Tuesday, July 30, 2024

သက်ရှည်ကျန်းမာလှပဖို့ ကိုယ်လက်လှုပ်ရှားကစားစို့

 



သက်ရှည်ကျန်းမာလှပဖို့ ကိုယ်လက်လှုပ်ရှားကစားစို့

ဒေါက်တာဥမ္မာစော

          လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ရောဂါများကို ကူးစက်နိုင်သော ရောဂါများနှင့် မကူးစက်နိုင်သော ရောဂါများဟူ၍ ခွဲခြားလေ့ရှိသည်။ ကိုဗစ်ကဲ့သို့သော၊ တီဘီကဲ့သို့သော ရောဂါပိုးမွှား များကြောင့် ဖြစ်ရသော ရောဂါများကို ကူးစက်နိုင်သော ရောဂါဟု အမည်တပ်ကြသည်။ များသောအားဖြင့် ဖွံ့ဖြိုးမှု မရှိသော၊ ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများ တွင် အစာအာဟာရ ချို့တဲ့မှုကြောင့် ကိုယ်ခံစွမ်းအား ကျဆင်းမှု၊ လူနေထူထပ်မှုကြောင့် ရောဂါပိုးကူးစက် လွယ်မှုတို့အပြင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း တို့ကြောင့် ကူးစက်နိုင်သောရောဂါများအဖြစ်များကြသည်။ မကူးစက်နိုင်သော ရောဂါများဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါ အမျိုးမျိုးတို့သည် မူလသဘောအရ ချမ်းသာကြွယ်ဝသော ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် အဖြစ်များသော ရောဂါများ ဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့ရွာ ဖြစ်လာပြီးနောက် ကမ္ဘာအနှံ့မှ လူသားများကြားတွင် နေထိုင်စားသောက်မှု အကျင့်စရိုက်များ တူညီလာသော အခါ မကူးစက်နိုင်သော ရောဂါများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ၌ပါ ဖြစ်နှုန်းများလာခဲ့ ပါသည်။


          မကူးစက်နိုင်သော ရောဂါများကြောင့် ဖြစ်ရသော သေဆုံးနှုန်းမှာ နှစ်စဉ် ၇၀ ရာခိုင်နှုန်းရှိပြီး ကူးစက်နိုင်သော ရောဂါများထက်ပင် များသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ကျွန်မတို့ အနေဖြင့် ထိုသွေးတိုး၊ နှလုံး၊ ဆီးချို၊ လေဖြတ်ရောဂါ များကို လျော့မတွက်ပဲ အလေးအနက်ထား ကုသကာကွယ်ရန် လိုအပ်သည်။ ထိုရောဂါများ ကာကွယ်၊ ကုသရေးအတွက် ချိုလွန်းသော အစားအစာများ၊ အဆီများသော အစားအစာများ၊ ဆားဓာတ်များသည့် အစားအစာများ၊ အသင့်စား အစားအစာများ နှင့် အရက် ဆေးလိပ် သောက်သုံးခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်သကဲ့သို့ ကိုယ်လက် လှုပ်ရှားမှု ပုံမှန်ပြုလုပ် ရမည်။ အထိုင်များခြင်း ကိုလည်း ရှောင်ကြဉ်ရမည် ဖြစ်သည်။

          အားကစား လှုပ်ရှားမှုကို အချိန်ပေး ပြုလုပ်သင့် သကဲ့သို့ မိမိတို့နေ့စဉ် နေထိုင်မှုဘဝ တွင်လည်း သွက်လက်စွာ လှုပ်ရှားလုပ်ကိုင် သွားလာကြရန် လိုပါသည်။ အချိန်ကြာမြင့်စွာ တီဗွီကြည့်ရင်း အသင့်စားအစာများ စားသောက်ခြင်း၊ ဖုန်း၊ ကွန်ပျူတာများ ငြိမ်၍ ကြည့်ရှုချိန်များခြင်း၊ လုပ်ငန်းခွင်တွင် ထိုင်၍ အလုပ်လုပ်ချိန် များခြင်းသည် မိမိ ကျန်းမာရေးကို ထိခိုက်စေနိုင် ပါသည်။ အထိုင် လုပ်ငန်းခွင်၌ လုပ်ကိုင်ရသူများ အနေဖြင့် ပုံမှန်ကိုယ်လက် လှုပ်ရှား ကစားခြင်းကို အချိန်ပေး လုပ်ကိုင်သင့်သည်။ ဘောလီဘော၊ ဘောလုံး၊ ကြက်တောင်၊ တင်းနစ် စသော အားကစားများ သာမက လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီး၊ ပြေးခြင်း၊ အားကစား ကလပ်များတွင် ပါဝင်ကခုန်ခြင်း၊ gym ကစားခြင်းစသော တစ်ကိုယ်ရည် ကိုယ်လက် လှုပ်ရှားမှုများသည် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုပါသည်။ အရွယ်မတိုင်မီ သေဆုံးမှုကိုလည်း သိသာစွာ လျော့ချ နိုင်သည်ကို တွေ့ရပါသည်။

          ကိုယ်လက် လှုပ်ကစားခြင်းကို တစ်ပတ်လျှင် ၁၅၀ မိနစ်ခန့် (တစ်နေ့ နာရီဝက်ဖြင့် တစ်ပတ် ၅ ကြိမ်) ထိုက်သင့် သလောက်ပြင်းထန်စွာ ဆောင်ရွက် ပေးခြင်းဖြင့်ပင် ကျန်းမာ သက်ရှည်ခြင်းကို အထောက်အကူပြု နိုင်ကြောင်း တွေ့ရှိရသည်။ နေ့စဉ် ခပ်သွက်သွက် လမ်းလျှောက် ပေးခြင်းသည် အလွယ်တကူ လုပ်ဆောင်နိုင်သော ငွေကြေး အကုန်အကျ မရှိသည့် အကောင်းဆုံး ကိုယ်လက် လှုပ်ရှား အားကစားနည်း ပင်ဖြစ်သည်။ အရွယ်မတိုင်မီ သေဆုံးခြင်းကို အသက်(၆၀) နှစ်အောက်များက တစ်နေ့ခြေလှမ်း ၈၀၀၀-၁၀၀၀၀ ခန့် လျှောက်ခြင်းဖြင့် သိသာစွာ လျော့ချနိုင် သကဲ့သို့ အသက် ၆၀ နှစ်အထက် ကိုလည်း ခြေလှမ်း ၆၀၀၀-၈၀၀၀ ကြား လျှောက်ခြင်းဖြင့် သက်ရှည်ကျန်းမာ နိုင်မည်ဟု ဖော်ပြခဲ့ကြ ပါသည်။

          ကိုယ်လက် လှုပ်ရှားခြင်း၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုအပေါ် အကြီးမားဆုံး သက်ရောက်မှုမှာ ခန္ဓာကိုယ်တွင်းရှိ နှလုံးနှင့် သွေးလှည်ပတ်မှု စနစ် ပြောင်းလဲ ကောင်းမွန်ခြင်း ဖြစ်သည်။ သွေးနီဥ၊ အောက်စီဂျင်ဓာတ် နှင့် အစာအာဟာရ များကို ခန္ဓာကိုယ်အနှံ့ ပို့ဆောင် ပေးခြင်းဖြင့် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုနိုင်ပါသည်။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ လေဖြတ် ရောဂါ၊ သွေးတွင်း အဆီများ၊ အဝလွန်ခြင်းနှင့် ကင်ဆာရောဂါများ မဖြစ်ပွားရန်နှင့် ဖြစ်ပြီး နောက်မှလည်း ပြန်လည် ကောင်းမွန်အောင် ကုသရာတွင်လည်း အထောက်အပံ့ ဖြစ်စေကြောင်း တွေ့ရပါသည်။ သွေးပေါင်ချ ပေးသည့်အပြင် သွေးတွင်မြှင့်တက် နေသော အချိုဓာတ်၊ အဆီဓာတ်များ လျော့ချကာ ခန္ဓာကိုယ် အချိုးအစားကို ထိန်းပေးနိုင်ပြီး၊ ကိုယ်အလေးချိန် လျော့ချပေးနိုင် သောကြောင့် ဖြစ်သည်။ ကိုယ်ခံစွမ်းအား စနစ်ကို မြှင့်တင်ပေးနိုင် သဖြင့် ရောဂါပိုးမွှားများ ကူးစက်ဖြစ်ပွားခြင်း ကိုလည်း လျှော့နည်း စေသည်။

          ပုံမှန် ကိုယ်လက်လှုပ်ရှား ကစားခြင်းသည် အရိုး၊ အဆစ်များနှင့် ကြွက်သားများကို သန်မာစေရုံ သာမက အရိုးပါး ရောဂါနှင့် အချို့သော အဆစ်ရောင် ရောဂါများကိုပါ သက်သာ နိုင်စေသည်။ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ကြီးထွားမှုကို အားပေးသည့် ဟော်မုန်း (Growth hormone )၊ အဆီဓာတ်ကို ထိန်းညှိပေးသည့် ဟော်မုန်း(Insulin) တို့ ပိုမိုထွက်လာ ခြင်းကြောင့် ခန္ဓာကိုယ်ရှိ ကြွက်သားများ ပိုမိုတောင့်တင်း သန်မာလာစေသည်။ အထူးသဖြင့် သက်ကြီးရွယ်အို များတွင် ကြွက်သားအား လျော့နည်းလာပြီး အရိုးအဆစ်များ မခိုင်မာခြင်းကြောင့် မကြာခဏ လဲပြိုတတ်ခြင်း ကိုလည်း ထိုက်သင့်သည့် ကိုယ်လက် လှုပ်ရှားမှု ဆောင်ရွက်ခြင်းဖြင့် ဟန်ချက်ပိုမို ထိန်းလာနိုင်ကာ လုပ်ဆောင်နိုင်စွမ်း တိုးတက်လာမည် ဖြစ်သည်။ နေ့စဉ်ခန္ဓာ ကိုယ်တွင်းနှင့် အရေပြားရှိ ဆဲလ်လေး များသည် ဓာတ်တိုးစွမ်းအင် များကြောင့် ပျက်စီး နေကြရသည်။ ပုံမှန်ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းဖြင့် ဓာတ်တိုး တိုက်ခိုက်မှုကို လျော့ချပြီး အရွယ်မတိုင်မီ အိုမင်းခြင်းကို သာမက အရေပြားရောဂါ များကိုပါ သက်သာ စေကြောင်း တွေ့ရှိရ ပါသည်။

          ပုံမှန်ကိုယ်လက် လှုပ်ရှား အားကစားသော အခါ ဦးနှောက်အတွင်း သွေးလည်ပတ်မှု ကောင်းစေရုံ သာမက ဦးနှောက်တွင်း၌ serotonin ၊ dopamine ၊ norepinephrine စသော ဟော်မုန်းဓာတ်များ ထွက်လာသဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးကာ စိတ်ဓာတ်တက်ကြွ ပျော်ရွှင်စေနိုင်သည်။ သုတေသန ပြုလုပ်ချက်များ အရ ဦးနှောက် အစိတ်အပိုင်း တစ်ခုဖြစ်သော hypothalamas  အတွင်း ထိန်းညှိရေး စနစ်များ ပြောင်းလဲသွား သောကြောင့် စိတ်ဖိစီးမှုကို ဖြစ်စေသည့် ဟော်မုန်းများ လျော့ကျသွားသည်။ လေ့ကျင့်ခန်းကို ၁၀ မိနစ်မှ မိနစ် ၃၀ ထိ ပြုလုပ်ခြင်းဖြင့်ပင် စိတ်ဓာတ် တက်ကြွလန်းဆန်း စေနိုင်သည် ဟု ပညာရှင်များက ဆိုကြပါ သည်။ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် စိတ်ပူပန် သောကများခြင်း၊ စိတ်ကျရောဂါများ သက်သာလာ စေနိုင်သည့်အပြင် နာကျင်ခံစားမှု ဝေဒနာများ ခံနိုင်ရည် ပိုရှိလာနိုင် ပါသည်။ ဆေးသုတေသန စာတမ်းများအရ အမြဲတမ်း တက်ကြွ လှုပ်ရှားနေသူများ၊ ပုံမှန်လှုပ်ရှား အားကစား ဆောင်ရွက် နေသူမျးတွင် လှုပ်ရှားမှုများ ရပ်တန့်လိုက် ချိန်၌ စိတ်ကျရောဂါ၊ စိတ်ပူပန် ဝေဒနာများ ခံစားကြရကြောင်း သိရှိရသည်။

          ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဦးနှောက်တွင်းရှိ မှတ်ဉာဏ်နှင့် ဆိုင်သော ဦးနှောက် အစိတ်အပိုင်းများ ကြီးထွား လာသောကြောင့် မှတ်ဉာဏ်ပိုမို ကောင်းမွန် လာစေသည်။ ဦးနှောက်တွင်း သွေးလှည်ပတ်မှု ကောင်းမွန်ခြင်း၊ ဦးနှောက် ဖွံ့ဖြိုးမှုဆိုင်ရာ ဟော်မုန်းများ ထွက်လာခြင်း ကြောင့် ဦးနှောက်၏ လုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုကောင်းမွန် လာသည်။ အထူးသဖြင့် သက်ကြီးရွယ်အို များတွင် အသက်အရွယ် ကြောင့် ဦးနှောက် ကျုံ့လာခြင်း၊ ပြောင်းလဲ လာခြင်းကို လျော့ချပေး နိုင်သဖြင့် အယ်ဇိုင်းမား ကဲ့သို့သော သက်ကြီး သတိမေ့ရောဂါ များတွင် ကုထုံးတစ်ခု ဖြစ်လာခဲ့သည်။

          လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ဦးနှောက်နှင့် အာရုံကြော တုံ့ပြန်မှုစနစ် ပြောင်းလဲ သွားခြင်းသည် ကြွက်သားများ အတွင်းရှိ သကြားဓာတ်နှင့် အဆီဓာတ်ဇီဝ ဖြစ်စဉ်များကို ထိန်းညှိ ပေးကြောင်း တွေ့ရှိရသည်။ ကြွက်သားထု သာမက အာရုံကြောနှင့် ကြွက်သား အဆက်များ ခိုင်မာ လာသောကြောင့် တုံ့ပြန်မှုများ ပိုမိုတိကျ လာသည်။ သုတေသန များအရ လေ့ကျင့်ခန်းများ ပုံမှန် လုပ်ဆောင်ခြင်းဖြင့် ဦးနှောက် အတွင်းပိုင်း နေရာ basal ganglia တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်ကာ ဆုံးဖြတ်နိုင် စွမ်းအားများ တိုးတက် လာပါသည်။ ထို့အပြင် ဦးနှောက်အတွင်း BDNF ဓာတ်များ တက်လာစေပြီး Dopaminergic neurons များ၏ သတ်တမ်းများ ပိုကြာရှည် စေသည်။ ဒိုပါမင်းဓာတ် သည် မှတ်ဉာဏ်ပြန်လည် ဖော်ထုတ်ရာ၌ အရေးပါ သကဲ့သို့ မှန်ကန်စွာ ဆုံးဖြတ်ချက်ချ နိုင်ရေးနှင့် ကိုယ်လက် လှုပ်ရှားမှု လျင်မြန် သွက်လက် စေရေးအတွက် အထောက်အကူ ပြုပါသည်။

          ပုံမှန် ကိုယ်လက် လှုပ်ရှားခြင်း ဖြင့်ပင် အိပ်ရန် လွယ်ကူလာပြီး နှစ်နှစ်ချိုက်ချိုက် အိပ်ပျော် စေနိုင်သည်။ အိပ်ရန် ခက်ခဲသော သက်ကြီးရွယ်အိုများ၊ သက်ကြီး သတိမေ့ရောဂါ ခံစားနေရ သူများ၊ စိတ်ဖိစီးမှုကြောင့် ကောင်းစွာ မအိပ်နိုင်သော လူငယ်၊ လူလတ်များ အတွက် ကောင်းစွာ အကျိုးပြု နိုင်ပါသည်။ ကောင်းစွာ အိပ်ပျော်သဖြင့် လူငယ်၊ လူလတ်များ အနေဖြင့် လုပ်ငန်းစွမ်းရည် တိုးတက်လာ စေနိုင်သကဲ့သို့ သက်ကြီးရွယ်အို များ၏ နေ့စဉ် နေထိုင်မှု ဘဝကို ပိုမိုကောင်းမွန် လာနိုင်ပါမည်။ သို့ရာတွင် အိပ်ရာဝင်ခါနီး ကပ်၍ ပြင်းထန်စွာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရ ပါမည်။

          ပုံမှန်ကိုယ်လက် လှုပ်ရှား ကစားခြင်းသည် ခန္ဓာကိုယ်တွင်းရှိ ကယ်လိုရီများ လောင်ကျွမ်း သွားသဖြင့် အဝလွန်ခြင်း အတွက် အကျိုးပြုရုံ အပြင် ခန္ဓာတွင်း အဆီဓာတ်များ နည်းသွား သောကြောင့် မိမိခန္ဓာကိုယ် အချိုးအစား ထိန်းလိုသူများ အတွက် များစွာ အထောက်အကူ ပြုနိုင်သည်။ ကျစ်လျစ် သွယ်လျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိလာစေသည်။ အရိုးအဆစ် အကြော ကြွက်သားများ ပိုမို သွက်လက်စွာ လှုပ်ရှားနိုင်ခြင်း၊ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပခြင်း၊ ကာယ၊ ဉာဏ လုပ်ဆောင်မှု စွမ်းရည်မြင့်တက် လာခြင်းကြောင့် စိတ်ကျေနပ်မှု ရစေကာ ပို၍ တက်ကြွ ပျော်ရွှင်လာမည် ဖြစ်သည်။ လူငယ်လူရွယ်များ အနေဖြင့် အိမ်ထောင်ရေး သုခများလည်း ခံစားရလာနိုင် ပါသည်။ မိမိ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်း များနှင့် ပိုမို ကောင်းမွန်သည့် ဆက်ဆံရေးကို ဖော်ဆောင်နိုင်ပြီး နေ့စဉ် လူမှုဘဝကို ပျော်ရွှင်စွာ ဖြတ်သန်း လာနိုင်မည် ဖြစ်ပါ သည်။

          ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်ခြင်းသည် ကျန်းမာသက်ရှည် စေနိုင်သည် သာမက ပျော်ရွှင် ချမ်းမြေ့သော နေ့စဉ်လူနေမှု ဘဝကို ရရှိစေနိုင်ခြင်း၊ နုပျိုလှပနိုင်ခြင်း တို့ကြောင့် ကိုယ်လက် လှုပ်ရှား ကစားခြင်းကို တက်နိုင်သမျှ ပုံမှန်ပြုလုပ်ကြ ရပါမည်။ ကိုယ်လက် လှုပ်ရှား ကစားခြင်းသည် ကောင်းကျိုးများစွာ ရှိသော်လည်း မတော်တဆ ထိမိခိုက်မိ အနာတရ ဖြစ်ခြင်း၊ ခြေလက်ကျိုးခြင်း များဖြစ်နိုင် ပါသည်။ ပြင်းထန်စွာ ကစားခြင်းကြောင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း မောပန်း နွမ်းနယ်ခြင်း၊ နှလုံးမှ ဒဏ်မခံနိုင်ခြင်း၊ နှလုံးခုန် မမှန်ခြင်း၊ ပတ်ဝန်းကျင် အပူချိန်များ နေချိန်တွင် အပူဒဏ်ကို ခံစားရနိုင်ခြင်း တို့ကို သတိပြုကြရ ပါမည်။ ကိုယ်လက် လှုပ်ရှား ကစားရာတွင် အန္တရာယ် မရှိသော အားကစား အထောက်အကူပြု ကရိယာများ အသုံးပြုခြင်း၊ အားကစား မပြုလုပ်မီ သွေးပူ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ ရေများများ သောက်ခြင်း၊ မောပန်းနွမ်းနယ် မူးဝေလာပါက ချက်ချင်း ရပ်လိုက်ခြင်း၊ ရာသီဥတု ပူပြင်းလွန်း ချိန်တွင် မပြုလုပ်ခြင်း တို့ကို လိုက်နာ ဆောင်ရွက်သင့် ပါသည်။ ကျွန်မတို့အားလုံး မိမိ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေနှင့် ကိုက်ညီသည့် သင့်တော်ရာ၊ မိမိနှစ်သက်သော ကိုယ်လက်လှုပ်ရှား ကစားခြင်းကို ပုံမှန်ပြုလုပ် ခြင်းဖြင့် ကျန်းမာ၊ သက်ရှည်လှပ တဲ့ ဘဝများစွာကို ပိုင်ဆိုင်လာကြ ရမည်ဖြစ်ကြောင်း တိုက်တွန်း ရေးသား အပ်ပါသည်။

Photo - Internet

 


No comments: