Thursday, November 26, 2020

ဆောင်းမှာ ကလေးတွေ ကျန်းမာစေဖို့

 

ဆောင်းမှာ ကလေးတွေ ကျန်းမာစေဖို့ 

 


ယခု ကျရောက်လျက် ရှိသောဆောင်းရာသီ ကာလသည် လေးလကာလ ကြာရှည်ပြီး ဥတုအနေဖြင့် တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်မှ ပြာသို လပြည့်နေ့ အထိ  နှစ်လတာ ကာလကို  ဟေမရတု၊ ပြာသို လပြည့်ကျော် ၁ ရက်မှ တပေါင်း လပြည့်နေ့ အထိ နှစ်လတာ ကာလကို သိသိရရတု ဟုခေါ်ဝေါ် နိုင်သည်။

ချမ်းအေးသော ဆောင်းရာသီ ကာလတွင် ကလေးငယ်များ ကျန်းမာစေဖို့ စောင့်ရှောက်ပေး ရမည်များကို ဝေမျှပေးလိုသည်။ ဆောင်းရာသီတွင် အအေးမိခြင်းနှင့် တုပ်ကွေးများ ဖြစ်ပွားလွယ်သည်။ သို့ဖြစ် ပါသောကြောင့် လက်ဆေးတတ်သည့် အရွယ် ကလေးငယ် များကို လက်ဆေးခြင်း အလေ့ကျင့် သုံးတတ်စေရန် သင်ပေးထား သင့်သည်။ နို့စို့ ကလေးငယ်များ ကျန်းမာ စေရန်အတွက် ကလေး စောင့်ရှောက်သူ များက   လက်ဆေးပြီး မှသာ ကလေးချီခြင်း အလေ့ ကျင့် သုံးသင့်သည်။


ဆောင်းရာသီ ကာလတွင် မွေးဖွားသော မွေးစကလေး များအတွက် ကိုယ်ခံအား ကောင်းစေရန်နှင့်  အနွေးဓာတ် ပြည့်ဝနေ စေရန် မိခင် နို့တိုက်ကျွေး နေဖို့ လိုအပ်သည်။ အထူးသဖြင့် ကလေးများ အိပ်စက်ရာ အိပ်ခန်း အပူချိန်ကို ဂရုပြပေးရမည်။ လေအေးများ မ၀င်နိုင်စေရန် အတွက် ဂရုပြပေးသင့် သော်လည်း လေ၀င်လေထွက် ကောင်းစေရန် အတွက် ပြလုပ်ထားပေးဖို့ လိုအပ်သည်။ ကလေး ဆိုသည်မှာ အိပ်ရာထဲတွင် သေးပေါက်ချ တတ်သည့် အတွက် ကလေးတို့၏ အခင်းနှင့် စောင်များကို မကြာမကြာ လဲပေးသင့်သည်။ စောင်တွေ အထူကြီး ခြံပေးရာမှလည်း မိမိတို့၏ ကလေးငယ် များတွင် အသက်ရှူကျပ်ခြင်း ဝေဒနာ ဖြစ်ပေါ် နိုင်သည်ကိုလည်း သတိချပ် စေလိုသည်။

ကလေးများကို ကာကွယ်ဆေး အချိန်ဇယား အတိုင်း မပျက်မကွက် ထိုးပေးထားဖို့ လိုအပ်သည်။ ကာကွယ်ဆေး အပြည့်အ၀ ထိုးပေးထား ခြင်းဖြင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး ဘေးကင်း လုံခြုံမှာ ဖြစ်သည်။ ကလေးငယ် များသည် လူကြီးများ၏ အသားအရေထက် ခြောက်သွေ့ လွယ်သည့် အတွက် ဆောင်းကာလတွင် ကလေးတို့ အတွက် ခေါင်းလျှော်ရည်၊ ဆပ်ပြာနှင့် အခြား အသုံးအဆောင် ပစ္စည်းများကို ရွေးချယ်ဝယ်ယူ ပေးရမည်။

ကလေးတွေကို ဆောင်းကာလတွင် ရေမကြာခဏ တိုက်ပေးရမည်။ ရေသောက်ခြင်းဖြင့် အစာခြေစနစ် အတွင်းရှိ ဗိုင်းရပ်များ၊ ဗက်တီးရီးယား များကို ဖယ်ရှားပေး နိုင်သည်။ အသင့်သောက် အချိုရည်တွေ အစား ရေကိုသာ၀၀ တိုက်ပေးဖို့ လိုအပ်သည်။ သကြားဓာတ်များ ပါသော အစားအစာများ အလွန်အကျွံ စားသုံးခြင်း မဖြစ်စေရန်လည်း ဂရုပြပေး ရမည်။ သကြားဓာတ်သည် ဗက်တီးရီးယား များကို တိုက်ထုတ် ပေးနိုင် သော်လည်း သွေးဆဲလ်များ၏ စွမ်းရည်ကို လျော့ကျ စေသောကြောင့် ဖြစ်သည်။ လတ်ဆတ်သော အသီးအနှံများ နှင့် ဟင်းသီးဟင်းရွက် များကို များများကျွေးပေး သင့်သည်။

ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော ၀မ်းချုပ်ခြင်း မဖြစ်စေဖို့ နံနက် အိပ်ရာထချိန် (မျက်နှာ မသစ်မီ)တွင် ရေ၀၀ တိုက်ပေးဖို့ လိုအပ်သည်။ သင့်လျော်သော လှုပ်ရှားမှု ကိုလည်း ပြလုပ်ပေး သင့်သည်။  လူကြီးများ နှင့်အတူ လမ်းလျှောက်ခြင်း အလေ့ ကျင့် သုံးပေး စေလိုသည်။ ၀မ်းချုပ်စာ များဖြစ်သည့် ကောက်ညှင်း၊ ဆီကြော်စာများ၊ အဆီအစေး များသည့် အစားအစာ များကို အလွန်အကျွံ စားသုံးခြင်း ရှောင်ကြဉ်ခိုင်း သင့်သည်။

အကယ်၍ မိမိတို့၏ ကလေးများတွင် ၀မ်းချုပ်ခြင်း ခံစားရလျှင် ညအိပ်ရာဝင် ချိန်တွင် မန်ကျည်းဖျော်ရည် (သဘာဝ အတိုင်း)ကို တိုက်ပေးသင့် သည်။ ထို့အတူ ၀မ်းပျော့ စေသော ကင်ပွန်းရွက်၊ ကန်စွန်းရွက် တို့ကို မန်ကျည်းမှည့် နှင့် ချဉ်ရည် ချက်ကျွေး သင့်သည်။

ဆောင်းရာသီတွင် ဖျားလေ့ရှိသော အဖျားသည် အပြင်မှ အအေးပတ် ဖွဲ့ထားသည့် အတွက် အာကာသ မရရှိဘဲ အတွင်း၌ အပူငုပ်ကာ လျိုးကွယ် ပျောက်လျက် ဖြစ်နေသော အဖျားဖြစ်သဖြင့် အာကာသ ပွင့်စေရန် ပြလုပ်ပေးဖို့ အထူး လိုအပ်သည်။ သို့ဖြစ် ပါသောကြောင့် ဆောင်းရာသီတွင် ဖြစ်တတ်သော ချမ်းဖျား၊ တုန်ဖျားအတွက် ဆေးကျွေး ကုသမည် ဆိုလျှင် နံနက်ဆေးအဖြစ် မြက်မုန်ညင်း၊ ကွမ်းရွက်၊ ကျပ်ခိုး၊ နနွင်း လေးမျိုး တို့ကို ပေါင်းစပ် ဖော်ထားသော ရာသီဆေးကို ထန်းလျက် ပြတ်ရည်တွင် ချင်းအနည်းငယ် ထည့်ပြီး လက်ဖက်ရည် သောက်ပန်းကန်လုံး တစ်လုံးခန့် သောက်ပေး နိုင်သည်။ ကလေး၏   အသက်အရွယ်ကို လိုက်ကာ  သောက်သုံးရမည့် ပမာဏ ကွာခြားနိုင်သည်။

ဆောင်းရာသီတွင် ပြင်ပ ရာသီဥတု၏ အအေးဒဏ် ကြောင့် နှာစေး၊ ချောင်းဆိုးရောဂါ များလည်း ဖြစ်ပွားတတ်သည်။ နှာစေးသည့် အချိန်တွင် အဖျားပါ ၀င်ရောက် တတ်သည့် အတွက်  အဖျားမ၀င် ရောက်စေရန် အထက်ဖော်ပြပါ ချမ်းဖျား၊ တုန်ဖျားပြစု ကုသနည်း အတိုင်းဆေးများ မှီဝဲနိုင်သည်။ နှာစေးလျှင် နနွင်းမှုန့် စစ်စစ်ကို ရေဖြင့် ဆူအောင်ကျို ရေနွေး မှိုင်းခံခြင်းကို ပြလုပ်ပေး သင့်သည်။ ခြေဖျား၊ လက်ဖျားများကို နွေးနွေးထွေးထွေး ဖြစ်စေရန်လည်း သတိပြပေးသင့်သည်။ ဆောင်းရာသီ ကာလများတွင်   ချောင်းခြောက် ဆိုးခြင်း ဝေဒနာကိုလည်း ခံစားရနိုင်သည်။

ချောင်းခြောက် ဆိုးနေပါက တိုင်းရင်း ဆေးခန်းသုံး ဆေးအမှတ်(၁) နှင့် (၂)ကို အချိုးတူ ပေါင်းစပ်ပြီး မကြာခဏ လျက်ပေးနိုင်သည်။ ဆောင်း ကာလတွင် ကလေးများ နာဖျားခြင်းမှ ကင်းဝေးစေဖို့ ရေချိုးချိန်နှင့် အ၀တ်အစား ၀တ်ဆင်မှုကို ဂရုပြပေးသင့်သည်။ အေးလွန်းသော နေ့များတွင်  မိမိတို့ ကလေးငယ်များ အတွက် ရေနွေးစပ်၍ ဖြစ်စေ၊ နေလှန်းပြီးသော ရေနှင့်ဖြစ်စေ စပ်ပြီးမှ ချိုးပေးသင့်သည်။ ဤသို့ဖြင့် ဆောင်းရာသီတွင် ကလေးများ ကျန်းမာစေဖို့ စောင့်ရှောက်ပေး စေလိုသည်။  

 

မုဒိတာ (တောင်သာ)

ဓာတ်ပုံ - အင်တာနက်

Crd mwddaily


No comments: