Saturday, November 4, 2017

တတိယအရွယ်နှင့် မျက်စိ ဝေဒနာများ


တတိယအရွယ်နှင့် မျက်စိ ဝေဒနာများ

အသက် ၄၀ ခန့် အရွယ်မှ စတင်သော တတိယ အရွယ်၌ အထွေထွေ ကျန်းမာရေး အားနည်းချက် များကို ကြုံတွေ့ ကြရသည့်နည်းတူ မျက်စိအားနည်းမှုများကိုလည်း မလွဲမသွေ ခံစားကြရမည် ဖြစ်သည်။ ထိုသို့ကြုံတွေ့ ရမည့် အခြေအနေများကို သိရှိကြခြင်း အားဖြင့် ဆောင်ရန်နှင့် ရှောင်ရန် အချက်အလက်များကို သဘောပေါက် နားလည်ကြလျက် အကျိုးများကြ စေခြင်းအလို့ငှာ ဤဆောင်းပါးကို ရေးသားတင်ပြ ရခြင်းဖြစ်သည်။

အရွယ်လွန်ချိန်၌ ကြုံတွေ့ ကြရလေ့ရှိသည့် မျက်စိ ဝေဒနာများကို အောက်ပါအတိုင်း ယေဘုယျအားဖြင့် တွေ့ရပါမည်။

၁။ အနီးမှုန်ခြင်း (Presbyopia)
၂။ အတွင်းတိမ်ဖြစ်ခြင်း (Cataract)
၃။ ရေတိမ်ဖြစ်ခြင်း (Glaucoma)
၎။ မြင်လွှာရှိ မက်ကျူလာအားနည်းခြင်း (Agerelated Macular Degeneration - AMD)
၅။ သက်ကြီးရောဂါ များကြောင့် အမြင်အာရုံ ချို့ယွင်းခြင်း (Age-related Diseases and Vision) တို့ဖြစ်၏။

၁။ အနီးမှုန်ခြင်း (Presbyopia)
လူတိုင်းလူတိုင်း အသက် ၄၀ အရွယ်တွင် အနီးကြည့် မှုန်လာသည်။ အနီးကြည့် ဟူသော အကွာအဝေးမှာ ၁၂ လက်မမှ ၁၄ လက်မခန့် အကွာအဝေး (စာရေးစားပွဲပေါ်တွင် စာအုပ်တင်၍ ကြည့်ရှုသော အကွာအဝေး) ပင်ဖြစ်သည်။ ဤအရွယ်၌ စာမဖတ်နိုင်အောင် လုံးဝမှုန်သွားခြင်းမျိုး မဟုတ်ဘဲ စာရေးနိုင်ရုံမျှ ၊ လက်မှတ်ထိုးရုံမျှ အမြင်အာရုံက ရှိနေပါသေး သည်။ သို့ရာတွင် ဆောင်းပါးတစ်ပုဒ်မျှကို ဖတ်သောအခါ တဖြည်းဖြည်း မှုန်လာသည်ကို တွေ့ရမည်ဖြစ်သည်။

အသက် ၄၅ နှစ်နှင့် အသက် ၅၀တွင် မျက်မှန် တပ်၍ကြည့်မှ မြင်ရသည့်အဆင့်သို့ ရောက်လာမည် ဖြစ်သည်။ အနီးကြည့် အသုံးနည်းသော သူများသည် စာဖတ်၍လုံးဝ မရတော့သည့် အခြေအနေ ရောက်မှ သတိထားမိပြီး အထိတ်တလန့် ဖြစ်ကြသည် များလည်း ရှိသည်။ ဤသည်မှာ တတိယအရွယ်၌ ရှေးဦးစွာ ကြုံတွေ့ ကြရမည့် မျက်စိမှုန်ခြင်း ဖြစ်ပါသည်။ မျက်စိ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင် ပညာရှင်များ နှင့်တိုင်ပင်၍ အနီးကြည့် မျက်မှန်တပ်ခြင်းဖြင့် ကြည်လင်သော အမြင်အာရုံကို ရရှိစေမည်ဖြစ်၏။ တစ်ခါတစ်ရံ လေဆာရောင်ခြည် ကုထုံးဖြင့် ကုသရ သည်များလည်း ရှိသည်။

၂။ အတွင်းတိမ်ဖြစ်ခြင်း (Cataract)
အတွင်းတိမ်နှင့် ရေတိမ်သည် အသက်အရွယ် မရွေး ဖြစ်နိုင်သော်လည်း အသက် ၆၀ ကျော်အရွယ် များတွင် အဖြစ်များ၏။ မျက်စိ နှစ်ဖက်လုံးတွင် ဖြစ်တတ်သော်လည်း တစ်ဖက်ဖက်က အရင်ဆုံးစ၍ ဖြစ်လေ့ဖြစ်ထ ရှိသည်။ နောက်ပိုင်းတွင်မှ ကျန်တစ်ဖက်က ဆက်၍ဖြစ်သည်။ ကာယကံရှင်က သတိမူမိသော အချိန်တွင် နှစ်ဖက်လုံး အတွင်းတိမ် ရှိနေသောအချိန် ဖြစ်နေလေ့ရှိသည်။ မွေးရာပါ အတွင်းတိမ်နှင့် ထိခိုက်မိ၍ ဖြစ်သည့် အတွင်းတိမ် ဟူ၍လည်း ရှိ၏။ သက်ကြီး အတွင်းတိမ် ရှိသူများသည် တဖြည်းဖြည်း မျက်စိမှုန် လာခြင်း (အထူးသဖြင့် အဝေးမှုန်)ကို ခံစားရပြီး နာကျင်ခြင်း၊ ကိုက်ခဲခြင်းမျိုးကို မခံစားရပါ။ အတွင်းတိမ်ကို ကာကွယ်နိုင်ခြင်း မရှိသော်လည်း ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင် ကြသည်။ အတွင်းတိမ် ခွဲစိတ်ကုသမှု၏ အခြေခံ သဘောတရားမှာ အလင်းပိတ်နေသော သဘာဝမှန်ဘီလူးကို ခွဲစိတ်ဖယ်ထုတ်၍ အဆင့်မြင့် နည်းပညာဖြင့် ပြုလုပ်ထားသော မှန်ဘီလူးအတု (Artifical Lens) ကို အစားထိုးထည့်သွင်း တပ်ဆင်ပေးခြင်းပင် ဖြစ်သည်။

၃။ ရေတိမ်ဖြစ်ခြင်း (Glaucoma)
မျက်စိရေတိမ် နှစ်မျိုး ရှိသည့်အနက် ပထမအမျိုးအစားမှာ အခြားသော မျက်စိရောဂါ ဝေဒနာရှင်များ နည်းတူ မျက်စိနီခြင်း၊ နာကျင်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မျက်ရည်ပူကျခြင်း စသည်တို့ကို ခံစားရသည်။ နာကျင်မှုကို မျက်စိ တစ်ဖက်တည်း၌ တိုး၍တိုး၍ ခံစားရခြင်း၊ ချက်ချင်း ဆိုသလို မျက်စိမှုန်ဝါး သွားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ပျို့ချင်၊ အန်ချင်ဖြစ်ခြင်း တို့ကို ထူးခြားသော လက္ခဏာရပ်များ အဖြစ် ခံစားရမည်။ (နီ၊ ကိုက်၊ မှုန်၊ ပျို့)ဤဝေဒနာများကို ခံစားရပါက မျက်စိရေတိမ် ဖြစ်နိုင်ကြောင်း သတိမူကြရမည် ဖြစ်၏။

ဒုတိယ အမျိုးအစားမှာ နီခြင်း၊ ကိုက်ခြင်း စသည့် ဝေဒနာမခံစားရဘဲ တဖြည်းဖြည်း မသိမသာမှုန်လာသော အမျိုးအစားဖြစ်၏။ ကာယကံရှင် ကိုယ်တိုင် သတိမထား မိသည်ကများပြီး မျက်စိ အထူးကုဆရာဝန် ကြီးများကသာ သိနိုင်၍ ပုံမှန်မျက်စိ စမ်းသပ်စစ်ဆေး ကြရန် တိုက်တွန်းကြခြင်း ဖြစ်သည်။ မျက်စိရေတိမ် သည် အချိန်မရွေး အမြင်အာရုံ လုံးဝဆုံးရှုံး နိုင်သောကြောင့် သတိထားကြရမည့် မျက်စိဝေဒနာဖြစ်သည်။

၎။ မြင်လွှာရှိ မက်ကျူလာ (အမြင်အာရုံခံလွှာ) ယိုယွင်း အားနည်းခြင်း (Age- related Macular Degeneration- AMD)
အသက်ကြီး လာမှုကြောင့် မြင်လွှာပေါ်ရှိ မက်ကျူလာ (Macular) ဟုခေါ်သော အာရုံခံလွှာ တဖြည်းဖြည်း ယိုယွင်းလာမှုသည် အသက် ၆၀ ကျော်များတွင် အဖြစ်များသည်။ အသက် ၇၅ နှစ် အထက်ဖြစ်ပွားနှုန်းမှာ ၄၆ ရာခိုင်နှုန်း ဖြစ်ကြောင်း သုတေသီတို့၏ ထုတ်ပြန်ချက်များ အရ သိရ၏။ မက်ကျူလာ (Macular) သည် မြင်လွှာ၏ အရေးပါသောနေရာ တွင်ရှိသောကြောင့် မြင်ကွင်းကို ထိခိုက်စေသည်။ အမြင်အာရုံ ချို့ယွင်းမှုကို အစိတ်အပိုင်းအားဖြင့် ဖြစ်ပေါ်စေပြီး မြင်တွေ့ ရသော အရာဝတ္ထုပုံရိပ် (မြင်ကွင်း)များ ပေါ်တွင် အမည်းကွက်၊ အစက် အပြောက် အကြီးအသေးတစ်ခု သို့မဟုတ် အများကို (သတိထား၍ ကြည့်လျှင်) မြင်တွေ့ ရတတ်သည်။ ၎င်းကို Age-related Macular Degeneration (AMD) ဟု ခေါ်ပါသည်။

AMD ကို အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်သည်။ အေအမ်ဒီအစို (Wet AMD) နှင့် အေအမ်ဒီအခြောက် (Dry AMD) တို့ဖြစ်ကြသည်။ အေအမ်ဒီအစိုသည် မြင်လွှာရှိ အာရုံခံလွှာအတွင်း၌ ဖောက်ပြန်သော သွေးကြောသစ်များ ပေါ်ပေါက်ခြင်းဖြစ်သည်။ သောက်ဆေး၊ စားဆေးပေး၍ ကုသနိုင်သည်။ အေအမ်ဒီအခြောက် မှာ တဖြည်းဖြည်း တရွေ့ရွေ့နှင့် မသိမသာ ဖြစ်လာသော သဘောရှိသည်။ အေအမ်ဒီ အစိုထက် ပို၍ နှေးကွေးသည်။  ကုသရန် နည်းလမ်း မရှိသေးသော်လည်း ဗီတာမင်နှင့် လိုအပ်သော သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သော အာဟာရ များကို မှီဝဲစေခြင်းဖြင့် ရပ်တန့် စေနိုင်ကြောင်း သိရသည်။ စောစီးစွာ သိရပါက အေအမ်ဒီကြောင့် အမြင်အာရုံ ကျဆင်းလာမှုကို ပြန်လည်မြှင့်တင် နိုင်သည်ဖြစ်ရာ မျက်စိအထူးကု ဆရာဝန်နှင့် ပုံမှန်စစ်ဆေးခြင်းသည် အသက်ကြီးသူများ အတွက် အရေးကြီးသည်။

၅။ သက်ကြီးရောဂါများကြောင့် အမြင်အာရုံချို့ယွင်းခြင်း ( Age-related Diseases and Vision)
ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ကဲ့သို့သော သက်ကြီးရောဂါ များသည် အမြင်အာရုံ ချို့ယွင်းမှုကို ဖြစ်စေသည်။ ဆီးချိုရောဂါကြောင့် မြင်လွှာရှိ ဆံခြည်မျှင်သွေးကြော များ၌ သွေးယိုစိမ့်ခြင်းနှင့် မလိုလားအပ်သော နေရာများ၌ အသုံးမ၀င်သော သွေးကြောသစ်များ ပေါ်ပေါက်လာခြင်းတို့ (Diabetic retin opathy) သည် အမြင်အာရုံကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။ လက္ခဏာရပ်အဖြစ် မိမိ၏မြင်ကွင်း၌ ရွေ့လျားနေသော ပုံသဏ္ဌာန်များ (Floters)ကို တွေ့ရခြင်း၊ အမြင်မှုန်ဝါးခြင်း၊ တစ်စိတ်တစ်ပိုင်း အားဖြင့် အမြင်အာရုံ ဆုံးရှုံး နေတတ်ခြင်းနှင့် မျက်စိ၏အတွင်းမှ အနည်းငယ် နာခြင်းတို့ကို ခံစားရမည်ဖြစ်သည်။ လေဆာရောင်ခြည်ဖြင့် ကုသခြင်း (Photocoagulation) နှင့် ခွဲစိတ်ကုသခြင်း (Vitrectomy) တို့သည် ဆီးချိုရောဂါကြောင့် ဖြစ်ပွားသည့် Diabetic retin opathy ကိုကုသသည့် နည်းများဖြစ်သည်။

သွေးတိုးရောဂါသည် ခန္ဓာကိုယ်ရှိ သွေးကြောများကို ဖောက်ပြန် စေသကဲ့သို့ မျက်စိသွေးကြော များနှင့် မျက်စိအာရုံကြော များကိုလည်း ထိခိုက်စေသည်။ အမြင်အာရုံ လုံးဝဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင် သောကြောင့် အချိန်မီ ကုသသင့်သော ရောဂါဖြစ်သည်။ အစားအသောက် အနေအထိုင် ဆင်ခြင်ခြင်းနှင့် ဆေးလိပ်နှင့် အရက် သောက်ခြင်းကဲ့သို့သော အလေ့အကျင့်ဆိုး များကို ရှောင်ရှားခြင်း အားဖြင့်လည်း ကာကွယ်နိုင်သည်။

အချုပ်အားဖြင့် ဆိုရပါမူ အရွယ်လွန်ချိန်၌ ဖြစ်တတ်သည့် မျက်စိဝေဒနာ များသည် မျက်စိအထူးကု ဆရာဝန်များ၏ စံနှုန်းပြည့် စမ်းသပ်စစ်ဆေးမှုများ ဖြင့်သာ သိရှိနိုင်ကြောင်း သတိမူကြလျက် အရွယ်လွန်ချိန်၏ နိဒါန်းဖြစ်သော အသက် ၄၀ အရွယ်မှ စတင်ကာ မျက်စိစမ်းသပ် စစ်ဆေးမှုကို ပုံမှန်ခံယူ သင့်ပါကြောင်း စေတနာ ကောင်းဖြင့် ရေးသားအပ်ပါသည်။

( Ref:The more common age-related eye diseases By Carol Bradley Bursack. Source …www.agingcare.com/ articles)

No comments: