Monday, August 19, 2024

အိပ်စက်ခြင်း

 


 

     အိပ်စက်ခြင်း

ဒေါက်တာလွင်သန့်       

ညအချိန် ရောက်လာတဲ့အခါ မီးမှိတ်ပြီး အိပ်လိုက်တာ အလွယ်လေးလို့ တွေးထင်ကြမှာပါ။ တကယ်တော့ ပက်လက် အိပ်တာလား။ မှောက်လျက် အိပ်တာလား။ ဘေးစောင်း အိပ်တာလား၊ ပေါ်မူတည်ပြီး ခါးနာတာ၊ ဟောက်သံထွက်တာ မကြာခဏ ပုံစံပြောင်းနိုင်တာ တွေဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အိပ်စက်မှုပုံစံက ကိုယ်ရည် ကိုယ်သွေးကိုလည်း ဖော်ပြနေ ပါတယ်။

 

         မှောက်လျက်အိပ်ခြင်း

အချို့လူတွေက မှောက်လျက်အိပ်မှ အိပ်ပျော်တဲ့ သူတွေ ဖြစ်ကြတယ်။ မှောက်လျက်အိပ်တဲ့ အခါ သက်သောင့် သက်သာ ဖြစ်စေဖို့ လက်နှစ်ဖက်ကို အပေါ်ပင့်မြှောက်ပြီး အိပ်သင့်ပါတယ်။ မှောက်အိပ် တာကြောင့် လည်ပင်းတင်းပြီး နာတာ၊ ခါးနာတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို မဖြစ်အောင် ခေါင်းအုံးအပျော့ အသုံးပြုသင့် ပါတယ်။

       သစ်သားတုံးပုံစံအိပ်ခြင်း

ဘေးစောင်း အိပ်စက်ရာမှာ လက်နှစ်ချောင်းကို ဘေးကို ဆန့်တန်းပြီး သစ်သားတုံ တစ်လုံးလို ပုံစံမျိုး အိပ်စက်တတ်သူ တွေက ၁၅ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ဒီလို အိပ်စက်တတ်သူ တွေက လူမှုပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်ပြီး၊ ယုံကြည်စွာ ပေါင်းသင်း ထိုက်သူတွေ ဖြစ်ကြပါတယ်။

             ရေတံခွန်လိုအိပ်စက်ခြင်း

အိပ်စက်သူ တွေရဲ့ ၇ ရာခိုင်နှုန်း လောက်က မှောက်လျက် အနေထားနဲ့ ရေတံခွန် တစ်ခုလို နိမ့်လျှောပုံစံ အိပ်စက်တတ် ပါတယ်။ မှောက်လျက် အနေအထားမှာ လက်မောင်းတွေက ခေါင်းအုံးပေါ် တင်ပြီး ဦးခေါင်းက တစ်ဖက်လှည့် ထားတတ်ပါတယ်။ ဒီပုံစံအတိုင်း အိပ်စက်သူ တွေက ပြောဆိုဆက်ဆံ ရာမှာ ပွင့်ပွင့်လင်းလင်းနဲ့ ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ် ပါ တယ်။ ဆက်ဆံရေး ကောင်းမွန်တဲ့ပြင် လက်ဖွာတတ် ပါတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိ ထားပါတယ်။

            အက်ဖ(F)ပုံစံအိပ်ခြင်း

ဘေးစောင်း အိပ်စက်သူတွေရဲ့ ၁၃ ရာခိုင်နှုန်းဟာ ဘေးတစ်ခြမ်း စောင်းကာ လက်တစ်ချောင်း (သို့) နှစ်ချောင်းစလုံးကို ရှေ့ကို ဆန့်တန်းပြီး အိပ်စက်လေ့ ရှိကြပါတယ်။ သူတို့ဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံ တတ်ကြပါတယ်။ အလွန် ခေါင်းမာပြီး မလျော့တဲ့ဇွဲနဲ့ လုံ့လဝီရီယလည်း ရှိကြပါတယ်။

            ပက်လက်အိပ်စက်ခြင်း

ပက်လက် အိပ်စက်သူတွေ အချို့မှာ ခါးနာတာကို ခံစားရနိုင် ပါတယ်။ အချို့တွေ မှာတော့ ဟောက်သံ ဖြစ်တာ(သို့) အိပ်စက်ချိန်မှာ အသက်ရှူ ခဏရပ်ပြီး ဟောက်သံ ထွက်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

           ဇွန်းပုံစံအိပ်စက်ခြင်း

အိမ်ထောင်ဖက်နဲ့ နီးကပ်စွာ ဇွန်းပုံစံ အိပ်စက်တာက မကြာခဏ အိပ်ရာနိုးနိုင် ပေမယ့် ယုယကြင်နာမှု တွေက အိမ်ထောင်ရေး အတွက် ကောင်းကျိုးတွေကို ရရှိစေပါတယ်။ အောက်စီတိုဆင် (oxytocin) ဆိုတဲ့ ဟော်မုန်းထွက်ရှိလို့ စိတ်ဖိစီးမှုတွေကို လျော့နည်း စေတဲ့ပြင် အိမ်ထောင်ရေး ခိုင်မြဲသာယာ စေကာ လျင်လျင်မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် လည်း အိပ်ပျော်စေ ပါတယ်။

            စစ်သားပုံစံအိပ်စက်ခြင်း

စစ်သားတစ်ယောက် သတိနဲ့ အိပ်တာ၊ သတိစွဲထားသလို လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးမှာ ဆန့်တန်းထားတဲ့ ပုံစံမျိုး အိပ်စက်တတ်သူ တွေက လူဦးရေနဲ့ ၈ ရာခိုင်နှုန်း လောက်ရှိတယ်။ ဒီလိုအိပ်စက် တတ်သူတွေက အေးဆေးပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်း နိုင်သူတွေ ဖြစ်ကြပါတယ်။ မျှော်လင့်ချက် ကြီးကြီးမားမား ထားတတ်သူတွေ ဖြစ်တယ်။

          အိပ်စက်ချိန်မှာဟောက်ခြင်း အိပ်စက်ချိန်မှာ ဟောက်တတ်သူ တစ်ယောက် ဖြစ်ပါက ဘေးတစောင်း အိပ်သင့်တယ်။ အိပ်စက်ချိန်မှာ ခဏ အသက်ရှူရပ်ပြီး ဟောက်တယ်။ နောက်တစ်နေ့မှာ အိပ်ရေး မဝသလို ခံစားနေရတယ် ဆိုရင် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ ဒါဟာ အိပ်ပျော်ချိန် မသိခြင်း (sleep Apnea) ဖြစ်ပြီး၊ လေဖြတ်တာ၊ သွေးဖိအား တတ်တာနဲ့ နှလုံးရောဂါတွေ ဖြစ်ပွားနိုင် ပါတယ်။

            ကြယ်ငါးပုံစံအိပ်ခြင်း

လူဦးရေရဲ့ ၅ ရာခိုင်နှုန်း က ပက်လက် အနေထားမှာ လက်နှစ်ဖက်ကို မြှောက်ပြီး၊ အိပ်တတ်ကြတယ်။ လေ့လာမှု အချို့အရ ဒီလို အိပ်စက်သူတွေက အာရုံစူးစိုက် လုပ်ကိုင်တတ်ပြီး၊ သူတစ်ပါး ပြောစကားကို သေချာစွာနားစိုက် ထောင်တတ်ကြ ပါတယ်။ (EQ)မြင့် နေတတ်တယ်။

            ခါးနာခြင်း

ခါးနာ နေရခြင်းလည်း ဘေးစောင်း အိပ်သင့်တယ်။ ပက်လက်အိပ်တာက နောက်ကျောနဲ့ တင်ပါးကို ဖိအား သက်ရောက်စေလို့၊ ခါးနာတာ ပိုဆိုးစေတယ်။ တကယ်လို့ ပက်လက်ပဲ အိပ်တတ်တယ် ဆိုရင်တော့၊ ဒူးခေါင်းအောက်မှာ ခေါင်းအုံးခံထား စေပြီး အိပ်စက်သင့် ပါတယ်။

           ဘေးစောင်းအိပ်ခြင်း

ဘေးစောင်း အိပ်တာမှာ ပုံစံမျိုးစုံနဲ့ အိပ်စက်လေ့ ရှိကြတယ်။ သက်သောင့် သက်သာ အရှိဆုံးပုံစံ ကတော့ ဒူးခေါင်းနှစ်ခုကို ကွေးပြီး၊ ရင်ဘက်ဆီကို အနည်းငယ် ရှေးရှုထားတဲ့ ဗိုက်ထဲမှာ သန္ဓေသား နေတဲ့ပုံစံမျိုးပဲ ဖြစ်ပါတယ်။

           ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင် ချိန်မှာ သက်သောင့် သက်သာဖြစ်ဖို့နဲ့ သန္ဓေသား ကျန်းမာစေဖို့၊ ဘေးတစ်စောင်း အိပ်စက်သင့် ပါတယ်။ သန္ဓေသားဆီ သွေးနဲ့ အာဟာရဓာတ် တွေပိုမိုရရှိ စေပါတယ်။ ခါးနာပါက ဗိုက်အောက်မှာ ခေါင်းအုံးအပါး တစ်လုံး ခုခံပေးပြီး အလေးချိန်ကို ထောက်မ ပေးသင့်ပါတယ်။ ဒူးကိုကွေးပြီး ခြေထောက် နှစ်ချောင်းကြားမှာ ခေါင်းအုံးတစ်လုံး ခံထားသင့် ပါတယ်။

         သန္ဓေသားပုံစံအိပ်ခြင်း

ဘေးစောင်း အိပ်စက်သူတွေရဲ့ ၄၀ ရာခိုင်နှုန်း က ဒီပုံစံအတိုင်း အိပ်စက်ကြ ပါတယ်။ မိန်းကလေး အများစု အိပ်စက်တတ်ကြ ပါတယ်။ ဒီလို အိပ်စက်သူတွေက ပြောဆို ဆက်ဆံရေးမှာ နွေးနွေးထွေးထွေး ရှိပါတယ်။ ခင်မင်ရင်နှီး တတ်ကြပါတယ်။ ဒါပေမယ့် ဆတ်ဆတ်ထိ မခံဘဲ တုံ့ပြန်လွယ် ပါတယ်။

        သင့်တော်တဲ့ မွေ့ရာရွှေးချယ်ခြင်း

မွေ့ရာက အိပ်တဲ့ပုံစံနဲ့ ခန္ဓာကိုယ် အမျိုးအစားမှာ များစွာ သက်ရောက်မှု ရှိပါတယ်။ နောက်ကျောနဲ့ အိပ်စက်တဲ့ပုံစံကို ကောင်းကောင်း ထောက်ပံ့နိုင်တဲ့ မွေ့ရာဖြစ်ဖို့ လိုတယ်။ သိပ်မာလွန်းရင် ပျော့လွန်းရင် မဖြစ်သင့် ပါဘူး။ ခန္ဓာကိုယ်ရဲ့ ပုံပန်းသဏ္ဌာန် အတိုင်း ကွက်တိကျတဲ့ ပျော့ပျောင်းမှုမျိုး ရှိဖို့တော့ လိုအပ်ပါတယ်။

          အချို့ကအိပ်ရေးမဝခြင်း

အိပ်ရေးဝဝ မအိပ်ရခြင်းကို ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း အဖြစ်ရှုမြင်ကြ ပါတယ်။ အမျိုးသမီးတွေ အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အိပ်စက်ခြင်းက အရေးပါတယ်။ အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးကလည်း အားပြန်ယူကာ သန့်စင်ပါတယ်။ လေ့လာသင်ယူတဲ့ အသစ်အသစ် အရာတွေကို ဦးနှောက်က မှတ်ဉာဏ်အဖြစ် မှတ်သားထားဖို့ လုပ်ဆောင်ပါတယ်။ ပျက်စီးနေတဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ဖို့ အတွက် ကြီးထွားခြင်း ဟိုမုန်းတွေကို ထုတ်လုပ်ပြီး၊ စိတ်ဖိစီးမှုတွေရဲ့ ဆိုးကျိုးတွေကို ပိတ်ပင်တားဆီး ပါတယ်။

           ကောင်းမွန်စွာ အိပ်စက်ရတယ် ဆိုရင် ဒီလိုခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အခြေအနေ တွေက အကောင်းမွန်ဆုံးပဲ ဖြစ်တယ်။ ကောင်းမွန်စွာ မအိပ်စက်ရဘူး ဆိုရင်တော့ လူက လေးလံထိုင်းမိုင်းပြီး မှန်ကန်စွာ မတွေးတတ်တော့ ပါဘူး။ ဆုံးဖြတ်ချက် မှန်သင့်သလောက် မမှန်နိုင်တော့ ပါဘူး။ ကိုယ့်ကားကို ဘယ်မှာရပ်ထားခဲ့လဲ ဆိုတာတောင် မှတ်မိဖို့ ခက်ခဲလာတယ်။ အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်က နှလုံးသွေးကြော ရောဂါ၊ လေဖြတ်ခြင်း၊ ဆီချိုရောဂါ တွေကို လွယ်ကူစွာ ဖြစ်စေနိုင်ပြီး အချို့လူတွေက အဝလွန် လာတတ်ပါတယ်။

          ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ နံနက်ခင်းမှာပဲ စတင်ပါတယ်။ အိပ်ရာနိုးနိုးချင်း မျက်စိဖွင့်လိုက်တယ် ဆိုရင်ပဲ နံနက်ခင်း အလင်းရောင်က မျက်စိထဲကို ဝင်ရောက်လာပြီး အမြင် အာရုံကြောများ ဆီကို ရောက်ပါတယ်။ ထိုမှတစ်ဆင့် ဦးနှောက်ထိ ရောက်ပါတယ်။ ဟော်မုန်း ထုတ်လုပ်ခြင်းကို လှုံ့ဆော်ပြီး ဘယ်လိုတွေးတယ်၊ ဘယ်လိုခံစားရတယ် ဆိုတာတွေကို တွေးသမျှ လုပ်ဆောင်သမျှ တွေကို မျှတအောင် ညှိပေးသင့် ပါတယ်။

        နေရောင်ခြည်က ဦးနှောက်ကို လှုံ့ဆော်ပေးတယ် လို့ (UCLA Sleep disorder Center) မှဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ ဖစ်ကယ်ရန်ဂို (Dr.FiscalL.Yan Go) ကဆိုတယ်။ နံနက်ခင်းတိုင်းမှာ အချိန်မှန်ပုံမှန် လှုံ့ဆော်မှုက လူ့ခန္ဓာကိုယ်ကို ညဖက်မှာ အိပ်စက်ဖို့နဲ့ နံနက်ခင်းမှာ နိုးထဖို့ကို တင်ပြပေးပါတယ်။ ဆိုလိုတာက ညပိုင်းပုံမှန် ည(၁၁)နာရီမှာ အိပ်စက်ခြင်းက၊ နံနက်(၆)နာရီမှာ အိပ်ရာထတယ် ဆိုရင်၊ နေ့စဉ် ည(၁၁)နာရီ အိပ်ချင်လာပြီး နံနက်(၆)နာရီမှာ အိပ်ရာက အမြဲနိုးထတတ် ပါတယ်။ နံနက်ခင်းတွေမှာ အိမ်ရာနိုးထချိန် တွေအနေနဲ့ တစ်နေ့နဲ့ တစ်နေ့မတူတဲ့ အခါ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်တာ တွေက နာရီအချိန် မမှန်တော့ဘဲ လေးလံထိုင်းမှိုင်း လာတတ်ပါတယ်။ နိုးထလာကာစမှာ လေးလံထိုင်မှိုင်း နေပြီး ဘာကိုမှ စိတ်ဝင်ကစား အလုပ်လုပ်လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။

            အမျိုးသမီးတွေ အနေနဲ့ သူတို့အတွက် သူတို့ တစ်စက္ကန့်တောင် အချိန်မပေးဘဲ ၆၀ ရာခိုင်နှုန်း လောက်က ညအိပ်ရာ မဝင်ခင် နာရီပိုင်း အချိန်လေးမှာ အိမ်အလုပ်တွေ ဆက်တိုက်လုပ် နေသူများ ဖြစ်ကြပါတယ်။ ၃၇ ရာခိုင်နှုန်း ကတော့ ကလေး ထိန်းကျောင်းကာ ကလေးများနဲ့ အလုပ်ရှုပ် နေကြတယ်။ ၃၆ ရာခိုင်နှုန်းက အင်တာနက် အွန်လိုင်း တက်နေကြတယ်။ ၂၁ ရာခိုင်နှုန်းက လုပ်ငန်းခွင်မှာပဲ ရှိနေပါသေးတယ်။ လူတိုင်း နေ့စဉ်နာရီဝက်မှ တစ်နာရီ အားကစားအပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး ပြုလုပ်ပေးခြင်း အားဖြင့် ညဖက်တွင် ကောင်းစွာ အိပ်ပျော်နိုင် ပါတယ်။။ 

ဓာတ်ပုံ - အင်တာနက်

 

 

No comments: