Tuesday, October 31, 2017

ဆံနွယ်အလှထိန်းသိမ်းနည်း


ဆံပင်အလှနှင့် ကျန်းမာရေးကျွမ်းကျင်သူများက ပြောသော ဆံနွယ်အလှထိန်းသိမ်းနည်းများ

ဆံပင်ရှည်ရှည်နဲ့ မိန်းကလေး တစ်ယောက်ဟာ ယောက်ျားလေးတွေရဲ့ အမြင်မှာ ဆွဲဆောင်မှု ရှိနေတတ်တာ သဘာဝပါ။ ကျွန်တော်တို့မှာ အဲဒီလို ဆံပင်ရှည်ရှည်မှ မရှိတာကိုး။ ဒါပေမဲ့ မိန်းကလေးတွေရဲ့ ဆံပင် ပြဿနာတွေကို ထဲထဲဝင်ဝင်သာ သိရင် အဲဒီဆံပင် ရှည်ရှည်တွေကို ကျွန်တော်တို့ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒီကြားထဲ ထိုင်မရ ၊ ထမရ ၊ သွားမရအောင် ရှည်တဲ့ဆံပင် ပိုင်ရှင်တွေလဲ သူတို့ဆံပင်တွေကို ဘယ်လိုများ ထိန်းသိမ်းကြသလဲ ဆိုတာ တွေးမိသလို ခေါင်းလျှော်တာ ဆိုင်မှာ ပိုကောင်းတယ်ဆိုပြီး ထွက်ထွက်သွားတဲ့ မိန်းကလေးတွေကိုလဲ ယောက်ျားလေးတွေ နားမလည်နိုင်စွာနဲ့ ကြည့်နေတတ်ကြ ပါတယ်။ အဆိုးဆုံးကတော့ ခေါင်းဖြီးပေးပါဦး ၊ ဆီရွှဲနေအောင် လိမ်းပေးပါဦး နဲ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး အကူအညီတောင်း လာတဲ့အခါ စိတ်ရှုပ်ရတာ ပါပဲ။


တကယ်တော့ မိန်းကလေးတိုင်းလဲ ဆံပင်ကို မပျက်စီးအောင် မထိန်းသိမ်းတတ်ကြ ပါဘူး။ ဒီကြားထဲ ကိုယ်နဲ့ လိုက်-မလိုက် မသိဘဲ အရောင်တွေ သွားဆိုး ကြသေးတယ်။ နောက်ကနေ ကြည့်ရင် မီးကျွမ်းထားတဲ့ ဆံပင် အရောင်တွေနဲ့ ရှေ့ကကြည့်လဲ ဖွာဆန်ကြဲနေတဲ့ ခွဲကြောင်းတွေနဲ့ မိန်းမတို့ဘုန်း ဆံထုံးဆိုတဲ့ ဆိုရိုးစကားကို မသိကြလေရော့သလား မသိ။

ရေချိုး ၊ ခေါင်းလျှော်ပြီးခါစ အချိန်မှာ ဆံပင်ဟာ ပျက်စိးလွယ်ပါတယ်။ အဲဒီအချိန်မှာ ခေါင်းဖြီး ၊ ဘရပ်ရှ် အစရှိတာတွေကို ဦးရေပြားထိအောင် နှစ်သွင်းပြီး အားထည့် ဖြီးတာမျိုး မလုပ်သင့်ပါဘူး။ ရေစိုနေတဲ့အချိန်မှာ ဦးရေပြားကို ခေါင်းဖြီးအသွားချွန်ချွန် တွေနဲ့ သွားထိုးဆွမိရင် ဆံပင်ကို လိပ်စေပါတယ်။ ပျက်စီး စေပါတယ်။ ဦးရေပြား ယားယံတာတွေကို ဖြစ်စေပြီး ဆံပင် ကျန်းမာရေးကို ထိခိုက်စေ ပါတယ်။ ဆံပင်ကို နှစ်ခွ ဖြစ်စေတာ ၊ ကျွတ်စေတာ ဒီလို ဦးရေပြားကနေ စပြီးဖြီးလို့ ပါပဲ။ ရေချိုး ၊ ခေါင်းလျှော်ပြီးခါစ ဖြစ်စေ ၊ အခြားအချိန်တွေမှာ ဖြစ်စေ ဆံပင်ကို အဖျားကနေ အရင်ဖြီးလာပါ။ လမ်းကြောင်း တဖြည်းဖြည်း ရှင်းပြီးမှ ဦးရေအနားမှာ ဖြီးပါ။ ခေါင်းဖြီးကို ချိန်ဆပါ။ ဒီခေါင်းဖြီးထဲ ဆံပင် ဘယ်လောက်ပါအောင် ဖြီးရမလဲဆိုတာ တွက်ပါ။

ဆံပင်ခွဲကြောင်းနားမှာ ညင်သာစွာဖြီးပါ။ ခွဲကြောင်းနားမှာ ပိုပြီး ပျက်စီးလွယ်ပါတယ်။ အဲဒီမှာ ဆံပင်တွေကို ပိုသေးတယ်။ ပိုနုပါတယ်။ ဒီနေရာဟာ တစ်နေ့တစ်နေ့ ခေါင်းဖြီးတိုးတဲ့ ဒဏ်လဲ အခံရဆုံးနေရာ ဖြစ်ပါတယ်။ ဘရပ်ရှ် သုံးသုံး ၊ ခေါင်းဖြီး သုံးသုံး ၊ လိုတာထက် ပိုပြီးကြမ်းသွားရင် ဆံပင်ကျွတ်ပါတယ်။ ပြန်တော့ ပေါက်ပါလိမ့်မယ်။ သို့သော် အဲဒီလိုပဲ ဆက်ဖြီးနေမယ်ဆိုရင်တော့ ဆံပင် ပြန်မပေါက်တော့ လောက်အောင် ခွဲကြောင်းလေး တွေက ပျက်စီးသွား ပါလိမ့်မယ်။

ဆံပင်တွေ လုံးထွေးနေမယ် ၊ ရှုပ်ပွနေတယ် ဆိုရင် အဖျားကနေ တစ်ပိုင်းချင်းစီ ရှင်းလာပါ။ အဖျား ၊ အလယ် ၊ အပေါ်ဘက် ပြီးမှ ထိပ်ပေါ့။ ဒီနည်းနဲ့ ဆံပင်ဆွဲမိတာ ၊ ကြိတ်မိတာ ၊ ကျွတ်သွားတာတွေကို အများကြီး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ရှည်ဖို့ လိုပါတယ်။ ခေါင်းဖြီးလဲ မှန်ဖို့ လိုပါတယ်။ သိပ်ကို ရှုပ်ထွေးနေရင် ဆံပင်ကို ဘယ်လိုဖြီးရမယ် ဆိုတာ နားလည်တဲ့ သူကို အကူအညီ တောင်းသင့်ပါတယ်။

တစ်ပတ်ကို တစ်ကြိမ်လောက် ချက်ချင်း လျှော်ပစ်ဖို့ မလိုတဲ့ ပေါင်းဆေး ( Leave-in-Conditioner ) ကိုသုံးပါ။ ဆံပင်ကို ပြန်လည် သန်စွမ်းစေဖို့ ၊ ကြမ်းနေတာတွေ ချောမွေ့သွားစေဖို့ ၊ အရောင်မွဲခြောက် နေတာတွေ ပြန်လည် စိုပြေလာစေဖို့ အခုပေါင်း ၊ အခုလျှောင်တဲ့ ဆေးထက် ဆံပင်ကို တစ်ညလုံး ပြုပြင်ပေးနေနိုင်မယ့် ပေါင်းဆေးမျိုးကိုလည် အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။

ဆံပင်ရှုပ်နေရင် ဖျန်းတဲ့ စပရေး ရှိပါတယ်။ စိုနေတယ် ၊ ရှုပ်လဲရှုပ်နေတယ် ဆိုရင် ဇွတ်မဖြီးပါနဲ့။ ဆံပင်ကို အဆိုးဆုံး ပျက်စီးစေနိုင်ပါတယ်။ အဲဒီ စပရေး ကို ဆံပင်အဖျားနဲ့ အလယ်ပိုင်းတွေမှာ အရင်ဖျန်းပါ။ အဲဒီ စပရေး ထဲမှာ ပွတ်တိုက်မှုကို လျော့စေတဲ့ ၊ ဆံပင်ကို ချောစေတဲ့ ဓာတ်တွေ ပါပါတယ်။ ရှုပ်နေတဲ့ ဆံပင်တွေကို အလိုအလျှောက် ချောပြီး ပြေသွားပါတယ်။

ဆံပင်ကို တဘက်နဲ့ ပတ်မထားပါနဲ့။ ဆံပင်ခြောက်တယ် ၊ ကျွတ်တယ် ၊ ထုံးတယ် ဆိုတာ ဆံပင်ကိုခြောက်အောင် ဘယ်လိုတွေ လုပ်ခဲ့တာလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ ရေချိုးပြီးတော့ ဆံပင်ကို တဘက်နဲ့ ပတ်ထားတယ် ဆိုတာ ရေငွေ့တွေကို ထုစပ်ပေးတဲ့အတွက် ဆံပင်ကို အသင့်အတင့် ခြောက်စေပါတယ်။ ဒါပေမဲ့ ထုံးလဲ ထုံးစေပါတယ်။ အကောင်းဆုံးက ဆံပင်ကို တဘက်နဲ့အုပ် ၊ အသာဖိပြီး ရေကိုစုပ်၊ ပြီးရင် အထုံးဖြေပေးတဲ့ စပရေး နဲ့ ဖျန်း ၊ နည်းနည်း ခြောက်အောင်ထား ၊ လိုအပ်ရင် dryer သုံး ၊ ပြီးတော့ ခုနကလို အဖျားကနေ တဖြည်းဖြည်း ဖြီးလာတာမျိုး လုပ်ရပါမယ်။

ဆံကောသာကိုချစ်တဲ့ မိန်းကလေးမှန်ရင် ခေါင်းဖြီးအကျဲ ၊ ခေါင်းဖြီး အနေတော် ၊ ဘရပ်ရှ် အစရှိသဖြင့် အသင့်ဆောင်ထား ရပါမယ်။ ရေချိုးပြီးခါစ ဆံပင် မထုံးအောင် ခေါင်းဖြီးအကျဲနဲ့ဖြီးတာ မှန်ပါတယ်။ ခြောက်သွားလို့ ပုံသွင်းဖို့ ဆိုရင် ခေါင်းဖြီးအနေတော်ကို သုံးရမှာ ဖြစ်ပြီး နောက်ဆုံးပိတ် စတိုင်လ် သွင်းဖို့ နဲ့ ကြားမှာ ပွတ်သပ်ပြုပြင်ဖို့ ပရပ်ရှ် ကောင်းကောင်း လိုပါတယ်လို့ လေ့လာရေးသား လိုက်ရပါတယ်။ (TMK)

No comments: