Monday, July 29, 2024

အသည်းရောင်အသားဝါရောဂါအကြောင်းသိကောင်းစရာ

 



 အသည်းရောင်အသားဝါရောဂါအကြောင်းသိကောင်းစရာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ကနှစ်စဉ် ဇူလိုင်လ ၂၈ ရက်ကို “ကမ္ဘာ့အသည်းရောင် ရောဂါနေ့ - World HepatitisDay (WHD)”အဖြစ် သတ်မှတ်ထားရာ၊ ထိုနေ့သို့ရောက်တိုင်း မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးမှ အများပြည်သူများ အတွက် အသိပညာနှင့် ကျန်းမာရေး ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိသည်။ မည်သည့်ရောဂါ အတွက်မဆို ရောဂါဖြစ်ပေါ် ခံစားလာမှ ကုသခြင်းထက် မဖြစ်ခင် ကြိုတင် ကာကွယ်ထားခြင်းက ပို၍သာလွန် ကောင်းမြတ်လှ ပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ယခုလို နှစ်တစ်နှစ်၏ ပြက္ခဒိန်လ များတွင် ၉၆ ပါးသော ရောဂါဝေဒနာ အမျိုးမျိုးအတွက် ကျန်းမာရေး သတိပေးနေ့များကို သတ်မှတ်ကာ စဉ်ဆက်မပြတ် အသိပေးလျက် ရှိပါသည်။


၂၀၂၄ခုနှစ် ကမ္ဘာ့အသည်းရောင် ရောဂါနေ့ ဆောင်ပုဒ်မှာ Take action. Test, treat, vaccinateဖြစ်သည်။ အသည်းရောင် ရောဂါကြောင့် လူဦးရေ ဖိတ်စင်မှုကို သက္ကရာဇ် ၂၀၃၀ တွင် အပြီးသတ် လျော့ချနိုင်ရေး စီမံချက်ကို ယခင်က ထားရှိခဲ့သော်လည်း၊ ယခုအခါ ကမာ့နိုင်ငံ အသီးသီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်နေသည့် အချိန်မှာပင် နိုင်ငံအများအပြား၌ စက္ကန့် ၃၀ လျှင် လူတစ်ဦးနှုန်းမှာ အသည်းရောင် ရောဂါကြောင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ယခင်စီမံချက် ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်အထိ စောင့်မနေသင့်ဘဲ အသည်းရောင် အသားဝါရောဂါကို ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများအား အသိပညာပေးမှုများ ပြုလုပ်ရန် တိုက်တွန်းအပ် ပါကြောင်းနှင့် World Hepatitis Day သည် ကမ္ဘာ့အသည်းရောင် အသားဝါ အသိုက်အ၀န်း အတွက် စည်းလုံး ညီညွတ်စွာဖြင့် ရောဂါကိုထိန်းချုပ် ကြစေလိုသည့် အသိပေးခြင်း တစ်ရပ် ဖြစ်ပါကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က တိုက်တွန်းထားသည်။

မှန်ပါသည်။ အသည်းရောင် ရောဂါ၏ သဘောသဘာဝသည် ထွေထွေထူးထူး ရောဂါလက္ခဏာ မပြဘဲ လူကောင်းပကတိ အတိုင်းရှိနေ၍ လူတစ်ဦးမှ အခြားသူတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ပါသည်။ ထို့ကြောင့် မိမိတွင် ၄င်းရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခံယူကာ ကြိုတင်ကာကွယ် ထားသင့်ပါသည်။

အသည်းရောင်အသားဝါပိုး

အသည်းရောင် အသားဝါရောဂါ ဆိုသောအမည်ကို လူတိုင်းနီးပါး ကြားဖူးနေမည် ဖြစ်သော်လည်း၊ ထိုရောဂါအကြောင်း အသေးစိတ်ကို သိသူနည်းသည်။ အသည်းရောင် အသားဝါပိုးဟု ဆိုသော်လည်း အသားမ၀ါဘဲ အသည်းရောင်သော သူများလည်း ရှိကြသည်။ ထို့ကြောင့် ဆေးပညာ လောကမှာ အသည်းရောင် ဗိုင်းရပ်စ်ပိုးဟု ခပ်တိုတို ခေါ်ဆိုလေ့ရှိသည်။ တချို့သော အသည်းရောင် ရောဂါ B နှင့်ဝေဒနာရှင်များမှာ ခြောက်လကျော် သိုမဟုတ် တစ်သက်တာလုံး အသည်းရောင် ရောဂါကို ခံစားနေရပြီးနောက် ထိုသူတွေမှာ နာတာရှည် အသည်းရောင် ရောဂါမှစ၍ အသည်းခြောက် ရောဂါ၊ အသည်ကြွပ် ရောဂါ၊ အသည်းကင်ဆာ ရောဂါများအထိ တစ်ဆင့်ပြီး တစ်ဆင့်ဖြစ်လာ စေသည်။

ကိုယ်ခံအား ကျဆင်းနေချိန်တွင် ဗိုင်းရပ်စ်ပိုးများ အသွင်ပြောင်းပြီး ၀င်လာတတ်ကြ သဖြင့် ကိုယ်ခံစွမ်းအား တွေကထိုပိုး၆၀ ရာခိုင်နှုန်းခန့်ကိုသာ တိုက်ထုတ်နိုင် ပါသည်။ လေ့လာတွေ့ရှိချက် များအရ ပိုးကူးစက်ခံရသူ များ၏ပျမ်းမျှ ၂၀ ရာခိုင်နှုန်းမှာ အသည်းရောင် အသားဝါဖြစ်ကြပြီး၊ ၁၀ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ မပြကြပေ။ သိုသော် ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်း နေကြပြီးဖြစ်သည်။ ၄င်း အနက် ၄ ရာခိုင်နှုန်းမျှသော သူတွေမှာ ကိုယ်ခံစွမ်းအား အနည်းအများပေါ် မူတည်၍ နောင်တစ်နှစ်၊ နှစ်နှစ်၊ ငါးနှစ် စသည်ဖြင့် အချိန်ကြာလာသည့် အခါ အသည်းရောင် အသားဝါ ဖြစ်လာတတ် ကြသည်။ အမေရိကန် ပြည်ထောင်စု၊ မန်ဆာချုးဆက် ပြည်နယ် အမျိုးသမီး ဆေးရုံကြီးမှ ဆရာဝန်များသည် ထိုကူးစက်ပိုး ၀င်နေသူ လူနာသုံးသိန်းကို လေ့လာကြည့်ရာ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသော ဘီပိုးသည် နေစဉ်အကောင်ရေ ဘီလီယံ ၁၀၀ ပွားနေပြီး၊ စီပိုးက နေ့စဉ် အကောင်ရေ ဘီယီယံ ၁၅၀ ပွားများကြကြောင်း ကြောက်ခမန်း လိလိ လေ့လာတွေ့ရှိ ခဲ့သည်။

ဘီပိုးနှင့်စီပိုးကွာခြားချက်

အသည်းရောင် ရောဂါဘီပိုးသည် စတင်ကူးစက်သော အသက်အရွယ်ကို လိုက်၍ နာတာရှည် ရောဂါဖြစ်ပွားမှု နှုန်းကွာခြား သွားသည်။ အကယ်၍ လူကြီးအရွယ်မှာ ဘီပိုးစဖြစ်လျှင် ၁၀ ရာခိုင်နှုန်းသာ နာတာရှည်ဖြစ်၍၊ ကျန် ၉၀ ရာခိုင်နှုန်းမှာ သူ့အလိုလို ပျောက်ကင်းသွား နိုင်သည်။ ကလေးဘ၀မှာ စတင်ဖြစ်ပွားပါက ပိုးဝင်သူ၏ ပျမ်းမျှ ၃ ပုံ  ၁ ပုံခန်မှာ နာတာရှည်ဖြစ်၍၊ ကျန် ၃ ပုံ ၂ ပုံမှာ အလိုလိုပျောက်ကင်း နိုင်သည်။ မွေးကင်းစအရွယ်မှာ ရောဂါကူးစက် ခံရပါက ၉၀ ရာခိုင်နှုန်းမှာ နာတာရှည်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်း ခန်သာ သူအလိုလို ပျောက်ကင်း နိုင်သည်။ အကြောင်းရင်းမှာ ကလေးငယ်များ၏ ကိုယ်ခံစွမ်းအား ကောင်းမွန်စွာ မဖွံဖြိုးသေးသော ကြောင့်ဖြစ်သည်။ ဘီရောဂါပိုး ရှိသော မိခင်နို့ရည်မှ တစ်ဆင့် ရင်သွေးငယ်သိုကူးစက် နိုင်တာကြောင့် ကလေးငယ်အား မွေးကင်းစမှ အသက် ၁ နှစ်အတွင်း ကာကွယ်ဆေး ထိုးပေးရပါမည်

စီပိုးသည် ဘီပိုးထက် နာတာရှည်ဖြစ်မှု နှုန်းပိုများသည်။ အသည်းရောင် ရောဂါစီပိုးရှိသူ၏ နာတာရှည် ဖြစ်မှုနှုန်းမှာ အသက်အရွယ် လိုက်၍ ကွာခြားမှု မရှိတတ်ပေ။ အသည်းရောင် စီပိုးရောဂါ ဖြစ်ပွားပြီးနောက် ၁၅ မှ ၂၀ ရာခိုင်နှုန်းမျှသာ ပျောက်ကင်းနိုင်ပြီး၊ ကျန် ၈၀ မှ ၈၅ ရာခိုင်နှုန်းသော သူများမှာ နာတာရှည် သည်းရောင် ရောဂါဖြစ်ပွားလေ့ ရှိသည်။ ယနေချိန်ထိ စီိပိုးတွင် ဘီပိုးကဲ့သိုကာကွယ်ဆေး ထိထိရောက်ရောက် မရှိသေးပေ။ သိုသော် ကံကောင်းသည့် အချက်မှာ စီရောဂါပိုးသည် ဘီရောဂါပိုး လောက်ကူးစက်နှုန်း မများသေးပေ။

ဘီပိုးနှင့်စီပိုးကူးစက်ပုံနည်းလမ်းများ

အထက်တွင် ရေးသားဖော်ပြ ထားသည့်အတိုင်း ယနေကမ္ဘာ တစ်ဝှမ်း အသည်းရောင် အသားဝါဘီနှင့် စီရောဂါပိုးကူးစက် ခံရသူဦးရေမှာ တဖြည်းဖြည်း တိုးပွားလာ နေသဖြင့် ထိုရောဂါများနှင့် ပက်သတ်၍ ကူးစက်နိုင်ပုံကို ဗဟုသုတအဖြစ် အမြင်ကျယ်ကျယ် သိထားသင့်ပါပြီ။ အရပ်သုံးစကားများ ဖြစ်သော အေဘီစီ ဟုအလွယ်တကူ ခေါ်ဝေါ်နေကြသည့် အေအိုင်ဒီအက်စ်၊ အသည်းရောင် အသားဝါဘီနှင့် စီရောဂါပိုးများသည် ယေဘုယျအားဖြင့် ကူးစက်ပုံချင်း လွန်စွာ ဆင်တူသည်။ အသည်းရောင် အသားဝါဘီနှင့် စီရောဂါပိုး ကူးစက်ပုံ နည်းလမ်းများကို အောက်ပါအတိုင်း နှိုင်းယှဉ်ကြည့်ပါ။

·         မိသားစုအချင်းချင်း တစ်အိမ်တည်း အတူတူနေလျှင် ဘီပိုးက ကူးစက်နိုင်ခြေ များပြီး၊ စီပိုးက မကူးစက် နိုင်ပေ။

·         ရောဂါပိုးရှိသူ၏ သွေးနှင့်ထိလျှင် ဘီပိုးရော၊ စီပိုးပါ သေချာပေါက် ကူးစက်နိုင် ပါသည်

·         ရောဂါပိုးရှိသူ သုံးစွဲထားသော ချွန်ထက်သည့် ပစ္စည်းသို့မဟုတ် အပ်က ဘီပိုးရော၊ စီပိုးပါ သေချာပေါက် ကူးစက်နိုင် ပါသည်

·         မူးယစ်ဆေးဝါး အကြောဆေးထိုးပြီး နောက်၎င်း ဆေးထိုးအပ်ကို ရောထွေးသုံးမိလျှင် ဘီပိုးရော၊ စီပိုးပါ သေချာပေါက် ကူးစက်နိုင် ပါသည်

·         ပိုးရှိသူ၏ သွေးသွင်းမိလျှင် ဘီပိုးရော၊ စီပိုးပါ သေချာပေါက် ကူးစက်နိုင် ပါသည်

·         ပိုးရှိသူ၏ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား တို့ကို မျှဝေသုံးစွဲမိလျှင် ဘီပိုးရော၊ စီပိုးပါ သေချာပေါက် ကူးစက် နိုင်ပါသည်

·         ပိုးမသန့်စင်သည့် ခွဲစိတ်မှုများမှ တစ်ဆင့် ဘီပိုးရော၊ စီပိုးပါ သေချာပေါက် ကူးစက်နိုင် ပါသည်။

·         ကျောက်ကပ်ဆေးသော စက်မှာ ပိုးပါသွားလျှင် ဘီပိုးရော၊ စီပိုးပါ သေချာပေါက် ကူးစက်နိုင်ပါသည်။

·         နှုတ်ခမ်းချင်း ထိမိလျှင် (တံတွေးက တစ်ဆင့်) ဘီပိုးရော၊ စီပိုးပါ ကူးစက်ဖို့ ခဲယဉ်းသည်

·         ပိုးရှိသူနှင့် လိင်ဆက်ဆံလျှင် ဘီပိုးက သေချာပေါက် ကူးစက်နိုင်ပြီး၊ စီပိုးက ကူးစက်ဖို့ ခဲယဉ်းသည်

·         သာမန် လက်ဆွဲ နှုတ်ဆက်နမ်းရှုံ့ ခြင်းဖြင့် ဘီပိုးရော စီပိုးပါ မကူးစက်နိုင်ပါ။

·         မိခင်မှ ကလေးသို့ ဘီပိုးက သေချာပေါက် ကူးစက်နိုင်ပြီး၊ စီပိုးက ကူးစက်ဖို့ ခဲယဉ်းသည်။

·         ချွေးမှတဆင့် ဘီပိုးက ကူးစက်နိုင်ခြေ များပြီး၊ စီပိုးက မကူးစက်နိုင်ပေ

·         နားဖောက်ခြင်း၊ ဆေးမင်ကြောင် ထိုးခြင်း၊ လက်သည်းညှပ်၊ သွားနှုတ်၊ ရှားခြစ်၊ ရှားဆွဲခြင်း စသည်ဖြင့် ပိုးပါသည့် ကိရိယာများနှင့် ခြစ်မိ၊ ဖောက်မိ၊ သုံးစွဲမိလျှင် ဘီပိုးရောစီပိုးပါ သေချာပေါက် ကူးစက်နိုင် ပါသည်။

·         ရောဂါပိုးရှိသူ၏ အင်္ဂါ အစိတ်အပိုင်းနှင့် တစ်သျှူးများ အစားထိုး ကုသမိလျှင် ဘီပိုးရော၊ စီပိုးပါ သေချာပေါက် ကူးစက်နိုင် ပါသည်။

<မှတ်ချက်>

(က) ရေနွေးဆူဆူမှာ အချိန် ၅ မိနစ်ခန့် ကြာသည်အထိ စိမ်၍ ဆေးကြောမှသာ ထိုပိုးများ သေစေနိုင် ပါလိမ့်မည်။

( ခ) အကယ်၍ မိသားစုတွင် တစ်ဦးတစ်ယောက် ဘီပိုး သိုမဟုတ် စီပိုးရှိနေပါက ထိုသူအတွက် ပန်းကန်၊ ခွက်ယောက်၊ ဇွန်းစသည်တို့ကို ခွဲ၍ သီးခြားသုံးစွဲပါ။

( ဂ) တစ်လင် တစ်မယားစနစ် အိမ်ထောင်ရေး စောင့်ထိန်းသော စုံတွဲများအနေဖြင့် တစ်ဦးဦးတွင် စီပိုးရှိပါက ကာလတာရှည်စွာ ကွန်ဒုံး အသုံးပြုရန် မလိုအပ်ကြောင်းကို ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာ (CDC) မှထုတ်ပြန်ထားပါသည်။

 

စေတနာများစွာ

 

ဆောင်းပါးရှင် ပေါက်ပေါက် ရေးသားသည်။


No comments: