Saturday, October 31, 2020

သီတင်းကျွတ်လပြည့် အဘိဓမ္စာအခါတော်နေ့

 

သီတင်းကျွတ်လပြည့် အဘိဓမ္စာအခါတော်နေ့

 


''ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကား ကုသိုလ်၊ အကုသိုလ် ဟု၊ ထိုထိုဘဝ၊ မသိရ၊ များလှအပြစ်တွေ။'' ''ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်မိန့်ကြား၊ မြတ်တရားကြောင့်၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထို ဘုံဘဝ၊သိကြားရ၊ များလှ ကျေးဇူးပေ။'' ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး  ဤသို့ဖွဲ့ဆိုခဲ့သည်ကို လူတိုင်းသိရှိပြီး ဖြစ်သည်။  ဘုရားရတနာ၊ တရားရတနာ၊  သံဃာရတနာ  ရတနာသုံးဖြာ သည် ကမ္ဘာ့လူသားတို့ အကျိုးငှာ ပွင့်ထွန်းခဲ့သည့် အနက် အဘိဓမ္မာ တရားတော်သည်    အဖိုးမဖြတ် နိုင်သော အမိကျေးဇူးဆပ် တရား ဖြစ်ပါ၏။

          အဘိဓမ္မာဟူသော ဝေါဟာရမှာ မူရင်းပါဠိစကား အဘိဓမ္မ ကို အာသရ ပေါင်းခြင်းဖြင့် အဘိဓမ္မာဟု သုံးနှုန်းလာပါသည်။ အဘိဓမ္မာ တရားတော်သည် ပါဠိ၏ နက်နဲခြင်း၊ သဘော အဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်း၊ ဥာဏ်တော်၏ နက်နဲခြင်းဟူသော ဂမ္ဘီရလေးမျိုး နှင့်ပြည့်စုံ၏။ သဘောတရား အနေဖြင့် မည်မျှခက်ခဲ သနည်းဟူမူ သာမန်ပုဂ္ဂိုလ် မဆိုထားဘိ။ အဋ္ဌကထာ ကျမ်းပြု ရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ် သည်ပင် ဝိဘင်းပါဠိတော်လာ ပဋိစ္စသမုပ္ပါဒ် ဒေသနာ အဖွင့်ရေးသားရာ၌  ''ဆောက်တည်ရာမရ   အလွန်ခက်ခဲလှပေစွတကား'' ဟု ညည်းတွား တော်မူရ၏။


          အဘိဓမ္မာ တရားတော်သည် သုတ္တန်ဒေသနာ၊ ဝိနည်းဒေသနာတော် များကဲ့သို့ လူတို့၏ အချိန်ကာလ တစ်ရက်အတွင်း အစ၊ အလယ်၊ အဆုံး  ပြီးပြည့်စုံ အောင်ဟောကြား၍ မဖြစ်နိုင်။ အဘိဓမ္မာ တရားတော်၏ ရှည်လျားသော ဒေသနာအစဉ်ကို လူသားများ ဣရိယာပုတ် တစ်ခုတည်းဖြင့် ပြီးဆုံးအောင် နာယူနိုင်စွမ်း မရှိ။ လူတို့၏ ဝါတွင်းသုံးလ အချိန်ကာလသည် တာဝတိံသာ နတ်တို့၏အချိန်ကာလ တစ်ခဏသာ ဖြစ်၏။ ဤအကြောင်း များကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာ တရားဒေသနာကို   လူ့ပြည်တွင် မဟောကြားဘဲ  နတ်ပြည်၌သာ ဟောရခြင်းဖြစ်၏။

          သဗ္ဗညုဗုဒ္ဓ မြတ်စွာဘုရားသည် အဘိဓမ္မာတရား တော်ကို ဝါတွင်းသုံးလ ရက်ပေါင်း ၉ဝ ကြာဟောတော် မူ၏။ ဘုရားရှင်သည် အဘိဓမ္မာကို ဝါတွင်းသုံးလ ပတ်လုံး ဟောကြားတော်မူပြီး  သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံး၍ လူတို့နေရာ သင်္ကဿနဂိုရ်ပြည် သို့ ပြန်လည် ဆင်းသက်၏။  နတ်ပြည်မှ  လူ့ပြည်သို့ဆင်း သက်ရာတွင် နတ်ပရိသတ် များက လက်ယာဘက်တော် ရွှေစောင်းတန်း၊ ဗြဟ္မာပရိသတ်များက လက်ဝဲဘက် ငွေစောင်းတန်း၊ မြတ်စွာဘုရားရှင်က အလယ်ပတ္တမြား စောင်းတန်းမှ ဆင်းသက်တော်မူ၏။ မာတလိနတ်သား သည် မြတ်စွာဘုရားအနီး ဝဲဘက်တော်မှ ခစားလိုက်ပါ၍ ပဉ္စသီခနတ်သား က စောင်းတီး၍ ပူဇော် လိုက်ပါသည်။

          လူ၊ နတ်၊ ဗြဟ္မာ ကုဋေပေါင်းများစွာတို့ ကျွတ်တမ်းဝင် ကြ၏။ မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည် သို့ဆင်းသက်ရာ၌ မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိ ပူဇော်သည့် ထုံးကို နှလုံး မူ၍ ဗုဒ္ဓဘာသာဝင် တို့က သီတင်းကျွတ် အချိန်တွင် မီးမြင်းမိုရ်ပွဲများ ဖြင့်ပူဇော်ကြ၏။ အဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ အရေအတွက် အားဖြင့် ခုနစ်ကျမ်းရှိ၏။ ''ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊  ဓာတုကထာ၊  ပုဂ္ဂလပညတ်၊  ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟုဆိုအပ်သော အလုံးစုံသောအဘိဓမ္မာ ခုနစ်ကျမ်းကို အကျဉ်းအားဖြင့် သင်ပြီးသော်။ ''ဟူ၍ ဒန့်တိုင် ဆရာတော်၏ မိလိန္ဒပÓဝတ္ထု တွင်ပါရှိ၏။

          ဆရာတော် အရှင်ဇနကာဘိဝံသ ၏ အခြေပြု ပဋ္ဌာန်း တရားတော် စာအုပ်ပါ သဗ္ဗညုတ ဥာဏ်တော်၏ စွမ်းအား ကဏ္ဍတွင် ''မြတ်စွာဘုရားက ပထမဆုံး ဘုရားဖြစ်ပြီးတော့ နေရာက မထသေးဘူး။ ခုနစ်ရက် ဒီလိုသီတင်း သုံးပြီးနောက်မှ နေရာကထပြီး ပလ္လင်တော် (တင်ပျဉ်ခွေ တဲ့နေရာ) ကြည့်ပြီးတော့ ဒီနေရာမှာ ကိလေသာ တွေအကုန်လုံး ကုန်ခဲ့တယ်။ ဒီနေရာမှာ သဗ္ဗညုတ ဥာဏ်တော်ကြီးကို ရခဲ့တယ်လို့ တွေးပြီး ခုနစ်ရက် လုံးလုံး မမှိတ်မသုန်သော မျက်စိဖြင့် ကြည့်တော်မူ နေတယ်။

အဲဒီလို ကြည့်ပြီးတဲ့နောက် ခုနစ်ရက် လေးကြိမ်မြောက် ကျတော့ ဗုဒ္ဓမြတ်စွာ တရားတော်ကို ဆင်ခြင်တော်မူတဲ့ အထဲက     အဘိဓမ္မာတရားကို ဆင်ခြင်တဲ့ အခန်းကို ရောက်လာတယ်။  ဆင်ခြင်တော်မူ လိုက်တာ၊ အဲဒီ ဆင်ခြင်တော်မူတဲ့ အခါမှာ ရှေ့အဘိဓမ္မာ ခြောက်ကျမ်း ကတော့   ဗုဒ္ဓမြတ်စွာရဲ့ ဥာဏ်တော်   မကွန့်မြူး လောက်ဘူး။ တရားတော်တွေက နိမ့်နေတယ်။ တရား တော်တွေက ကျဉ်းမြောင်း နေတယ်။ ဥာဏ်တော်ကြီးက အင်မတန်ကြီးကျယ် နေတယ်။ ဓမ္မသင်္ဂဏီ၊ ဝိဘင်းစတဲ့ ပထမခြောက်ကျမ်း အဘိဓမ္မာ တရားတော် တွေကို ဗုဒ္ဓမြတ်စွာက သုံးသပ်တော်မူတယ်။ တရားတော်က ကျဉ်းနေတယ်၊ ဥာဏ်တော်က ကျယ်နေတယ်။ နောက်တော့ ခုနစ်ကျမ်းမြောက် ပဋ္ဌာန်း တရားတော်လည်း ရောက်လာရော ဥာဏ်တော်ကြီး ကွန့်မြူးလိုက်တာ တကတည်း ရွှင်လာတော်မူ လိုက်တာ၊ အဲဒီကျတော့မှ သဗ္ဗညုတ ဥာဏ်တော် ရတော်မူတယ်။ အဲဒီသဗ္ဗညုတ ဥာဏ်တော်ဓာတ်ဟာ ဘယ်လောက်များ နှစ်သက်စရာ၊ အားရစရာ၊ ကျေနပ်စရာ ကောင်းသလဲ ဆိုတော့ မိမိတို့ သန္တာန်မှာ သားကလေး တစ်ယောက် ဖွားလာတော့ မေတ္တာဆိုတဲ့ ဓာတ်ပေါ်လာသလို သဗ္ဗညုတ ဥာဏ်တော်ကြီး သေသေချာချာ ပေါ်လာတယ်'' ဟူ၍ အဘိဓမ္မာ တရားတော်များ၏ အလေးအနက်ကို ဆင်ခြင်ဖွယ် ရေးသား ထားပါသည်။

မြတ်စွာဘုရား၏ ဗုဒ္ဓဝင်အကျဉ်းကို ဗုဒ္ဓဘာသာ တရားတော် (အခြေခံအဆင့်) တွင် ဤသို့ ဖော်ပြထား၏။ သတ္တသတ္တာဟ စံနေတော်မူခြင်းတွင် အမှတ်စဉ်(၄)၌ ''ထို့နောက် ဗောဓိပင်၏ အနောက်မြောက် အတောင် ၄ဝ အကွာအရပ်သို့ ကြတော်မူကာ နတ်တို့ ဖန်ဆင်းထား သော ရတနာဃရ ရတနာ စံကျောင်းတော်၌ ခုနစ်ရက် တိုင် စံနေတော်မူကာ အလွန် လေးနက်သော အဘိဓမ္မာ တရားတော်များကို ဆင်ခြင်တော်မူ သောအခါ စိတ်တော် အထူးကြည်လင် သဖြင့် အသွေးအသားတော် တို့လည်း ကြည်လင်လာကာ ကိုယ်တော် အစိတ်စိတ်မှ တဖိတ်ဖိတ် တလက်လက် ထွက်သော    ရောင်ခြည်တော် ခြောက်ဖြာတို့သည် စကြာဝဠာ အဆုံးတိုင် တဖြိုင်ဖြိုင် ကွန့်မြူး တော်မူကြ လေသည်။ (ထိုခုနစ်ရက်ကို ရတနာ ဃရသတ္တာဟ ဟု ခေါ်သည်) ''ဟူသော ဗုဒ္ဓဝင် ဗဟုသုတ အရ အဘိဓမ္မာ တရားတော် များ၏ ထက်မြက်နက်နဲ သောသဘော သရုပ်မှာ ကွက်ကွက် ကွင်းကွင်း ထင်ရှား စေပါသည်။

အဘိဓမ္မာ တရား ဟောကြားပုံ ဟောကြားနည်းမှာ သုံးမျိုးရှိ၏။ သဗ္ဗညု မြတ်ဘုရားက တာဝတိံသာ နတ်ပြည်၌ နတ်ဗြဟ္မာ ပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြား တော်မူသော ဒေသနာတော်သည် ''အတိဝိတ္တာရ ဒေသနာ တော်မြတ်'' ဖြစ်၏။ ဟိမဝန္တာ စန္ဒကူးတော၌   ဘုရားရှင်သည်   အရှင် သာရိပုတ္တရာ အား အကျဉ်းနည်းဖြင့် ဟောကြား တော်မူသော ဒေသနာတော် သည် ''အတိသင်္ခေပ ဒေသနာ တော်မြတ်'' ဖြစ်၏။ ဘုရားရှင် ဟောကြားခဲ့သည့် အဘိဓမ္မာ တရားကို အရှင်သာရိ ပုတ္တရာက မဇ္ဈိမဒေသ တွင် လင်းနို့သား ဖြစ်ခဲ့ဖူးသော မိမိ၏ တပည့်ရဟန်း ၅ဝဝ တို့အား  မကျဉ်းမကျယ် အလယ်အလတ် နည်းဖြင့်   ဟောကြားတော် မူသော ဒေသနာတော်သည်  ''နာတိဝတ္တာ ရနာတိသင်္ခေပ ဒေသနာ တော်မြတ်'' ဖြစ်၏။ ယနေ့ခေတ် ရဟန်းရှင်လူ တို့ အဘိဓမ္မာတရားကို သင်ကြားခွင့် ရနေခြင်းသည် အရှင်သာရိပုတ္တရာ ၏   ကျေးဇူးကြောင့် ဖြစ်သည်။

ယနေ့   ထေရဝါဒ ဗုဒ္ဓဘာသာ၌   ထင်ရှားနေသော အဘိဓမ္မာ ဒေသနာကား အရှင် သာရိပုတ္တရာ မထေရ်က တပည့်ရဟန်း ၅ဝဝ အား တစ်ဆင့်ပြန်၍ ဟောကြားသော  ''နာတိ ဝိတ္တာရ နာတိသင်္ခေပ''  မကျဉ်းလွန်း မကျယ်လွန်း အဘိဓမ္မာ ဒေသနာတော် ဖြစ်ပါသည်။

အဘိဓမ္မာ၏ အနက်ဖွင့်ဆိုချက် တွင် နက်နဲခက်ခဲသော အတွေးအခေါ်၊ သဘောတရားဟု ပါရှိသည်နှင့် အညီ နက်နဲသော အဘိဓမ္မာကို လူသာမန်တို့ သဘောမျှ လောက်သိစေရန် ဗုဒ္ဓဘာသာ တရားတော် စာအုပ်တွင်လည်း ဖော်ပြထား၏။ အခြေခံ အဘိဓမ္မာ အခန်းကဏ္ဍတွင် ''ပုဂ္ဂိုလ် သတ္တဝါမဖက်၊ ရုပ်နာမ်ဓမ္မ သက်သက် ဖြစ်သော တရားသည် အဘိဓမ္မာ မည်၏။ ရုပ်နာမ်ဓမ္မ ဟူသည် အမှန်တကယ် ရှိနေသော သဘာဝတရားများ ဖြစ်သည့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ ဖြစ်ကြသည် ဟု အဘိဓမ္မာ အဓိပ္ပာယ် အကျဉ်းကို ပြဆိုထား၏။

စိတ်ကိုဖွင့်ဆို ရာတွင် ''သိစရာ အားလုံးကို သိတတ်သော သဘောသည်   စိတ်မည်၏။   အဆင်းကိုမြင်လျှင် သိခြင်း၊ အသံကို ကြားလျှင် သိခြင်း၊ အနံ့နံလျှင် သိခြင်း၊ အရသာကို စားလျှင် သိခြင်း၊ အတွေ့အထိကို တွေ့ထိလျှင် သိခြင်းနှင့် ထိုငါးပါးမှ တစ်ပါးသော တရားများ ကိုသိခြင်းဟု ဖော်ပြသည်။ ဤကား စိတ်အကြောင်း အကျဉ်းတည်း။ အကျယ်တွင် ကာမာဝစရစိတ် ၅၄ ပါး၊ ရူပါဝစရစိတ် ၁၅ ပါး၊   အရူပါဝစရစိတ် ၁၂ ပါး၊ လောကုတ္တရာစိတ် အကျဉ်းရှစ်ပါး၊   အကျယ်   ၄ဝ၊  စိတ်အကျဉ်း ၈၉ ပါး၊  အကျယ် ၁၂၁ ပါးဟုပြော၏။

စေတသိက်တွင် စိတ်ကိုမှီတွယ်၍ စိတ်ကိုခြယ်လှယ်သော သဘောမှာ စေတသိက်ဟု ဖွင့်ဆိုသည်။ စိတ်သည် တစ်စုံတစ်ခုကို သိခြင်းမျှသာ ဖြစ်၍ စိတ်ချည်း သက်သက်ဖြင့်   အကောင်း၊   အဆိုးအမျိုးမျိုး မကွဲပြားသေး။   စေတသိက် အမျိုးမျိုးနှင့် ပေါင်းစပ် ခြယ်လှယ်ခြင်း ခံရမှသာ စိတ်သည် အကောင်း၊ အဆိုးအမျိုးမျိုး  ကွဲပြား လာရသည်'' ဟု ရေးသားေ ဖ်ာပြ၏။ ရုပ်တွင် အအေး၊ အပူ   စသော ဆန့်ကျင်ဘက် အကြောင်းတို့ကြောင့်   ပြောင်းလဲ ဖောက်ပြန်သည့် သဘောများကို ရုပ်ဟု ခေါ်ကြောင်း၊    ရုပ် ၂၈ ပါးရှိကြောင်း ရှင်းလင်းပြီး နာမ်အပိုင်းတွင်   ''နာမ်ဟူသော တရားမှာ   စိတ်၊ စေတသိက်နှင့် နိဗ္ဗာန်တို့ ဖြစ်ကြ၏။ ထိုတရားများတွင် စိတ်နှင့် စေတသိက် တို့သည် အာရုံသို့ ညွတ်တတ်၍ အာရုံကို ယူတတ်၊ သိတတ်သောကြောင့် နာမ်မည်ကြ၏'' ဟုဆိုသည်။ နိဗ္ဗာန်မှာမူ အာရုံပြုတတ်သော တရားတို့ကို မိမိသို့ ညွတ်စေတတ်သော ကြောင့် နာမ်မည်၏ ဟု ဖွင့်ဆိုပါသည်။  ယင်းသို့    အခြေခံ အဘိဓမ္မာ သဘောတို့ကို    ဟောကြား ဖော်ပြ ထားသည်မှာ  ဗုဒ္ဓဘာသာဝင် တိုင်း အလေးဂရုမူ အပ်သည် သာတည်း။

ဤသို့ဖြင့် ''ပျော်ရာဒေဝိန်၊ တာဝတိံဝယ်၊ ဟောချိန်လည်းသိ၊ အဘိဓမ္မာ၊ ဒေသနာလည်း၊ တံထွာမချွတ်'' ဟု   ရှင်မဟာရဋ္ဌသာရ ၏ ကိုးခန်းပျို့မှ  လာသည့် အဘိဓမ္မာ ဒေသနာတော် သည် အတိဂမ္ဘီနက်နဲ သည် အမှန်၊ ခက်ခဲသည် ဧကန်ဖြစ်တော့သည်။ အဘိဓမ္မာ တရားကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သီတင်းကျွတ် အခါ၌ မီးမြင်းမိုရ်ပွဲ ဆင်နွှဲကြသည်မှာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်း လည်းဖြစ်ချေသည်။ သဗ္ဗညု မြတ်စွာဘုရား သည် အဘိဓမ္မာ တရားကို ဝါတွင်း သုံးလပတ်လုံး ဟောကြား တော်မူရာ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာ သင်္ကဿနဂိုရ် ပြည်သို့    သက်ဆင်း တော်မူချိန်တွင် ဗုဒ္ဓအရှင်တော်ကို ဖူးတွေ့လိုက်ရ သူများသည် ကုဋေ ပေါင်းများစွာ ကျွတ်တမ်းဝင် လိုကြောင်း ဆုပန်ကြသည် ဟု အဆိုရှိ၏။ မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်မှ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင် အလင်းရောင် တို့ဖြင့်  ထွန်းညှိပူဇော်သည့် ထုံးကို နှလုံးမူ၍လည်း သီတင်းကျွတ် မီးထွန်းပွဲများ ဆင်ယင်ကျင်းပ ကြခြင်း ဖြစ်ပါသည်။

အဘိဓမ္မာ တရားတော်ကို   ရွတ်ဖတပူဇော်ခြင်း၊ သင်ကြားနာယူ ရခြင်းကြောင့် လင်းနို့သား ဖြစ်ခဲ့ဖူးသော ရဟန်းတော်များ ကဲ့သို့ နာမရူပ ပရိစ္ဆေဒဥာဏ် ရင့်သန်စေ ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ရန် လမ်းကြောင်း အထောက်အပံ့ ကောင်းရနိုင်သည်။ ဘေးဥပဒ် အန္တရာယ် ကင်းဝေးခြင်း၊ ကျက်သရေ င်္ဂလာ အဖြာဖြာနှင့် ပြည့်စုံခြင်း ဟူသော အကျိုးတရားများ ရရှိခံစားနိုင် ပါသည်။

သို့ဖြစ်ရာ အဘိဓမ္မာ ဒေသနာတော်ကို နတ်ပရိသတ် တို့အား အကျယ် ဟောကြားပြီးဆုံးသည့် နေ့သည်  သီတင်းကျွတ် လပြည့်နေ့၊ စန္ဒကူးတော ၌ အရှင်သာရိ ပုတ္တရာအား ဘုရားရှင်က အကျဉ်း ဟောကြားပြီးဆုံး သည့် နေ့သည် သီတင်းကျွတ် လပြည့်နေ့။ အရှင် သာရိပုတ္တရာ က  တပည့်ငါးရာတို့အား  မကျဉ်းမကျယ်  အလယ်အလတ် နည်းဖြင့် သင်ကြားပို့ချ ပြီးဆုံးသည့် နေ့သည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပါသည်။  

ထို့ကြောင့် ဤမည်သော နေ့ထူးနေ့မြတ် ''သီတင်းကျွတ် လပြည့်နေ့'' ကို ''အဘိဓမ္မာ အခါတော်နေ့'' အဖြစ် နှလုံးသွင်း ဂါရဝထားလျက် ဗုဒ္ဓဘာသာဝင်များ အရိုအသေ ပူဇော်နေမည်မှာ မလွဲဧကန် ဖြစ်ပါတော့ သတည်း။  

 

ပါမောက္ခခိုင်ခိုင်ရီ

ဓာတ်ပုံ - အင်တာနက်

Crd : mwd daily


No comments: