Tuesday, August 13, 2024

အမျိုးသမီးဆီးကျောက်နှင့် နှလုံးရောဂါ

 

အမျိုးသမီးဆီးကျောက်နှင့် နှလုံးရောဂါ

ဒေါက်တာလွင်သန့်

         


ကျောက်ကပ်မှာ ကျောက်တည်နေတဲ့ အမျိုးသမီး အများစုက နှလုံးရောဂါနဲ့ နှလုံးနဲ့ပက်သက်တဲ့ ရောဂါတွေ ဖြစ်ပွါးနိုင်ခြေ များတယ်လို့ လေ့လာမှု အသစ်အရ ဆိုတယ်။ ဒါပေမယ့် အမျိုးသားတွေ မှာတော့ ကျောက်ကပ်မှာ ကျောက်ရှိ နေပေမယ့် နှလုံးရောဂါ ဖြစ်ပွါးမှုနဲ့ ပက်သက်ပြီး သိသိသာသာထူးခြားမှု မတွေ့ရပါဘူး။ လေ့လာသူတွေက အမျိုးသားနဲ့ အအမျိုးသမီးတွေမှာ ဟော်မုန်းမတူညီမှုနဲ့ ကယ်လဆီယမ် ဇီဝဖြစ်ပျက်မှု မတူညီမှု တွေကြောင့်လို့ ဆိုကြပါတယ်။


       ကျောက်ကပ် ကျောက်တည်တာနဲ့ နှလုံးရောဂါ ဖြစ်ပွါးမှု ဆက်စပ်မှုရှိတာကို သံသယရှိတာတော့ ကြည့်ပြီး အစားအစာနဲ့ ဆေးဝါးသောက်သုံးမှု တွေထည့်သွင်း စဉ်းစားမှုမပြုဘဲ လေ့လာမှုပြုလုပ်ခဲ့ တယ်လို့ လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ရောမမှ ဆီးနှင့်ကျောက်ကပ်ကု ဆရာဝန် ဒေါက်တာ ပီထရိုမင်နရယ်ဖနာလို (Dr. Pietro Manuel Fenarol) က ပြောကြားခဲ့တယ်။ လေ့လာမှုအရ ကျောက်ကပ်မှာ ကျောက်ရှိတဲ့ အမျိုးသမီးတွေက ကျောက်ကပ်မှာ ကျောက်ရှိတဲ့ အမျိုးသားတွေထက် နှလုံးရောဂါ ခံစားရနိုင်ကာ နှလုံးတိုက်ခိုက်ခံ ရတာ၊ နှလုံးသွေးကြော ပိတ်တာ စတာတွေ ဖြစ်လာနိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုများတာကို တွေ့ ရှိရပါတယ်။

          လေ့လာမှုအရ အမျိုးသားတွေမှာ ကျောက်ကပ်မှာ ကျောက်ရှိပေမယ့် နှလုံးရောဂါ ဖြစ်ပွားမှုမှာ သိသိသာသာ မြင့်မားမှုမရှိတာကို တွေ့ရပါတယ်။ အမေရိကန် အမျိုးသားကျန်းမာရေး နဲ့အာဟာရ စစ်ဆေးရေးအဖွဲ့ရဲ့ လေ့လာမှုအရ အမျိုးသား ၁၀.၆ ရာခိုင်နှုန်း ၊အမျိုးသမီး ၇.၁ ရာခိုင်နှုန်းမှာ ကျောက်ကပ် ကျောက်တည်တာကို ခံစားနေရတာ ကြောင့်‌ ဒီလေ့လာမှုက နောက်ဆက်တွဲ နှလုံးနဲ့ ပက်သက်တဲ့ ရောဂါတွေ ဖြစ်ပွားမှုကို လျော့ချနိုင်မှာ ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

         ဆီကျောက်တည်ခြင်း မဖြစ်အောင် ဆီးကျောက်တည် စေနိုင်တဲ့ အကြောင်းတွေကို သိရှိပြီး ဆင်ခြင်သင့် တာတွေကို သိရှိစေဖို့ ဖော်ပြပေးလိုက် ပါတယ်။

         (၁) ရေများများ သောက်သင့်ပါတယ်။ ဆီးကျောက် အများစုက ကယ်လဆီယမ်၊ ဖော့စဖိတ် အောက်ဇာလိတ် ရဲ့ အစားအစာတွေ ကနေရရှိတဲ့ အချို့သတ္တုဓာတ် တွေကနေ ဖြစ်လာပါတယ်။ အဲဒီဓာတ်တွေကို ခန္ဓာကိုယ်က ဆီးကတစ်ဆင့် စွန့်ပစ်ပါတယ်။ ဆီးထဲမှာ သတ္တုဓာတ်တွေ အလွန်အမင်း များပြားနေပါက အနည်ထိုင်ပြီး ကျောက်ဖြစ်လာ ပါတယ်။ ဆီးထဲမှာ သတ္တုဓာတ်တွေ အနည်းထိုင်မှု မရှိအောင် တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၆ ခွက်ကနေ ၈ ခွက် (သို့) သောက်ရေသန့် ၃ လီတာ ကနေ-၄ လီတာ သောက်သင့် ပါတယ်။

         (၂) ဆိုဒါအချိုရည် သောက်သုံးမှုကို ရှောင်သင့်ပါတယ်။ လတ်တလော လေ့လာမှုအရ သကြားဓာတ် များတဲ့ဆိုဒါ အချိုရည် သောက်သုံးသူ တွေဟာ မသောက်သုံးသူ တွေထက် ကျောက်ကပ် ကျောက်တည်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများတယ်လို့ တွေရှိခဲ့ပါတယ်။ အချိုရည်တွေမှာ ပါဝင်တဲ့ဖရက်တို့ (Fructose) သကြားက ကယ်လဆီယမ်၊ အောက်ဇဲလိတ်၊ ယူရစ်အက်ဆစ် တွေကို ကျောက်ဖြစ်နိုင် တာကြောင့် ဆိုဒါရည်ကို ရှောင်သင့်ပါတယ်။

           (၃) အစားအသောက်မှ ကယ်လဆီယမ်ဓာတ် ရယူသင့်ပါတယ်။ ကယ်လဆီယမ် ဆေးဝါးတွေ ဖြည့်စွက် သောက်သုံးတာက ကျောက်တည်နိုင်ခြေ များစေပါတယ်။ ဒါပေမယ့် အစားအသောက် ကနေရရှိတဲ့ ကယ်လဆီယမ် က အူလမ်းကြောင်းထဲမှာ အောင်ဇဲလိတ် (oxalate)တွေနဲ့ ပေါင်းလိုက် တာကြောင့် ကျောက်ကပ်ထဲ မရောက်အောင် လုပ်ဆောင်ပြီး ဆီးကျောက် မတည်အောင် ကာကွယ်နိုင်တယ်လို့ တွေ့ရှိ ထားပါတယ်။

            (၄) တနေ့ကို ကော်ဖီတစ်ခွက် သောက်သင့် ပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက် သောက်သူတွေဟာ ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေ ၂၆ ရာခိုင်နှုန်း လျော့နည်းနေပြီး၊ ကဖင်းမပါတဲ့ ကော်ဖီသောက်သူ တွေက ၁၆ ရာခိုင်နှုန်းခန့်၊ လက်ဖက်ရည်ကြမ်း သောက်သူတွေက ၁၁ ရာခိုင်နှုန်း ကာကွယ်နိုင်တာကို အမေရိကန် ဆီးနဲ့ကျောက်ကပ် ဆိုင်ရာ ဆေးပညာဂျာနယ် မှာဖော်ပြပါရှိခဲ့ ပါတယ်။

           (၅) အောက်ဇာလိတ် (oxalate) ပါဝင်တဲ့ အစာတွေ လျော့စားသောက်သင ပါတယ်။ အောက်ဇာလိတ် က ဆီးကျောက်တည် စေတာကြောင့် ဒီသတ္တုဓာတ် များစွာပါဝင်တဲ့ အစားအစာတွေကို လျော့ချ သောက်သင့်ပါတယ်။ ဟင်းနုနွယ်ရွက်၊ ဆလတ်ရွက်၊ ဘယ်ရီသီး၊ သကြားမုန်လာ၊ အစေ့အဆံ နဲ့ ချောကလက်တွေမှာ အောက်ဇာလိတ် များစွာ ပါဝင်တာကြောင့် အလွန်အမင်း စားသောက်မှုကို ရှောင်သင့် ပါတယ်။

          (၆) ဇီဝဖြစ်ပျက်မှု ကောင်းမွန်အောင် ပြုမှုနေထိုင်သင့် ပါတယ်။ ဇီဝဖြစ်ပျက်မှု နှေးကွေးတာကြောင့် ဗိုက်ပူတာ၊ သွေးတွင်း မကောင်းတဲ့ အဆီတွေများတာ၊ ကောင်းတဲ့ အဆီတွေ နည်းသွားတာ၊ သွေးဖိအား မြင့်တတ်တာ ၊သွေးတွင်း သကြားဓာတ် များတာတွေ ဖြစ်ပြီး နှလုံးရောဂါ၊ ဆီးချိုသွေးချို ရောဂါ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ ၅၄ ရာခိုင်နှုန်း ပိုမိုမြင့်မား ပါတယ်။ တတ်ကြွလှုပ်ရှားတဲ့ လူနေမှုပုံစံ အတိုင်းပြောင်းလဲ ကျင့်သုံးနေထိုင်တာ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ တွေက ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး‌ ရောဂါတွေကနေ ကင်းဝေးစေနိုင် ပါတယ်။

           (၇)‌ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သင့် ပါတယ်။ လူတိုင်းနေ့စဉ်‌ နာရီဝက်မှ တစ်နာရီကြာ အားကစား အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး ပြုလုပ်သင့် ပါတယ်။ အထိုင်များတဲ့ လူနေမှုစနစ် (Life style) ကြောင့် ကိုယ်လက် လှုပ်ရှားဖို့ အင်မတန် အရေးကြီးလာ ပါတယ်။ ဖုန်းပြောတဲ့အခါ မတ်တပ်ရပ် လမ်းလျှောက်ပြီး စကားပြောတာ၊ စားပွဲခုံပေါ်မှာ ရေဘူးမထားဘဲ၊ ရေရှိတဲ့နေရာဆီ လမ်းလျှောက် သွားပြီး ရေသောက်တာ၊ ကားကို ဝေးဝေးရပ်ထားပြီး ရုံးကို လမ်းလျှောက် လာတာ၊ ရုံးခန်းကို ဓာတ်လှေကား၊ စက်လှေကားနဲ့ မတတ်ဘဲ ရိုးရိုးလှေကားနဲ့ တက်တာ ရှိသင့်ပါတယ်။ ဒါ့ပြင် အားကစား ခန်းမတွေဆီ မသွားရင်တောင် အိမ်မှာပဲ ကိုယ်လက် လှုပ်ရှားမှုကို တစ်နေ့ နာရီဝက်လောက် ပြုလုပ်ပေးသင့် ပါတယ်။

            (၈) ပုံမှန် ကိုယ်အလေးချိန် အချိုးအဆ ဘီအမ်အိုင် (BMI_Body Mass Index) ပုံမှန် (၁၈.၉-၂၄.၉) အတွင်းရှိသင့် ပါတယ်။ ဘီအမ်အိုင် ဆိုတာ အလေးချိန်(ကီလိုဂရမ်) ကို အရပ်အမြင့် မီတာ(နှစ်ထပ်ကိန်း) နဲ့စားလို့ရတဲ့ ရလဒ်ဖြစ်လို့ ကိုယ်အလေးချိန် ထိန်းထားသင့် ပါတယ်။

           လေ့ကျင့်ခန်း ကို ချွေးထွက်အောင် နာရီဝက်မှ တစ်နာရီ ပြုလုပ်တာက အစာစားပြီး ပိုလျှံတဲ့ ကယ်လိုရီ တွေချွေးအဖြစ် စွန့်ထုတ်ပစ်လို့ အဆီစုဆောင်ခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုသွေးချို ရောဂါ၊ နှလုံးသွေးကြော ရောဂါ၊ သွေးတိုးရောဂါ တို့မှ ကင်းဝေးစေ ပါတယ်။

           (၉) သံဓာတ် ကြွယ်ဝတဲ့ အစားအစာ ပိုစားသင့်ပါတယ်။ အမျိုးသမီးတွေ အပျိုဖော်ဝင် လာတာနဲ့ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန် ကလွဲပြီး လစဉ်ရာသီ လာတတ်လို့၊ သွေးဆုံးရူံးမှု လစဉ်ရှိကာ သွေးအားနည်း တတ်ပါတယ်။ အစားအစာမှာ သံဓာတ် ပါဝင်အောင် အနီရောင်အသား၊ အသည်း၊ ဥအမျိုးမျိုး၊ ဟင်းနုနွယ်ရွက်၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရွက် တို့စားသောက်ပေး သင့်ပါတယ်။ သံဓာတ် အားဆေး ဖြည့်စွက်စားသုံး ပေးသင့်ပါတယ်။ သံဓာတ် လျော့နည်းပါက သံဓာတ်အားနည်း ရောဂါ (Iron Deficiency Anemia) ရရှိစေနိုင်သလို၊ တပိန်ပိန်၊ တလိန်လိန်နဲ့ ကြည့်လို့လည်း ကျန်းမာရေးနဲ့လည်း မလျော်ညီလို့ လိုအပ်ရင် သံဓာတ် အားဖြည့်ဆေး ဖဲရပ်ဆာဖိတ်ဓာတ် (Ferrous Sulphat _Feso4) အားဆေး နေ့စဉ်‌တစ်လုံး အနည်းဆုံး သောက်သင့် ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် တွေမှာ သံဓာတ်နဲ့ ဗီတာမင်အေဓာတ် ပိုမိုလိုအပ် တာကြောင့် ဗီတာမင်အေ အားဖြည့် ဆေးတောင့်နဲ့ သံဓာတ်အားဆေး ကိုယ်ဝန်ဆောင် အားဆေးများ စားသောက် စေခြင်းက ၊သွေးအားနည်းလို့ နှလုံးရောဂါ ဖြစ်ခြင်း (Anaemic Heart  Diseases)မှ ကင်းဝေးစေ ပါတယ်။ အစားအစာမှာ သံဓာတ်ပါအောင် စားသောက်သင့် ပါတယ်။ အာဟာရပြည့်ဝစွာ စားသောက်တာက ဆီးကျောက် တည်ခြင်းမှ လျော့နည်း စေမှာလည်း ဖြစ်ပါတယ်။။

Photo = Internet


No comments: