Thursday, July 4, 2024

တန်ဖိုးရှိလှ မိန်းမသားဘဝ




 တန်ဖိုးရှိလှ မိန်းမသားဘဝ

 စာရေးဆရာ တင်နိုင်တိုး ရေးသားထားသော “ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာ အမျိုးသမီးများ” စာအုပ်လေးကို ဖတ်ရန် ကျွန်မရွေးချယ် ကောက်ယူမိပါသည်။ ထိုစာအုပ်ဖုံးလေး ပေါ်က ရှေးခေတ်မြန်မာ အမျိုးသမီးများ ဓာတ်ပုံကို ကြည့်မိသောအခါ ကျွန်မသိသော သူလည်းပါ၍၊ မသိသူလည်း ပါသည်။ သို့သော် ကျွန်မမသိသူက ပိုများပါသည်။ ဤစာအုပ်ပါ အကြောင်းအရာ များသည် ကျွန်မ လူ့ဘ၀သို့ ရောက်မလာသေးခင် ပါလီမန်ခေတ်က အမျိုးသမီးများ အကြောင်းဖြစ်၍ အထူး စိတ်ဝင်စားမိ ပါသည်။


 (၁) ပါလီမန်ခေတ် ဆိုသည်မှာ ဘာကိုခေါ်သနည်း?

(၂) အဖွားတို့၊ အဘေးတို့ခေတ်က မြန်မာ အမျိုးသမီးများ အဘယ်မျှလောက် ထူးချွန်တက်မြက် ကြပါသနည်း?

(၃) တန်ဖိုးရှိလှ၊ မိန်းမသားဘ၀ ဆိုသည်မှာ ဘယ်လိုမျိုးပါနည်း?

စသည်တို့ကို ကျွန်မသိချင်မိ ပါသည်။ ထို့ကြောင့် စာအုပ်ကို စူးစူးစိုက်စိုက် ဖတ်ခဲ့ပါသည်။ စိတ်ဝင်စားစရာ ကောင်းလှ၍ ကျွန်မတထိုင်တည်း စာအုပ်တစ်အုပ်လုံး ကုန်အောင် ဖတ်လိုက်ပါသည်။ ဖတ်ပြီးနောက် ယနေ့ခေတ် မိန်းမငယ်များလည်း ဤစာအုပ်ပါ အကြောင်းတချို့ကို မိမိနည်းတူ သိစေချင်မိ ပါသောကြောင့် မျှဝေပြောပြချင် မိပါသည်။

ထို့ကြောင့် “တန်ဖိုးရှိလှ မိန်းမသားဘ၀” ဟူသော ခေါင်းစဉ်တပ်ကာ ဆောင်းပါးတစ်ပုဒ် ရေးမည်ဟု အားခဲထား ပါသည်။ သို့သော် သတင်းစာ စာမျက်နှာ အနေအထားအရ မိမိအနေဖြင့် ပါလီမန်ခေတ်က ထင်ပေါ် ကျော်ကြားသော မြန်မာ အမျိုးသမီးများ အားလုံးကို ရေးပြရန် အခွင့်မသာနိုင်၍၊ ၄င်းတို့အထဲမှ မြန်မာတိုင်းရင်းသူ (၄) ဦး၏ အကြောင်းကိုသာ ရွေးချယ်ကောက်နုတ် ရေးသားလိုက်ရ ပါသည်။

ပါလီမန်ခေတ်ဆိုသည်မှာ

          မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ကစပြီး တော်လှန်ရေးကောင်စီ အာဏာသိမ်းယူသော နေ့ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့အထိ၊ ၁၄ နှစ်တာကာလကို “ပါလီမန်ခေတ်” ဟု ခေါ်ပါသည်။ အဆိုပါ ပါလီမန်ခေတ် တလျှောက် ထူးချွန် ထက်မြက်လှသော မြန်မာ အမျိုးသမီးများစွာ ပေါ်ထွက်ခဲ့သည်။ ပညာရေး၊ ကျန်းမာရေး၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ၊ အားကစား၊ စီးပွားရေး လုပ်ငန်းရှင် စသဖြင့် နယ်ပယ် အသီးသီး၌ ပြည်တွင်း သာမက တိုင်းတစ်ပါးထိပါ နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ကြသည့် အမျိုးသမီး စွမ်းဆောင်ရှင် များစွာပေါ်ထွန်း ခဲ့ပါသည်။ ၄င်းတို့အနက် အမျိုးသမီးဦးရေ အယောက် (၅၀) အကြောင်းကို ဆရာတင်နိုင်တိုး က “ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာ အမျိုးသမီးများ” စာအုပ်တစ်အုပ် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

စာရှုသူများ သုတရစေရန် အတွက် ပါလီမန်ခေတ်က လုပ်ငန်းကဏ္ဍ မတူညီသော မြန်မာ တိုင်းရင်းသူ(၄) ဦးကို ရွေးချယ်ဖော်ပြ ပေးလိုပါသည်။ ၄င်းတို့မှာ -

·         မြန်မာတိုင်းရင်သူ ကင်းထောက် ဒေါ်ကြည်ကြည်၊

·         ဖလောရင့်စ် နိုက်တင်ဂေးလ် ဆုရ ရခိုင်တိုင်းရင်းသူ ဗိုလ်မှူး ဒေါ်ခင်အုန်းမြ၊

·         ထားဝယ်တိုင်းရင်သူ သူရမချစ်ပို၊

·         မြန်မာတိုင်းရင်းသူ စာရေးဆရာမ စိန်စိန် တို့ဖြစ်ပါသည်။

အမျိုးသမီးကင်းထောက် ဒေါ်ကြည်ကြည် (၁၉၀၆-၁၉၇၀)

          ဒေါ်ကြည်ကြည်သည် စစ်ကိုင်းမြို့ ရွာသစ်ကြီးသူ ဖြစ်သည်။ သူမ၏ အဖိုးဖြစ်သူ ဦးလှဘူးသည် သီပေါမင်း လက်ထက် မင်းမှုထမ်းခဲ့သော ရွှေတိုက် အတွင်းဝန် ဖြစ်ပါသည်။ ဒေါ်ကြည်ကြည် သည် ၁၉၄၉ ခုနှစ်တွင် အိန္ဒိယသို့ ကင်းထောက်နည်းပြ သင်တန်းတက်ရန် စေလွှတ်ခြင်း ခံရသည်။ ၁၉၅၀ တွင် ယာယီ အမျိုးသား ယူနက်စကို ကော်မရှင်လူကြီး အဖြစ် ရွေးချယ်ခံရသည်။ ၁၉၅၃ တွင် သူမသည် ဗြိတိသျှ ဧည့်သည်တော် အဖြစ် ဘရစ်စတော နှင့် လန်ဒန်တွင် အိမ်တွင်းမှုသိပ္ပံ ပညာရပ်များ လေ့လာဆည်းပူး ခဲ့သည်။ မြန်မာနိုင်ငံ၌ ၁၉၆၄ ခုအထိ လူမှုဝန်ထမ်း အရာရှိအဖြစ် အမှုထမ်းခဲ့သည်။ သူမ ဘ၀တလျှောက် နိုင်ငံ့ကိုယ်စားပြု နိုင်ငံခြား ပညာတော်သင် အများအပြား သွားခဲ့ရပြီး၊ ထိုခေတ်ထိုအခါ ကတည်းက ထူးချွန် ထက်မြက်သော မြန်မာအမျိုးသမီး တစ်ဦးပေါ်ထွက်ခဲ့ သည်မှာ နှောင်းလူတို့ လေးစား အတုယူဖွယ် ဖြစ်ပါတော့သည်။

ဖလောရင့်စ်နိုက်တင်ဂေးလ်ဆုရှင် ဗိုလ်မှူး ဒေါ်ခင်အုန်းမြ (၁၉၁၇ - ၂၀၀၉)

          ဒေါ်ခင်အုန်းမြ သည် ရခိုင်တိုင်းရင်းသူ ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်း နမ္မတူမြို့တွင် မိဘများ တာဝန်ထမ်းဆောင်စဉ် အချိန်ကသူမကို မွေးဖွားသည်။ ဖခင်မှာ ဆေးရုံအုပ်ကြီး ဖြစ်သဖြင့် သူမလည်း ငယ်စဉ် ကလေးဘ၀ ကတည်းက ဆရာဝန်၊ သူနာပြု အလုပ်များကို အားကျလာ ခဲ့သည်။ သူမသည် ပရဟိတ အလုပ်များကို စိတ်ဝင်စားသဖြင့် ကုမ္မာရီအသင်း (အမျိုးသမီးအသင်း) တည်ထောင်၍ အတွင်းရေးမှုး လုပ်သည်။ သူနာပြုဆိုင်ရာ စာအုပ်များ ရှာဖတ်ပြီး ၁၉၃၈ ခုနှစ်တွင် မိုးကောင်း သူနာပြုတပ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။ ဒုတိယကမ္ဘာစစ် အတွင်းတရုတ် နှင့် အိန္ဒိယသို့ ထွက်ပြေးကြသော စစ်ပြေးဒုက္ခသည် များကို ဒေါ်ခင်အုန်းမြ က ကူညီထောက်ပံ့ ပေးခဲ့သည်။

          BIA တပ်အတွက် ကိုလည်း စစ်သားစုဆောင်းရေး လုပ်ပေးသည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ၌  BDA (ခေါ်) ဗမာ့ကာကွယ်ရေး တပ်မတော်တွင် သူနာပြုအဖြစ် ခန့်အပ်ခံရသည်။ သူမသည် လွတ်လပ်ရေးရပြီး နောက်ပိုင်း မင်္ဂလာဒုံစစ်ဆေးရုံမှာ ဗိုလ်သူနာပြုအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၄င်းဆေးရုံမှာပင် ဗိုလ်မှူးရာထူး အဖြစ် အငြိမ်းစား ယူခဲ့သည်။ အငြိမ်းစား ယူပြီးနောက် မြမာလာ ကလောင်အမည်ဖြင့် စာရေးခြင်း အလုပ်တွင် မွေ့လျော်သည်။ ၁၉၆၃ ခုနှစ်သြဂုတ်လ (၁၂) ရက်တွင် ဒေါ်ခင်အုန်းမြ အား ဂျီနီဗာမြို့ ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ချုပ်က ဖလောရင့်စ် နိုက်တင်ဂေးလ် ဆုပေးအပ် ချီးမြှင့်သည်။ ထို့ကြောင့် သူနာပြု၊ ဗိုလ်မှူး၊ စာရေးဆရာမ ဒေါ်ခင်အုန်းမြ သည် ယနေ့ခေတ် အမျိုးသမီးများ လေးစားအားကျဖွယ် ဖြစ်ပေတော့သည်။

သူရမချစ်ပို (၁၉၀၇ - ၁၉၄၉)

ထားဝယ်တိုင်းရင်းသူ မချစ်ပိုသည် စကားပြော အလွန်ဝဲသဖြင့် ၄င်းအသံလေး ကြောင့်ပင် လူအများ၏ အချစ်ပိုခြင်းကို ခံရသူလေး ဖြစ်ပါသည်။ သူမဘ၀ ဆန်းကြလှ၏။ သူမချစ်ရသော မောင်လေးဖြစ်သူက ဘီအီးစစ်တပ်ထဲ ၀င်သွားသဖြင့်၊ မချစ်ပိုလည်း ပြင်ဦးလွင် (ယခင်မေမြို့) ရှိဘီအီးတပ်သို့ မောင်လေးကို ရှာပုံတော်ဖွင့် ခဲ့သည်။ ၄င်းမြို့ရှိ မိတ်ဆွေအိမ်တွင် တည်းခိုသည်။ အိမ်ရှင်မိသားစုက ဘီအီးတပ်ထဲရှိ တပ်ကြပ် လှမောင် နှင့် ခင်မင်ကြသဖြင့်၊ ထိုသူမှတဆင့် မချစ်ပို၏ မောင်လေးကို စုံစမ်းရသည်။ လူငယ်သဘာဝ မြင်ပါများ၍ တပ်ကြပ်လှမောင် နှင့် မချစ်ပိုတို့ ဖူးစာဖက်ကြသည်။ ခင်ပွန်းသည် တာဝန် ထမ်းဆောင်ရာ ဘီအီးတပ်တွင် မချစ်ပိုလည်း သျှောင်နောက် ဆံတုံးပါ နေထိုင်ရင်း၊ မြန်မာ့တပ်မတော်ကို တစ်ဖက်တစ်လမ်းက ကူညီပေးသည်။ ဘူတာ နှင့် လေ့ကျင့်ရေးတပ် တစ်ဝိုက် တိုက်ပွဲများတွင် မချစ်ပိုသည် ခင်ပွန်းသည်နှင့် အတူ မိမိသဘော အလျောက် ပါဝင် စစ်မှုထမ်းသည်။         မချစ်ပိုသည် ရန်သူ့တပ်စခန်း KNDO သို့ခိုးဝင်ပြီး ရန်သူ့သတင်း ထောက်လှမ်းသည်။ တခါတရံ ထင်းခွေသွားသည့် ပုံစံဖြင့် KNDO ဘက်သို့ အရောက်သွားပြီး ရန်သူ့တပ်ဖွဲ့ကို အလစ်ဝင်၍ ဗုံးဖောက်ခွဲသည်။ ညတိုက်ပွဲတွေ မှာလည်း မချစ်ပိုက မြန်မာ့ရဲဘော် များနှင့်အတူ စစ်မှုထမ်း ကူညီပေးသည်။ ရှေ့တန်း စစ်မြေပြင်မှာ လည်း ရန်သူ့ကင်းထောက် အနေဖြင့် နွားကျောင်းသား ဟန်ဆောင်ကာ သောင်းကျန်းသူ တပ်စုထဲဝင်ပြီး လက်ပစ်ဗုံး ပစ်သွင်းသည်။ ထိုပွဲကာလအတွင်း စက်သေနတ် ထိမှန်ခဲ့ပြီး ဆေးရုံတက် ကုသမှုခံယူ ရသည်။ ဒဏ်ရာသက်သာ၍ ဆေးရုံက ဆင်းခဲ့သည်။

သို့သော် သောင်းကျန်းသူ ဘက်က သူပုန်လင်မယားတို့က သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်သဖြင့် မချစ်ပိုကျဆုံး ခဲ့ရသည်။ မချစ်ပိုသည် စစ်ဝန်ထမ်း မဟုတ်သော်လည်း နိုင်ငံအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေး ခဲ့သဖြင့် ၁၉၄၉ ခုနှစ် မေလ ၁၆ ရက်တွင် ပြင်ဦးလွင်၊ ထုံးဘိုရပ်၌ သူမ၏ ရုပ်ကလာပ်ကို စစ်အခမ်းအနားဖြင့် သဂြိုလ်ပြီး နိုင်ငံတော်က သူမကို “သူရဘွဲ့” ပေးအပ်ချီးမြှင့် သည်။ မချစ်ပိုသည် မြန်မာအမျိုးသမီး များတွင် တစ်ဦီးတည်းသော သူရဘွဲ့ ရရှိသူဖြစ်ပါသည်။ အညတရ တိုင်းရင်းသူ စစ်သားဇနီးမယား တစ်ဦး၏ တိုင်းချစ်ပြည်ချစ် စိတ်မှာ ကြက်သီးထဖွယ် လေးစားကြည်ညို နေမိပါတော့သည်။

စာရေးဆရာမစိန်စိန် (၁၉၂၈ - ၁၉၇၂)

ပါလီမန်ခေတ်တွင် စာပေနယ်ပယ်၌ ဒဂုန် ခင်ခင်လေး၊ စောမုံညင်း၊ ဂျာနယ်ကျော် မမလေး၊ ငွေတာရီ၊ ဒဂုန် ခင်လေးဆွေ၊ ကဗျာဆရာမ နုယဉ်၊ မမြတ်လေး၊ စိန်စိန်၊ ယုဝတီ ခင်စိန်လှိုင်၊ ယုဝတီ ဂျင်းဖောမယ်၊ ကဗျာဆရာမ နွယ်(စစ်တွေ) စသည့် နိုင်ငံ့ဂုဏ်ဆောင် စာရေးဆရာမ များစွာ ပေါ်ထွန်းခဲ့သည်။ ၄င်းတို့အနက် စာရေးသူ(မိမိ) က စာရေးဆရာမ စိန်စိန် အကြောင်းကို အလေးပေးရွေးချယ် ဖော်ပြလိုပါသည်။ အကြောင်းမှာ သူမသည် ကိုယ်ရေပြား ဝေဒနာသည်လေး ဖြစ်၍ ကျွန်မ အသနားပိုမိ ပါသည်။

သာယာဝတီမြို့ လယ်သမား မိသားစုမှ ဆင်းသက်လာသော မစိန်စိန်ခမျာ ဘ၀ချို့တဲ့လွန်း ပါသည်။ သူမငယ်စဉ်ကပင် တောင်သူ လယ်သမား အရေးတော်ပုံကို ကြုံတွေ့ခဲ့ရာ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက် လာခဲ့သည်။ သို့ဖြင့် ဂျပန်ခေတ် (၉) တန်းကျောင်းသူ ဘ၀တွင် တို့ဗမာ အစည်းအရုံးသို့ ၀င်ခဲ့သည်။ မြို့နယ် အမျိုးသမီးဌာန အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ပြီး “ရဲရဲတောက်စိန်စိန်” ဟု အမည်ထင်ရှား ခဲ့သည်။ သူမအသက် ၁၇ နှစ်မှာ အနာကြီးရောဂါ စွဲကပ်သည်။ “ကျွန်မအနာကြီး ရောဂါသည်ပါ” ဟု သူမကိုယ်သူမ ပြည်သူသို့ အမှန်အတိုင်း ဖွင့်ဟေ ပြာကြားသည်။ ဘ၀ကို ကြံ့ကြံ့ခံရင်း သူမ၀ါသနာ ပါသော စာပေကို အဖော်ပြုခဲ့ ရသည်။

၁၉၄၇ ဇူလိုင်လ ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် (၉) ဦးကျဆုံး ခဲ့သည်။ စိန်စိန်လည်း ၀မ်းနည်းလွန်း သဖြင့် ကဗျာတစ်ပုဒ် ရေးသည်။ ကလောင်အမည် ဂနိုင်မေဖြင့် “ခရီးဆက်ကြပါစို့” ကဗျာကို ရေးသားပြီး တိုင်းရင်းသူဂျာနယ် သို့ပို့ရာ အရွေးခံရသည်။ ထိုအချိန်မှစ၍ စာပေလောက ထဲသို့ ၀င်လာခဲ့ပြီး သူမအသက် ၁၉ နှစ်သာ ရှိသေးသည်။ စိန်စိန်သည် ကဗျာသာမက ၀တ္တုတို၊ရှည် အရေးပိုင်သူလည်း ဖြစ်သည်။ စာပေဆုများ အကြိမ်ကြိမ် ရခဲ့သည်။ သူမရရှိခဲ့သော စာပေဆုများစွာ အနက် ထင်ရှားသော စာပေဆုတချို့ကို ဖော်ပြရလျှင် ၁၉၆၆ ခုနှစ်တွင် အမျိုးသားစာပေ ၀တ္တုရှည်ဆု၊ ၁၉၇၀ ပြည့်တွင် “ခရီးဝင်္ကပါ” စာအုပ်ဖြင့် စာပေပဒေသာဆု ရခဲ့သည်။ ထိုခရီးဝင်္ကပါ စာအုပ်ကို ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ်မှ ပါမောက္ခ ယူအိုနိုက ဂျပန်ဘာသာသို့ ပြန်ဆိုထုတ်ဝေ ခဲ့သည်။

အချုပ်အားဖြင့် ဆိုသော် မြန်မာ အမျိုးသမီးများသည် ခေတ်အဆက်ဆက် တွင် တိုင်းပြည်အကျိုး ထမ်းပိုးခဲ့ရာ၌ အမျိုးသားများနှင့် တန်းတူ တာဝန်ကျေခဲ့ကြ ပါသည်။ ထို့ပြင် ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား ခဲ့သော မြန်မာ တိုင်းရင်းသူ အမျိုးသမီးများသည် နှောင်းလူတို့ လေးစား အားကျဖွယ်၊ ဂုဏ်ယူ ၀င့်ကြွားဖွယ် ဖြစ်ပါသည်။ သို့သော် လေးစား အားကျရံမျှုဖြင့် မလုံလောက်သင့် ပေ။ မျက်မှောက်ခေတ် အမျိုးသမီးများ ကလည်း မိမိကျွမ်းကျင်ရာ နယ်ပယ်ကဏ္ဍတွင် “တက်နိုင်ဖျားရောက်သည်” အထိ ကြိုးစားအားထုတ် ရပါမည်။ အားနွဲ့သူမိန်းမသားဖြစ်၍ အစောင့်ရှောက်ခံ ဘ၀မျိုးဖြင့် မရောင့်ရဲသင့်ပေ။ မိမိကိုယ်ကို ယုံကြည်မှုရှိမှသာ မိမိဘ၀ကို ကောင်းစွာ တည်ဆောက်နိုင်မည် ဖြစ်ပေသည်။ ထိုမှသာ အမှီအခို ကင်းစွာဖြင့် ရပ်တည်နိုင်ပြီး၊ ဆထက်တိုး ကြိုးစား၍ “တန်ဖိုးရှိလှ မိန်းမသားဘ၀” ပိုင်ရှင်များ ဖြစ်ကြစေလို ပါသည်။

 

{ဤစာအုပ်ရေးသားပါသောစာရေးဆရာတင်နိုင်တိုးကိုကျေးဇူးတင် လေးစားမိရင်းဂါရ၀ပြုပါသည်ရှင့်}

 

စေတနာများစွာ

ဆောင်းပါးရှင် ပေါက်ပေါက် ရေးသားသည်။ 

No comments: