Thursday, November 16, 2017

ဂရုစိုက်သင့်သော မွေးရာပါ လက်ဆောင်


ဂရုစိုက်သင့်သော မွေးရာပါ လက်ဆောင်

လူတွင် မွေးဖွားစဉ် အချိန်မှစ၍ ဆက်လက် မကြီးထွားသည့် တစ်ခုတည်းသော ကိုယ်အင်္ဂါ အစိတ်အပိုင်းမှာ မျက်စိဖြစ်သည်။ ကျွန်တော်တို့ မွေးရာပါ လက်ဆောင်ကြောင့် အလှအပ၊ အရောင်နှင့် အခြားသော စက္ခုပသာဒဆိုင်ရာ အမျိုးမျိုး အဖုံဖုံတို့ကို ခံစား နိုင်ကြသည်။





တစ်ခါတစ်ရံ လူ့သဘာဝအရ တစ်ခါပိုင်ဆိုင်ပြီး အရာတစ်ခုကို ဘယ်တော့မှ မဆုံးရှုံးဟု အထင်ရောက် နေတတ်လေရာ ကျွန်တော်တို့၏ မွေးရာပါ လက်ဆောင်ကို ပြုစုဂရုစိုက်ရန် မေ့လျော့ နေတတ်သည်။ လူသည် အကောင်းမြင်တတ်သော သဘာဝရှိသည်။ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ခြင်းပင် ဖြစ်သည်။ လူတစ်ဦး ထီပေါက်သည် ကြားပါက ငါလည်းပေါက်ချင် ပေါက်မှာဟူသော အတွေးဖြင့် ထီကို ကံစမ်းတတ် ကြသည်။ ထိုစိတ်ကို ကြော်ငြာကုမ္ပဏီများက အသုံးချကာ ထီပေါက်သူတို့၏ ရုပ်ပုံကြီးငယ် တို့ကို အသုံးပြုကာ ကြော်ငြာကြလေရာ များစွာအောင်မြင် ကြသည်။ ထိုသို့ သူများပေါက်လျှင် ငါလည်းပေါက် နိုင်သည် ဆိုသောအတွေးကို တွေးမိကြ သော်လည်း အသုဘတစ်ခုကို လိုက်ပို့ရသည် ဖြစ်စေ၊ မြင်လိုက်ရသည် ဖြစ်စေ ငါလည်း တစ်ခဏအတွင်း သေနိုင်သည်ပဲ ဟူသော အတွေးကို တွေးမိသူမှာ ဆယ်ဦးလျှင် တစ်ဦး ရှိခဲလှသည်။ ကျွန်တော် ကိုယ်တိုင်လည်း မတွေးမိကြောင်း ၀န်ခံသည်။

ကျွန်တော်တို့ ဘ၀တစ်လျှောက် စာများဖတ်ခဲ့ ကြသည်။ ထိုစာပေများကို ဖတ်နိုင်ရန် အသုံးပြုလိုက်ရသော မျက်စိ၏ အသုံးဝင်မှုကို မေ့လျော့နေတတ်သည်။ တစ်ခါက အငြိမ်းစား ကျောင်းအုပ်ကြီး တစ်ဦးက ပြောဖူးသည်။ သူ၏မျက်စိက အလွန် အားကောင်းကြောင်း၊ လပြည့်ည၏ လရောင်အောက် တွင်ပင် စာဖတ်နိုင်စွမ်း ရှိကြောင်း ကြားရသည်။ ကျွန်တော် ငယ်စဉ်က ထိုဆရာကြီး၏ မျက်စိနှင့် အယူအဆကို အလွန်အထင်ကြီး ခဲ့သည်။ နောင် မိမိအသက်မွေး ၀မ်းကျောင်းအရ လျှပ်စစ် အင်ဂျင်နီယာ ဘာသာရပ် ကို လေ့လာနေချိန်တွင် ထိုအယူအဆ မှားယွင်းကြောင်း သိလိုက်ရသည်။ မည်မျှပင် သန်စွမ်း အားကောင်းသော မျက်စိကို ပိုင်ဆိုင်ထား ပါသော်လည်း အလွဲသုံးစား မလုပ်သင့်ကြောင်း သတိပြုလိုက်မိသည်။

အလင်းပင်ရင်းများက ထွက်သော အလင်းအားကို လျှပ်စစ် ဘာသာရပ်တွင် Lux ဖြင့် ဖော်ပြသည်။ စာဖတ်ခန်းတစ်ခုသည် အနည်းဆုံး 300~500 Lux ရှိသင့်သည်။ ပန်းချီပြခန်းကဲ့သို့ ၊ ပုံဆွဲခန်းမကဲ့သို့ နေရာများတွင် အနည်းဆုံးစံ အားဖြင့် 750 Lux ရှိရမည်ဖြစ်ပြီး ဆေးရုံခွဲစိတ်ခန်းများ ( Operation Theatres ) တွင် 10000 Lux ရှိရမည် စသည်ဖြင့် မှတ်သားရသည်။ အခြားသော နယ်ပယ်မှ စာဖတ်သူများ နှိုင်းယှဉ် နားလည်နိုင်ရန် ဥပမာတစ်ခု တင်ပြပါမည်။ အမိုးအကာ အောက်ရှိ အကာအရံမဲ့သော အခန်းများနှင့် မှန်ပြတင်းပေါက် အနီးမှ အလင်းရောင်သည် 1000~2000 Lux ရှိသည်။ နေရောင် အောက်တည့်တည့် နံနက် ဆယ်နာရီခန့် ရန်ကုန် ဧရိယာတွင် 10000~20000 Lux ရှိသည်။ ထို ဥပမာများကို ထောက်၍ အလင်းအားကို ချင့်ချိန် နိုင်လောက်ပြီဟုယူဆမိသည်။

စာဖတ်သောအခါ များတွင်လည်း စိတ်သက်သောင့် သက်သာရှိပြီး အလင်းရောင် ကောင်းမွန်သော နေရာကို ရွေးချယ်နိုင်ရန် လိုအပ်သည်။ နိုင်ငံခြား တိုင်းပြည်များတွင် အချိန်ကိုလုကာ စာဖတ်သူများကို တွေ့ရသည်။ ကားပေါ်၊ ရထားပေါ် စသည့်နေရာများတွင် စာဖတ်နေသူ အများအပြားကို တွေ့မြင်ဖူးသည်။ ထိုအရာမှာ ကောင်းမွန်သော ဓလေ့ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ထိုအမူအကျင့် ကောင်းတို့ အခါအားလျော်စွာ ကူးစက်ပြန့်ပွားလျက် ရှိသည်။ အားပေးလိုသော်လည်း အားမပေးချင်ပါ။ နိုင်ငံခြားတိုင်းပြည် များ၏ ပြည်သူ့ပို့ဆောင်ရေး ၀န်ဆောင်မှုနှင့် မြန်မာနိုင်ငံ လက်ရှိ ၀န်ဆောင်မှုများမှာ အလွန်ပင် ခြားနားလျက် ရှိသည်။ နိုင်ငံခြားတိုင်းပြည် တစ်ခုမှ ဓာတ်ရထား တစ်စင်းပေါ်တွင် ကော်ဖီတစ်ခွက်ကို ဇိမ်ကျကျ သောက်နိုင်သည်။ မြန်မာနိုင်ငံတွင် ပါရှိပစ္စည်းများ ပြုတ်ကျ မကျန်ရအောင် အထူးဂရုစိုက်ရသော အချိန်ဖြစ်သည်။ ကျွန်တော် ကားပေါ်တွင် စာဖတ်ကြည့်သည်။ ခဏအကြာတွင် ခေါင်းမူးလာသည်။ ကျွန်တော် ဥာဏ်မီသမျှ ပြန်တွေးသော် မျက်စိ အတွင်းရှိ မြင်လွှာ (Retina) ပေါ်တွင် ပုံရိပ်များ မှန်ကန်စွာ ပေါ်စေနိုင်ရန် မျက်စိမှန်ဘီလူးကို အားပြုထောက်ပံ့ ထားသော ကြွက်သားလေးများ က လျင်မြန်စွာ အလုပ်လုပ်ရသည်။ မြန်မာနိုင်ငံ ဘတ်စ်ကားများ၏ တည်ငြိမ်စွာ သွားလာနိုင်မှုအရ မျက်စိမှန်ဘီလူးက မလိုက်နိုင်ခြင်း ဖြစ်နိုင်သည်။ ဦးနှောက်သို့ သတင်းပို့ချက်များ မှားယွင်းသောအခါ ခေါင်းမူးလာခြင်း ဖြစ်နိုင်သည်ဟု ယူဆသဖြင့် နောင်မဖတ်ဖြစ် တော့ပါ။ (ဤကား ကျွန်တော့်အတွေး မျှသာဖြစ်သည်။ မည်သည့် ကျမ်းကိုးကျမ်းကားမှ မပြနိုင်ပါ။) အခြားတိုင်းပြည်တွင် ကားပေါ်၊ ရထားပေါ် စာဖတ်ခြင်းက ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံတွင် ကားပေါ်၊ ရထားပေါ်တွင် စာဖတ်နိုင်ရန် အချိန်အတိုင်းအတာ တစ်ခုတော့ ကြာဦးမည် ထင်သည်။

သာမန်စာအုပ်ဖြင့် စာဖတ်ချိန်တွင် သာမန် လူတစ်ဦးအနေဖြင့် တစ်မိနစ်တွင် မျက်တောင် ရှစ်ကြိမ်ခတ်သည်။ ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်းစသည် တို့နှင့် စာဖတ်ချိန်တွင် တစ်မိနစ်တွင် မျက်တောင် နှစ်ဆယ့်နှစ်ကြိမ် ခတ်ရသည်။ မျက်စိက အလင်းပင်ရင်း တစ်ခုကို တိုက်ရိုက်ကြည့် နေရသဖြင့် ပိုမို အလုပ်လုပ် လာရသော သဘောရှိသည်။ ထိုအရာများ ပေါ်တွင် စာဖတ်ပါက မိနစ်နှစ်ဆယ်လျှင် တစ်ကြိမ် စက္ကန့်နှစ်ဆယ်ခန့် မျက်စိအနားယူရနု လိုအပ်ကြောင်း ကျန်းမာရေး လမ်းညွှန်ချက်များတွင် ဖတ်ရသည်။ တစ်နာရီ ဖတ်ပြီးတိုင်း ငါးမိနစ်ခန့် လမ်းလျှောက်ခြင်း ၊ အခြား လုပ်ဆောင်စရာများ လှုပ်ရှား ဆောင်ရွက်ခြင်းကို ဆောင်ရွက် သင့်ကြောင်း အကြံပေးထားသည်။

ကျန်းမာရေးကို အလွန်ဂရုစိုက်သော အနောက်နိုင်ငံသားများ အနေဖြင့် ကွန်ပျူတာပေါ်တွင် စာဖတ်ခြင်းထက် စာအုပ်ဖြင့် စာဖတ်ခြင်းအလေ့ကို ပိုမိုလုပ်ဆောင်ပုံ ထောက်လျှင် အီလက်ထရွန်နစ် ပစ္စည်းများ၏ မသိမသာ ဆိုးကျိုးများ ရှောင်ရှားနေပုံကို ကျွန်တော်တို့လည်း သတိပြုအပ်ပေသည်။ ယနေ့ မြန်မာနိုင်ငံတွင် ဖုန်းများ အလွန်တွင်ကျယ် လာသည့်အလျှောက် စာအုပ်ဆိုင်များ အနည်းငယ်မှ တော်တော်လေး ထိခိုက်လာသည့် အနေအထားကိုလည်း တွေ့ရသည်။ ထိုဖုန်းလေးများ အသုံးပြုကာ ကားပေါ်၊ ရထားပေါ်တွင် စာဖတ်မည် ဆိုပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးဆက်များကို ဆက်လက်တွေးတော မိပါသည်။ နောက်မျိုးဆက်တွင် ကျန်းမာရေးအသိများ ပိုမိုကျယ်ပြန့်လာပြီး စာအုပ်များဆီ ကျွန်တော်တို့ ကလေးများ ပြန်ပြီး ခြေဦးလှည့်တန် ကောင်းပါရဲ့ဟု တွေးမိသည်။ အားလုံး၏ မွေးရာပါ အကြည်ဓာတ် လက်ဆောင်လေး ကျန်းမာပါစေ။ စာကောင်းပေမွန် များ ဆက်လက်ဖတ်ရှု နိုင်ပါစေကြောင်း ဆုတောင်းလျက်။ (ကိုစက်ဖေ)

No comments: