Friday, August 2, 2024

အဏ္ဏဝါဂေဟစနစ်အတွက်အရေးပါသော အစိမ်းရောင်တံတိုင်းကြီးများ သို့မဟုတ် ဒီရေတော

 



 အဏ္ဏဝါဂေဟစနစ်အတွက်အရေးပါသော အစိမ်းရောင်တံတိုင်းကြီးများ သို့မဟုတ် ဒီရေတော

          ဒီရေရောက်သစ်တော (ခေါ်) ဒီရေတော (Mangrove Forest) ဆိုသည်မှာ လမုတောများ အစုအဖွဲ့ တည်ရှိသည့် ကမ်းရိုးတန်းဒေသရှိ ရေဝပ်ဒေသ သို့မဟုတ် ရေတိမ်ဒေသ (Wetland) များကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသ များတွင် သဘာဝ ဒီရေတောများ ထိန်းသိမ်းရေး နှင့် ဒီရေတော စိုက်ခင်းများ တည်ထောင်ရေးသည် လွန်စွာ အရေးကြီးသည့်ပြင် ဒီရေတောများကို စနစ်တကျ ကာကွယ်ခြင်းသည် အဏ္ဏဝါဂေဟစနစ် တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ် တစ်ခုလည်း ဖြစ်ပါသည်။


          ထို့ကြောင့် ယခုနှစ် မိုးရာသီအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင် ဒီရေတောဧက ၂၅၀၀ ကျော် စိုက်ပျိုးထားကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ စိုက်ပျိုးမည့် ဒီရေတော သစ်မျိုးဝင် အပင်အမျိုးအစား များမှာ ကနစို၊ လမု၊ လမဲ့၊ သစ်ရာ၊ ပင်လယ်အုန်း၊ ဗြူး၊ ရွှေဝါ၊ ဗြူးအုပ်ဆောင်း၊ အိတ်မသွယ်၊ သမဲ့ကြီး အစရှိသည်တို့ ဖြစ်သည်။ အဆိုပါ သစ်အမျိုးအစားများ စိုက်ပျိုးသည့် ဒီရေတောများမှာ တနင်္သာရီတိုင်း ဒေသကြီးရှိ အောင်ဘာဒီ ရေတောကြိုးပြင် ကာကွယ်တော၊ ရခိုင်ပြည်နယ် အတွင်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ ၀မ်းဗိုက်ကြိုးဝိုင်း ဒီရေတော နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒီရေတောများ ဖြစ်ကြသည်။ ထို့ပြင် မေလစတုတ္တပတ် အတွင်းမှာလည်း တောင်ကုတ်မြို့နယ် ဒီရေတော၌ ဗျူးခြေထောက်ပင် များကိုစိုက်ပျိုး ထားကြောင်း သိရပါသည်။

အရေးပါသောဒီရေတော

          ဒီရေတောများသည် လူသားတို့အတွက် တိုင်းတာ၍ မရသော အကျိုးကျေဇူး မြောက်များစွာကို ပေးစွမ်းနိုင်သဖြင့်   သက်ရှိကမ္ဘာကြီး အတွက် ဒီရေတော၏ အရေးပါပုံမှာ အံ့ချီးမကုန် နိုင်ပေ။

·         ဒီရေတော အများစုကို ၎င်းအပင်တို့၏ ထူထပ်သော အမြစ်များဖြင့် သတိပြုမိနိုင် ပါသည်။ ထိုအမြစ်များသည် နိစ္စဒူဝ ဒီရေအတက်ကျတွင် မြေဆီလွှာ အနည်အနှစ်များ မျောပါမသွားအောင် ကာကွယ်ပေးသည်။

·         ဒီရေတော အပင်များ၏ အမြစ်စနစ်သည် ငါးများနှင့် အခြားသတ္တဝါ များအတွက် နားခိုရာအဖြစ် စွမ်းဆောင်ပေး သကဲ့သို့ ငါး၊ ပုစွန်၊ ကဏန်း စသည့် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ဖွားရာ နေရာလည်း ဖြစ်သည်။

·         ကမ်းရိုးတန်း သယံဇာတ ဖြစ်သော ဒီရေတောများသည် ဒီရေလှိုင်းဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ကမ်းရိုးတမ်း ဒေသတွင် ဒီရေလှိုင်းများ၊ ပြင်းထန်သော ရေစီးကြောင်းများ နှင့် မုန်တိုင်းများကြောင့် ဖြစ်ပေါ်လာသော မြေတိုက်စားမှု အန္တရာယ်မှ ကာကွယ်ပေးသည်။

·         ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် ရှိသော ကျေးရွာများကို လေမုန်တိုင်း တိုက်ခတ်ခြင်း၊ ဒီရေလှိုင်း ရိုက်ခတ်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များမှ ဒီရေတောအပင် များဖြင့် တံတိုင်းကြီး တစ်ခုသဖွယ် ကာကွယ်တားဆီး ပေးနိုင်သည်။ ဥပမာပြရသော် ဒီရေတော များသည် ဆူနာမီ ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များကို ကာကွယ်ပေး နိုင်သည်။

·         ဒီရေတောများသည် ကုန်းမြေ၊ သမုဒ္ဒရာနှင့် လေထုကြားတွင် တည်ရှိပြီး ယင်းစနစ်၏ စွမ်းအင်စီးဆင်းမှု တွင် အရေးပါသည်။ ရေလွှမ်းမိုးမှု ကာကွယ်ရေး၊ အာဟာရ နှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချရေး၊ စိုက်ပျိုးရေး စသည့် ဂေဟစနစ် ဆိုင်ရာ လုပ်ငန်းများအတွက် ဒီရေတောများက များစွာ အထောက်အပံ့ ပေးနိုင်ပါသည်။

·         ဒီရေတောများသည် ပင်လယ်ပြင်မှ ဖြစ်ပေါ်လာသော သဘာဝ ဘေးအန္တရာယ် များကို တံတိုင်းသဖွယ် ကာကွယ်ပေး နိုင်သည့်အပြင် လယ်ယာမြေများ အတွင်း ပင်လယ်ဆားငန်ရေ ၀င်ရောက်မှု ကိုလည်း တားဆီးပေး နိုင်သည့်အတွက် သီးနှံများ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ပေး နိုင်သည်။

·         ဒီရေတောများသည် အပင်မျိုးစုံ ပေါက်ပွားရာ အရပ်ဖြစ်ပြီး မြေဆီလွှာကို ထိန်းသိမ်းပေးခြင်း၊ ရေတိုက်စား မှုကြောင့် ကမ်းပြိုမှုကို ကာကွယ်ပေးခြင်း၊ လှိုင်းဒဏ်လေဒဏ် တို့ကို ကာကွယ်ပေးသည့် ခံတပ်ကြီးများ ဖြစ်ခြင်းတို့အပြင် လူ့အသုံးအဆောင် ပစ္စည်းများ ဖြစ်ကြသော ထင်း၊ မီးသွေး နှင့် သစ်များ ထုတ်ယူနိင်ခြင်းဖြင့် လည်း ကောင်းကျိုးပြုသည်။

·         ရာသီဥတု ပြောင်းလဲမှုကို အဓိကဖြစ်စေသော ဖန်လုံအိမ်အာနိသင် ဖြစ်စေသည့် ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များကို ဒီရေတောနှင့် ကမ်းရိုးတန်း ဂေဟစနစ်များက အမြောက်အများ စုပ်ယူသိုလှောင်ထား နိုင်သည်။ ဤအကျိုးဆက်က ဒေသအတွင်းရှိ ရေမြေသဘာဝ နှင့် ရာသီဥတုကို မျှတစေပါသည်။

·         ဇီဝမျိုးစုံ နှင့် ဂေဟစနစ်ကို ရေရှည်တည်တံ့ စေပြီး ဒေသစိမ်းလန်း စိုပြည်ရေး နှင့် သဘာဝ ပတ်ဝန်းကျင်ကို အထောက်အကူပြု စေသည်။ အဆိုပါ အကျိုးဆက်က ဒီရေတော နယ်နမိတ် အတွင်းသစ်တော၊ ရေ၊ မြေ၊ သားငှက် တိရစ္ဆာန်များ အတွက် ဘေးကင်းလုံခြုံ၍ တည်ငြိမ်သော ဂေဟစနစ်ကို ဖြစ်ပေါ် လာစေခြင်း၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

·         ထို့ကြောင့် ဒီရေတောများက လူသားများ အတွက် တန်ဖိုးမဖြတ် နိုင်သည့် သဘာဝ လက်ဆောင်မွန် ဖြစ်သည်။        

အနီးစပ်ဆုံးသာဓက

          ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်း တွင် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် ရှိရွာတစ်ရွာသည် ဂင်းနစ် ကမ္ဘာ့စံချီန်သစ် မှတ် တမ်းဝင်လို သဖြင့် ရွာ၏ ကမ်းခြေ တစ်လျှောက်တွင် ၂၄ နာရီအတွင်း ကဗွီးပျိုးပင်ပေါင်း ၈၀၂၄၄ ပင် စိုက်ပျိုးခဲ့သည်။ နှစ်နှစ်အကြာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ဆူမားတြား၌ ငလျင်လှုပ်ခတ် ခဲ့သဖြင့် တမီလ်နာဒူး ကမ်းရိုးတန်းသို့ ဆူနာမီ ၀င်ရောက်ခဲ့သည်။ အနီးနားရှိ ဒေသများသို့ ကြီးမားသော လှိုင်းလုံးကြီးများ ၀င်ရောက်ခဲ့သဖြင့် ကမ်းရိုးတန်းဒေသ ရှိလူအများအပြား ထိခိုက် ဒဏ်ရာရပြီး သေဆုံးသူ ၈၀၀၀ ၀န်းကျင်ခန့် ရှိခဲ့သည် ။သို့ရာတွင် အဆိုပါ ရွာကလေးသည် ဆူနာမီဒဏ်ကို ကြံ့ကြံ့ခံနိုင် ခဲ့သည်။ လူအသေအပျောက် လည်းမရှိခဲ့ပေ။ အကြောင်းရင်းမှာ ရွာသူရွာသားများ စိုက်ပျိုးခဲ့သော ကဗွီးပင်တောအုပ် က ၎င်းတို့၏ အသက်ကို ကယ်တင်ပေး ခဲ့သောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ဒီရေတောအခြေအနေ

          မြန်မာနိုင်ငံတွင် ဒီရေတောဧရိယာ ၁ သမ ၁ သန်းကျော်ရှိပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက် နှင့် အရှေ့တောင် အာရှတွင် တတိယမြောက် ဒီရေတော အများဆုံး ပိုင်ဆိုင်သော နိုင်ငံဖြစ်သည်။ သစ်တောဦးစီးဌာန အနေဖြင့် ဒီရေတော ဂေဟစနစ် ရေရှည်တည်တံ့ စေရန်၊ သဘာဝဘေး အန္တရာယ် ကျရာက်မှုမှ ကာကွယ်ပေး နိုင်ရန်၊ ဒီရေတောကို အမှီပြုနေသော ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ရန် နှင့် ဒေသခံ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် အစိမ်းရောင် တံတိုင်းအဖြစ် ဒီရေတော ကြိုးပြင် ကာကွယ်တော ၇ ခု (၂၃၈၅၅ ဧက)ကို ဖွဲ့စည်း တည်ထောင်ထားပြီး၊ တစ်နိုင်ငံလုံး အတိုင်အတာ အနေဖြင့် ဒီရေတော ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော ၄၄ ခု(၇၁၇၂၃၈ ဧက) ကိုဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။

          သို့ရာတွင် နေရာအနှံ့ရှိ ဒီရေတောများသည် လူသားတို့၏ မဆင်မခြင် လုပ်ဆောင်မှု များကြောင့် ပုံစံ အမျိုးမျိုးဖြင့် ခြိမ်းခြောက်ခံ နေရဆဲ ဖြစ်သည်။ ကမ္ဘာ့ဒီရေတော ဧရိယာ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံသည် အကြောင်း အမျိုးမျိုးဖြင့် ယိုယွင်းပျက်စီး လျက်ရှိသည်။ လူဦးရေ တိုးပွားလာမှုနှင့် အတူ ရေတိုအကျိုးစီးပွား အတွက် မဆင်မခြင် ခုတ်ယူခြင်း၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမြေ အတွက် မြေယာတိုးချဲ့ခြင်း၊ ငါးကန်၊ ပုစွန်ကန်များ မွေးမြူရန်အတွက် အပြောင် ခုတ်ထွင်ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်တို့၏ စီမံခန့်ခွဲမှု အားနည်းခြင်းနှင့် မသမာမှုများ ရှိနေခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိသည်။

ထိန်းသိမ်းစောင့်ရှောက်သင့်သောဒီရေတော

                နှစ်စဉ် ဇူလိုင်လ ၂၆ ရက်နေ့သည့် “အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ် ထိန်းသိမ်းရေးနေ့ - International Mangrove Ecosystem Conservation Day ဖြစ်ပါသည်။

          ဒီရေတောများ ပျက်စီးပြုန်းတီး ခဲ့လျှင် ရာသီဥတု ပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းက ပိုမိုဆိုးရွားစေမည် ဖြစ်ပြီး ထိခိုက်လွယ်သည့် ကမ်းရိုးတန်း သယံဇာတများ မှာလည်း အလျင်အမြန် ပျက်စီး ပြုန်းတီးသွားမည် ဖြစ်သည်။ ထို့အတူ ကမ်းရိုးတန်း တစ်လျှောက်ရှိ ဒီရေတောများအား ပရမ်းပတာ ခုတ်ယူသုံးစွဲခြင်း ကြောင့်လည်း ကမ်းပါးပြို တိုက်စားမှု၊ နုန်းအနည်ကျ မှုများ ဖြစ် ပေါ်စေကာ ရေထုအတွင်းရှိ ငါးများ၏ ရှင်သန်ရပ်တည်မှုကို ထိခိုက်ပျက်စီး စေမည် ဖြစ်သည်။

          ထို့ကြောင့် ယနေ့ကာလတွင် ပင်လယ်ကမ်းခြေကို ပိုင်ဆိုင်ထားသော နိုင်ငံအချို့သည် ကမ်းပါးပြို တိုက်စားမှုကို ထိန်းချုပ်ရာ၌ ကွန်ကရစ် အဆောက်အအုံများ ဆောက်လုပ်၍ ကာကွယ်လေ့ရှိသည်။ သို့ရာတွင် ယင်းလုပ်ငန်းသည် ငွေကြေးကုန်ကျမှု များပြားသော လုပ်ငန်းဖြစ်၍ သဘာဝအခြေခံ ဖြေရှင်းသည့် နည်းလမ်းများ ဖြစ်သော ဒီရေတောများ တည်ထောင် စိုက်ပျိုးခြင်း၊ သဘာဝ ဒီရေတောများ ထိန်းသိမ်း ကာကွယ်ခြင်း စသည့် အစိမ်းရောင် အကာအရံတံတိုင်းများ အဓိကထား၍ ပြုစုတည်ထောင် လာကြသည်။ အရေးပါသည့် နေရာများကို အစိမ်းရောင် တံတိုင်း ဒီရေတော ကြိုးပြင် ကာကွယ်တောများ အဖြစ် သတ်မှတ်ကာ အကောင်အထည်ဖော် ထိန်းသိမ်း လာကြသည်။

          အထက်တွင် ဆိုထားသည့်အတိုင်း ဒီရေတောနှင့် ကမ်းရိုးတန်း ဂေဟစနစ် များသည် သဘာဝ ခံတပ်ကြီးများ ဖြစ်သည့်ပြင် ယနေ့ကမ္ဘာကို ခြောက်လှန့်နေသော ဖန်လုံအိမ် အာနိသင် ဖြစ်စေသည့် ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ အမြောက်အများကို စုပ်ယူသိုလှောင် ထားနိုင်သည်။ သို့ရာတွင် ကမ္ဘာအနှံ့ရှိ ဒီရေတော များသည် လူသားများ၏ မဆင်မခြင် လုပ်ဆောင်မှုကြောင့် ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခံ နေရသည်။ လွန်ခဲ့သည့် နှစ် ၄၀ အတွင်း ကမ္ဘာတစ်ဝန်းရှိ ဒီရေတော ဖုံးလွှမ်းနေသည့် ဧရိယာ ထက်ဝက် နီးပါးလျော့ကျ သွားခဲ့ပြီ ဖြစ်သည်။ ပျက်စီးမှုနှုန်းသည် တစ်နှစ်လျှင် ၁ ရာခိုင်နှုန်းခန့် ရှိနိုင်ပြီး ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ ဒီရေတောများ၏ ၂၀ ရာခိုင်နှုန်း မှ ၃၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ပလတ်စတစ်ညစ်ညမ်းမှု အထူးသတိပြု

          မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဒေသ ပင်မကုန်းမြေတွင် ရှိသော နိုင်ငံများတွင် အကြီးဆုံး နိုင်ငံဖြစ်ပြီး ဂေဟစနစ် အမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ရှိ နေသည်။ ဒီရေတော၊ သန္တာကျောက်တန်း နှင့် ပင်လယ်မြက်ခင်း စသည့် ဂေဟစနစ်များ ရှိပြီး ၎င်းတို့သည် နိုင်ငံ၏ ထုတ်ကုန် ပစ္စည်းနှင့် ၀န်ဆောင်မှု အမျိုးမျိုးတို့ကို ပံ့ပိုးပေးရာ အရင်းအမြစ်လည်း ဖြစ်သည်။ ယခုအခါ ကမ်းရိုးတန်း ဒေသရှိ မြန်မာ့ ဒီရေတောများသည် အကြောင်း အမျိုးမျိုးဖြင့် လျင်မြန်စွာ ယိုယွင်း ပျက်စီးလျက် ရှိသည်။

          အဓိက အကြောင်းရင်းမှာ ကမ်းနံဘေး တစ်လျှောက် နေထိုင်သူ များသည် မြစ်ကြီးများနှင့် ချောင်းများ အတွင်းသို့ နှစ်စဉ် ပလတ်စတစ် အမှိုက် တန်ပေါင်းများစွာ ပစ်ချနေသကဲ့သို့ ကမ်းခြေသို့ အပန်းပြေသွားသူ အများစုမှာလည်း ပလတ်စတစ် ထုတ်ကုန်များကို ကမ်းခြေ၌ စည်းကမ်းမဲ့ စွန့်ပစ် နေကြသည်။

          ပလတ်စတစ် ထုတ်ကုန်များသည် ကမ္ဘာပေါ်တွင် ဈေးအပေါဆုံးနှင့် ပြိုကွဲပျက်စီးရန် နှစ်ပေါင်းရာချီ ကြာမြင့်စည့် ပစ္စည်းဖြစ်သည်။ ယခုအခါ ပလတ်စတစ်ကို ကမ္ဘာတစ်ဝန်းရှိ မြစ်ချောင်း အင်းအိုင်များ နှင့် သမုဒ္ဒရာအားလုံး၌ တွေ့မြင်နေရသည်။ လေ့လာမှုများက လက်ရှိ သမုဒ္ဒရာများအတွင်း ပလတ်စတစ်တန်ချိန် ၇၅ သန်းမှ ၁၉၉ သန်းခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ပလတ်စတစ် ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် စွန့်ပစ်မှုပုံစံများကို မပြောင်းလဲပါက ရေနေ ဂေဟစနစ် အတွင်းသို့  ပလတ်စတစ် အမှိုက် ၀င်ရောက်မှု ပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၁၉ သန်းမှ ၂၃ သန်း အထိရှိနေပြီး ၂၀၄၀ ပြည့်နှစ်တွင် သုံးဆနီးပါး တိုးလာနိုင်သည် ဟု ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်က ထုတ်ပြန် ထားသည်။

          ပင်လယ် နှင့် ကမ်းရိုးတန်းဒေသ များကို စနစ်တကျ ထိန်းသိမ်းနိုင်ခြင်း သည် နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သဘာဝဘေး အန္တရာယ်များမှ ကာကွယ်ရေးတို့ကို အထောက်အကူ ပြုခြင်းပင် ဖြစ်သည်။ ကမ်းရိုးတန်း သယံဇာတများ စည်းကမ်းမဲ့ ထုတ်လုပ် သုံးစွဲနေမှု၊ ကမ်းခြေများ သန့်ရှင်းရေး နှင့် ပလတ်စတစ် အမှိုက်များ စနစ်တကျ စွန့်ပစ်မှုကို့ကို ထိန်းသိမ်း ကြပ်မတ်ရန် ပျက်ကွက်ပါက ကမ်းရိုးတန်း ဂေဟစနစ်များ ပျက်စီးပြုန်းတီးမှု ကိုသာ ဦးတည်စေမည် ဖြစ်သည်။ ထို့ကြောင့် သောမတ်ဂျက်ဖာဆင် ၏ “သဘာဝရဲ့ ကွင်းဆက်တစ်ခုကို ဆုံးရှုံးလျှင် အခြားအရာ တစ်ခုလည်း ဆုံးရှုံးပြီး တဖြည်းဖြည်းချင်း ကွယ်ပျောက် လာရတော့တာ ပါပဲ” ဟူသည့် မှတ်ချက်စကားကို အားလုံးက သတိမူကြရမည် ဖြစ်သည်။

          အချုပ်ဆိုရလျှင် ကမ်းရိုးတန်း ဒီရေတောများ ဆုံးရှုံးမှုသည် ကုန်းနေ သစ်တောများထက် သုံးဆမှ ငါးဆ ပိုများနေပါသည်။ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းတွင် မြစ်ဝကျွန်းပေါ် ဒေသ၌ လူအသေအပျောက် များပြားခဲ့မှုမှာ ဒီရေတောများ ပြုန်းတီးနေခြင်းက အခြေခံ အကြောင်းတရား ဖြစ်ခဲ့သည်။ လက်ရှိတွင် ဒီရေတောများ ဧကများစွာ ပြုန်းတီးနေသော် လည်း ပြန်လည် စိုက်ပျိုးနိုင်မှုက နည်းပါးနေသေး သည်မှာ အနာဂတ် ဂေဟစနစ် အတွက် စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေပါ သည်။ လက်ရှိကာလတွင် ဒီရေတော စနစ်ကို အချိန်မီ မထိန်းသိမ်းနိုင် ပါက သဘာဝဘေး ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ် အချို့ကို ပြင်းထန်စွာ ခံစားရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

          သို့ပါ၍ သက်ရှိကမ္ဘာကြီး ရှင်သန်ရန်အတွက် လွန်စွာ အရေးပါသော ဒီရေတောများကို အမျိုးသားရေး တာဝန် တစ်ရပ် အဖြစ် အချိန်မနှောင်းခင် ထိန်းသိမ်း စောင့်ရှောက်သင့် ပါကြောင်း အကြံပြုလိုက်ရ ပါသည်။

 

စေတနာများစွာ

ဆောင်းပါးရှင် တင်ထက်ထက်ဇော် ရေးသားသည်။

 


No comments: