Tuesday, November 7, 2017

Bitcoin ဆိုတာ ဘာလဲ . . . . .


Bitcoin ဆိုတာ ဘာလဲ . . . . . 

ကမ္ဘာတစ်ဝန်း အရောင်းအ၀ယ် လောကမှာ နေ့စဉ် ဒေါ်လာ ထရီလီယံနဲ့ ချီပြီး စီးဆင်းနေပါတယ်။ နေရာတစ်နေရာက ဒေါ်လာငွေ ဒါမှမဟုတ် အခြားငွေ နောက် တစ်နေရာကို မှန်ကန်စွာ ရောက်ဖို့ ဘဏ်တွေ၊ Paypal လို ငွေချေစနစ်တွေက ကြားဝင်ဆောင်ရွက် ပေးပါတယ်။ အဲဒီလို ဆောင်ရွက်ပေးတဲ့ အတွက် လွှဲပို့လွှဲယူတဲ့ ငွေကြေးတွေကနေ ရာခိုင်နှုန်းနဲ့ တွက်ချက်ပြီး ၀န်ဆောင်ခ ယူပါတယ်။ အဲဒီ ၀န်ဆောင်ခ ဘယ်လောက်များ သလဲဆိုတာ ဘဏ်တွေရဲ့ ကြွယ်ဝချမ်းသာမှုကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ သို့သော် Bitcoin ပေါ်လာပြီး တဲ့နောက် ဒီအစဉ်အလာဟာ ပြောင်းလဲစပြု လာပါပြီ။


Bitcoin ကို ဘယ်သူ ဖန်တီးခဲ့တာလဲ ။   ။ ကလောင်အမည် ဆာတိုရှီနာကာမိုတို ဆိုတဲ့ ဆော့ဖ်ဝဲပရိုဂရမ်မာ တစ်ယောက်က ဖန်တီးခဲ့တာပါ။ ၀ှက်စာ ရေးနည်းနဲ့ ဖန်တီးတဲ့ ဒစ်ဂျစ်တယ် ငွေကြေးကို အွန်လိုင်းဖိုရမ်နဲ့ မက်ဆေ့ဘုတ်တွေ အများကြီးကို ပေါင်းစပ်၊ ၀ါသနာတူ အသိုင်းအ၀ိုင်းလေး တစ်ခုစုဖွဲ့ပြီး Bitcoin ဆိုတာကို ဖန်တီး ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် ဆာတိုရှီနာကာမိုတို ဘယ်သူလဲဆိုတာ ဒီနေ့အချိန်ထိ မသိရသေးပါဘူး။

Bitcoin ကို ဘယ်တုန်းကစပြီး သုံးခဲ့တာလဲ ။   ။ ၂၀၀၉ ခုနှစ်မှာ စတင်ဖြန့်ချိခဲ့ ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာပဲ ဆာတိုရှီဟာ Bitcoin လောကကနေ တဖြည်းဖြည်း နောက်ဆုတ်သွား လိုက်တာ ၂၀၁၁ ခုနှစ်မှာ နောက်ဆုံး အဆက်အသွယ် ရခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေမှာ Bitcoin ကို ထိန်းချုပ်နေသူ မရှိပါဘူး။ ဆာတိုရှီ အလိုအရ Bitcoin ဆိုတာ ဗဟိုချုပ်ကိုင်မှု ကင်းမဲ့တဲ့ ငွေကြေးစနစ် တစ်ခုပါ။ ဒါကြောင့် နိုင်ငံတကာ အစိုးရအဖွဲ့နဲ့ ငွေကြေး အဖွဲ့အစည်း တွေကို ရှောင်ကွင်းနိုင် ပါတယ်။

နိုင်ငံတကာ အစိုးရအဖွဲ့နဲ့ ငွေကြေးအဖွဲ့အစည်း တွေမှာ ဘာအားနည်းချက် ရှိလဲ ။   ။ နိုင်ငံရဲ့ကြွေးမြီ တွေပေးဆပ်ဖို့ ၊ ဒါမှမဟုတ် အစိုးရရဲ့ ငွေကြေး ပြတ်လပ်မှုကို ဖြည့်ဆည်းဖို့ ပိုက်ဆံအသစ်တွေ ရိုက်နှိပ်ကြတာဟာ မိုက်မဲမှုပဲလို့ ဆာတိုရှီက ဆိုပါတယ်။ နိုင်ငံတွင်းမှာ ပိုက်ဆံလိုလို့ ပိုက်ဆံအသစ် ထပ်ရိုက်ပြီး သုံးတာဟာ ရေတိုပဲ အဆင်ပြေနိုင်မယ်၊ ရေရှည်မှာ ငွေကြေးဖောင်းပွမှု တွေဖြစ်ပြီး နိုင်ငံ့ စီးပွားရေးကို ပျက်စီး စေနိုင်ပါတယ်။

အဲဒါတွေကိုဖြေရှင်းဖို့ ဆာတိုရှီက Bitcoin ကို တီထွင်ပါတယ် ။  ။ စကားဝှက်နဲ့ ရေးတဲ့ ဒစ်ဂျစ်တယ်ငွေကြေး ဖြစ်တဲ့အတွက် Bitcoin ထုတ်လုပ်တဲ့ ကုန်ကျစရိတ် မရှိသလောက် နည်းပါတယ်။ နိုင်ငံအတော် များများမှာ အကြွေရှားနေတယ်ဆိုတာ အဲဒီအကြွေငွေစက္ကူ ကိုရိုက်ဖို့ ကုန်ကျစရိတ်က အကြွေငွေ စက္ကူ စုစုပေါင်းရဲ့ တန်ဖိုးထက် ပိုများနေလို့ ဖြစ်ပါတယ်။ Bitcoin ဟာ ဒစ်ဂျစ်တယ် ငွေကြေးဖြစ်တဲ့ အတွက် ထပ်ထပ်ပြီး ရိုက်နှိပ်ဖို့ မလို၊ ထပ်ထပ်ပြီး ရိုက်နှိပ်ဖို့ မလိုတဲ့အတွက် ငွေကြေးဖောင်းပွမှု မဖြစ်၊ အစိုးရအဖွဲ့က ချုပ်ကိုင်ထားခြင်း မရှိတဲ့အတွက် လွတ်လပ်စွာ သုံးစွဲခွင့်ရှိနေပါတယ်။

Bitcoin က ဘယ်လို အလုပ်လုပ်တာလဲ ။   ။ Bitcoin သုံးသူအချင်းချင်းကို Network နဲ့ ချိတ်ဆက်ထားပါတယ်။ Bitcoin အပေးအယူ တစ်ကြိမ်လုပ် လိုက်တိုင်း Network ထဲက ကွန်ပျူတာတွေ အားလုံးစီကို Public Key ဆိုတဲ့ မှတ်တမ်းပေးပို့ ပါတယ်။ သို့သော် Public Key မှာ အမည်မဖော်ပြထား ပါဘူး။ ကိုယ်က Bitcoin Miner ဆိုတဲ့ App ကို သွင်းထားပြီး အဲဒီ Bitcoin အပေးအယူ လုပ်တာတွေကို Block Chain မှာ မှတ်တမ်း ထိုင်တင်ပေး နေမယ်ဆိုရင် မှတ်တမ်း ဘယ်နှစ်ခုအတွက် Bitcoin ဘယ်လောက်ရတယ် ဆိုတာရှိပါတယ်။ Bitcoin လောကမှာ Block Chain ဟာ အသက်ပါ။ Block Chain မှာ Record  များများတင်နိုင်လေ Bitcoin ပိုရလေဖြစ်ပါတယ်။

Bitcoin ဆိုတာ ဟက်ကာတွေရန်ကလဲ ကင်းဝေးတဲ့ ငွေကြေးစနစ် ဖြစ်ပါတယ် ။   ။ Bitcoin ရဲ့တန်ဖိုးကို ရောင်းလိုအားနဲ့ ၀ယ်လိုအား အပေါ်တွက်ချက်ပြီး လိုတိုးပိုလျှော့ သတ်မှတ်ပါတယ်။ Bitcoin ထုတ်လုပ်မှုကို
နှစ်စဉ်တစ်ဝက်စီ လျှော့ချပြီး Bitcoin အရေအတွက် ၂၁ သန်းနဲ့ လည်ပတ်ဖို့ ထိန်းချုပ်ထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ Bitcoin တစ်ယူနစ် ရဲ့တန်ဖိုးက အမေရိကန် ၇၅ ဆင့်ပဲ ရှိခဲ့ပေမယ့် ဒီနေ့ Bitcoin တစ်ယူနစ်ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၆၀၀၀ နီးနီးနဲ့ ညီမျှပါတယ်။

ပုံမှန်ငွေကြေးအစား Bitcoin ကို လက်ခံ လာပြီဖြစ်တဲ့ ကုမ္ပဏီ အရေအတွက်လဲ တဖြည်းဖြည်း များလာနေပါတယ်။ Peach Aviation Ltd ဂျပန်လေကြောင်းလိုင်းမှာ Bitcoin နဲ့ လေယာဉ်လက်မှတ် ၀ယ်လို့ ရပါတယ်။ Microsoft မှာ X-box နဲ့ Windows ကို Bitcoin နဲ့ဝယ်လို့ရပြီး မကြာခင် Visa, Master Card, American Express, Discover အစရှိတဲ့ ငွေသုံးကတ်ပြားတွေ ကလဲ Bitcoin ကို လက်ခံလာကြတော့မည် ဖြစ်ပါကြောင်း လေ့လာရေးသား လိုက်ရပါတယ်။ (TMK)

No comments: