Sunday, November 12, 2017

ဖန်ထည်များနှင့် ဆိုင်သည့် ကျန်းမာရေး


သတိပြုဖွယ် ဖန်ခွက်လှလှလေးများ

ကျွန်မရဲ့အကျင့်က နည်းနည်းလေး အချိန်ရရင် ရှော့ပင်းစင်တာထဲမှာ လမ်းလျှောက်ပြီး ပစ္စည်းတွေကို လှည့်ပတ်ကြည့်တာလေ။ ပစ္စည်း အထူးအဆန်းလေး တွေကို မြင်တွေ့ဖူးတော့ လိုအပ်တဲ့အခါ လာဝယ်လို့ ရတာပေါ့။ ဟိုနေ့က ဆေးရုံနဲ့နီးတဲ့ ရှော့ပင်းစင်တာထဲမှာ ဖန်ထည်ပစ္စည်းတွေကို သွားကြည့်ဖြစ်တယ်။ ဖန်ခွက်ပုံစံ အမျိုးမျိုး ၊ ဖန်ထည် ရေတကောင်း ၊ ဖန်ထည်နဲ့ လုပ်ထားတဲ့ ချိုချဉ်ထည့်တဲ့ဘူး စသည်ဖြင့် ပုံစံအစုံကို ကြည့်ရတာ နှစ်လိုဖွယ် ကောင်းပါတယ်။


ကျွန်မတို့ငယ်ငယ်တုန်းက ကမာရွတ်က " အိမ " ကျောက်ကျောဆိုရင် ကျောက်ကျောတစ်ခွက်ကို ငါးမူး ၊ တစ်မတ်ပေါ့။ ငါးအကြေးခွံပုံစံ လိုမျိုး ဖန်ခွက်ကြီးနဲ့ အပြည့်ထည့်ထားတဲ့ ကျောက်ကျောလေး တစ်ခွက် သောက်လိုက်ရင် ရေငတ်ပြေ ၊ အမောပြေ ၊ ဗိုက်ဆာတာလည်း ပြေပြီး လန်းဆန်းသွားတာလေ။ အခုခေတ်တော့ ရွှေပုစွန်က ဖာလူဒါ ၊ ဒိုမီနို ၊ ကူဖီး ထည့်တဲ့ ဖန်ခွက်လှလှကြီး တွေလည်း တစ်ခွက်သောက်ပြီး ဗိုက်ပြည့်သွား တာပဲလေ။ အဲဒီတော့ ဖန်ခွက်လို့ ပြောရင် ရေနွေးကြမ်း ထည့်ဖို့ အပူခံခွက်လား ၊ အအေးထည့်ဖို့ အအေးပဲ ထည့်ရမယ့် ဖန်ခွက်လား ဆိုတာလောက်ပဲ ကျွန်မတို့ သိပါတယ်။ ဖန်ခွက်က လှသလား ၊ အကြမ်းခံလား ၊ ကွဲလွယ်လား ၊ ဈေးကြီးသလား စသည်ဖြင့်ပဲ ကျွန်မတို့ ခေါင်းထဲမှာ ရှိပါတယ်။

ကျွန်မတို့တိုင်းပြည်က ထုတ်တဲ့ ဖန်ထည်တွေက ထူထူကြီးတွေလေ။ အလင်းမပေါက်ဘူး။ လေးလေးကြီးတွေ။ ပုံစံတွေကလည်း သိပ်ပြီး ဆွဲဆောင်မှု မရှိဘူးလို့ ထင်ရပါတယ်။ နိုင်ငံခြားကလာတဲ့ ဖန်ထည်တွေက ပေါ့ပေါ့ပါးပါး အကြည်လေးတွေ ဆိုတော့ အထဲက ဖျော်ရည် အရောင်လည်း မြင်ရတယ်လေ။ ပုံစံလေးတွေ ကလည်း ချစ်စရာပေါ့။ အဲဒီအချက်တွေက ဖန်ချက်စက်ရုံက အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်း ၊ စက်ပစ္စည်း တွေပေါ်မှာ မူတည်မှာပေါ့။

အင်တာနက်ထဲမှာ တွေ့တာကတော့ ဖန်ခွက်တစ်ခုကို လုပ်ပြီးပြီဆိုရင် အရည်အသွေး စံနှုန်း ပြည့်ဝမှု တိုင်းတာရပါတယ်တဲ့။ ဖန်ခွက်ဟာ အက်စစ်နဲ့ထိရင် ဓာတ်ပြုမှု ဖြစ်သလား ၊ ထည့်တဲ့အရည်ရဲ့ အပူချိန် အပြောင်းအလဲ ကို ခံနိုင်ရည် ရှိသလား ၊ ဖန်ခွက်ကို တစ်စုံတစ်ခုသော လှုံ့ဆော်မှု ပေးလိုက်ရင် အက်ကွဲသလား အစရှိသဖြင့် အရည်အသွေးကို တိုင်းတာပြီးမှ ဈေးကွက်ကို ရောင်းချခွင့် ရှိပါတယ်တဲ့။

အရည်အသွေးကို တိုင်းတာတဲ့ထဲမှာ ဒီဖန်ခွက်မှာ ဓာတုပစ္စည်းဆိုင်ရာ စမ်းသပ်မှု ၊ ဇီဝပတ်ဝန်းကျင် ဆိုင်ရာ စမ်းသပ်မှု ၊ အစားအသောက်ဆိုင်ရာ စမ်းသပ်မှု စသည်တို့ ပါဝင်ပါတယ်တဲ့။ ဒါ့အပြင် ဖန်ခွက်မှ ဟဲဗီးမက်တယ် ခေါ် သတ္တုဓာတ် ထွက်လာမှုကို လင်းရောင်ခြည် မီတာဖြင့် တိုင်းတာရပါတယ်တဲ့။

အရည်အသွေးတိုင်းတာ အောင်မြင်မှ ဈေးကွက်ကို ရောက်လာတာလေ။ ဖန်ခွက်ကွဲရင် နှမြောတာ။ ဖန်ခွက်အကွဲရှရင် သွေးထွက်တာ ၊ အနာဖြစ်တာ လောက်ပဲ ကျန်းမာရေး အသိရှိပါတယ်။ ဒီတစ်ပတ် သတင်းမှာပါတဲ့ သုတေသန တွေ့ရှိချက် တစ်ခုက ကျွန်မတို့ အားလုံးကို ဖန်ထည်များနှင့် ဆိုင်သည့် ကျန်းမာရေး သတိရှိဖို့ ဖြစ်လာပါတယ်။ အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့မှ သုတေသီများက လက်ရှိ အသုံးပြုနေသည့် အဖော်ယမကာ ၊ အချိုရည်ထည့်သည့် ဖန်ခွက် အမျိုးမျိုး၏ နှုတ်ခမ်းသား နှင့် အရည်မျက်နှာပြင် ဖြင့် ထိတွေ့သည့် အပိုင်းများမှ သတ္တုဓာတ် စိမ့်ထွက်လာမှုကို လေ့လာခဲ့ပါတယ်။ သူတို့တွေက ဒင်နာ စားပွဲပေါ်မှာ တင်ထားတဲ့ ပုံစံအမျိုးမျိုး ဖန်ခွက်များ ၊ ယမကာဆိုင်တွင် သောက်သုံးနေသည့် ဖန်ခွက်များ ၊ ဖန်ချိုင့်များ ၊ ဖန်ပုလင်းများ စုစုပေါင်း အမျိုးအစား ၂၀၀ ခန့်ကို စမ်းသပ်ကြည့် တဲ့အခါ စမ်းသပ်ဖန်ထည် များရဲ့ လေးပုံသုံးပုံမှာ သတ္တုဓာတ်များ စိမ့်ထွက်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒီ သတ္တုဓာတ် ပမာဏမှာ ခွင့်ပြုသည့် ပမာဏ (အန္တရာယ်မရှိသည့် ပမာဏ) ထက် အဆ ထောင်ချီများနေကြောင်း တွေ့ရပါတယ်။

ထို့ပြင် ဖန်ခွက် ၊ ဖန်ချိုင့် ၊ ဖန်ပုလင်း ၏ ပြင်ပမျက်နှာပြင် တွင်လည်း သတ္တုဓာတ်များ များပြားကြောင်း တွေ့ရှိရပါတယ်။ အရောင်အားဖြင့် အနီရောင်သန်းတဲ့ ဖန်ထည်များမှာ သတ္တုဓာတ် ယိုစိမ့်မှုပမာဏ ပိုမိုများပြားကြောင်း တွေ့ရပါတယ်။

တိုင်းတာတွေ့ရှိ ရတဲ့ ခဲဓာတ်ပမာဏ မှာ ၄၀ မှာ လေးသိန်းယူနစ် ၊ ကက်တမီယမ် ပမာဏ မှာ ၃၀၀ မှ ၇၀၀၀၀ ယူနစ် ဖြစ်သည်ဟု ဖော်ပြထားပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင် အစားအစာ ထိန်းချုပ်ရေး အဖွဲ့က ဖန်ခွက် နှုတ်ခမ်းသားမှာ ခဲဓာတ်ပမာဏ ကို ယူနစ် ၂၀၀ အထိ ၊ ကတ်တမီယမ် ပမာဏကို ယူနစ် ၈၀၀ အထိသာ အန္တရာယ်မပေးနိုင်သည့် အတိုင်းအတာ အဖြစ် ခွင့်ပြုထားပါတယ်။ ဒါ့ကြောင့် ယင်း သုတေသန မှ တိုင်းတာရရှိတဲ့ ခဲဓာတ် နှင့် ကက်တမီယမ်ဓာတ် သည် ခွင့်ပြုတဲ့ အန္တရာယ် အလွန်ကြီးကြောင်း ဖော်ပြထား ပါတယ်။

နေ့စဉ် ဒီဖန်ခွက်တွေကို သုံးနေရင် ရေရှည်မှာ ခဲဆိပ်သင့်ခြင်း ၊ ကက်တမီယမ် အဆိပ်သင့်ခြင်းများ ဖြစ်လာဖွယ် ရှိပါတယ်။ ခန္ဓာကိုယ်တွင် ခဲဆိပ်သင့်ပါက သွေးအားနည်းခြင်း ၊ ဗိုက်နာခြင်း ၊ ဦးနှောက် အာရုံကြောများ ထိခိုက်ခြင်း ၊ အတက်ရောဂါ ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ကက်တမီယမ်ဓာတ် သွေးအတွင်း များလာပါက အဆုတ် အလုပ်လုပ်မှု နည်းလာခြင်း ၊ သွေးတိုးခြင်း ၊ ကျောက်ကပ် ပျက်စီးခြင်း ၊ အသည်း အားနည်းခြင်း များ ဖြစ်လာပါတယ်။ ကင်ဆာရောဂါ လည်း ဖြစ်စေနိုင်ပါတယ်။

ဒီလိုဆိုရင် ကျွန်မတို့အားလုံး ဖန်ခွက်လှလှလေး များရဲ့ အလှမှာ ယစ်မူးမနေသင့်ပါ။ ခဲဆိပ်သင့်ခြင်း ၊ ကက်တမီယမ် အဆိပ်သင့်ခြင်းများ မဖြစ်အောင် ဖန်ထည်ပစ္စည်းများ အသုံးပြုမှုကို ဆင်ခြင်ကြပါစို့။ ။ 

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

No comments: