Saturday, August 31, 2024

ဆေးဘက်အသုံးဝင် ယာကွန်ပင်

 

 


ဆေးဘက်အသုံးဝင် ယာကွန်ပင်

(SmallanthusSonchifolius)

ဒေါက်တာလပြည့်ခင်

နှစ်ရှည်ခံအပင် ဖြစ်သော ယာကွန်ပင် သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ဒေသအများစုတွင် အများအပြား ပေါက်ရောက်သည်။ ယာကွန်ပင် မျိုးရင်းသည်  Asteraceae ဖြစ်ပြီး ရုက္ခဗေဒအခေါ် (SmallanthusSonchifolius) ဖြစ်သည်။ မူလစိုက်ပျိုးရာ ဒေသမှာ တောင်အမေရိကတိုက် ဖြစ်ပြီး ကိုလံဘီယာနှင့် အာဂျင်တီးနား တွင်လည်း စိုက်ပျိုးကြသည်။ ယာကွန်ပင် သည် အပေါ်ပိုင်း အပင်ခြောက်၍ အရွက်ကြွေကျ ချိန်တွင် မြေအောက်ရှိ ပင်စည်ဥကို တူးဖော်စားသုံး နိုင်ပြီဖြစ်သည်။ တူးဖော်ရာတွင် ယာကွန်ဥ များကို ထိခိုက်မှု မရှိစေရန် အထူးဂရုစိုက် ရမည်ဖြစ်သည်။ ယာကွန်ဥ သည် ပျမ်းမျှ အလေးချိန် (၃၀၀)ဂရမ် ခန့်ဖြစ်ပြီး ကြီးထွား သန်မာပါက (၂၀၀၀)ဂရမ်ခန့် ထိရှိသည်ကို တွေ့နိုင်သည်။ 

 

မာကြွပ်ဆတ်၍ အရည်ရွှမ်းပြီး ပန်းသီး၊ သစ်တော်သီး ကဲ့သို့ ချိုမြိန်နေသော ထိုမြေအောက်ရှိ ထူးခြားသော ပင်စည်ဥ (Tuber Root) အတွက် ယာကွန်ပင်ကို အများဆုံး စိုက်ပျိုးကြသည်။ ယာကွန်ဥကို တူးဖော်ပြီးနောက် ခြောက်သွေ့၍ အေးမြပြီး လေဝင်လေထွက် ကောင်းသော နေရာတွင် ထားပါက ကာလအတန်ကြာ အထိ သိုလှောင်ထား နိုင်သည်။ နေရောင်တွင် နှစ်ပတ်ခန့် လှမ်းပြီးစားပါက အချိုအရသာကို ပိုမိုရရှိစေသည်။  အပင်တွင်း ကစီဓာတ် (Carbohydrate) များပြောင်းလဲ လာခြင်းကြောင့် သိုလှောင်စဉ် အတွင်း သကြားဓာတ် ပါဝင်မှု တိုးလာ၍ ဖြစ်သည်။ ယာကွန်ပင် သည် စိုက်ပျိုးလွယ်သည့် အပင်ဖြစ်၍ မည်သည့် စိုက်ပျိုးရေး အတွေ့အကြုံမျှ မလိုဘဲ အလွယ်တကူ စိုက်ပျိုးနိုင်သည်။ ယာကွန်ကို အရည်ရွှမ်းသောဥ၊ မြေအောက် သစ်တော်သီး၊ မြေအောက် ပန်းသီး၊ ယာကွန်အာလူး၊ ယာကွန် စတော်ဘယ်ရီ ဟုနိုင်ငံကို လိုက်၍ ခေါ်ဆိုမှု အမျိုးမျိုးကို တွေ့ရပါသည်။ အချို့နိုင်ငံ များတွင် ယာကွန်ဥ ကိုSuper Food ဟုခေါ်ဆိုကြ ပါသည်။ ယင်းသည် ဆေးဘက်ဝင် အပင်တစ်မျိုးလည်း ဖြစ်သည်။ ယာကွန်ပင် များသည် အများအားဖြင့် (၄) ပေမှ (၅) ပေအမြင့်ထိ ရှိသည်။ အေးမြသော ရာသီဥတုမျိုးကို ကြိုက်နှစ်သက်သည်။ တစ်ချို့နေရာတွင် ရာသီဥတုနှင့် ကိုက်ညီမှုရှိပါက (၇)ပေမှ (၈)ပေအထိ အမြင့်ရှိနိုင်သည်။ စိုက်ပြီး (၅)လမှ (၉)လအတွင်း ပန်းပွင့်ပြီး ပန်းပွင့်မှာ အဝါရောင် ဒေစီပန်းကဲ့သို့သော သေးငယ်သော အရွယ်ရှိပြီး အစိမ်းရင့်ရောင် အရွက်တို့ ရှိသည်။

ယာကွန်ပွင့်ကို ရုတ်တရက် ကြည့်ပါက အေးသော ဒေသတွင် ပေါက်သော နေကြာအရိုင်း ပန်းပွင့်ကဲ့သို့ ပုံသဏ္ဍာန်ရှိသည်။ ယာကွန်ပင်သည် နေကြာပန်း အမျိုးအနွယ်တွင် ပါဝင်သည်။ ယာကွန်ပင် အထက်ပိုင်း ပန်းပွင့်သည် နေကြာပန်းကဲ့သို့ ဖြစ်ပြီး အောက်ဘက် အမြစ်သည် ကန်စွန်းဥကဲ့သို့ အသွင်ရှိပြီး အရသာမှာ အရည်ရွှမ်းသော ပန်းသီး၊ သစ်တော်သီး ကဲ့သို့ ရှိသောကြောင့် ထူးခြား ဆွဲဆောင်မှုရှိသော အပင်တစ်မျိုး ဖြစ်သည်။ ယာကွန်ဥကို အရောင်မျိုးစုံ တွေ့နိုင်သည်။ အများအားဖြင့် ယာကွန်ပင်၏ မူလဒေသ ဖြစ်သော တောင်အမေရိကတိုက် တွင် အဝါရောင်၊ လိမ္မောရောင်၊ အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင် တို့ရှိပြီး ထင်ရှားသော အနံ့အရသာ ရှိသည်။ မြန်မာနိုင်ငံတွင် အဝါရောင် ယာကွန်ဥကို အများဆုံး တွေ့ရသည်။ အများအားဖြင့် ယာကွန်ဥ အခွံသည် အဝါရောင် သန်းသည့် အညိုရောင် ဖြစ်သည်။ မြေအောက်မြစ် ဖြစ်သော ယာကွန်ဥကို ချက်ပြုတ်၍ သော်လည်းကောင်း၊ အစိမ်း သော်လည်းကောင်း စားသုံးနိုင်သည်။ ထို့အပြင် ယာကွန်ဥသည် အချိုဓာတ် ရသဖြင့် သကြားအစားထိုး အဖြစ် အစားအစာ အမျိုးမျိုးတွင် ကျန်းမာရေး အစားအစာအဖြစ် ထည့်သွင်းကြသည်။ ယာကွန်ဥ ဖျော်ရည် (Yacon Syrup) သည် ချဉ်ဖန်ကိန်း (pH-5.4) ရှိ၍ အက်စစ် ဂုဏ်သတ္တိ အနည်းငယ်ရှိပြီး ချဉ်သော အရသာ အနည်းငယ် ရှိသည်။

ယာကွန်ဥတွင် (၈၉.၉၀) ကစီဓာတ် (9-13 g/100g)၊ အမျှင်ဓာတ် (3.1-4 mg/100 g)၊  Fructodigosaccharides (FOS) (6.4-70%)၊ အသားဓာတ်  ( 2.7-4.9 g/100 g ) နှင့် သကြားဓာတ် (၁၅-၄၀)တို့ ပါဝင်သည်။ ယာကွန်ဥတွင် သွေးအတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေးသော ဟော်မုန်းတစ်မျိုး ဖြစ်သည့် အင်ဆူလင် (Insulin) ပါဝင်မှု မြင့်မားသည်။  Insulin သည် ရှုပ်ထွေးသော ဒြပ်ပေါင်းတစ်မျိုး ဖြစ်ပြီး ဖြေးညှင်းစွာ ပြိုကွဲပါက ဖရက်တို့စ် (Fructose)ဟု ခေါ်သော အချိုသတ္တိရှိ သကြားဓာတ် အမြောက်အမြားကို ထုတ်ပေးသည်။ ယာကွန်ဥတွင်  Fructose အမြောက်အများ ပေါင်းစည်းထားသော ဖရက်တိုအိုလီဂို ဆက်ခရင်းဓာတ်ပေါင်း (Fructooligosaccharine) နှင့် ရေတို့ အဓိက ပါဝင်သည်။

ထိုဓာတ်ပေါင်းသည် ကိုယ်ခန္ဓာမှ ချေဖျက်နိုင်စွမ်း မရှိပေ။ ထိုဓာတ်ပေါင်း ကြောင့် Fructose ဥသည် ထူးခြားစွာ တန်ဖိုးရှိ ချိုမြိန်နေသည့် Fructose ဆိုသည်မှာ Fruit Sugar (အသီးအနှံတို့တွင် ပါဝင်သော အချိုဓာတ်) ဖြစ်သည့် သဘာဝ အားဖြင့် အသီး၊ ပျားရည်နှင့် အမြစ်တို့တွင် တွေ့နိုင်သည်။ သကြားဓာတ် များဖြစ်သည့် Sucrose ၊ Glucose ၊ Fructose နှင့် Lactoseတို့တွင် Fructose သည် အချိုဆုံး ဖြစ်သော်လည်း ကိုယ်ခန္ဓာအတွက် အချိုဓာတ် အနည်းဆုံး ပေးသော အရာဖြစ်သည်။ ယင်းကို သကြားအစားထိုး အချိုအဖြစ် ဆီးချိုသွေးချို သမားများတို့ အာဟာရ ဖြည့်စွက် စားသုံးနိုင်သော အရာတစ်ခု ဖြစ်လာသည်။ ခန္ဓာကိုယ်မှ FOS ကို ချေဖျက်နိုင်စွမ်း မရှိသောကြောင့် သွေးထဲမှ သကြားဓာတ်ကို စုပ်ယူခြင်း မရှိတော့ပေ။ သွေးထဲ သကြားဓာတ် များခြင်းကို ကာကွယ်ပေးသည်။ ထို့ကြောင့်ပင် အသည်းမှ သကြားဓာတ် ထုတ်ခြင်းကို လျှော့ကျ လာစေသည်။ ထိုအချက်ကြောင့် ဆီးချိုသွေးချို သမားတို့ ဆေးဘက်ဝင် သုံးရန် အဓိက ကျစေသည်။ ယာကွန်ဥက အမျိုးအစား (၂) ဆီးချိုရောဂါ ကဲ့သို့ အင်ဆူလင် အပေါ်မှာ မှီခိုနေသည့် ရောဂါများ အတွက် သွေးတွင်း သကြားဓါတ် ထိန်းညှိရာတွင် အသုံးဝင်သည်ဟု သုတေသီအချို့က အခိုင်အမာ ဆိုထားပါသည်။

ယာကွန်ဥ တွင် ကိုယ်အလေးချိန် ကျဆင်းစေနိုင်သည့် ပစ္စည်းများ ပါဝင်နေတာကြောင့် “Diet Potato” ဟုခေါ်ဝေါ်ကြ ပါသည်။ ယာကွန်ဥ တွင် ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပြီး အချိန်အတော်ကြာ ဗိုက်ပြည့်နေသည် ဟု ခံစားရသော ဖရက်တို အိုလီဂိုဆက်ခရိုက် (Fructooligosacharide) ဓါတ်တစ်မျိုးလည်း ပါဝင်ပါသည်။ ချေဖျက်နိုင်ခြင်း မရှိသော FOS ကြောင့် ကိုယ်ခန္ဓာ အတွက် ကယ်လိုရီ တက်ခြင်း မရှိတော့ပေ။ FOS များစွာပါဝင်သော ယာကွန်ဥကြောင့် ကျန်းမာရေး အထောက်အကူ ပြုစေသည်။ FOS သည် အစားအစာတွင် ပါဝင်သော သဘာဝ အစိတ်အပိုင်း ဖြစ်သည်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကညွှတ်၊ ငှက်ပျောသီး၊ ဂျုံနှင့် ယာကွန် တို့တွင် FOS ပါဝင်သည်။ ယာကွန်ဥတွင် FOS အများဆုံး ပါဝင်သည်။ အရေးပါသော FOS ကို ကိုယ်ခန္ဓာက မစုပ်ယူခြင်းသည် အူအတွင်းရှိ အကျိုးပြု ဘက်တီးရီးယား များက ချိုမြိန်သော အရသာကို မသိ၍ မဟုတ်ပေ။ ယာကွန်ဥတွင် ကိုယ်တွင်းရှိ အကျိုးပြု အရာများကြီး ထွားသန်မာခြင်းကို အားပေး လှုံ့ဆော်သည့် အရာများ ပါရှိသည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗိုက်တာမင်နှင့် သတ္တုဓာတ်များ ရယူမှုကိုလည်း ယာကွန်ဥက ကူညီသည်။

ယာကွန်ဥ တွင် ကယ်လိုရီ ပါဝင်မှုနည်းပြီး ပရိုတင်း၊ အမျှင်ဓာတ် အပြင် သက်စောင့်ဓာတ်များ ဖြစ်သော ဗိုက်တာမင် အုပ်စုများဖြစ်သည့် Vitamin A ၊ Vitamin B1 ၊ Vitamin B2 နှင့် Vitamin C တို့လည်း ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့အပြင် ရောဂါ ကာကွယ် စေတတ်သောဓာတ်ပေါင်းများ ဖြစ်သည့် အယ်လကာရွိုက်၊ ဖေလဖိုနိုက်၊ ဂလိုင်ကိုဆိုဒ်၊ ပရိုတင်း၊ စပိုနင်း နှင့် သကြားဓာတ် တို့ ပါဝင်သည်။ ယာကွန်ဥတွင် ကိုယ်ခန္ဓာအတွက် မရှိမဖြစ် လိုအပ်သော ပိုတက်စီယမ် (K)၊ကယ်လစီယမ် (Ca)၊ မဂ္ဂနီစီယမ် (Mg)၊ ဖော့စပရပ်စ် (P)၊ သံဓာတ် (Fe)၊ ခရိုမီယမ် (Cr)နှင့် သွပ်ဓာတ် (Zn) အစရှိသည့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သကဲ့သို့ ခန္ဓာကိုယ်အတွက် အရေးပါသည့် အမိုင်နိုအက်စစ်   (၂၀) မျိုးလည်း ပါဝင်ပါသည်။

          ယာကွန်ဥ သည် သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးနိုင် သလို ကိုလက်စထရော ပမဏကို ထိန်းညှိပေး နိုင်သည့် အပြင် ကိုယ်ခံအားစနစ်ကို တိုးစေပြီး ကိုယ်အလေးချိန် ကျအောင်လည်း အထောက်အပံ့ ပေးသဖြင့် ကိုယ်အလေးချိန် ကျအောင် လုပ်ဆောင် လိုသူများ အတွက်လည်း ယာကွန် ကို အသုံးပြုနိုင် ပါသည်။ ကော်ဖီနှင့် လက်ဖက်ရည် တို့တွင်လည်း ယာကွန်မှ ထုတ်သည့်  Sweetener ကို ထည့်သောက်နိုင် ပါသည်။ ယာကွန်က တန်ဖိုးကြီးသည့် တိုင်းရင်းဆေး တစ်မျိုးဖြစ်ပြီး အနာကိုလည်း ကျက်စေနိုင်သည့် အစွမ်းသတ္တိလည်း ရှိပါသည်။ ရောဂါရှိသူများကို ကျန်းမာရေး အခြေအနေ ကောင်းမွန်အောင် လုပ်ဆောင်ပေး နိုင်ရုံသာမက ကျန်းမာရေး ကောင်းမွန်သူ များကိုလည်း ပိုပြီး ကျန်းမာနေအောင် လုပ်ဆောင်ပေး နိုင်ပါသည်။ သွေးတွင်း သကြားဓာတ် လွန်ကဲမှုကို လျော့ကျစေတတ် သောကြောင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ယာကွန်ကို အသုံးပြု လာကြပြီ ဖြစ်သည်။ ဆေးဘက်ဝင် ယာကွန်ဥသည် ဆီးချိုရောဂါကို သက်သာစေခြင်း၊ ကျောက်ကပ်အတွင်း အကျိုးပြု ဘက်တီးရီးယား တိုးပွားစေခြင်း၊ သွေးအတွင်း သကြားဓာတ် ထိန်းညှိပေးခြင်း၊ မကောင်းသော ကိုလက်စထရော ကိုနည်းပါးစေခြင်း၊ ကိုယ်အလေးချိန် လျော့ကျစေခြင်း၊ အသည်း ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါ ကို ကာကွယ်ပေးခြင်း၊ ဓာတ်တိုးမှုကို ဆန့်ကျင်ခြင်း တို့ကြောင့် လူသိများ ထင်ရှားလာ ပေသည်။ ယာကွန်ပင်သည် အရေပြားကင်ဆာ၊ အူမကြီး ကင်ဆာနှင့် သွေးကင်ဆာ ရောဂါများကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိ ရှိနေပြီး ကင်ဆာဆဲလ်များကို တိုက်ဖျက်ခြင်း အားဖြင့် ဆဲလ်များ မျိုးဗီဇ ပြောင်းလဲမှုကို ဟန့်တား ပေးပါသည်။

          ထို့အပြင် ကြွက်သားမျှင်များ သကြားဓာတ် စုပ်ယူခြင်း၊ ပန်ကရိယ အင်ဆူလင် ထုတ်ပေးခြင်း၊ အဆီများ ညီမျှစေရန် ထိန်းပေးသော ဇီဝကမ္မ လုပ်ငန်းနှင့် ဆက်နွယ်သော ဆဲလ်လမ်းကြောင်းများ ထိန်းညှိပေး နိုင်စွမ်းတို့ကြောင့် ယာကွန်ဥကို နာတာရှည် ရောဂါ ကာကွယ်ရန်နှင့် ကင်ဆာကုသရန် တို့တွင် အကျိုးရှိစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ ယာကွန်သည် ခန္ဓာကိုယ်၏ အဆီကို ထိန်းညှိပေးရာတွင် အရေးပါ သကဲ့သို့ ကိုလက်စထရော စုပုံမှုများ မဖြစ်အောင်လည်း ကာကွယ်ပေး ပါသည်။ ကိုလက်စထရော ဇီဝဖြစ်စဉ်ကို ထောက်ပံ့ကူညီ ပေးခြင်းဖြင့် အသည်း၏ လုပ်ငန်းစဉ်များကို ကာကွယ်ပေး ပါသည်။ ခန္ဓာကိုယ်၏ ဇီဝတွင်း ဖြစ်ပျက်မှု လုပ်ငန်းစဉ် များကိုလည်း အထောက်အကူပြု ပေးပါသည်။

ပိုတက်စီယမ် (K) ပါဝင်မှု များသောကြောင့် နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ် စေသည်။ အောက်စီဂျင် (O2) လိုအပ်သော ကိုယ်ခန္ဓာတွင်း နေရာများကို အလွယ်တကူ သွားနိုင် စေခြင်းဖြင့် သွေးပြန်ကြော နံရံများ ပုံမှန်လုပ်ဆောင်မှု တို့ဖြစ်စေသည်။ ဦးနှောက်နှင့် အာရုံကြောများ ကျန်းမာရန်လည်း ကူညီသည်။ ကယ်လစီယမ်(Ca) ပါဝင်မှုကြောင့် အရိုးနှင့် သွားများကို သန်မာစေသည်။ မဂ္ဂနီစီယမ် (Mg) ကြောင့် သွေးဖိအားကို ပိုမိုကောင်းမွန် စေသည်။ ဖော့စပရပ် (P) ပါဝင်မှုကြောင့် ကြွက်သားကျုံ့ခြင်း၊ ဆန့်ခြင်း၊ ကျောက်ကပ်ကို အလုပ်လုပ် စေခြင်းတို့ကို အထောက်အပံ့ ဖြစ်စေသည်။ ကိုယ်ခန္ဓာအတွက် သွေးဆဲလ်များ တည်ဆောက် ပေးသောသံဓာတ် (Fe) ကို ယာကွန်ဥတွင် တွေ့နိုင်သည်။ သွေးဖိအား ထိန်းချုပ်ပေးသော အင်ဆူလင် ထုတ်မှုတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီသော ခရိုမီယမ်ဓာတ် (Cr) ကိုလည်း တွေ့နိုင်သည်။ ယာကွန်ဥတွင် သတ္တုဓာတ် ပါဝင်မှု အနည်းအများမှာ ပိုတက်စီယမ်၊ ကယ်လဆီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စပရပ်၊ သံဓာတ်၊ ခရိုမီယမ်နှင့် သွပ်ဓာတ် တို့ဖြစ်သည်။ သံဓါတ်ချို့တဲ့မှုမှ သွေးအားနည်း ရောဂါ ဖြစ်ရသည့် အဓိက အကြောင်းအရင်း တစ်ရပ် ဖြစ်ပါသည်။ သံဓာတ်က ခန္ဓာကိုယ်၏ အစိတ်အပိုင်း အသီးသီးဆီကို အောက်ဆီဂျင် သယ်ဆောင်ပေး ရသည့် သွေးဖြူဥများ ထုတ်လုပ်ရန် အတွက် လိုအပ်သည့် သတ္တုဓါတ် တစ်မျိုး ဖြစ်ပါသည်။ ယာကွန်မှာ သံဓါတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် မိမိစားသုံးမည့် အစားအစာ များတွင် ယာကွန်ကို ထည့်သွင်းစားသုံး ပေးခြင်းဖြင့် လိုအပ်သည့် သံဓါတ်ကို ရရှိစေမည် ဖြစ်ပါသည်။

ယာကွန်ဥသည် ဆေးဘက်ဝင် ဓာတ် အမြောက်အများ ပါဝင်ပြီး ကိုယ်ကာယ ကြံ့ခိုင်စေတတ် သည် ဆိုသော်လည်း တစ်ချို့သော သူများတွင် ယာကွန်ဖျော်ရည် အနည်းငယ် သောက်ရုံမျှဖြင့် ဝမ်းသွား စေနိုင်သည်။ ဗိုက်နာ စေတတ်သည်။ တစ်ချို့တွင် ဓာတ်မတည့်မှု ဖြစ်စေသည်။ ထို့ကြောင့် ယာကွန်ဥကို သင့်တင့်မျှတစွာ စားသုံးသင့် ပေသည်။ အလွန်အကျွံ စားသုံးပါက အသက်အန္တရာယ် ကိုမထိခိုက် စေသော်လည်း ဗိုက်နာခြင်း၊ လေထိုးခြင်း နှင့် ဝမ်းသွားခြင်း လက္ခဏာများကို တွေ့ရမည် ဖြစ်သည်။ ယာကွန်က အူများ၏ လှုပ်ရှားမှုကို တိုးတက် စေသောကြောင့် ဝမ်းမချုပ်အောင် ထောက်ပံ့ပေးသည်။ ယာကွန်ဥ၏ အမျှင်ဓာတ်ကြောင့် အနည်းငယ် ဝမ်းပျော့မှုကို ဖြစ်စေကာ အစားအစာ စုပ်ယူမှုကို ပိုမိုအားကောင်း စေနိုင်ခြင်းဖြင့် ဝမ်းချုပ်ခြင်းနှင့် အစာအိမ် လမ်းကြောင်းဆိုင်ရာ ရောဂါများကို လျော့ကျ စေနိုင်သည်။ ယာကွန်က အူအတွင်းမှာ အကျိုးပြု ဘက်တီးရီးယား များကိုတိုးပွား စေခြင်းဖြင့် အစာခြေစနစ်ကို စည်းချက်ညီအောင် လုပ်ဆောင်ပေး သကဲ့သို့ အူမရောင်နာ မဖြစ်အောင်လည်း ကာကွယ်ပေးသည်။

ဓါတုဗေဒဆိုင်ရာ လေ့လာဆန်းစစ်မှု များအရ ယာကွန်မှာ ခန္ဓာကိုယ် အနေဖြင့် ရောင်ရမ်းမှုနှင့် နာတာရှည်ရောဂါ ဝေဒနာများကို ကာကွယ်နိုင်သည့် ဓါတ်တိုးဆန့်ကျင် အစွမ်းသတ္တိများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။ ဤအစွမ်းသတ္တိက ယာကွန်ဥ ၏ ကျန်းမာရေး အကျိုးကျေးဇူးများ တွင်းမှ တစ်ရပ်ဖြစ်သည်။ လေ့လာမှုများအရ ယာကွန်တွင် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန် စေနိုင်သည့် ဓါတ်သတ္တုများ ပါဝင်နေပြီး ဖျားနာနိုင်ခြေကို လျှော့ချပေးနိုင်စွမ်း ရှိသည်ဟု တွေ့ရှိခဲ့သည်။ ယာကွန်က ဆီးဖြစ်ပေါ်မှုကို တိုးစေပြီး မကြာခဏ ဆီးသွားစေသည့် ဆီးရွှင်စေသော အစွမ်းသတ္တိ များလည်း ရှိပါသည်။ ဆီးရွှင် စေသောကြောင့် အဆိပ်အတောက် များကိုဖယ်ရှား ပေးပြီးကျောက်ကပ် တွင် ကျောက်တည်ခြင်းနှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ မဖြစ်အောင် ကာကွယ်ဟန့်တား ပေးကြောင်း သိရပါသည်။

အသည်းသည် ကိုယ်ခန္ဓာအတွက် ဂလူးကို့စ် (Glucose) ထုတ်ပေးရာ အရင်းအမြစ် ဖြစ်သည်။ ယာကွန် စားသုံးခြင်းဖြင့် ဂလူးကို့စ်ကို ပုံမှန်လည်ပတ် ထုတ်ပေးကာ အသည်းကျန်းမာရေး ကို အထောက်အကူ ပြုကာ အသည်း အဆီဖုံးခြင်းကို ကာကွယ်ပေး နိုင်သည်။ ကိုယ်အလေးချိန် လျှော့ကျစေခြင်းမှာ ယာကွန်ဥ သည် အခြားသော အမြစ်ဥ (Tuber) များကဲ့သို့ ကစီဓာတ်များနှင့် ဖွဲ့စည်းထားခြင်း မဟုတ်သောကြောင့် ကိုယ်အလေးချိန် တက်စေမည့် ကယ်လိုရီဓာတ် မရနိုင်၍ ကိုယ်အလေးချိန်ကို မတက်နိုင်စေပေ။ ယာကွန်ရွက် ကိုအစိမ်းမစား သင့်ပါ။ လက်ဘက်ခြောက် ကဲ့သို့သာ သုံးစွဲသင့်သည်။ တိုက်ရိုက်သုံးစွဲပါက ကျောက်ကပ်ကို ထိခိုက်စေနိုင်၍ ဖြစ်သည်။ အဆိုပါ ယာကွန်ရွက် တွင်လည်း အကျိုးပြု အော်ဂဲနစ်ဒြပ်ပေါင်း များစွာပါဝင်သည်။ ယာကွန်ရွက် များတွင်လည်း ဓါတ်တိုးဆန့်ကျင် ပစ္စည်းများဖြစ်သည့် Caffeic Acid Ferulic Acid  နှင့် Chlorogenic တို့ပါဝင်နေပါသည်။ မှိုပိုးတိုက်ဖျက် သည့် အစွမ်းသတ္တိ ရှိနေပါသည်။ ယာကွန်ရွက် ကိုသဲဝဲစား သကဲ့သို့ မှိုပိုးကူးစက် ဝင်ရောက်ခြင်း မျိုးကို ကုသရန်အတွက် အသုံးပြုနိုင် ပါသည်။

ယာကွန်ဥမှာ ဓါတ်တိုးဆန့်ကျင် အစွမ်းသတ္တိများ ကြွယ်ဝစွာ ပါဝင်သောကြောင့် ယာကွန်ဥကို ပုံမှန်စားသုံးခြင်းမှာ သဘာဝဓါတ်တိုး ပစ္စည်းပျက်စီးခြင်း များမဖြစ်အောင် ကာကွယ်ပေး နိုင်ပါသည်။ ယာကွန်မှာ ရောင်ရမ်းမှုကို လျော့ပါးသက်သာ စေနိုင်သည့် အစွမ်းသတ္တိ ရှိသောကြောင့် အဆစ်နာခြင်း၊ အဆစ်ရောင်နာ နှင့် ဂေါက်ရောဂါများ ကြောင့် ရောင်ရမ်းမှုများကို လျော့ပါးသက်သာ စေပါသည်။ ယာကွန်ရွက်နှင့် ယာကွန်ဥ နှစ်မျိုးလုံးတွင် ရောင်ရမ်းမှုကို လျော့ပါးသက်သာ စေနိုင် သည့် အစွမ်းသတ္တိများ ရှိသည်ဟု လေ့လာမှုများအရ အတည်ပြု ထားကြပါသည်။

အသက်ကြီး လာသည်နှင့်အမျှ အရိုးသိပ်သည်းဆ မှာလည်း ကျဆင်းလာ ပါသည်။ ယာကွန် မှ ခန္ဓာကိုယ်က အရိုးများကြံ့ခိုင် သန်စွမ်းရန်အတွက် အရေးပါသည့် ကယ်လ်ဆီယမ် နှင့် မဂ္ဂနီဆီယမ် ကဲ့သို့ သတ္တုဓါတ်များ ရရှိမှုကို တိုးတက်စေခြင်းဖြင့် အရိုးသိပ်သည်းဆ ကိုတိုးတက်အောင် လုပ်ဆောင်ပေး ပါသည်။ ယာကွန်ကို နေ့စဉ်စားသုံးပေး ပါက အရိုးပွခြင်း၊ အရိုးအဆစ် ရောင်ရမ်းနာနှင့် Scoliosis (ကျောရိုးစောင်း ရောဂါ) ဝေဒနာတို့ ဖြစ်ပေါ်ခံစား ရနိုင်ခြေကို ကာကွယ်ပေး ပါသည်။ ယာကွန်က အမျိုးသားများ မျိုးအောင်နိုင်စွမ်း အတွက်သုံးစွဲရန် သင့်တော်သည့် သဘာဝဖြည့်စွက်စာ တစ်မျိုး ဖြစ်ပါသည်။

          အချုပ်ဆိုသော် ယာကွန်ဥတွင် အဆီအနည်းငယ် နှင့် ရေဓာတ် အများအပြား ပါဝင်မှုကြောင့် ဝသောသူများနှင့် အထူးသင့်လျော် ပေသည်။ လူအများတို့၏ အစာအာဟာရတွင် ယာကွန်ဥ ပါဝင်လာစေခြင်းဖြင့် ဆီးချိုသွေးချို ဝေဒနာအတွက် သော်လည်းကောင်း၊ ကိုယ်အလေးချိန် လျှော့ကျစေလိုသူတို့ အတွက် သော်လည်းကောင်း၊ မကောင်းသော အဆီနှင့် ကိုလက်စထရော တို့ကိုလျှော့ကျခြင်း တို့အတွက် လည်းကောင်း၊ အရိုးအဆစ်များ သန်မာစေဖြင်း အတွက် သော်လည်းကောင်း၊ ကင်ဆာကဲ့သို့ နာတာရှည်ရောဂါ များအတွက် သော်လည်းကောင်း လွန်စွာ အထောက်အကူပြု စေကြောင်း သုတေသန တွေ့ရှိချက်များမှ ဖော်ပြထားသည်။ ချိုမြိန်ပြီး အရည်ရွှမ်းသော ယာကွန်ဥ ကိုစားသုံးပြီးပါက စိတ်ကျေနပ် ခံစားမှုကိုတိုးစေပြီး ဝမ်းဘိုက်ပြည့် စေသည်ဟု လေ့လာချက်များတွင် တွေ့ရှိရကြောင်း ဖော်ပြရင်း နိဂုံးချုပ်အပ် ပါသည်။

 

         

 

 

 

 

 

No comments: