Wednesday, October 21, 2020

ဝသော်လှ၏ . . . အဝလွန်သော် . . .

 

ဝသော်လှ၏ . . . အဝလွန်သော် . . . 

 


ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဝလှ နေလိုက်တာ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်စကား ဆိုလေ့ ရှိကြသည်။ ဝသည် ဆိုရာတွင် အတော်အသင့် ၀ခြင်းက ကြည့်ကောင်း သည်ဆိုသော် လည်း အဝလွန်ခြင်း သည်ကား ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်သည်ကို မေ့ထား၍ မရနိုင်ပေ။

          အဝလွန် ခြင်းကို အာယုဗေဒ ဆေးပညာ အရ အဆီတိုး ရောဂါဟု ခေါ်သည်။ ပါဠိ ဝေါဟာရ အားဖြင့် မေဒ ဟုခေါ်သည်။ အနောက်တိုင်း ဆေးပညာ အားဖြင့် Obesity ဟု ခေါ်သည်။ အဝလွန်ခြင်း ဆိုသည်မှာ ပိုလျှံနေသော ခန္ဓာကိုယ် အဆီများ စုပုံလာပြီး ကျန်းမာရေး အတွက် ဆိုးကျိုး ဖြစ်လာစေသော အတိုင်းအတာ သို့ ရောက်ရှိလာသည့် ကျန်းမာရေး အခြေအနေ ဖြစ်ပြီး ယင်းမှ မျှော်မှန်း ထားသော သက်တမ်းကို တိုစေခြင်း သို့မဟုတ် ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ပိုမို ဖြစ်ပွား လာစေရန် ဦးတည်ခြင်း ဖြစ်သည်။ ကိုယ်အလေးချိန် နှင့် အရပ် နှိုင်းယှဉ် တိုင်းတာမှု ခန္ဓာကိုယ် အလုံးအထည် အညွှန်း BMI သည် ကိုယ် အလေးချိန် ၂၅ ကီလိုဂရမ်/ စတုရန်း မီတာ နှင့် ၃၀ ကီလိုဂရမ်/ စတုရန်း မီတာ အကြားရှိသူ များကို ကိုယ်အလေးချိန် ပိုနေသူများ (မဝမလွန်ခင်) ဟု သတ်မှတ်ပြီး ၃၀ ကီလိုဂရမ်/ စတုရန်းမီတာ ထက် ပိုသူများကို အဝလွန်သူဟု သတ်မှတ်သည်။


(က)    အဝလွန်ခြင်းဖြစ်စေသောအကြောင်းများ

မျိုးရိုးလိုက်ခြင်း ။ ။ အချို့ မျိုးရိုးများတွင် အသက် ၄၀ အထိ ကိုယ်လုံး ကိုယ်ထည်မှာ မူမှန် ပုံမှန် ဖြစ်သော်လည်း အသက် ၄၀ ကျော်ပါက ထိုသူတွင် အနေအစား မထူးခြင်း သော်လည်း တဖြည်းဖြည်း ၀ဖြိုး လာတတ်သည် ကို တွေ့ရသည်။

ဇိမ်ခံမှုများခြင်း ။း အထက်တွင် ပါရှိသည့်အတိုင်း နေထိုင်မှုတွင် ခြေထောက်ကို အားကိုးရမည့် အစား ယာဉ် ၊ ရထား ၊ ဓာတ်လှေကား ၊ စက်လှေကား စသည်တို့ကို အသုံးပြု ခြင်းအားဖြင့် လှုပ်ရှားမှု နည်းကာ အဝလွန် လာခြင်း ဖြစ်သည်။ ဤသို့အားဖြင့် လှုပ်ရှားမှု နည်းသော သူတို့၏ ဇီဝကမ္မ သည် လျော့နည်း သည်ထက် လျော့နည်းကာ ခန္ဓာကိုယ်မှ ကယ်လိုရီ သုံးစွဲမှု နည်းပါးကာ ပိုလျှံနေသော ကယ်လိုရီများ ကြောင့် လူကို ဝဖြိုးစေခြင်း ဖြစ်သည်။

အစားအသောက် မှားယွင်းခြင်း ။ ။ သလိပ်များ စေသော အစားအစာများ စားခြင်း ၊ အဆီအဆိမ့် များသော အစားအစာများ ၊ ကြေကျက်ခဲသော အစားအစာ များကို လွန်မင်းစွာ စားသုံးရာမှ မကြေကျက်သော အာဟာရ တို့သည် ခန္ဓာကိုယ်တွင် စုပုံကာ အဆီတိုး လာခြင်း ဖြစ်သည်။

အခြားအကြောင်းအရာများ ။ ။ နေ့အချိန်တွင် အိပ်စက်မှု များခြင်း ၊ သွေးတိုး ၊ ဆီးချိုရောဂါ အခံများ ရှိနေခြင်း ၊ စိတ်ဖိစီးမှု များနေခြင်း တို့သည်လည်း အဝလွန်ခြင်း ဖြစ်စေသည်။ 

(ခ)     အဝလွန်ခြင်း၏ လက္ခဏာများ

          ပန်းနာငယ် ဖြစ်ခြင်း ၊ အနည်းငယ် မောပန်းခြင်း ၊ ရေငတ်ခြင်း ၊ တွေဝေခြင်း ၊ အိုက်ငိုက်ခြင်း ၊ လည်ချောင်း မှ အသံမြည်ခြင်း ၊ ပင်ပန်းခြင်း ၊ ဆာလောင်ခြင်း ၊ ချွေးထွက်ခြင်း ၊ အနံ့ဆိုးခြင်း ၊ အားကုန်ခန်းခြင်း ၊ မေထုန်မှီဝဲ ရာတွင် စွမ်းနိုင်မှု နည်းခြင်း ၊ ခန္ဓာကိုယ် အရိုးအဆစ်များ နာကျင်ခြင်း ၊ ခေါင်းနှင့် တစ်ကိုယ်လုံး လေးလံခြင်း တို့ ဖြစ်သည်။ 

(ဂ)     ဓာတ်စာနှင့် ဆောင်ရန် ရှောင်ရန်များ

          အဆီလျှော့ကျ စေချင်သူ များသည် ငါးပိစစ်စစ် ကိုသာ စားသုံးပေး ရမည်။ ကြက်သွန်ဖြူ ကို ပျားရည် နှင့်စိတ်ပြီး စားပေးသင့်သည်။ နံနက် အိပ်ရာထ နှင့် ညအိပ်ရာဝင် သည့် အချိန်များတွင် ရေများများ သောက်ပေး သင့်သည်။ ထိုက်သင့်သော ကိုယ်လက် လှုပ်ရှားမှု များကို ပြုလုပ်ပေး ရမည်။ လမ်းလျှောက်ခြင်း ၊ ရေကူးခြင်း ၊ ကြိုးခုန်ခြင်း စသော လေ့ကျင့်ခန်း များကို အတူး ပြုလုပ်ပေး သင့်သည်။ လေ့ကျင့်ခန်း ထူးထူးထွေထွေ မလုပ်နိုင်သူ များအနေဖြင့် အမှိုက်ကောက်ခြင်း ၊ ဟင်းချက်ခြင်း စသည့် အိမ်မှုကိစ္စများကို ပြုလုပ်ပေး သင့်သည်။ အ၀လွန်သူများ အနေဖြင့် ဆီထဲတွင်နှစ်၍ ကြော်ထားသော ဆီကြော်စာများ ၊ ချောကလက် ၊ ချိုလွန်းသော အစားအစာများ ၊ ဒိန်ခဲ ၊ အသင့်လုပ် အစားအစာများ ၊ တာရှည်ခံရန် ပြုလုပ်ထားသော အစားအစာများ ၊ အချိုရည်ဘူးများ သောက်သုံးခြင်းမှ ရှောင်ကြဉ် ပေးရမည်။ ပြည့်ဝဆီ ၊ အယ်လ်ကိုဟော ၊ အချို တို့ကို လုံးဝ ရှောင်ကြဉ် သင့်သည်။

          အဝလွန်ခြင်းမှ ကာကွယ်စေရန် အလို့ငှာ နံနက်စာကို ၀၀စားသုံး ပေးရမည်။ နံနက်စာ စားခြင်းသည် တစ်နေကုန် စားမိနိုင်သည့် ကယ်လိုရီ ပမာဏကို လျှော့ချနိုင် သောကြောင့် ဖြစ်သည်။ ကယ်လိုရီ ပါဝင်မှု နည်းသော သစ်သီး နှင့် ဟင်းသီးဟင်းရွက် များကို စားသုံးပေး သင့်သည်။ ရေများများ သောက်ပေး သင့်သည်။ ကျန်းမာရေး နှင့် ညီညွတ်သော အခွံမာသီး များကိုလည်း စားသုံးပေး သင့်သည်။ ဥပမာ - ဗာဒံစေ့ ၊ သစ်ကြားသီး ၊ အယ်လမွန်စေ့ တို့ကို စားသုံးပေး သင့်သည်။ သို့သော် မိမိတို့ စားသုံးသည့် အစေ့အဆန် များသည် ဆားပါဝင်မှု နည်းရမည် ဖြစ်သည်။ အဆီ ထုတ်ထားသော နို့ထွက်ပစ္စည်း များကိုသာ စားသုံးပေး သင့်သည်။

          အဝလွန်သူ များသည် အစာကို တကြွပ်ကြွပ် ၀ါးနေတတ်သော အလေ့ရှိသူများ ဖြစ်သည့် အတွက် အာလူးကြော်များ စားသုံးခြင်းထက် မုန်လာဥနီ ကဲ့သို့သော အသီးကိုသာ တကြွပ်ကြွပ် ၀ါးပေးသော အကျင့်ကိုလည်း မေးမြူရမည်။ အဝလွန်ခြင်း အတွက် အဓိက ကုသမှုမှာ အစားအသောက် ကို ထိန်းချုပ်ခြင်း နှင့် ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ခြင်း တို့ ဖြစ်သည်။ 

(ဃ)    အ၀လွန်ခြင်း၏ နောက်ဆက်တွဲ အနေဖြင့် သွေးတိုး ၊ ဆီးချို နှင့် နှလုံးရောဂါ များကို ဖြစ်စေသည်။ အခြား ၀မ်းချုပ်ခြင်း ၊ လေမလည်ဘဲ နေရခက်ခြင်း များလည်း ဖြစ်စေသည်။ ကင်ဆာရောဂါ ၊ လေဖြတ်ရောဂါ များသည်လည်း အ၀လွန်ခြင်း ၏ နောက်ဆက်တွဲ များဖြစ်သည်။ အ၀လွန်ခြင်းကြောင့် လေ စသော ဒေါသတို့သည် အလွန် ကြောက်မက်ဖွယ် ကောင်းသော ဒူလာသရောနာ ၊ ဂရင်ဂျီနာ ၊ သက်တန့်နာ ၊ လေနာ စသည်တို့ ပြု၍ အသက်ကို ပျက်စီး စေတတ်သည်။ အ၀လွန်သူ အမျိုးသမီးများ အနေဖြင့် ကလေးရရန် ခက်ခံသည့် ဘေးကိုလည်း ရင်ဆိုကြရ တတ်သည်။

          အ၀လွန်သူ များသည် မိမိကိုယ်ကို အားမလို အားမရ ဖြစ်ကာ စိတ်ဖိစီးမှု များခြင်း များလည်း ခံစားရ နိုင်သည်။ အ၀လွန်ခြင်းသည် ရောဂါ အားလုံးကို ဖိတ်ခေါ်နေသော အဓိက တရားခံလည်း ဖြစ်သည်။ ထို့အတူ အ၀လွန်ခြင်းသည် ကျန်းမာရေး သက်ရောက်မှု များအပြင် အလုပ်အကိုင် တို့တွင် အကျိုး ဆုတ်ယုတ်မှု များနှင့် လုပ်ငန်း ကုန်ကျစရိတ် တိုးတက် လာခြင်း အပါအ၀င် များစွာသော ပြဿနာ များကို ဦးတည်စေသည်။ သို့ပါသောကြောင့် ၀သော်လှ၏ ၊ အ၀လွန်သော . . . ဆိုသော ဆောင်ပုဒ်လေးကို လက်ကိုင်ထားကာ အ၀လွန်ခြင်း မဖြစ်စေရန် သတိပြု နေထိုင်ကြပါစို့ ဟု တိုက်တွန်း လိုက်ရပါသည်။

မုဒိတာ (တောင်သာ)

ဓာတ်ပုံ - အင်တာနက်

No comments: