Saturday, August 10, 2024

အရွယ်မတိုင်မီ မျက်စိအဝေးမှုန်ပြဿနာအဖြေရှာ

 


 အရွယ်မတိုင်မီ မျက်စိအဝေးမှုန်ပြဿနာအဖြေရှာ 

စမတ်ဖုန်း၊ကွန်ပြူတာများ ကြည့်ရှုချိန်လွန်ကဲခြင်းနှင့် မျက်စိအဝေးမှုန်ပြဿနာ

          မျက်စိအဝေးမှုန် ပြဿနာသည် ကလေးဘ၀အရွယ်၊ မြီးကောက်ပေါက် အရွယ်များတွင် ဖြစ်ပွားတတ် သော်လည်း မည်သည့် အသက်အရွယ်မျိုး မဆို ရင်ဆိုင်ရနိုင် ကြောင်း၊ သို့သော် စမတ်ဖုန်း ကြည့်ခြင်းကဲ့သို့ ရုပ်သံ မှန်သားပြင် ကြည့်ရှုချိန် ပုံမှန်ထက် လွန်ကဲပါက မျက်စိအဝေးမှုန် ပြဿနာ ပေါ်လာနိုင်ခြေ ပုံမှန်ထက် ၃၉ ရာခိုင်နှုန်း မြင့်မားပြီး ကွန်ပြူတာ အသုံးပြု ချိန် လွန်ကဲမှုကိုပါ ထည့်ပေါင်းပါက ၈၀ ရာခိုင်နှုန်း အထိ မြင့်မား လာနိုင်ကြောင်း၊ လက်ရှိ အခြေအနေအရ အမေရိကန် ပြည်ထောင်စု အပါအ၀င် ကမ္ဘာ့နိုင်ငံ အချို့တွင် ပြည်သူများ အကြား မျက်စိအဝေးမှုန် ပြဿနာ ပေါ်ပေါက်နှုန်းမှာ ပုံမှန်ထက် ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက် လာကြောင်း၊ လက်ရှိနှုန်းထား အတိုင်း အဝေးမှုန် ပြဿနာ ဖြစ်ပွားနှုန်း မြင့်တက်လာခဲ့ ပါက ၂၀၅၀ ပြည့်နှစ် အရောက်တွင် ကမ္ဘာ့ပြည်သူ လေးဘီလီယံ အထိ မျက်မှန်တပ်ရန် လိုလာမည် ဖြစ်ကြောင်း နှင့် ၂၀၅၀ ပြည့်နှစ် အရောက်တွင် တစ်ကမ္ဘာလုံး ဆိုင်ရာ အမြင်အာရုံ ကျန်းမာရေး ပြဿနာကပ်ဘေး ပေါ်ထွက် လာနိုင်ကြောင်း စသည်တို့ကို အမေရိကန် ပြည်ထောင်စု ရိုချက်စတာ နည်းပညာ အင်စတီကျုမှ သုတေသန ပညာရှင်များက ဧပြီ ၂၅ တွင် သတိပေး ထားသည်။


စမတ်ဖုန်း၊ ကွန်ပြူတာတို့ကြောင့် မျက်စိမထိခိုက်စေရေး

          ကမ္ဘာနှင့်အ၀န်း အင်တာနက် ခေတ်ရေစီးကြောင်း နှင့်အညီ အလုပ်ကြောင့် ဖြစ်စေ၊ အပျင်းပြေဖြစ်စေ၊ ဂိမ်းကစားသူ များလည်း အင်တာနက်သုံးရင်း အချိန်ကုန်လွန် နေကြပြီး၊ ကလေးများက ဂိမ်းစွဲသလို သက်လတ်ပိုင်းနှင့် အချို့သက်ကြီးပိုင်း များပါ  အင်တာနက် စွဲလန်းမှုရောဂါ စွဲကပ် နေကြသည်။ စမတ်ဖုန်း၊ ကွန်ပြူတာ မျက်နှာပြင် အကြည့်များ၍ အမြင်အာရုံေ၀၀ါးခြင်း၊ မျက်လုံးအိမ် ခြောက်သွေ့ကာ မျက်ရိုးကိုက်၊ မျက်ရည်ပူ ကျခြင်း၊ လည်ပင်း ပုခုံးနောက်ကျော နာကျင်ခြင်း စသည်ဖြင့် မျက်စိကို ဒဏ်ပိစေ ပါသည်။ ထို့ပြင် နောက်ဆက်တွဲ ဝေဒနာများအဖြစ် ခေါင်းမူးခေါင်းကိုက် ၍ ဇက်ကြောတက်ခြင်း နှင့် အရိုးကျီးပေါင်း ရောဂါများလည်း ဖြစ်စေသည်။

          ထို့ကြောင့် စမတ်ဖုန်း၊ ကွန်ပြူတာ တို့ကြောင့် မျက်စိမထိခိုက် စေရေးအတွက် အောက်ဖော်ပြပါ နည်းလမ်းကောင်း တချို့ကို အကြံပြုလို ပါသည်။

·         စမတ်ဖုန်း၊ ကွန်ပြူတာများကို အသုံးပြုမှု ပိုများလာစဉ် ၄င်းမျက်နှာပြင် အလင်းရောင် များကို ကြည့်ခြင်းနှင့် သက်ဆိုင် သော အမြင်အာရုံ ချိုတဲ့ခြင်းမှ ကာကွယ်ရန် အတွက် အကောင်းဆုံး နည်းလမ်းမှာ မျက်စိကို မကြာခဏ အနားပေးခြင်း ဖြစ်သည်ဟု ပညာရှင်များက အကြံပြုထားသည်။

·         အဆိုပါ အီလက်ထရောနစ် ပစ္စည်းများကို အမြဲကိုင်တွယ် သုံးနေရပါက၊ ၄င်းတို့မှ အလင်းပြန်ခြင်းကို ကာကွယ်ရန် အတွက် မျက်စိနှင့် ၁၄ လက်မ အကွာတွင်သာ ထား၍ သုံးရမည်။ အထူးသဖြင့် ကွန်ပြူတာ Laptop များက မျက်စိ ခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည့် အတွက် ကွန်ပြူတာ အမြဲသုံးနေရသူ များသည် Laptop အစား Desktop ကွန်ပြူတာ ကိုပြောင်းလဲ သုံးပါ။ ကွန်ပြူတာ သုံးနေစဉ်မှာ လည်း ထိုင်ခုံကိုမြှင့်၍ သော်လည်းကောင်း၊ မျက်စိနှင့် တစ်တန်းတည်း မကျအာင် ကွန်ပြူတာကို  လက်ခန့် အောက်ဖက်သို့ နှိမ့်ချ၍ သော်လည်းကောင်း သုံးပြုသင့်သည်။

·         စမတ်ဖုန်း၊ ကွန်ပြူတာများကို နိစ္စဓူဝ သုံးသူဖြစ်ပါက ၂၀:၂၀:၂၀ အချိုး လေ့ကျင့်ခန်း အတိုင်း၊ ကွန်ပြူတာကို မိနစ် ၂၀ အသုံးပြုပြီးတိုင်း ပေ၂၀ အကွာသို့ စက္ကန့် ၂၀ ကြာ လှမ်းကြည့် ပေးခြင်းဖြင့် မျက်စိ ညောင်းညာမှုမှ သက်သာစေသည်။ ၄င်းလေ့ကျင့်ခန်းကို အနည်းဆုံး  နာရီခြား တစ်ကြိမ် ပြုလုပ်ပေးသင့်သည်။ 

·         စမတ်ဖုန်း၊ ကွန်ပြူတာ၊ တီဗွီ စသည့် မည်သည့် အီလက်ထရောနစ် ပစ္စည်းများကိုဖြစ်စေ သုံးစွဲသည့် အခါတိုင်းမှာ

လည်း မကြာခဏ ဆိုသလိုအချိန် တစ်မိနစ် အတွင်းမှာ ၁၅ကြိမ်ခန့် မျက်တောင်ခတ် ပေးရမည်။ ဤသို့ပြုပေး ခြင်းက မျက်ရည်များ မျက်ဝန်းတစ်ခုလုံး ပျံ့နှံ့သွားစေ သဖြင့် မျက်စိခြောက်သွေ့ ခြင်းမှ ကာကွယ်ရာ ရောက်သည်။

·         ကွန်ပြူတာကြောင့် မျက်စိ ထိခိုက်ခြင်းမှ သက်သာစေရန် (၁)အလင်းလျှော့ချပေးသော Flat LCD Monitor ကိုသုံးပါ။ (၂) ရောင်ပြန်ပါသော မျက်မှန်ကို အသုံးပြုပါ။ (၃) ကွန်ပြူတာ မသုံးခင် ကွန်ပြူတာ မျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်လေးများကို အသေချာ သန့်စင်ပါ။(၄) မျက်နှာနှင့် ကွန်ပြူတာကို နှစ်ပေခန့် ကွာဝေးနေစေပြီး၊ ကွန်ပြူတာ မျက်နှာပြင်သည် သင့်မျက်လုံး နေရာထက် နိမ့်နေရမည်(၅) စာရိုက်မည် ဆိုပါလျှင် စာရွက်များကို ကွန်ပြူတာ ဘေးတွင် ထောင်ထားပါ။ ကွန်ပြူတာ လက်ကွက် အလွတ်မရပါက ဦးစွာစာကိုသာ ကြည့်ရိုက်ပြီး၊ စာလုံးပေါင်းသတ်ပုံ အမှန်စစ်ချိန်မှသာ ကွန်ပြူတာကို ကြည့်ပါ။ (၆) ထိုင်ခုံပေါ်တွင် ကွန်ပြူတာ ရှေ့တည့်တည့် ခါးမတ်မတ် ထိုင်၍ ခြေဖ၀ါးကို အောက်သို့ အပြားလိုက် ချထားပါ။ (၇) အခန်း အလင်းရောင်သည် ကွန်ပြူတာနီးပါး လင်းနေရမည် ဖြစ်ပြီး၊ ပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင် မထိုင်မိပါစေနှင့်။ (၈) မျက်စိ အညောင်းပြေ စေရန် ကွန်ပြူတာကို ၁၅မိနစ် ကြည့်ပြီးတိုင်း အဝေးတစ်နေရာသို့ တစ်မိနစ်ခန့် ကြည့်ပါ။ နာရီဝက်ကြာတိုင်း အကြိမ်နှစ်ဆယ် မျက်တောင်ခတ်ပါ။ တစ်နာရီကြာတိုင်း မျက်လုံးမှိတ်၍ ခေတ္တ အနားပေးပါ။ (၉) လက်ဝါး နှစ်ဘက်ကို ပူနွေးလာသည် အထိ ပွတ်ပေးပြီးနောက် မျက်လုံးပေါ် သို့ ဖွဖွလေးတင်ပါ။ လက်ချောင်းများ ကြားမှ အလင်းရောင် ၀င်မလာအောင် လက်ချောင်းများကို ပူးကပ်ထားပါ

မျက်စိဆရာဝန်ထံ သွားပြဖို့အချိန်တန်ပြီ

          လူကြီး၊ လူရွယ်များသာမက ကျောင်းသားလူငယ် များအားလုံး မိမိတို့မျက်စိကို မိမိတို့ကိုယ်တိုင် စိစစ်ကြည့်ဖို့ လိုပါသည်။ အောက်ပါ အချက်ချက်များကို တစ်ချက်ချင်းစီ သေချာကျနစွာ အချိန်ယူ၍ မိမိကိုယ်ကို စစ်ဆေးကြည့် ပြီးနောက်၊ တိုက်ညီမှုများ ရှိနေပါက မျက်စိဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ဖို့  အချိန်ကျရောက် နေပြီဖြစ်ပါကြောင်း သတိပေး လိုပါသည်။

·         ၅ ပေသို့မဟုတ် ၆ ပေအထက် အကွာအဝေးမှာ ရှိသော အရာဝတ္တု ပစ္စည်းများကို ကြည့်ရာမှာ ပြတ်ပြတ်သားသား မမြင်ရဘဲ၊ ၄င်းအရာဝတ္တု ပစ္စည်းတွေကို နှစ်ခုထပ်၍ မြင်နေပါသလား။

·         မိမိကြည့်ရှုသော အရာဝတ္တု၏ အစွန်းအနားများ မှုန်ဝါးဝါး ဖြစ်နေပါသလား။

·         လျှပ်စစ်မီးလုံး သို့မဟုတ် ဖယောင်းတိုင် အလင်းရောင် တို့ကိုကြည့်ရာမှာ မီးရောင်ကို ၀ိုင်းပတ်၍ သက်တန့်သဖွယ် ရောင်စုံမြင်နေရ ပါသလား သို့မဟုတ် ရောင်ခြည်ကွင်း ၀ိုင်းပတ်နေသည်ကို မြင်နေရပါသလား။

·         ညဘက်မှာ အရာဝတ္တုတွေကို ခါတိုင်းကဲ့သို့  သဲသဲကွဲကွဲခွဲခြား မမြင်ရဘဲ သိသိသာသာ ဝေဝါးထွေပြား လာပါသလား။

·         မျက်စိကို မှန်ထဲကြည့်ရာမှာမျက်စိတွေ နီးမြန်း နေပါသလား။

·         အလင်းရောင်ကို ကြည့်စဉ် မျက်စိစူး ပါသလား၊ အောင့်ပါသလား၊ နာကျင်ကိုက်ခဲ ပါသလား၊ အလင်းရောင်ကို ကြောက်နေပါသလား၊ အချိန်မရွေး နေကာမျက်မှန် တပ်ထားလိုသော စိတ်ဆန္ဒဖြစ်ပေါ် နေပါသလား။

·         မိမိနှင့် နီးကပ်သော အရာများကို ကြည့်ရှုရာမှာ အခက်အခဲ တွေ့ နေပါလား။ ဥပမာ စာရေးစာဖတ်ချိန် မှာ ဖတ်ရိုးဖတ်စဉ် ယခင်ကြည့်နေကျ အနေအထားထက် ပို၍ ရှေ့သို့ တိုးကပ်ပြီး ကြည့်နေရသလား သို့မဟုတ် နောက်သို့ ခွာပြီး ကြည့်နေရသလား သို့မဟုတ် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်မှ အမြင်ကြည် နေပါသလား သို့မဟုတ် မျက်မှောင်ကြုတ်၍ ကြည့်နေရ ပါသလား။

·         အရာဝတ္တုများကို ကြည့်ရှုရာတွင် ယခင်ကထက် မှေးမှိန်စွာ မြင်ရပါသလား။ မီးအလင်းရောင်နှင့် စာကြည့်ရာမှာလည်း ခါတိုင်းထက်ပို၍ အလင်းရောင် များများလိုအပ် နေပါသလား။ ခပ်လှမ်းလှမ်းမှ အရာဝတ္တုများကို ကြည့်ရာတွင် ခါတိုင်းထက်ပို၍ ဂရုစိုက်ကြည့်ရ ပါသလား။

·         မျက်စိယားယံခြင်း၊ ပူစပ်ပူလောင် ဖြစ်ခြင်း၊ အောင့်ခြင်း၊ ကိုက်ခဲခြင်း ဖြစ်နေပါသလား။

·         ခါတိုင်းတွေ့ မြင်နေကျဖြစ်သည့် ဖြောင့်သောတိုင် တစ်ခုကို ခပ်ယိုင်ယိုင် ကွေးကွေး မြင်နေပါသလား သို့မဟုတ် တမံသလင်း ကွန်ကရစ်ကဲ့သို့သော ညီညာဖြောင့်ဖြူးသော လမ်းကို လျှောက်လှမ်းရာမှာ အပေါ်သို့  ခုံးတက်နေသလို၊ အောက်သို့ နိမ့်လျော နေသလိုခံစားရ ပါသလား။

·         အရောင်အသွေး များကို ပြတ်ပြတ်သားသား ကွဲကွဲပြားပြား ခွဲခြားမြင်နိုင် ပါရဲ့ လား။

·         မိမိမျက်စိကို မှန်ထဲတွင် လေ့လာကြည့် လိုက်ပါ။ မျက်ခွံတွေ နီရဲခြင်း သို့မဟုတ် မျက်ခွံအစ်၍ မျက်ရစ် နှစ်ထပ်ဖြစ်ခြင်း ကြုံတွေ့ နေရ ပါသလား။

·         ရှေ့ တည့်တည့်သို့ ကြည်ရာမှာ မြင်မြင်သမျှ အရာအားလုံး အစက်အပြောက်များ မြင်နေပါသလား သို့မဟုတ် အမဲစက်ပြောက် ကလေးတစ်လုံး နှစ်လုံးခန့်ကို အပေါ်ဖက် အောက်ဖက်သို့  ဘောလုံးသဖွယ် ပြေးနေသည့် သဏ္ဍာန် မြင်နေရပါလား။

·         မျက်စိများ ခြောက်ကပ်၍ ပိတ်ဖွင့်ရာတွင် ခပ်ဖန်ဖန် ခပ်စပ်စပ် ခံစားနေရပါသလား။

·         စာရေးစာဖတ် နေစဉ်မှာ သော်လည်ကောင်း၊ စာရေးစာဖတ်ပြီး နောက်တွင် လည်းကောင်း ခေါင်းကိုက် ပါသလား။ တစ်စုံတစ်ခုကို စူးစိုက်ကြည့်ပြီးတဲ့ အခါမှာလည်း ခေါင်းထဲမှ ထိုးကိုက် နေပါသလား။ ဦးခေါင်း နောက်စေ့မှ အုံ၍ ကိုက်ခဲနေပါ သလား။

(မှတ်ချက်)

          အထက်ပါ အခြေအနေများ အနက် တစ်ချို့ သော ပြဿနာများသည် သွေးတိုးခြင်း၊ သွေးအားနည်းခြင်း၊ အာရုံကြော အားနည်းခြင်းစသည့် ရောဂါများနှင့်လည်း ဆက်နွယ်နေတတ် သဖြင့် ကျန်းမာရေး အတွက် အထူးသတိပြု သင့်ပါသည်။

အကောင်းဆုံးဖြည့်စွက်စာများ

          သင့်တင့်မျှတသော အစာအဟာရ တို့ကိုရွေးချယ် စားသုံးခြင်းကလည်း သင့်မျက်စိအတွက် အိမ်တွင်းသမားတော် အဖြစ် အားထားနိုင် ပါသည်။ မျက်လုံးအတွက် သင့်တော်သည့် အစားအစာများကို ဖြည့်စွက်စာအဖြစ် စားသုံးပေးခြင်းဖြင့် မျက်စိသွေး လည်ပတ်မှုကို အထောက်အကူ ပြုကာမျက်စိ အားကောင်းစေပြီး၊ ကြက်မျက်သင့် ရောဂါ၊ အတွင်းတိမ်နှင့် အသက်အရွယ်ကြီးရင့် ၍ မျက်စိကွယ်ခြင်း တို့မှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။

·         ဗီတာမင်အေ ကြွယ်ဝသော ငါးကြီးဆီ၊ ကြက်ဥ၊ တိရိစ္ဆာန်အသည်း၊ ဘဲငန်းသား၊ မုန်လာဥနီ၊ သင်္ဘောသီး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ကညွတ်၊ ပဲပင်ပေါက်၊ ပဲထောပတ်စားပါ။

·         လူတိန်းနှင့် ဇီအာဇန်သင်း ဓာတ်ကြွယ်ဝသော ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ မုန်ညင်းထုပ်၊ မြင်းခွာ၊ အစိမ်းရောင်ပဲသီး စားပါ။

·         ဗီတာမင်စီ ဓာတ်ကြွယ်ဝသော ပန်းငရုပ်ပွ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ပန်းသီး၊ ကီဝီသီး၊ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ သခွားမွှေးစားပါ။

·         ဘိုင်အိုဖလေဗိုနွိုက် ဓာတ်ကြွယ်ဝသော ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး၊ ချယ်ရီ၊ စပျစ်သီး၊ ဆီး(ဇီး)သီးစားပါ။

·         ဗီတာမင်အီး ဓာတ်ကြွယ်ဝသော နေကြာစေ့၊ သစ်အယ်သီး၊ မြေပဲ၊ ထောပတ်သီး၊ မက်မွန်သီး၊ ဗာဒံစေ့စားပါ။

·         စီလီနီယမ် ဓာတ်ကြွယ်ဝသော ပုစွန်၊ ဂဏန်း၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ရေဘ၀ဲ၊ ဂုံးကောင် စသည့် ပင်လယ်စာစားပါ။

·         brazil nuts (ခေါ်) သုံးမြှောင့်ခွံမာသီး တစ်မျိုး၊ တစေးဖြင့် အချဉ်ဖေါက် ထားသော နို့ချဉ်၊ ဒိန်ချဉ်စားပါ။

·         ဇင့်ဓာတ်ပါရှိသော ကမာကောင် (မုတ်ကောင်)၊ ဂျုံ၊ အစေ့အဆန် အမျိုးမျိုးစားပါ။

·         အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြွယ်ဝသော ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ မက်ကရယ်ငါး (ခေါ်) ငါးသလောက် ယောက်ဖ ၊ ငါးမည်းလုံးစားပါ။

စေတနာများစွာ

ဆောင်းပါးရှင်….ပေါက်ပေါက်…ရေးသားသည်။

 

 

 


No comments: