Thursday, October 1, 2020

COVID-19 အဆုတ်ရောင်ရောဂါ နှင့် ကလေးသူငယ်များ

 COVID-19 အဆုတ်ရောင်ရောဂါ နှင့် ကလေးသူငယ်များ



၂၀၁၉ ခုနှစ် ဒီဇင်ဘာလ မှ စတင်ဖြစ်ပွား ခဲ့သည့် COVID-19 အဆုတ်ရောင် ရောဂါမှာ ယနေ့အချိန် ကာလအထိ ကမ္ဘာ့လူသား များအား ခြောက်လှန့်ဆဲ ဖြစ်သည်။ COVID-19 အဆုတ်ရောင် ရောဂါမှာ SARS-CoV-2 အမည်ရသည့် ဗိုင်းရပ်ပိုးသစ် ကြောင့် ဖြစ်ရသည့် COVID-19 ရောဂါမှာ အသက်အရွယ် မရွေး ၊ ကျားမ မရွေး ၊ အသားအရောင် မရွေး ကူးစက်ပျံ့နှံ့ စေတတ်ကြောင်း ၊ နောက်ခံ ရောဂါ ရှိသည့် လူနာများကို ပိုမို သေကျေစေတတ် ကြောင်းကိုလည်း အများ သိရှိကြပြီး ဖြစ်သည်။


ယခု ဆောင်းပါးတွင် COVID-19 အဆုတ်ရောင် ရောဂါ၏ ကလေးငယ်များ အပေါ် အန္တရာယ် ပြုနိုင်ခြေကို သုတေသနများ အခြေခံလျက် တင်ပြလိုသည်။ ကမ္ဘာတစ်ဝန်း မှ ထွက်ရှိထားသည့် COVID-19 ကူးစက်ခံရသူ ကလေးငယ် များနှင့် ပတ်သက်သည့် သုတေသန များကို လေ့လာ ကြည့်သည့်အခါ သုတေသန တစ်ခုချင်းစီး အပေါ် မူတည်လျက် ကလေးငယ် များတွင် COVID-19 ရောဂါပိုး ကူးစက်ခံ ရမှုမှာ သုည ဒသမ ၃၉ ရာခိုင်နှုန်း မှ ၁၂ ဒသမ ၃ ရာခိုင်နှုန်း အထိ ကွဲပြား ခြားနားစွာ ရှိနေကြောင်း တွေ့ရသည်။ အသက် ၁၅ နှစ်အောက် ကလေးငယ် များ၏ သုည ဒသမ ၉ ရာခိုင်နှုန်း သာလျှင် COVID-19 ကူးစက်ခံရခြင်း ရှိကြောင်း တွေ့ရသည်။


COVID-19 သည် များသောအားဖြင့် အသက်ရှူ လမ်းကြောင်းမှ ကူးစက်ခြင်း ဖြစ်သော်လည်း ကလေးငယ် များထံမှ တစ်ဆင့် ကူးစက်သည့် COVID-19 ဗိုင်းရပ်ပိုးများမှာ မစင် ၊ အညစ်အကြေး များမှ ဖြစ်နိုင်ကြောင်း သုံးသပ်ချက် တစ်ချို့လည်း ရှိသည်။ နှာခေါင်း နှင့် အာခေါင်တို့ဖတ် (Nasal swab) ရလဒ်များ Negative ဖြစ်သွားပြီး နောက်ထပ် ၄ ရက်တိုင်အောင် COVID-19 ဗိုင်းရပ်ပိုးများမှာ လူတို့၏ မစင် ၊ အညစ်အကြေး များတွင် ပါဝင်နေကြောင်း တွေ့ရှိရသည်။ ထို့ အတွက်ကြောင့် အညစ်အကြေး သန့်စင်ရန် လူကြီးမိဘ များ အကူအညီ ယူနေရသည့် အရွယ် ကလေးငယ် များထံမှ COVID-19 ကူးစက် နိုင်ခြေ ရှိကြောင်း သတိချပ်ကြဖို့ ဖြစ်သည်။


COVID-19 ဗိုင်းရပ်ပိုးသည် များများပိုစစ် နိုင်လေလေ များများပိုးတွေ့ လေလေ ဟူသည့် ၀ိသေသ ရှိသည်။ တောင်ကိုရီးယား နိုင်ငံတွင် COVID-19 ပိုး တွေ့သူ စုစုပေါင်း (လူကြီး ၊ ကလေး အားလုံး) ၏ ၄ ဒသမ ၈ ရာခိုင်နှုန်းမှာ ကလေးငယ်များ ဖြစ်နေကြောင်း တွေ့ရသည်။ ၄င်း သုတေသန တွင် တောင်ကိုရီးယား နိုင်ငံသား ကလေးငယ် များ၏ ၁၈ ရာခိုင်နှုန်း အထိ ပါဝင်စစ်ဆေး ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ပြုလုပ်သည့် သုတေသန တစ်ခုတွင် ကလေးငယ် ၁၃၉၁ ဦးအား စစ်ဆေးသည့် အခါ COVID-19 ပိုးရှိသူ ၁၇၁ ဦး ( ၁၂ ဒသမ ၃ ရာခိုင်နှုန်း) တွေ့ရှိရသည်။ ပိုးတွေ့ရှိ ရသူ ကလေးငယ် များ၏ ပျမ်းမျှ အသက်အရွယ်မှာ ၆ ဒသမ ၇ နှစ် ဖြစ်သည်။


ကလေးငယ်များတွင် ဖြစ်ပေါ်လေ့ရှိသည့် COVID-19 လက္ခဏာများ


COVID-19 အဆုတ်ရောင် ရောဂါ၏ အခြေခံ လက္ခဏာ လေးရပ် ရှိသည်။ ဖျားခြင်း ၊ ချောင်းဆိုးခြင်း ၊ မောပန်းခြင်း နှင့် အားအင်ကုန်ခန်းခြင်း တို့ဖြစ်သည်။ ကလေးငယ် များတွင်လည်း လူကြီးများ ကဲ့သို့ပင် အထက်ပါ လက္ခဏာများ ခံစားကြ ရလေ့ရှိသည်။ ရောဂါ လက္ခဏာပြသည့် ကလေးငယ် များ၏ ၄၁ ဒသမ ၅ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်း မှာ ကိုယ်အပူချိန် တက်သည့် လက္ခဏာ ကို ခံစားကြရသည်။ ချောင်းဆိုး၊ နှာစေးခြင်း နှင့် လည်ပင်းနာခြင်း တို့မှာလည်း ကလေးငယ် များတွင် အဖြစ်များသည်။


ဗိုက်နာခြင်း ၊ ပျို့အန်ခြင်း ၊ ၀မ်းလျောခြင်း စသည့် အစာအိမ် အူလမ်းကြောင်း လက္ခဏာများမှာ COVID-19 ကူးစက်ခံ ရသူ ကလေးငယ် များ၏ ၁၀ ရာခိုင်နှုန်း ခန့်တွင် ဖြစ်ပွားလေ့ ရှိသည်။ နှလုံး ကြွက်သား ရောင်ရမ်းပြီး နှလုံးစည်းချက် မမှန်သည့် လက္ခဏာ များလည်း ဖြစ်ပေါ်တတ်သည် ဆိုသော်လည်း သိသာ ထင်ရှားစွာ များပြားခြင်း မရှိဟု ဆိုသည်။


တရုတ်ပြည်တွင် ပြုလုပ်သည့် COVID-19 ဗိုင်းရပ်ပိုး ကူးစက်ခံရသူ ကလေးငယ် ၂၁၄၃ ဦး ပါဝင်သည့် သုတေသန အရ ၄င်း ကလေးငယ် များ၏ ၄ ဒသမ ၄ ရာခိုင်နှုန်းမှာ ရောဂါ လက္ခဏာ လုံးဝ ပြသခြင်း မရှိဘဲ ၅၅ ဒသမ ၃ ရာခိုင်နှုန်း မှာတော့ နှာစေး အအေးမိ ၊ လည်ပင်းနာ စသည့် လက္ခဏာ အပျော့စား များသာရှိ ကြောင်း တွေ့ရသည်။ COVID-19 ကူးစက်ခံ ကလေးငယ် များမှာ လူကြီးများလောက် ရောဂါ လက္ခဏာ ပြင်းထန်လေ့ မရှိဘဲ သေဆုံးမှုလည်း နည်းပါးကြောင်း သုတေသန အားလုံးက တညီတညွတ်တည်း ဆိုထား ကြသည်။ လက်ရှိ ကာလအထိ COVID-19 ကူးစက် ခံရသူ လူကြီးများ၏ သေဆုံးမှု နှုန်းမှာ ၄ ရာခိုင်နှုန်း ဖြစ်သည်။


ကလေးငယ်များတွင် COVID-19 ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရစေနိုင်သည့် နောက်ခံအကြောင်းရင်းများ


အ၀လွန်သည့် ကလေးငယ်များ ၊ ဆီးချိုရောဂါ ရှိသည့် ကလေးငယ်များ ၊ နာတာရှည် အဆုတ်ရောင် ၊ အဆုတ်ပွ ၊ ပန်းနာရင်ကျပ် ကဲ့သို့ အဆုတ်ရောဂါ ရှိသည့် ကလေးငယ်များ ၊ ကျောက်ကပ် ရောဂါရှိ သူများ HIV ပိုး ကူးစက်ခံ ကလေးငယ် များတွင် COVID-19 အဆုတ်ရောင် ရောဂါ ဖြစ်ပွားပါက ARDS ဟုခေါ်သည့် ရုတ်တရက် အဆုတ် ပျက်စီးခြင်း ရောဂါစုမှာ COVID-19 ပိုး စတင် ကူစက်ခံရ သည်မှ တစ်ပတ် အတွင် ဖြစ်ပေါ် လာနိုင်ပြီး အသက် ဆုံးရှုံးနိုင် သဖြင့် ထိုသို့သော လူနာအုပ်စု များတွင် COVID-19 ပိုး ကူးစက်ခံ ရခြင်းကို ချက်ချင်း သတိပြုမိဖို့ လိုအပ်သည်။


COVID-19 အဆုတ်ရောင် ရောဂါ ပြင်းထန်စွာ ခံစားရနိုင်သည့် အုပ်စုမှာ အသက် ၃ နှစ်အောက် ကလေးငယ်များ ဖြစ်ပြီး အထူးသဖြင့် မွေးကင်းစ နှင့် တစ်နှစ်အောက် ကလေးငယ် များတွင် ပိုမို ပြင်းထန် နိုင်သည်။ COVID-19 ကူးစက်ခံ ရသူ ကလေးငယ် နှစ်ထောင်ကျော် ပါဝင်သည့် သုတေသန တစ်ခုတွင် ၁၀ လသား ကလေးငယ် တစ်ဦးသာ အသက်ဆုံးရှုံး ခဲ့ပြီး အူပိတ်ခြင်းကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း တွေ့ရသည်။


အထူး မှတ်သားရန်မှာ ကိုယ်ဝန်ဆောင် မိခင်များ ဆေးလိပ် သောက်သုံးပါက မွေးကင်းစ ကလေးငယ် များမှာ နာတာရှည် အဆုတ်ရောဂါ များ ပိုမိုဖြစ်ပွား လာနိုင်ပြီး COVID-19 အဆုတ်ရောင် ရောဂါ၏ ဒဏ်ကို ပိုမို ခံစားကြ ရဖွယ် ရှိသည့် အချက် ဖြစ်သည်။


COVID-19 ကူးစက်ခံ ကလေးငယ်များ၏ အလားအလာ


ယနေ့ အချိန်အထိ ပြုလုပ်ပြီး ဖြစ်သော သုတေသန များအရ ကလေးငယ် များတွင် ဖြစ်ပွားသည့် COVID-19 မှာ လူကြီးများလောက် ရောဂါ ပြင်းထန်ခြင်း မရှိဘဲ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လေ့ ရှိကြောင်း တွေ့ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ကလေးငယ် များ၏ အဆုတ် မျက်နှာပြင် တွင် ACE 2 အမည်ရသည့် အသားဓာတ် မှာ လူကြီးများလောက် မပေါများ သေးသည့်အတွက် ရောဂါပြင်းထန် မှုလည်း အားနည်း ရခြင်း ဖြစ်ကြောင်း သုံးသပ်ကြသည်။


တချို့ သုတေသန များမှာတော့ ကလေးငယ်များတွင် ဖြစ်ပွားလေ့ရှိသည့် တုပ်ကွေး ဗိုင်းရပ် အမျိုးမျိုးမှာ အသက်ရှူ လမ်းကြောင်း အတွင်း နဂို ကတည်းက နေရယူ ထားကြပြီး COVID-19 ဗိုင်းရပ်များကို ခံနိုင်ရည် ရှိစေဖို့ ကလေးငယ် များကို လေ့ကျင့် ပေးခြင်း ဖြစ်နိုင်ကြောင်း ဆိုထားကြသည်။ တချို့ ကလေးငယ် များမှာ COVID-19 ဗိုင်းရပ်ပိုး နှင့် တခြား ဗိုင်းရပ်များ ပြိုင်တူ စစ်ဆေးတွေ့ရှိ နေတာမျိုးလည်း ရှိသည်။


အချုပ်အားဖြင့် COVID-19 ပြင်းထန် အဆုတ်ရောင် ရောဂါ ဖြစ်ပွားမှု ၊ COVID-19 ဗိုင်းရပ်ပိုး စစ်ဆွေး တွေ့ရှိမှုမှာ ကလေးငယ် များတွင် လူကြီးများထက် နည်းပါး နေသည် ဆိုသော်လည်း ရောဂါ တစ်စုံတစ်ရာ မပြဘဲ ပိုးသယ်ဆောင် ဖြန့်ဝေနေသည့် ကလေးငယ် များစွာ ရှိနေနိုင်ကြောင်း သတိချပ် ရပါမည်။ နောက်ခံ ရောဂါများ ရှိနေသည့် ကလေးငယ် များတွင် COVID-19 ရောဂါပိုး သံသယ ကြီးစွာထားပြီး ဆေးကုသမှု အမြန်ဆုံး ပေးနိုင်ဖို့ လိုအပ်သည်။ ကလေးငယ် များမှတစ်ဆင့် COVID-19 ကူးစက်ခြင်းမှာ အသက်ရှူ လမ်းကြောင်း မှ သာမက အစာအိမ် အူလမ်းကြောင်း ၊ အညစ်အကြေး များမှ တစ်ဆင့် ပါ ဖြစ်နိုင်ကြောင်း သတိပြု ကြဖို့ လိုအပ်သည်။ ကလေးငယ် များတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ် ကုသရေး လုပ်ငန်းများကို ဆက်လက် သုတေသန ပြုနေရမည် ဖြစ်ကြောင်း ရေးသားလိုက်ရ ပါသည်။


ဒေါက်တာ လွှမ်းမိုးဟန်

ဓာတ်ပုံ - အင်တာနက်




No comments: