Saturday, October 21, 2017

အရေးကြီးသည့် သွား ထဲမှ အရေးကြီးဆုံး သွား



" လူ့ခန္ဓာကိုယ် ၌ မည်သည့်အင်္ဂါ အစိတ်အပိုင်း အရေးအကြီးဆုံးလဲ " ဟူသော မေးခွန်းကို တိကျစွာဖြေရန် အတော်ပင် ခဲယဉ်းလှသည်။ အင်္ဂါ အစိတ်အပိုင်း အားလုံး အရေးကြီးသည်သာ ဖြစ်သည်။ လက်မ ၊ လက်ချောင်းကလေး များကအစ သူ့နေရာ အစိတ်အပိုင်းနှင့်သူ အရေးကြီးလေသည်။ ထို့အတူ လူတို့ နေ့စဉ် အစားအစာ ကြိတ်ဝါးနေရသော သွားများသည်လည်း အရေးကြီးသော လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများပင် ဖြစ်သည်။

ယင်း အရေးကြီးသည့် သွားများထဲမှ အရေးကြီးဆုံး သွား မှာ ၆ နှစ်သားအရွယ်ခန့် ၌ စတင်ပေါက်သော ပထမအံသွား များပင် ဖြစ်သည်။ ယင်းသွားများကို အရေးကြီးဆုံး သွားများဟု ပြောရသည်မှာ အစာများကို ကြိတ်ဝါးရာတွင် အဓိကကျသည့် အပြင် လူတို့၏ခံတွင်း၌ အများအားဖြင့် ပျက်စီးနေသည်ကို တွေ့ရသောကြောင့် ဖြစ်သည်။


အခြားသွားများထက် ပထမအံသွားများ က ပို၍ ပျက်စီးရခြင်းမှာ ကလေးသွားများ စတင်မလဲမီ ၆ နှစ်သား အရွယ်ခန့်ကပင် ပထမဆုံး ပေါက်သည့် လူကြီးသွား ဖြစ်သောကြောင့် လူကြီးသွား ၃၂ ချောင်းတွင် အစောဆုံး အစာကြိတ်ဝါးပေး ရပြီး အစောဆုံး ပျက်စီးခြင်းပင် ဖြစ်သည်။ ထို့ပြင် ၅ နှစ်ကျော် ၆ နှစ်သားအရွယ် မူလတန်း ကျောင်းနေကာစ အရွယ်တွင် ပေါက်သောသွား ဖြစ်သောကြောင့် အချိန်မှန် စနစ်တကျ သွားမတိုက်တတ် သေးသဖြင့် စောစောစီးစီး သွားပိုးစား၍ ပျက်စီးရခြင်းလည်း ဖြစ်သည်။

ယင်းပထမအံသွားသည် တစ်ကြိမ်တည်းသာ ပေါက်သော လူကြီးသွားများ ဖြစ်သဖြင့် ယင်းသွားများ ပျက်စီး၍ နုတ်ပစ်ရပါက ထိုနေရာတွင် တစ်သက်လုံး သွားပြန်မပေါက် တော့ချေ။ ထိုသို့ သွားတစ်ချောင်း ကျိုးသွားပါက ယင်း ကျိုးနေသော သွား၏ ရှေ့နှင့် နောက်ရှိ သွားများသည် လစ်လပ်နေသည့် နေရာသို့ ယိုင်လာတတ်သည်။ အလားတူပင် အပေါ်အံသွား သည်လည်း ကျိုး၍ လစ်လပ်နေသည့် နေရာသို့ ရှည်ကျလာတတ်သည်။ ထို့ကြောင့် သွားတစ်ချောင်း နုတ်ရပြီဆိုလျှင် အစာဝါးရာ၌ ဒုက္ခရောက်ရသည် သာမက အခြားသွားများ ကိုလည်း အခြေယိုင်၍ ပျက်စီးစေနိုင် ပေသည်။

နုတ်လိုက်ရသော သွားနေရာ၌ အစားထိုး၍ သွားပြန်စိုက်မည် ဆိုပါကလည်း စိုက်သော သွားများသည် အတုသာ ဖြစ်သဖြင့် သဘာဝသွားကို မည်သို့မျှ မမီနိုင်ချေ။ ထို့ကြောင့် သွားများကို မနုတ်ရလျှင် အကောင်းဆုံးပင် ဖြစ်သည်။ သွားမနုတ်ရရန် အတွက် အရေးကြီးဆုံးမှာ သွားပိုးစားရောဂါ နှင့် သွားဖုံးရောဂါ မဖြစ်အောင် ခံတွင်း သန့်ရှင်းစွာ ထားတတ်ဖို့ အဓိကလိုအပ်သည်။ တစ်နေကုန် အစာမျိုးစုံ စားထားသော သွားများကို တစ်နေ့လျှင် အနည်းဆုံး အိမ်ရာဝင် နှင့် အိပ်ရာထ တစ်နေ့နှစ်ကြိမ်မျှ လောက်တော့ သွားတိုက်သင့်သည်။ 

ထိုသို့ ကာကွယ်မှု ပြုရုံသာမက သေးဘဲ သွားကျဉ် ၊ သွားကိုက် ၊ သွားဖုံးသွေးယို လာသည်နှင့် ကျွမ်းကျင်သည့် သွားဘက်ဆိုင်ရာ ဆရာဝန်ထံ ပြသပြီး ကုသမှုကိုလည်း ခံယူရမည် ဖြစ်သည်။ သွားကိုက်သည်ကို အကိုက်အခဲ ပျောက်ဆေး သောက်ခြင်း ၊ ဆေးထိုးခြင်း ဖြင့် သက်သာသွားရုံနှင့် မပြီးချေ။ တိုင်းရင်းဆေးများ ၌လည်း အစွမ်းထက်သော သွားကိုက်ပျောက်ဆေး များစွာရှိသည်။ သို့ရာတွင် ဆေးထည့်၍ သွားကိုက် ပျောက်သွားသည်မှာ သွားပိုးစားရောဂါ ပျောက်သွားခြင်း မဟုတ်ချေ။ သွားကိုက်ရသည့် အကြောင်းရင်းကို စစ်ဆေးရမည် ဖြစ်သည်။ သွားပိုးပေါက်ရှိ၍ သွားကိုက်ပါက ယင်း သွားပိုးပေါက်ကို ဆေးကုသပြီး စနစ်တကျ ပြုပြင် ဖာထေးပေးရမည် ဖြစ်သည်။ အကယ်၍ သွားပိုးပေါက်ကို စနစ်တကျ မဖာဘဲ သွားကိုက် သက်သာသွား သည်နှင့် ပစ်ထားပါက အစာများဝင်ပြီး သွားပြန်ကိုက်လာမည် ဖြစ်သည်။ သွားကျဉ် ၊ သွားနာစဉ်ကပင် စနစ်တကျ ပြုပြင်ဖာထေး လိုက်ပါက နောက်ထပ် နှစ်ပေါင်းများစွာပင် မိမိပင်ကိုယ် သဘာဝသွားကို ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သည်။

သွားကိုက်သူများသည် အများအားဖြင့် ကိုက်နည်း ကိုက်ဟန်နှင့် ဆေးအမျိုးမျိုးကို စမ်းသပ် ထည့်တတ်ကြသည်။ သွားဘက်ဆိုင်ရာ ဆရာဝန်များထံ သွားရမည်ကို ကြောက်ကြသည်။ အင်ဂျင်စက်ဖြင့် သွားကို ထွင်၍ သွားဖာသည်ကို ပို၍ ကြောက်ကြသည်။ ထိုသို့ မကြောက်သင့် သည်ကို တွေး၍ ကြောက်နေကြ သဖြင့် မနုတ်သင့်သော သွားများ နုတ်ပစ်ရသော အခြေအနေသို့ ရောက်ရသည်။ အချို့လူနာများက " သွားကိုက်လာရင်တော့ ဒုက္ခခံ မနေဘူး နုတ်ပစ်လိုက်တာပဲ " ဟု ပေါ့ဆစွာ ပြောတတ်ကြသည်။ ထိုသူများမှာ သွားကိုက်တိုင်း သွားနုတ်ပစ်သဖြင့် အစာကြေညက်အောင် မ၀ါးနိုင်ဘဲ အစာအိမ်ရောဂါ ရကြသည်။ သွားတစ်ချောင်း နုတ်ရသည်မှာ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုကို ဖယ်ရှားလိုက်ရခြင်း ဖြစ်သဖြင့် လက်ချောင်းလေး တစ်ချောင်းဖြတ်ပစ် ရမည်ကို စိုးရိမ်သကဲ့သို့ သွားတစ်ချောင်း မနုတ်သင့်ဘဲ နုတ်ရသည့် အဖြစ်သို့ ရောက်သွားမည် ကိုလည်း စိုးရိမ်သင့်သည်။

ထို့ကြောင့် သွားများ နုတ်ပစ်ရသော အခြေအနေသို့ မရောက်ရန် အတွက် အောက်ပါအချက်များကို ဂရုပြု ဆောင်ရွက်ရပါမည်-

  • (၁) လူကြီးသွား စတင်ပေါက်သည့် ၆ နှစ်အရွယ်ခန့်မှ စ၍ သွားများကို ပိုမိုဂရုစိုက်ပြီး စနစ်တကျ သွားတိုက်ပေးပါ။
  • (၂) သရေစာ ၊ စေးကပ်သော အချိုစာနှင့် အချိုရည်များ မကြာခဏ စားသောက်ပါက သွားပျက်စီးတတ်သဖြင့် သတိပြု ရှောင်ကြဉ်ပါ။
  • (၃) သွားပိုးပေါက်ရှိသည်ကို သိသည်နှင့် သွားဖက်ဆိုင်ရာ ဆရာဝန်ထံ အမြန်ဆုံးပြသပြီး ကုသမှုနှင့် ပြုပြင်မှုကို ခံယူပါ။
  • (၄) သွား ၊ သွားဖုံးနှင့် ခံတွင်း သန့်ရှင်းမှု ရှိ-မရှိ ကို သွားဘက်ဆိုင်ရာ ဆရာဝန် ထံတွင် အနည်းဆုံး ခြောက်လတစ်ကြိမ် စစ်ဆေးကြည့်ပါ။
ဒေါက်တာ မောင်

မြ၀တီနေ့စဉ်သတင်းစာ ၊ ၂၀-၁၀-၂၀၁၇

No comments: