Thursday, November 9, 2017

ရေမွှေးဆွတ်ခြင်း


ရေမွှေးဆွတ်ခြင်း

ရနံ့တွေမှာ မမြင်ရတဲ့စွမ်းအင်တွေ ရှိနေပါတယ်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ အာရုံငါးပါးမှာ ရနံ့ကလဲ တစ်ပါးအပါအ၀င် ဖြစ်ပါတယ်။ ရနံ့တွေက လူ့စိတ်ကို လန်းဆန်းစေတယ်။ ကြည်လင် တက်ကြွစေတယ်။ နိုးကြားစေတယ်။ မိမိကိုယ်ကို ယုံကြည်ချက်ရှိစေတယ်။ ဒါကြောင့် ရနံ့ကောင်းတဲ့ရေမွှေးကို သုံးစွဲလာကြတာဖြစ်တယ်။


ကမ္ဘာပေါ်မှာ ပထမဆုံးရေမွှေး ထုတ်လုပ်သူလို့ သတ်မှတ်ခံရသူက BC 1200 မှာပေါ်ပေါက်ခဲ့တဲ့ Tapputi ဆိုတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်တယ်။ သူက ပန်းပေါင်းဆီကို လိုသလိုရောစပ်ပြီး ရေမွှေးနံ့ကို စတင်ထုတ်လုပ် ခဲ့တယ်။ အိန္ဒိယမှာလဲ အဲဒီခေတ်နဲ့ မရှေးမနှောင်းမှာ စတင်သုံးစွဲခဲ့ကြတယ်။ ကိုယ်သင်းနံ့ အတွက်ထုတ်လုပ်တဲ့ ရေမွှေးဆီတွေကတော့ မက်ဆိုပိုတေးမီးယား ခေတ်ကတည်းက ရှိခဲ့ဖူးပါတယ်။

ရေမွှေးတွေကို အင်္ဂလိပ်လို Perfume ခေါ်တယ်။ Perfume ဆိုတာ လက်တင်ဘာသာစကား Perfumare (အငွေ့ပြန်ခြင်း)က လာပါတယ်။ ပြင်သစ်လို ကျတော့ Parfum လို့ခေါ်တယ်။ ရေမွှေးမှန်သမျှ ရနံ့ဆီနဲ့အရက်ပြန်ကို အချိုးကျကျ ပေါင်းစပ်ထုတ်လုပ် ရပါတယ်။ ဒါမှသာ အငွေ့ပြန်တဲ့အခါ သင်းပျံ့တဲ့ရနံ့ကို ရရှိမှာဖြစ်တယ်။

ရေမွှေးမှန်သမျှ ရနံ့ဆီ၊ ရေ သို့မဟုတ် အရက်ပြန် ပေါင်းစပ်ရတယ်။ ရေမွှေးတစ်ခုမှာ အရက်ပြန် ၂၀ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်းထိ ပါဝင်လေ့ရှိတယ်။ အရက်ပြန် များလေ အငွေ့ပြန်လွယ်လေ ဖြစ်တယ်။ အငွေ့ပြန်ရင် အနံ့က မြန်မြန်ထွက်လာပါတယ်။ အခန်းအပူချိန်မှာ အငွေ့ပြန်လွယ်တဲ့ မော်လီကျူးတွေ ပေါင်းစပ်ထုတ်လုပ် ရတာဖြစ်တယ်။ ရေမွှေးရနံ့တွေကို သစ်ပင်၊ သစ်သား၊ တိရစ္ဆာန် နေရာပေါင်းစုံကနေ ထုတ်ယူနိုင်တယ်။ အပင်ရဲ့ အခေါက်၊ အစေ့၊ အသား၊ အရွက်၊ အမြစ်၊ သစ်စေး၊ ပန်းပွင့်၊ သစ်သီး စတာတွေကနေ ရရှိနိုင်ပါတယ်။ အပင်သာမက တိရစ္ဆာန်တွေကရတဲ့ အဆီတွေကလဲ ထုတ်လုပ်သေးတယ်။ ဝေလငါး၊ ဖျံ၊ သမင်ဖို၊ ကြောင်ကတိုး စတဲ့တိရစ္ဆာန်တွေရဲ့ ရနံ့နဲ့ ထုတ်လာကြတယ်။ ဒီထဲမှာသမင်ဖိုရဲ့ ဂလင်းအိတ်က ထုတ်တဲ့ Musk တွေလဲ နာမည်ကြီးတယ်။ ဒါပေမဲ့ အလွန်ဈေးကြီးတဲ့ အတွက် တိရစ္ဆာန်ကထုတ်တဲ့ Musk နေရာမှာ ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့ White Musk တွေ အစားထိုး အသုံးပြု လာကြပါတယ်။

ဒီနေ့ခေတ် သုံးစွဲတဲ့ရေမွှေးတွေကို ၁၈ ရာစု အစောပိုင်း ကတည်းက စတင်ထုတ်လုပ်ခဲ့ ပါတယ်။ ၁၇၀၉ ခုနှစ်မှာ ရေမွှေးပညာရှင် Johann Maria Farina က ရေနဲ့ရောစပ်ထားတဲ့ ရေမွှေးကို ပထမဆုံး အကြိမ် စတင်ထုတ်လုပ် ခဲ့တယ်။ နာမည်ကို ထုတ်လုပ်တဲ့မြို့နာမည် Cologne ပါအောင် Eau de Cologne လို့ ပေးခဲ့ပါတယ်။ Cologne ဆိုတာ အနောက်ဂျာမနီမှာ ရှိတဲ့ မြို့တစ်မြို့ရဲ့ နာမည်ပါ။ ရေမွှေးကို အမျိုးအစားခွဲကြည့်ရင် Parfum , Eau de Parfum , Eau de Toilette , Eau de Cologne ဆိုပြီး လေးမျိုးလောက် ရတယ်။ ရနံ့ပါဝင်မှုပေါ် မူတည်ပြီး ကွဲပြားသွားတာ ဖြစ်တယ်။ Pure Perfume (Parfum) က ရနံ့ဆီ ၂၅ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်းအထိ ပါဝင်တာမို့ ၆ နာရီကနေ ၈ နာရီလောက် ထိခံပါတယ်။ Eau de Parfum မှာ ရနံ့ဆီ ၁၂ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းလောက် ပါဝင်တာကြောင့် ၄ နာရီကနေ ၆ နာရီလောက်ခံတယ်။ Eau de Toilette မှာ ရနံ့ဆီ ငါးရာခိုင်နှုန်း ကနေ ခုနစ်ရာခိုင်နှုန်း လောက်ပါလို့ ၂ နာရီကနေ ၄ နာရီ လောက်ခံနိုင်တယ်။ Eau de Cologne က ရနံ့ဆီ သုံးရာခိုင်နှုန်း ကနေ ငါးရာခိုင်နှုန်းသာ ပါဝင်တာမို့ ၂ နာရီကနေ ၃ နာရီလောက်သာ ခံပါတယ်။ အားလုံးထဲမှာ အပျော့ဆုံးက Eau Fraiche ဖြစ်တယ်။ အရက်ပြန်နေရာမှာ ရေကိုဦးစားပေး ထည့်ထားလို့ တစ်နာရီကနေ နှစ်နာရီလောက်ထိ ခံတယ်။ ရနံ့ပါဝင်မှုကတော့ တစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းသာ ရှိပါတယ်။

ရေမွှေး ထုတ်လုပ်တာဟာ အနုပညာ သံစဉ်တစ်ခု တီးခတ်ရသလို ပညာသား ပါလှတယ်။ သူတို့ရဲ့ Note အတက်အကျ တွေနဲ့ တစ်ဖက်လူ ခံစားရအောင် တီထွင်ထုတ်လုပ် ဖန်တီးရတယ်။ ဆွတ်ခါစမှာရတဲ့ ရနံ့ကို Top Notes (ထိပ်ပိုင်း)လို့ သတ်မှတ်ပါတယ်။ ဆွတ်ပြီး ခဏအကြာရတဲ့ ရနံ့ကို Middle Notes (အလယ်ပိုင်း) လို့ခေါ်တယ်။ ရေမွှေးအာနိသင် ကုန်ခါနီး နောက်ဆုံးပိုင်းမှာ ထွက်လာတဲ့ရနံ့ကို Base Notes ခေါ်ပါတယ်။

Top Notes ဆိုတာ ဖျန်းပြီး ၁၅ မိနစ်အတွင်း ရတဲ့ အနံ့မျိုးကိုခေါ်တယ်။ ပန်းနံ့အပျော့စား သုံးလေ့ရှိပါတယ်။ Middle (Heart Note) ကတော့ စတင်ဖျန်းပြီး နာရီဝက်နေရင် ထွက်လာတဲ့အနံ့ကို ခေါ်တာပါ။ ပန်းနံ့ အပြင်းစားကို သုံးလေ့ရှိပါတယ်။ Base Notes  ကတော့ ဖျန်းပြီး ရှစ်နာရီအတွင်း ရတဲ့အနံ့ဖြစ်တယ်။ Musky , Watery , Mossy , Woody စတာတွေကို အဓိကသုံးလေ့ရှိတယ်။ ယေဘုယျအားဖြင့် Top Notes ဖော်မြူလာမှာ မော်လီကျူး သေးတာကိုသုံးပြီး Base Notes မှာ မော်လီကျူး ကြီးတာကို သုံးပါတယ်။ မော်လီကျုး သေးလေလေ အငွေ့ပြန် လွယ်လေ ဖြစ်တယ်။ အငွေ့ပြန်တာနဲ့ ရနံ့ကချက်ချင်း ဆိုသလို ထွက်လာပါတယ်။

အများအားဖြင့် Top Notes မှာ စိတ်တက်စေတဲ့ Mint , Lavender စတဲ့အဆီတွေကို သုံးလေ့ ရှိပါတယ်။ အလယ်ပိုင်း (Middle Notes) မှာ စိတ်ကို နူးညံ့စေတဲ့ပန်းရနံ့ (Floral Smell) ကို ထည့်သွင်းလေ့ရှိတယ်။ နောက်ဆုံးမှ ခံစားရမယ့် Base Notes ကိုတော့ ပယင်း၊ သမင်ဖိုနံ့ စတဲ့ရနံ့မျိုးးကို ရွေးချယ်လေ့ရှိတယ်။ သမင်ဖိုနံ့က တန်ဖိုးကြီးတယ်။ ဒါကြောင့် နောက်ဆုံးမှ ထည့်တာဖြစ်တယ်။ ရေမွှေးနဲ့ ပတ်သက်တဲ့ စကားလုံးတွေလဲ မှတ်ထားသင့် ပါတယ်။ Floral ဆိုတာ ပန်းရနံ့ဖြစ်တယ်။ Fruity ကတော့ သစ်သီးရနံ့ပါ။ Green က လတ်ဆတ်တဲ့ မြက်ပင်၊ အရွက်တွေရဲ့ ရနံ့မျိုးကို တုပ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Herbaceous ဆိုတာ သဘာဝ ဟာဗယ်ပင်တွေရဲ့ အဆီအနှစ်ကို ထုတ်ယူထားတာ ဖြစ်ပါတယ်။ Woody ကျတော့ စန္ဒကူးလို သစ်သားမွှေးကနေ ထုတ်လုပ် ထားတာဖြစ်တယ်။ Amber ဆိုတာ ထင်းရှူးဆီ၊ သစ်စေး စတာတွေက ထုတ်ယူထားတာဖြစ်ပြီး Oriental ကတော့ ပယင်း၊ အရှေ့တိုင်း ဟင်းခတ် အမွှေးအကြိုင် တွေကရတဲ့ရနံ့မျိုး ဖြစ်ပါတယ်။ Musk ကတော့ သမင်ဖိုရဲ့ ဂလင်းအိတ်ကနေ ထုတ်ယူထားတဲ့ ရနံ့မျိုးဖြစ်တယ်။

ရေမွှေးလိုပဲ ခန္ဓာကိုယ်အတွက် သုံးတဲ့ တခြားအရည်တွေလဲ ရှိသေးတယ်။ Splashes, Mists နဲ့ Veils စတဲ့နာမည်တွေနဲ့ ထုတ်ထားတယ်။ ရနံ့ဆီ တစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းထိ ပါဝင်တယ်။ Fragnane ရနံ့ဆိုတဲ့ နာမည်အောက်မှာကို မတူညီတဲ့ ဓာတုပစ္စည်းပေါင်း ၅၀၀ လောက် ပါဝင် နိုင်ပါတယ်။ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ရေမွှေးမှာ ကောင်းတာရော၊ ဆိုးတာရော ရှိနေပါတယ်။

ပန်းနာရင်ကျပ် ရှိသူတွေဟာ ရေမွှေးနဲ့ မတည့်ကြပါ။ နောက်ပြီး Acetophenone , Ethyl Acetate , acetone စတာတွေပါဝင်နေလို့ တချို့မှာ ခေါင်းကိုက်၊ အင်ပျဉ်ထ၊ ပျို့တာမျိုးထိ ရှိနိုင်ပါတယ်။ အသက်အရွယ်အလိုက် ရေမွှေးဆွတ်တဲ့ အကြောင်းရင်းတွေ မတူညီကြပါ။ ဆယ်ကျော်သက် ယောကျာ်းလေး တွေဟာ မိန်းကလေးတွေကို ဆွဲဆောင်ဖို့ ရေမွှေးဆွတ် ကြတယ်။ မိန်းကလေးတွေ ကျပြန်တော့ တစ်မျိုး။ ရွယ်တူတန်းတူတွေ ဆွတ်ကြလို့ လိုက်ဆွတ်တာဖြစ်နိုင်သလို နာမည်ကျော်ကြားသူ တွေကိုအားကျလို့ ဆွတ်တာလဲ ဖြစ်နိုင်တယ်။ အသက် ၃၀ ၀န်းကျင်လောက် ကျတော့ အပျိုကြီးတွေသာ ဆွတ်တော့သတဲ့။ အပျိုကြီးပီပီ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ဖို့သာ ဖြစ်ပါတယ်။ အသက် ၄၀ ၀န်းကျင်တွေက တကယ်ကြိုက်လို့ကို ဆွတ်တာပါတဲ့။ အသက် ၆၀ ၀န်းကျင်မှာတော့ ပတ်ဝန်းကျင်ကို အားနာလို့ ဆွတ်တာဖြစ်လာတယ်။ ရေမွှေးရွေးတဲ့အခါ သားသမီး၊ ဆွေမျိုး မိတ်သဟာတွေ ကြိုက်လောက်မယ့် ရနံ့မျိုးကို ဦးစားပေးရွေးချယ် တော့တယ်။

ရေမွှေးထုတ်တဲ့ ကုမ္ပဏီတစ်ခုဟာ ရေမွှေး အမျိုးစားပေါင်း ၁၀ ကနေ ၁၀၀ လောက်ထိ ထုတ်လုပ်လေ့ ရှိပါတယ်။ ဈေးကွက်ထဲမှာ ရေမွှေးနာမည် တွေလဲ မနည်းလှပါ။ Chanel , CK , Gucci , lancome , Versace , Marc Jacobs စသဖြင့် ကမ္ဘာကျော်ရေမွှေး တွေ ရှိတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး ရေမွှေး Clive Christian ရဲ့ Imperial Majesty ဆိုရင် ဒေါ်လာ နှစ်သိန်းကျော်ထိ ရှိပါတယ်။ ရေမွှေးဈေးကွက်ဟာ နှစ်စဉ် သုံးရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းထိ တိုးတက် နေပါတယ်။ ၂၀၂၂ ခုနှစ် အရောက်မှာ ရေမွှေးဈေးကွက်ဟာ ဒေါ်လာ ၅၁ ဘီလီယံထိ တန်ဖိုးရှိလာမယ်လို့ ခန့်မှန်းထားကြတယ်။

(ဒေါက်တာအေးမင်းထူး)

No comments: