Saturday, October 28, 2017

အက်စစ်ဓာတ်ပါဝင်မှု မြင့်တက်လာသည့် ပင်လယ်ပြင်များ


ပင်လယ်နေ သတ္တ၀ါနှင့်အပင်များကို မျိုးသုဉ်းပျောက်ကွယ် စေနိုင်သည့် အက်စစ်ဓာတ်ပါဝင်မှု မြင့်တက်လာသည့် ပင်လယ်ပြင်များ

ကမ္ဘာပေါ်ရှိ လူသားတိုင်းနှင့် နိုင်ငံအသီးသီးမှ အစိုးရတိုင်းသည် ၄င်းတို့နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေးကိုသာ ရှေ့တန်းတင်လို ကြပြီး နျူကလီးယား ကြောင့် ကမ္ဘာပျက်မည် ဟု အများစုက ထင်မြင် ယူဆ နေကြသည်။ 

ထိုအချက်သည် မှားသည်ဟု မဆိုသာသော်လည်း ကမ္ဘာပျက်နိုင်သည့် နောက်တစ်ချက်က သီးခြား ရှိနေပြန်သည်။ ထိုအချက်မှာ နိုင်ငံအသီးသီးက ဂရုစိုက်၍ မလုပ်မဖြစ် လုပ်ရမည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပင်ဖြစ်သည်။


သဘာဝပတ်ဝန်းကျင်ထက် စီးပွားရေး နှင့် စစ်ရေးကိုသာ ရှေ့တန်းတင်လို ကြသည့်နိုင်ငံများ ထဲတွင် ဖွံ့ဖြိုးပြီးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အမေရိကန် ပါဝင်နေသည်။ သို့သော် တရုတ်နှင့် ရုရှားတို့က သဘာဝ ပတ်ဝန်းကျင် အရေးကို ယခုအခါ အရေးပေး လုပ်ကိုင်လာပြီ ဖြစ်သည်။

သမိုင်းတွင် အမေရိကန်သည် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် အရေးကို ရှေ့တန်းမှ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ သော်လည်း ယခု ဒေါ်နယ်ထရမ့် လက်ထက်တွင် တရုတ်နှင့် ရုရှားတို့က ပိုပြီး ဦးဆောင်နိုင် လာသည်အထိ သဘာဝ ပတ်ဝန်းကျင်ကို အရေးမစိုက်သူက အမေရိကန် ဖြစ်လာသည်။

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ပညာရှင်များက ယခုအချိန်သည် ကမ္ဘာကြီးကို ကုစားရန် အကောင်းဆုံး အချိန်ဟုဆိုကာ ပြုပြင်မွမ်းမံရန် အကြံဥာဏ်များ ပေးနေကြပြီး အချိန်နှောင်းလျှင် ကုစားမရ ဖြစ်သွားနိုင်သည်။ အကယ်၍ ကုစားမရလျှင် ယခု ၂၁ ရာစု မျိုးဆက်လူသား များသည် ကမ္ဘာကြီး ပျက်စီးမှု၏ သမိုင်းတရာခံ ဖြစ်မည်ဟူ၍ပင် ပြင်းပြင်းထန်ထန် သတိပေးလျက် ရှိသည်။

သဘာဝပတ်ဝန်းကျင် နှင့် ပတ်သက်၍ လူသားတို့မသိသေးသည့် အရာများစွာ ရှိနေသည်။ ယေဘုယျအားဖြင့် ပင်လယ် သမုဒ္ဒရာက ကာဗွန်ဒိုင်အောက်ဆိုက် ကို ပမာဏများစွာ စုပ်ယူနိုင်သည့် အချက်ဖြစ်သည်။ ကမ္ဘာပေါ်က ထွက်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက် မှန်သမျှကို သစ်ပင်များက စုပ်ယူမှု အားအကောင်းဆုံး ဟု ယခင်က ယူဆထားခဲ့ကြ သော်လည်း ယခု သစ်ပင်များကဲ့သို့ ပင်လယ်က ကာဗွန်ဒိုင်အောက်ဆိုက် များစွာ စုပ်ယူနိုင်ကြောင်း သိရှိ လာကြသည်။

သို့သော် သစ်ပင်နှင့် ပင်လယ် မတူညီသည့် အချက်က ပင်လယ်ထဲ၌ ကာဗွန်ဒိုင်အောက်ဆိုက် က မပျော်ဝင်နိုင်ဘဲ ပင်လယ်ကို အက်စစ်ပုံစံ အသွင်ပြောင်းပေး လိုက်ခြင်းဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက် များပြီး အက်စစ် ဖြစ်သွားသည့် နေရာတစ်ဝိုက်၌ မည်သည့်သက်ရှိမျှ မနေနိုင်တော့ပေ။ နောက်ဆုံး သန္တာကျောက်တန်းများပင် ပျက်စီးသွားရသည် အထိ အက်စစ်ပင်လယ်ရေ တို့က ပြင်းထန်သည်။

မကြာသေးမီက ထွက်ရှိလာသည့် သဘာဝ ပတ်ဝန်းကျင် အစီရင်ခံစာအရ ပင်လယ်ပြင်၌ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ ပိုမိုများပြားလာပြီး ငါးအရေအတွက် တဖြည်းဖြည်း လျော့နည်းလာ နေသည်ဆိုသည့် အချက်နှင့် ထိုအတိုင်း ဆက်သွားလျှင် ပင်လယ်ထဲ၌ ရှင်သန်ပြီး သဘာဝ ပတ်ဝန်းကိုကို ထိန်းပေးထားနိုင်သည့် အပင်များပင် သေဆုံးနိုင်သည် ဆိုသည့်အချက်က လူတိုင်းကို မျက်ခုံးလှုပ် စေခဲ့သည်။

သိပ္ပံပညာရှင် ၂၅၀ ကျော်တို့ ပင်လယ်ထဲ၌ ၈ နှစ်ကြာ သုတေသနပြု လုပ်ထားသည့် နှစ်ရှည် လေ့လာချက်ဖြစ်ပြီး အနောက်နိုင်ငံသားတို့ နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြသော ကော့ ဟုခေါ်သည့် ငါးအမျိုးအစားပင် ယခုအတိုင်း ဆက်သွားပါက လေးပုံတစ်ပုံ လောက်အထိ လျော့ကျသွားနိုင် သည်ဟု ဆိုသည်။ ကမ္ဘာပေါ်၌ ငါး အလွန်အကျွံ ဖမ်းဆီးမှုကြောင့် ငါးမျိုးသုဉ်းမည်ကို စိုးရိမ်နေရသည့် အထိ အက်စစ်ပင်လယ်က ပိုပြီး ကြောက်စရာ ကောင်းနေပြန်သည်။

ထိုအချက်ကို ကာကွယ်ရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချရန် လိုသည်။ မလျှော့ချနိုင်လျှင် တောင်မှ ထိန်းထားနိုင်ရန် လိုသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ် ပဲရစ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ COP21 ကို တရုတ်တို့က လိုက်နာနေခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၌ သမ္မတ ရှီကျင့်ဖျင် တက်လာသည့် နောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အရှိန်မြှင့် လုပ်ဆောင် လာခဲ့ပြီး အစိမ်းရောင် စွမ်းအင်ကဏ္ဍ တွင် အမေရိကန် ဒေါ်လာ ဘီလီယံ ရာချီနီးပါး အသုံးပြုခဲ့သည်။

သဘာဝပတ်ဝန်းကျင် ကို မထိခိုက်စေမည့် လေစွမ်းအင် တာဘိုင်များ ဆိုလျှင် မိနစ်ပိုင်းအတွင်း တစ်ခု တပ်ဆင်နိုင်သည် အထိ တရုတ်တို့ ဆောင်ရွက်ခဲ့ကြသည်။ သို့သော် ဒေါ်နယ်ထရမ့် က COP21 မှ နုတ်ထွက်သွား ခဲ့သည့်အပြင် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံများကို ပြန်လည် အသုံးပြုရန် ကြိုးစားနေသည့် အချိန်က စိတ်မကောင်းစရာ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်က လူသားတို့အတွက် အလိုအလျှောက် အကျိုးပြုကြပြီး မုန်တိုင်းများကို ကာကွယ်တားဆီး ပေးနိုင်သည်။ သို့သော် ထိုအရာများကို လူသားတို့က ဖျက်ဆီး နေကြသည်။ တဖြည်းဖြည်း သစ်များ အလွန်အကျွံ ခုတ်ယူမှုကြောင့် သစ်တောများ ပြုန်းတီးလာသည်။ ပင်လယ်ပြင်၌ ပလတ်စတစ် စွန့်ပစ်ပစ္စည်း တန်ချိန် သန်းပေါင်းများစွာ ရောက်ရှိလာကာ ၂၀၅၀ ပြည့်နှစ်တွင် ပင်လယ်ထဲ၌ ပလတ်စတစ် စွန့်ပစ်ပစ္စည်း အရေအတွက်က ငါး အကောင် အရေအတွက်ထက် ပိုမိုများပြား လာမည်ဟူ၍ စစ်တမ်းများက ညွှန်ပြနေကြသည်။

ပင်လယ်ပြင်ကြီးက အက်စစ်ပင်လယ်ပြင်ကြီး ဖြစ်သွားမည် ဆိုလျှင် ပင်လယ်ပြင်ကို မှီခိုနေသည့် သက်ရှိသက်မဲ့ အားလုံး ပျက်စီးဆုံးရှုံး ရတော့မည် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့အပူချိန်ကို ထိန်းချုပ်ပြီး သဘာဝ ပတ်ဝန်းကျင် ကို ပြန်လည်ကုစား နိုင်ရန် လိုအပ်နေပြီ ဖြစ်သည်။ လိုအပ်နေပြီ ဆိုခြင်းထက် အလိုအပ်ဆုံး အချိန်ဟုဆိုလျှင် ပို၍ မှန်မည်ဖြစ်သည်။ ထို ကုစားမည့်အထိ ပင်လယ် သမုဒ္ဒရာများလည်း ထိပ်ဆုံးမှ ပါဝင်လာနေပြီ ဖြစ်ကြောင်း လေ့လာ ရေးသားလိုက်ရ ပါသည်။ ( ရှိန်းထက် )

No comments: