မှုကိစ္စ စောင့်ထိန်းမှု သည်လည်း အရေးကြီးသည်။ မိမိမှ စောင့်ထိန်း သော်လည်း မိမိ အိမ်ထောင်ဖက်က မစောင့်ထိန်းလျှင် မိမိထံသို့ HPV ပိုး ကူးစက်နိုင်သည်။

(၂)     Pap Smear Test ၃ နှစ် တစ်ကြိမ် စစ်ဆေးမှု ခံယူပါ။

(၃)     စိတ်မချရသော လိင်ဆက်ဆံမှု တိုင်းအတွက် အကာအကွယ် (ကွန်ဒုံး)သုံးပါ။

(၄)     ဆေးလိပ်ဖြစ်ပါ။ မိမိနှင့် အတူနေသူများ ကိုလည်း မိမိအနီးနှင့် အိမ်အတွင်းတွင် ဆေးလိပ် မသောက်ပါစေနှင့်။

(၅)     သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး (HPV Vaccine) ထိုးနှံပါ။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး

          ယခုအခါတွင် မြန်မာနိုင်ငံ၏ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ် ဆေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်မှ စတင်ပြီး ထိုးနှံပေးနေပြီ ဖြစ်သည်။ အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေးတိုင်းကို သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံပေးမည် ဖြစ်သော်လည်း အသွားအလာ ကန့်သတ် ထားသည့် stay at home မြို့နယ်များသည် လောလောဆယ် ပါဝင်မည် မဟုတ်ပါ။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်အတွင်း မွေးဖွားသည့် မိန်းကလေး များကို မွေးစာရင်း သို့မဟုတ် ကျောင်းဝင်ခွင့်ကတ် သို့မဟုတ် အိမ်ထောင်စု စာရင်း သို့မဟုတ် ပုံမှန် ၊ အစုလိုက် ၊ အပိုဆောင်း ကာကွယ်ဆေး ထိုးမှတ်တမ်းကတ် များကို နီးစပ်ရာ ကျန်းမာရေး ဌာနတွင် စာရင်းပေးပြီး ဆေးထိုးရန် ကတ်ကို အရင်ရယူရမည် ဖြစ်ပြီး သတ်မှတ်ရက် အချိန်တွင် မိဘ သို့မဟုတ် အုပ်ထိန်းသူ တစ်ဦးနှင့်အတူ ကာကွယ်ဆေး စုရပ်တွင် ကတ်နှင့်တကွ သွားရောက် ထိုးနှံရမည် ဖြစ်သည်။

          လက်ရှိတွင် အသွားအလာ ကန့်သတ်ထားသည့် stay at home မြို့နယ်များတွင် ရှိသော ကလေးများ အတွက် stay at home ညွှန်ကြားချက် ပြီးဆုံးသည်နှင့် ပုံမှန် ကာကွယ်ဆေး များအပါအ၀င် ယခု သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး များကိုပါ ထိုးနှံ ပေးမည်ဖြစ်သည့် အတွက် မိဘများ မစိုးရမ်ကြရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန် ထားသည်။

ကာကွယ်ဆေးအကြောင်း

          HPV Vaccine သည် HPV ပိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်မည် ဖြစ်သည့်အတွက် HPV ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်ပွားသည့် သားအိမ်ခေါင်း ကင်ဆာကို ကာကွယ်ပေး နိုင်သည်။ သို့သော်လည်း HPV ဗိုင်းရပ်စ်ကြောင့် မဟုတ်သည့် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားခြင်းကို မကာကွယ်နိုင်ပါ။ HPV ဗိုင်းရပ်စ်ကြောင့် မဟုတ်သည့် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားခြင်း သည် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားခြင်း၏ ရာခိုင်နှုန်း အနည်းငယ်သာ ရှိသည့်အတွက် ထို HPV Vaccine သည် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားခြင်းကို ရာခိုင်နှုန်းပြည့် နီးပါး ကာကွယ် နိုင်သည်။

          အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ကြောင့် ဆယ်ကျော်သက် များတွင် သားအိမ်ခေါင်း ကင်ဆာ် နှင့် လိင်အင်္ဂါကြွက်နို့ ဖြစ်ပွားနှုန်း ၈၆ ရာခိုင်နှုန်း ကျဆင်း စေနိုင်သည်။ အရွယ်ရောက်ပြီး အမျိုးသမီးများတွင် သားအိမ်ခေါင်း ကင်ဆာနှင့် လိင်အင်္ဂါ ကြွက်နို့ ဖြစ်ပွားနှုန်း ၇၁ ရာခိုင်နှုန်း ကျဆင်း စေနိုင်သည်။

          ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် အောက်ပါ ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။

(၁)     ဆေးထိုးသော နေရာတွင် နီရဲနာကျင်ခြင်း။

(၂)     အော့အန်ချင်ခြင်း။

(၃)     ခေါင်းကိုက်ခြင်း စသည်တို့ ဖြစ်သည်။

          သို့သော်လည်း ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် ခံစားရသော ဘေးထွက်ဆိုးကျိုး များမှာ ပြင်းထန်လေ့ မရှိသောကြောင့် ရရှိမည့် အကျိုးနှင့် နှိုင်းယှဉ်ပါက မပြောပလောက်ပါ။ အချို့နိုင်ငံများတွင် ကာကွယ်ဆေးကို HPV ဗိုင်းရပ်စ်ကူးစက် ခံရခြင်းမှ ကာကွယ်ရန် နှင့် အမျိုးသမီးများကို ပြန်လည် မကူးစက် စေရန် ယောက်ျား ကလေးများတွင်ပါ HPV Vaccine ကာကွယ်ဆေး ထိုးကြသည်။ မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာန အနေဖြင့် မိန်းကလေး များကိုသာ ထိုးနှံပေးမည် ဖြစ်သောကြောင့် မပျက်မကွက် ထိုးနှံကြရန် တိုက်တွန်း လိုက်ရပါသည်။

 

ဒေါက်တာ လင်း

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - ydb daily


No comments: