Sunday, November 15, 2020

မိန်းမမီးနေ

 

မိန်းမမီးနေ 


ယောကျာ်းဖောင်စီး၊ မိန်းမမီးနေ လို့ ဆိုရိုးစကား ရှိခဲ့ပေမယ့် ယောကျာ်း အများစုက  ဖောင်မစီး၊ ဖောင်မချ တော့ပါဘူး။ အမျိုးသမီး တွေမှာတော့ သဘာဝ တာဝန်အရ ကိုယ်ဝန်ဆောင်ရ၊ သားသမီး မွေးဖွားရ ပါသေးတယ်။ လူ့ပြည် လူ့လောကကြီး စည်ပင်ပွားများ ရာဟာ မိခင်တွေပဲ ဖြစ်ပါတယ်။ ပုခက်လွှဲသော လက်တွေဟာ လောကကြီးကို စိုးမိုးနိုင်တာပေါ့။  ရှေ့တန်း စစ်မြေပြင်မှာ ရောက်နေတဲ့ စစ်သားတွေလို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကလည်း ရန်သူတွေ ၀န်းရံနေပါတယ်။ ကိုယ်တွင်း ပြောင်းလဲမှုတွေ သာမက အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ အရေးအရာ တွေရဲ့ တိုက်ခိုက်မှု တွေကိုလည်း ခံစားရတဲ့ အတွက် အဘက်ဘက်က ထိုးနှက်တာကို ခံနေရပါတယ်။ ဒါကြောင့် လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ သင်္ချိုင်းကို တစ်နေ့ မျက်စောင်းသုံးခါ ထိုးတယ်လို့ တင်စားပြောဆို ကြပါတယ်။


အကြောင်း အမျိုးမျိုးကြောင့် မိခင်တွေရဲ့ သေဆုံးမှု ကို ကမ္ဘာ့နိုင်ငံ အသီးသီးက စိုးရိမ်ပူပန် နေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီး အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက် (၁၇)ချက်ကို ချမှတ်ထား ပါတယ်။ အဲဒီအချက် တွေထဲက အမှတ်စဉ်(၃) ရဲ့ (၉)ချက်မြောက် ဟာ မိခင် သေဆုံးမှုကို အရှင်မွေး တစ်သိန်းမှာ ၇၀ ဦးအောက် လျှော့ချဖို့ ရည်မှန်းထား ပါတယ်။ မိခင်တစ်ယောက် သေဆုံးဖို့ ဆိုတာ ကိုယ်ဝန်ဆောင် ဘ၀၊ ကလေးမွေးဖွား နေစဉ်နဲ့ မွေးဖွားပြီး အချိန် ဘယ်အချိန်မဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်ရေး၊ ကျွမ်းကျင်သူနဲ့ မွေးဖွားရေး၊ မီးတွင်း မိခင်စောင့်ရှောက် ရေး တို့ဟာ အရေးကြီး ပါတယ်။

သမီးကညာ ချိန်ခါမလင့် စေနဲ့ တို့၊ သမီးလိုချင်ရင် မအေကိုကြည့် တို့ဟာ ရှေးလူကြီးတွေရဲ့ လမ်းညွှန်ချက် တွေပဲ ဖြစ်ပါတယ်။ မှန်လည်း မှန်ပါတယ်။ အန္တရာယ် ရှိတဲ့    ကိုယ်ဝန်ဆောင် မဖြစ်စေဖို့    ''လွန်း'' တွေကို  ဂရုစိုက် ရပါမယ်။ လွန်းတွေပါရင် သတိထားပေါ့လေ။ ခင်လွန်းတို့၊ မွေ့လွန်း တို့နာမည် တွေကို ပြောတာတော့ မဟုတ်ပါဘူး။ အသက်အားဖြင့် ပြောရရင် ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးဟာ အသက်ငယ် လွန်းခြင်း၊ အသက် ကြီးလွန်းခြင်း မဖြစ်သင့်ပါဘူး။ ကိုယ်ဝန် ရနိုင်တဲ့ အရွယ်ဟာ အသက် ၁၅-၄၉ ဆိုပေမယ့် ၂၀ ကျော် ငါးနှစ်ပတ်လည် ကသာ အသင့်လျော်ဆုံး အရွယ် ဖြစ်ပါတယ်။ ဥပမာပြောရရင် မွေးရာပါ ချို့ယွင်းချက် အဖြစ် များဆုံးဖြစ်တဲ့ ဒေါင်းရောဂါဟာ အသက် ၂၀ ကျော် မိခင်တစ်ဦးက မွေးလာဖို့ သုည ဒသမ ၀၇ ရာခိုင်နှုန်း သာရှိပေမယ့် အသက် ၄၅ နှစ်အရွယ် မိခင်ကတော့ ၂ ရာခိုင်နှုန်း ရှိပါတယ်။ သားဖွားမီးယပ် ပါရဂူတွေ အနေနဲ့ ပျမ်းမျှအားဖြင့် အမျိုးသမီး တစ်ယောက် ကိုယ်ဝန်ဆောင်ဖို့ အတွက် အသက် ၃၅ နှစ်အထက်ကို အသက်ကြီးပြီလို့ သတ်မှတ်ကြ ပါတယ်။

ကိုယ်ဝန်ဆောင်မယ့် မိခင်လောင်းရဲ့ အရပ်ကလည်း မပုလွန်း၊ မနိမ့်လွန်း ဖြစ်သင့်ပါတယ်။  ၁၄၀ စင်တီမီတာ (၄ ဒသမ ၆ ပေ) အောက်ဆိုရင် အရပ်ပုတဲ့အထဲ ပါဝင်ပါတယ်။ အရပ်ပု၊ သားဦးကိုယ်ဝန် ဆိုရင် ပိုခက်တာပေါ့။ အရင်ကိုယ်ဝန် တွေတုန်းက တင်ပါးနဲ့ ဦးတိုက်၊ မျက်နှာနဲ့ဦးတိုက် ထားတယ်၊ ကန့်လန့်ကြီး ဖြစ်နေတယ် စတဲ့   ကလေး အနေအထား မမှန်ရင်လည်း   အခု ကိုယ်ဝန်ဟာ အန္တရာယ် ရှိနိုင်ပါတယ်။ မွေးရာဇ၀င် မကောင်းဘူးပေါ့။ မမွေးခင် သွေးသွန်တာ၊ ကိုယ်ဝန်ပျက် ရာဇ၀င်ရှိတာ၊ ကိုယ်ဝန်ဆိပ် တက်ဖူးတာ၊ သွေးအားနည်း ရောဂါရှိတာ၊ အမြွှာ ကိုယ်ဝန်ဆောင် ထားရတာ၊  ရေမြွှာရေများ နေတာတွေလည်း    မကောင်းတဲ့ လက္ခဏာပါပဲ။ အရင်ကိုယ်ဝန် တုန်းက ကလေးသေ မွေးဖူးတယ်၊ သားအိမ်တွင်း ကလေးသေ ဖြစ်ဖူးတယ်၊  အချင်းကပ် ခဲ့ဖူးတယ် ဆိုရင်လည်း   အခုကိုယ်ဝန်ကို ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်က အသက်လည်းကြီး၊   ကလေးအများကြီး လည်းမွေးဖူးတယ် ဆိုရင်  အန္တရာယ်ပါပဲ။

မွေးရက်ကြာတယ် ဆိုတာ မျှော်မှန်း မီးဖွားရက်ထက် ၁၄ ရက် ကျော်နေတာကို ခေါ်တာပါ။ မွေးချိန်ကြာတယ် ဆိုတာ သားဦး ကိုယ်ဝန်ဆောင် အတွက် အမှန်တကယ် ၀မ်းနာခြင်ဖြစ်ပြီး ၁၂ နာရီကျော် မွေးဖူးတဲ့ ကိုယ်ဝန်ဆောင် အတွက်    ရှစ်နာရီကျော် ကြာနေတာကို ခေါ်တာပါ။     အမှန်တကယ် ၀မ်းနာတယ် ဆိုတာ  မွေးချင်လို့ နာတဲ့ဗိုက်က ဆက်တိုက် နာနေတာမျိုးပါ။

အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဆိုတာ မွေးရက်ကြာ တာပဲဖြစ်ဖြစ်၊ မွေးချိန်ကြာ တာပဲဖြစ်ဖြစ် ထည့်သွင်းရ ပါမယ်။ အရင်မွေး တုန်းက ဗိုက်ခွဲဖူးတယ်၊ ညှပ်ဆွဲ စတဲ့ အကူအညီ တစ်ခုခုနဲ့ မွေးရတယ် ဆိုရင်လည်း သတိထား ရမယ့် ကိုယ်ဝန်ပဲ ဖြစ်ပါတယ်။ မိခင်လောင်းက နှလုံးရောဂါ၊ ကျောက်ကပ် ရောဂါ၊ ဆီးချိုရောဂါ၊ တီဘီရောဂါ၊ အသည်းရောဂါ စတဲ့ရောဂါ တစ်ခုခုစွဲကပ် နေတယ် ဆိုရင်လည်း   အန္တရာယ် ကိုယ်ဝန်ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း ဆိုတာ ဒီလို အချက်အလက် တွေကို ဖော်ထုတ်ပြီး သင့်လျော်တဲ့ ကုသ ကာကွယ်မှုတွေ    ပေးဆောင်ဖို့ ဖြစ်ပါတယ်။ ကိုယ်ဝန် ဆောင်စဉ်၊ မီးဖွားစဉ်၊ မီးဖွားပြီး ကာလတွေမှာ မိခင်ရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးဖို့၊ ထိန်းသိမ်းပေးဖို့ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်လို့၊ ကလေးမွေးရလို့ ရရှိလာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖယ်ရှား နိုင်ရပါမယ်။ မွေးဖွားခြင်းနဲ့ ဆက်စပ်လာတဲ့ စိုးရိမ် ပူပန်မှုတွေ၊ ကြောက်ရွံ့မှု တွေကို လျှော့ချပေး ရပါမယ်။

ကလေး စောင့်ရှောက် ပြစုခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းခြင်း စတဲ့ ကျန်းမာခြင်း ဆိုင်ရာ အချက်အလက် တွေကို သင်ကြားပြသ ပေးရပါမယ်။ နို့သီးခေါင်း သန့်ရှင်းရေး၊ ပြပြင်ရေး တွေအပါအ၀င် ပေါ့။ မိသားစု စီမံကိန်း အတွက် မိခင်တွေကို ဆွေးနွေး အကြံပေး ရပါမယ်။ သားဆက်ခြား ရာမှာ သောက်ဆေး၊ ထိုးဆေး၊ သားအိမ်တွင်း ပစ္စည်းထည့်၊ လက်မောင်း အရေပြားအောက် ပစ္စည်းထည့် စတာတွေ ကို ရှင်းပြရပါမယ်။ မိမိမှာ ရှိနေတဲ့ ငါးနှစ်အောကကလေးတွေကို စောင့်ရှောက် တတ်ဖို့လည်း  သင်ကြား ပေးရပါမယ်။

မွေးဖွားဖို့ဆိုရင် ကျွမ်းကျင်သူနဲ့ မွေးဖွားဖို့ အရေးကြီး ပါတယ်။ ကျွမ်းကျင်သူ စာရင်းထဲမှာ သားဖွား ဆရာမဟာ အနိမ့်ဆုံး အဆင့် ဖြစ်ပါတယ်။ အနည်းဆုံး သားဖွား ဆရာမနဲ့ မွေးဖွားရမှာပါ။ အိမ်မှာမွေးမယ် ဆိုရင် မွေးခန်း သီးသန့်ပြင်ဆင်ဖို့ လိုပါတယ်။ လှေကားအောက်က အခန်းကျဉ်းကျဉ်း မှောင်မှောင်ထဲ မွေးလို့တော့ မဖြစ်ပါဘူး။ သန့်ရှင်း ကျယ်ဝန်းပြီး အလင်းရောင် ကောင်းကောင်း၊ လေ၀င်လေထွက် ကောင်းတဲ့ အခန်းမျိုး ဖြစ်သင့်ပါတယ်။ ကလေးအနှီး ကလည်း ပိတ်စဖြတွေကို လျှော်ဖွပ်ထား၊ မီးပူတိုက်ထား၊ စုဆောင်းထားရ ပါမယ်။ ပိတ်စအရောင်က အဖြရောင် ဖြစ်စေချင် တာက ကလေး အသားဝါ၊ မ၀ါ စစ်ဆေးချင် လို့ပါ။ ကလေးကို တိုက်ဖို့ နို့မှုန့်တွေ၊ နို့ဘူးတွေ မစုဆောင်းသင့် ပါဘူး။

ကိုယ်ဝန်ဆောင် ဘ၀မှာ ကတည်းက ကလေးအတွက် ပိုစားတာ၊  အစုံစားတာ၊  ရေများများ သောက်ရင် ကလေးအတွက် နို့ထွက်ကောင်း မှာပါ။ အစုံစားမှ အစုံအားရှိ မှာပါ။ အာဟာရ ပြည့်မှ မွေးရဖွားရ လွယ်ကူမယ်၊ သွေးဆုံး ရှုံးမှုဒဏ်ကို ခံနိုင်မယ်၊ နောက်ဆက်တွဲ ရောဂါတွေ ကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်အပ်လို့ ရနိုင်တဲ့ အကျိုးကျေးဇူး တစ်ခုကတော့ ရိုးရိုး မွေးနိုင်မလား၊ ခွဲမွေးရမလား၊ ဘယ်မှာ မွေးသင့်သလဲ ဆိုတာ ဆုံးဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ရိုးရိုးမွေးမှာ အဆင့်လေးဆင့် ရှိပါတယ်။ ပထမအဆင့်က မှန်ကန်သော ၀မ်းနာခြင်း ကနေ သားအိမ်ဝ အစွမ်းကုန် ပွင့်ခြင်းအထိ ဖြစ်ပါတယ်။ ပထမအဆင့် မှာကို နှေးတဲ့အချိန်၊ မြန်တဲ့အချိန် ဆိုပြီး သွင်ပြင်နှစ်မျိုး ရှိပါသေးတယ်။ နှေးတဲ့အချိန်က မှန်ကန်သော ၀မ်းနာခြင်း ကနေ သားအိမ်ဝ အကျယ် ၄ စင်တီမီတာ အထိ  ရှစ်နာရီ ကြာနိုင် ပါတယ်။ မြန်တဲ့ အချိန်ကတော့ သားအိမ်ဝ အကျယ် ၄ စင်တီမီတာကနေ ၁၀ စင်တီမီတာ အထိ   အချိန် ခြောက်နာရီပဲ ကြာသင့်ပါတယ်။ ဒုတိယအဆင့်က ကလေး တစ်ကိုယ်လုံး ထွက်လာတဲ့ အဆင့်ပါ။ တတိယ အဆင့်က   အချင်းထွက်တဲ့ အဆင့်ပါ။   သားအိမ်ကျုံ့ဆေး ပေးဖို့လိုပါတယ်။ 

စတုတ္ထအဆင့် ကတော့   မွေးပြီး တစ်နာရီအတွင်း စောင့်ရှောက်မှု ပေးရမယ့် အဆင့်ပါ။ ကိုယ်ဝန်ဆောင် တစ်ယောက် မီးဖွားဖို့ဆိုရင်   P လေးလုံး ကောင်းမွန်ရ ပါမယ်။  Power  ကတော့ သားအိမ်ညှစ်အား ဖြစ်ပါတယ်။ ဒါကြောင့် အသက် မငယ်လွန်း၊ မကြီးလွန်းဖြစ်မှ၊ သံဓာတ် မချို့တဲ့မှ၊ အာဟာရ ပြည့်ဝမှ သားအိမ်ညှစ်အား ကောင်းမယ် မဟုတ်လား။ အမျိုးးသမီး တွေရဲ့ Pelvis တင်ပါးဆုံကွင်းဟာ Gynecoid ပုံစံ စွင့်စွင့်ကားကား ဖြစ်နေသင့် ပါတယ်။ ယောကျာ်းပုံစံ ပေါက်နေလို့ မဖြစ်ပါဘူး။ နောက် P ကတော့ ကလေးရဲ့ ဦးတိုက်ပိုင်း မှန်ကန်နေဖို့ပဲ ဖြစ်ပါတယ်။ Passenger ကောင်းရမယ် ပေါ့လေ။ နောက်ပြီး မိခင်လောင်းရဲ့ စိတ်နေ သဘောထား Psychological Feeling ကောင်းနေဖို့ ပါပဲ။

ကိုယ်ဝန်ဆောင်ဟာ သွေးပေါင်ချိနမှန်နေဖို့လို ပါတယ်။ သွေးပေါင်ချိန် တက်မယ်၊ ဆီးထဲ အသားဓာတ် ပါမယ်ဆိုရင် ခြေလက် ဖောရောင်ပြီး ကိုယ်ဝန်ဆိပ် တက်နိုင်ပါတယ်။ သွေးပေါင်ချိန်က ကျလွန်းရင်လည်း ကလေးထိခိုက် နိုင်ပါတယ်။ သန္ဓေသား နှလုံးခုန်နှုန်းဟာ တစ်မိနစ်အတွင်း ခုန်ချက် ၁၂၀-၁၆၀ ရှိသင့်ပါတယ်။ အဲဒီထက် နည်းသွား၊  များသွားရင်    ကလေးဟာ အန္တရာယ်နဲ့ ရင်ဆိုင် နေရပါပြီ။

မွေးပြီးသွေးသွန်တယ် ဆိုတာ သားအိမ်ရဲ့ ကြွက်သားတွေ  မကျုံ့နိုင်လို့၊  သားအိမ်၊  မွေးလမ်းကြောင်း တစ်နေရာရာမှာ စုတ်ပြဲဒဏ်ရာ ရလို့၊ သားအိမ်တွင်း အချင်း အပိုင်းအစ၊  တစ်သျှူး အပိုင်းအစ  တစ်ခုခု ကျန်နေလို့ ဖြစ်ရပါတယ်။ မွေးချိန်ကြာတာ၊ အသက်ကြီး ကိုယ်ဝန်၊ သားများမိခင် တွေဟာ သားအိမ် ကြွက်သားတွေ အားနည်း နေတတ်ပါတယ်။ သားအိမ်ဟာ မွေးပြီးပြီးချင်း ကိုယ်ဝန်သုံးလ ဗိုက်လောက်ပဲ ဖြစ်သွားပါတယ်။

မွေးပြီး တစ်နာရီအတွင်း ကလေး နို့တိုက်ခြင်းကြောင့် ကလေးအတွက် အာဟာရ၊ ကိုယ်ခံစွမ်းအား တွေကို မျှဝေပေးရုံ မကပါဘူး။ သားအိမ်ကိုလည်း ၀ပ်စေပါတယ်။   မွေးပြီးတစ်လခွဲ ရောက်တဲ့အခါ   ကိုယ်ဝန် မဆောင်ခင်က သားအိမ် အနေအထားကို ပြန်ရောက် သွားပါတယ်။

မွေးချိန်ကြာခြင်း၊ ကလေးဦးတိုက် မမှန်ခြင်း၊ ကလေး ကြီးလွန်းခြင်း စတာတွေကြောင့် မွေးလမ်းကြောင်း တစ်နေရာရာမှာ ဒဏ်ရာ ရသွားနိုင်ပါတယ်။ အချင်း မစုံခြင်း၊ ရေမြွှာအိတ် အမြှေး၊ ပြင်ပပစ္စည်း တစ်ခုခု စတာတွေ သားအိမ် အတွင်းမှာ ကျန်နေခဲ့ရင်လည်း သားအိမ် ကောင်းကောင်း မ၀ပ်နိုင်ဘဲ သွေးသွန်တတ် ပါတယ်။

မိခင်သေဆုံးခြင်းရဲ့ အဓိက အကြောင်းရင်း တွေက မမွေးဖွားမီ သွေးသွန်ခြင်း၊ မွေးဖွားပြီး သွေးသွန်ခြင်း၊ သားအိမ်ကွဲခြင်း၊ မွေးဖွားချိန် ကြာခြင်း၊ မီးတွင်းပိုးဝင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ မမွေးဖွားမီ သွေးသွန်ခြင်း မဖြစ်အောင် ကိုယ်ဝန် စောင့်ရှောက်မှုကို အနည်းဆုံး   လေးကြိမ် ခံယူရမှာ ဖြစ်ပါတယ်။   မွေးဖွားပြီး သွေးသွန်ခြင်း၊  သားအိမ်ကွဲခြင်း၊ မွေးဖွားချိန် ကြာခြင်း၊ မီးတွင်းပိုးဝင်ခြင်း မရှိအောင် ကျွမ်းကျင်သူနဲ့ မွေးဖွားရမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်မယူခင်၊ အိမ်ထောင်ကျစ ကတည်းက မိသားစု စီမံကိန်းကို ကျန်းမာရေး ၀န်ထမ်း တွေနဲ့ တိုင်ပင်ချမှတ် ထားသင့်ပါတယ်။ တကယ်တော့ အိမ်ထောင် မပြခင် ကတည်းက နားလည် တတ်ကျွမ်းသူ တွေနဲ့ တိုင်ပင်စစ်ဆေး ထားရမှာပါ။ ဒါဆိုရင်  သင်္ချိုင်းကို  တစ်နေ့ မျက်စောင်းသုံးခါ ထိုးစရာ မလိုတော့ ပါဘူးခင်ဗျာ။  

 

ဇော်သစ်ကြည်

ဓာတ်ပုံ - အင်တာနက်

Crd – mwddaily


No comments: