Monday, October 26, 2020

ညစ်ညမ်းမှုများက အရိုးကျိုးလွယ်နိုင်

 

ညစ်ညမ်းမှုများက အရိုးကျိုးလွယ်နိုင်

 


          ယနေ့ အချိန်အခါသည် လေထု ညစ်ညမ်းမှု ၊ ရေထု ညစ်ညမ်းမှု ၊ မြေထု ညစ်ညမ်းမှု စသည့် အလုံးစုံသော ညစ်ညမ်းမှုများ အဆမတန် များပြား လာနေသည့် အချိန်အခါ ဖြစ်မည်ဟု ဆိုရမည် ဖြစ်သည်။ အထူးသဖြင့် စက်မှုလုပ်ငန်း များစွာ တည်ရှိပြီး ညစ်ညမ်း ပစ္စည်းများကို စနစ်တကျ စွန့်ပစ်မှု မရှိသည့် မြို့ကြီးများတွင် လေထု ညစ်ညမ်းမှု နှင့် ရေထု ညစ်ညမ်းမှု အများဆုံး ဖြစ်ပွားသည်။

          ထိုသို့သော ညစ်ညမ်းမှု များသည် မြို့နေ လူထု၏ ကျန်းမာရေး နှင့် များစွာ ဆက်စပ်နေသည်။ လေထု ညစ်ညမ်းပါက အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ဝေဒနာများ အဖြစ်များ မည်ဖြစ်ပြီး တခြား ညစ်ညမ်းမှု များသည်လည်း အမျိုးမျိုးသော နာတာရှည် ရောဂါ များကို ဖြစ်ပွား စေနိုင်သည်။ 

       

          ညစ်ညမ်းသော လေထုများနှင့် ပြည့်နှက်နေသော မြို့များရှိ ဒေသခံ များသည် လေဖြတ်ခြင်း ၊ နှလုံးရောဂါ ဖြစ်ခြင်း ၊ အဆုတ်ကင်ဆာ ဖြစ်ခြင်း ၊ ပန်းနာရင်ကျပ် ကဲ့သို့ ပြင်းထန် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ခြင်းနှင့် ဦးနှောက် ထိခိုက် ဒဏ်ရာ ရရှိခြင်း တို့ကိုပင် ခံစားရ နိုင်သည်။

          ထို နာတာရှည် ရောဂါများထဲမှ လူသိပ်မသိသည့် ရောဂါတစ်မျိုးမှာ အရိုးကျိုး လွယ်ခြင်း ဖြစ်သည်။ သုတေသီ များ၏ လေ့လာချက် အရဆိုလျှင် ညစ်ညမ်းမှု များသော မြို့များတွင် နေထိုင်ကြသူ များ၏ အရိုးများမှာ အားနည်းလာပြီး အလွယ်တကူ ကျိုးနိုင်သည်ဟု တွေ့ရှိရသည်။

          အိန္ဒိယနိုင်ငံတွင် နေထိုင်သူ လူ ၄၀၀၀ နီးပါးကို သုတေသီ များက စမ်းသပ် စစ်ဆေးမှုများ လုပ်သည်။ စစ်ဆေးမှုတွင် ပါဝင်သူများ အနေဖြင့် လေထုထဲမှ အဆိပ်အတောက် ဖြစ်စေသော အမှုန်များကို တခြား သူများထက် ပိုမိုရှူရှိုက် မိနေသည့် အတွက် ၄င်းတို့၏ ကျောရိုးနှင့် တင်ပါးဆုံရိုးများ ပွလာသည်ကို သုတေသီ များက တွေ့ရှိသည်။

          ထိုသို့ ဖြစ်ရခြင်းမှာ လူများက ရှူလိုက်သော လေထုထဲတွင် ပါဝင်သည့် အဆိပ် အတောက် ဖြစ်စေသော အမှုန်များသည် သွေးထဲသို့ တစိမ့်စိမ့် စီးဝင် သွားသည့် အတွက် အိုမင်းမှု ဖြစ်စဉ်ကို ပိုမိုမြန်ဆန် လာစေခြင်း ဖြစ်သည်ဟု စပိန် သုတေသီ များ ယုံကြည် ထားသည်။

          ယခု သုတေသနတွင် စပိန်နိုင်ငံ ၊ ဘာစီလိုနာ တစ်ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်း မှ သုတေသီ များသည် အိန္ဒိယနိုင်ငံ တောင်ပိုင်း ၊ ဟိုက်ဒရာဘတ် မြို့ပြင်ရှိ ကျေးရွာ ၂၀ ရွာမှ ဒေသခံ ၃၇၀၀ ဦးကို စစ်ဆေး စမ်းသပ်မှုများ လုပ်ဆောင် ခဲ့သည်။ ဦးစွာ သုတေသီ များသည် ကျေးရွာ တစ်ရွာချင်းစီရှိ လေထုအတွင်းတွင် PM 2.5 အမှုန်နှင့် အမည်းရောင် ကာဗွန် တို့ ပါဝင်မှုကို တိုင်းတာသည်။

          PM 2.5 သည် အန္တရာယ် များသည့် အမှုန် အမျိုးအစား ဖြစ်ပြီး အမည်းရောင် ကာဗွန် မှာလည်း အဆိပ် အတောက် ဖြစ်စေသည့် အရာဖြစ်သည်။ နှစ်မျိုးစလုံးက ဓာတ်ဆီယာဉ် နှင့် ဒီဇယ်ယာဉ် တို့မှ ထုတ်လွှတ်သော မီးခိုးများတွင် အများဆုံး ပါဝင်သည်။

          ထိုသို့ တိုင်းတာရာတွင် လေထုထဲတွင် PM 2.5 အမှုန် ပါဝင်မှုသည် ပျမ်းမျှအားဖြင့် ၁ ကုဗမီတာ တွင် ၃၃ မိုက်ခရိုဂရမ် ဖြစ်သည်။ ယင်း ပမာဏသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဘေးကင်းသည် ဟု သတ်မှတ်ထားသည့် အမြင့်ဆုံး ပမာဏ ဖြစ်သော ၁ ကုဗမီတာ တွင် ၁၀ မိုက်ခရိုဂရမ် ထက် ပိုမို များပြားနေသည်။

          ထို့နောက် သုတေသီ များက သုတေသန တွင် ပါဝင်သူ များ၏ ခါးပိုင်း ကျောရိုး နှင့် တင်ပါးဆုံရိုး တို့၏ သိပ်သည်းမှု ကို ဓာတ်မှန်ရိုက်ပြီး တိုင်းတာသည်။ ထိုသို့ တိုင်းတာပြီး နောက် တွေ့လိုက်ရသည်မှာ ၄င်းတို့၏ အရိုးများပွ နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လေထုထဲတွင် PM 2.5 အမှုန်က ၁ ကုဗမီတာ လျှင် ၃ မိုက်ခရိုဂရမ် ပိုမိုများပြား လာလေ ကျောရိုး သိပ်သည်းမှု သုည ဒသမ ၅၇ ဂရမ်နှင့် တင်ပါးဆုံရိုး သိပ်သည်းဆ သုည ဒသမ ၁၃ ဂရမ် နည်းပါးလာလေ ဖြစ်မည် ဖြစ်သည်။

          PM 2.5 ထက် အမည်းရောင် ကာဗွန်၏ သက်ရောက်မှုက ပိုမို ပြင်းထန်သည်။ လေထု ၁ ကုဗမီတာ တွင် အမည်းရောင် ကာဗွန် ၁ မိုက်ခရိုဂရမ် တိုးလာလေ ကျောရိုး၏ သိပ်သည်းမှု က ၁ ဒသမ ၁၃ ဂရမ်နှင့် တင်ပါးဆုံရိုး သိပ်သည်းမှုက သုည ဒသမ ၃၅ ဂရမ် လျော့ကျလာ လေ ဖြစ်မည်ဟု သုတေသီ မျာက ယူဆထားသည်။

          ယခင် သုတေသီများ ကမူ ယခုကဲ့သို့ ညစ်ညမ်းမှု များသည် ပါရာသိုင်းရွိုက် ဟော်မုန်း ကျဆင်းမှုကို ဖြစ်ပေါ် စေမှု ဆက်စပ် နေကြောင်း တွေ့ရှိထားသည်။ အဆိုပါ ဟော်မုန်း သည် ထုံးဓာတ် ထုတ်လုပ်မှု ကို ထိန်းချုပ်ထားခြင်း ဖြစ်သည့်အတွက် ထို ဟော်မုန်း ကျဆင်းမှုက အရိုးများကို ပိုမိုကျိုးလွယ် စေခြင်း ဖြစ်သည်။

ထက်မြက် 

Ref : Mail Online

Photo Internet

Crd to mwd daily


No comments: