Wednesday, November 29, 2017

ကင်ဆာဖြစ်စေသော ဗိုင်းရပ်စ်ပိုးများ


ကင်ဆာဖြစ်စေသော ဗိုင်းရပ်စ်ပိုးများ

ကင်ဆာ ဆိုသည်မှာ ကျွန်တော်တို့ မြန်မာပြည်သူပြည်သူ အများစု ထင်မှတ်ကြသည်မှာ အတိတ်ကံကြောင့် ဖြစ်သည့် ၀ဋ်နာကံနာ ဟု ယူဆကြပြီး လက်ရှိခေတ် ကာလတွင်လည်း ကြောက်စရာ အကောင်းဆုံး ရောဂါအဖြစ် ကမ္ဘာတစ်ခုလုံးကို ခြိမ်းခြောက် အန္တရာယ်ပြုလျက် ရှိသည်။ ကင်ဆာရောဂါ သည် အသက်အရွယ်မရွေး ၊ ကလေးသူငယ် မရွေး ဖြစ်တတ်သည်။


ယနေ့ခေတ်တွင် ကင်ဆာရောဂါ နှင့်ပတ်သက်သည့် ဘာသာရပ်များ တိုးတက်လာခြင်း နှင့်အမျှ ရောဂါရှာဖွေခြင်း အပိုင်းနှင့် ကုသမှု အပိုင်းတွင်လည်း ရလဒ်ကောင်းများ ရရှိလာကြသည်။ ကင်ဆာရောဂါကို ရှေးယခင်ကာလများ ဖြစ်သည့် ဘီစီ ၁၆၀၀ ကတည်းကပင် အီဂျစ် ဆေးပညာရှင် များက ရင်သားကင်ဆာကို စတင် အမည်တပ် ကုသနိုင်ခဲ့ ကြသည်။ ၁၅ ရာစုမှ ၁၇ ရာစုအတွင်း သေဆုံးပြီးသော လူနာများကို ရင်ခွဲစစ်ဆေးပြီး လေ့လာခဲ့ သောကြောင့် ကင်ဆာရောဂါသည် လူသားများအကြား တဖြည်းဖြည်း အသက်ဝင်လာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO ၏ စာရင်းများအရ ၂၀၀၈ ခုနှစ်တွင် ၁၂ ဒသမ ၇ မီလီယံ ရှိသော လူဦးရေသည် ကင်ဆာရောဂါ ခံစားနေကြ ရပြီး ၂၀၁၀ ပြည့်နှစ်တွင် ၇ ဒသမ ၈၉ မီလီယံ သည် ကင်ဆာရောဂါကြောင့် အသက်သေဆုံး ခဲ့သည်။ ကင်ဆာရောဂါ ခံစားနေရသူများ၏ ၁၃ ရာခိုင်နှုန်းသည် အသက်သေဆုံး နေကြရသည်။ ၂၀၁၅ ခုနှစ်တွင်မူ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းသည် ၉၀ ဒသမ ၅ မီလီယံ အထိ ရှိလာခဲ့ပြီး ၁၅ ဒသမ ၇ ရာခိုင်နှုန်း သည် အသက်ဆုံးရှုံးခဲ့ ရသည်။

ကမ္ဘာပေါ်တွင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း အများဆုံး နိုင်ငံ ၂၂ နိုင်ငံတွင် ကျွန်တော်တို့ မြန်မာနိုင်ငံ သည်လည်း အပါအ၀င် ဖြစ်သည်ဟု WHO ၏ စစ်တမ်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးသော ကင်ဆာများမှာ သားအိမ်ခေါင်း ကင်ဆာ ၊ ရင်သားကင်ဆာ နှင့် အဆုတ်ကင်ဆာ တို့ဖြစ်ကြောင်း မှတ်တမ်းအရ သိရသည်။

ဘယ်လိုအရာတွေက ကင်ဆာဖြစ်စေနိုင်သလဲ

ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သော အကြောင်းတရား များစွာ ရှိသည်။ ဖြစ်စေနိုင်သော အကြောင်းရင်း များလေ ရောဂါ ဖြစ်နိုင်သော ရာခိုင်နှုန်း များလေဖြစ်သည်။ ကင်ဆာဖြစ်ပေါ်စေသော အကြောင်းရင်း များမှာ အောက်ပါအတိုင်း ဖြစ်သည်

အစားအစာများ ။  ။ မီးကင်ထားသော အစားအစာများ နှင့် အကင်များ ၊ အရောင်တင် ထားသော အစားအသောက်များ ၊ ဆိုဒါ ပါသော အစားအစာများး ၊ အဆီများသော အစားအစာများ ၊ ကာဗိုဟိုက်ဒရိုတ် များသော အစားအစာများ ၊ မှိုတက်နေသော အစားအစာများ ၊ ဆေးလိပ် သောက်ခြင်း ၊ ဆေးရွက်ကြီး နှင့် ကွမ်းစားခြင်း ၊ အရက်သောက်ခြင်း ၊ ဗိုင်းရပ်စ်ရောဂါ ပိုးများ။

မျိုးရိုးဗီဇကြောင့် မျိုးရိုးလိုက်ခြင်း ။   ။ မျိုးရိုးလိုက်ခြင်းသည် ကင်ဆာရောဂါ ဖြစ်ပွားမှု ဖြစ်စဉ်တွင် ၁၅ ရာခိုင်နှုန်းအထိ ပတ်သက်မှု ရှိသည်။ ဥပမာအားဖြင့် မိသားစုမျိုးရိုး ထဲတွင် အူမကြီးကင်ဆာ ၊ ရင်သားကင်ဆာ ၊ ဦးနှောက်ကင်ဆာ များ ဖြစ်ခဲ့ဖူးခြင်း ရှိပါက ကျန်မိသားစုများတွင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေသည် တခြားသော သူများထက် ပိုမိုများသည်။

ဓာတ်ရောင်ခြည်သင့်ခြင်း ။   ။ အထူးသဖြင့် သွေးနှင့် ဆိုင်သောကင်ဆာများ ၊ သိုင်းရွိုက်ကင်ဆာများ ၊ အစာမျိုပြွန်ကင်ဆာများ ဖြစ်ပွားတတ်သည်။ ဓာတ်ရောင်ခြည်ကြောင့် ဆဲလ်များ၏ မျိုးရိုးဗီဇ ပြောင်းလဲလာကာ အလျင်အမြန် ပြန့်ပွားလာခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာတွင် ထင်ရှားခဲ့သော ဟီရိုရှိးမားမြို့ နှင့် နာဂါစကီမြို့တို့ အနုမြူဗုံးကြဲမှုကြောင့် ၄င်းဒေသများတွင် နေထိုင်သော သူများသည် မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ကင်ဆာများ ဖြစ်စေမှုကို တိုးပွားစေသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ။  ။ မော်တော်ယာဉ် များ၏ အိတ်ဇောပိုက်မှ ထွက်သော မီးခိုးများ ၊ စက်ရုံအလုပ်ရုံများမှ စွန့်ထုတ်သော ဓာတ်ငွေ့များ ၊ ဓာတုဗေဒ စက်ရုံများနှင့် သတ္တုစက်ရုံများမှ စွန့်ပစ်ပစ္စည်းများကို သန့်စင်ခြင်း မရှိဘဲ စွန့်ထုတ်ခြင်း တို့ကြောင့် ကင်ဆာရောဂါများ ဖြစ်ပွားစေသည်။

ကာလရှည်ကြာစွာ နေလောင်ခံခြင်း ။   ။ ၄င်းသည် အမျိုးမျိုးသော အရေပြားကင်ဆာ များဖြစ်ပေါ် စေသော အဓိက အကြောင်းရင်း ဖြစ်သည်။

အခြားကင်ဆာရောဂါ ဖြစ်ပွားစေသော အကြောင်းရင်းများမှာ ။   ။ ကင်ဆာအများစုသည် အသက် ၅၅ နှစ်နောက်ပိုင်းတွင် ဖြစ်ပွားလေ့ ရှိသည်ဟု စစ်တမ်းများအရ တွေ့ရသည်။ အခြားသော ရောဂါများမှ တစ်ဆင့်လည်း ကင်ဆာရောဂါ အဖြစ် အသွင်ပြောင်းသွား တတ်ကြသည်။ ဥပမာအားဖြင့် အစာအိမ်အနာ ရောဂါမှတစ်ဆင့် အစာအိမ်ကင်ဆာ ၊ သည်းခြေအိတ် မကြာခဏ ရောင်ရမ်းခြင်းမှ သည်းခြေအိတ်ကင်ဆာ ၊ ဆီးအိမ်နာတာရှည် ရောင်ရမ်းခြင်းမှ ဆီးအိမ်ကင်ဆာ စသည်တို့ ဖြစ်သည်။

ဗိုင်းရပ်စ်ရောဂါပိုး ဆိုသည်မှာ

ဗိုင်းရပ်စ်ရောဂါပိုး သည် အလွန်သေးငယ်ပြီး ၄င်းတို့သည် သက်ရှိဆဲလ်အတွင်း၌သာ ဆင့်ပွား ဖြစ်စဉ်များ ပြောင်းလဲကြသည်။ အမျိုးအစား အားဖြင့် ဗိုင်းရပ်စ်ပိုးတွင် ပါဝင်သော Nucleic acid အပေါ်မူတည်ကာ RNA နှင့် DNA ဗိုင်းရပ်စ်ဟူ၍ ၂ မျိုးရှိသည်။ ထို Nucleic acid ကို ပရိုတိန်းတစ်မျိုးဖြင့် ဖုံးအုပ်ထားသည်။ ဗိုင်းရပ်စ်ရောဂါပိုးများသည် အမျိုးမျိုးသော ရောဂါပိုးများကို ဖြစ်စေနိုင် သကဲ့သို့ ကင်ဆာရောဂါ ကိုလည်း ဖြစ်ပေါ်စေသည်။ ထို ကင်ဆာရောဂါကို ဖြစ်ပေါ်စေသော ဗိုင်းရပ်စ်များကို Oncogenic Virus ဟု ခေါ်ဆိုကြသည်။

ဗိုင်းရပ်စ်သည် ကင်ဆာရောဂါကို ဘယ်လိုဖြစ်စေတာလဲ
  • လူသားတို့တွင် ဖြစ်ပွားလျက်ရှိသော ကင်ဆာရောဂါ အားလုံး၏ ၁၅-၂၀ ရာခိုင်နှုန်း သည် ဗိုင်းရပ်စ်ရောဂါ ပိုးကြောင့် ဖြစ်သည်ဟု စစ်တမ်းများမှ တစ်ဆင့် သိရှိရသည်။ ဗိုင်းရပ်စ်ပိုးသည် လူ့ခန္ဓာကိုယ်အတွင်း ၀င်ရောက်ပြီး နာတာရှည် ရောဂါအသွင် ဖြစ်ပေါ်စေသည်။ ဗိုင်းရပ်စ်ပိုး၏ DNA နှင့် RNA တို့သည် ရောဂါကူးစက် ခံရသော ဆဲလ်အတွင်းရှိ ခရိုမိုဇုန်းနှင့် ပူးပေါင်းသွားကာ ၄င်းဆဲလ် ရင့်သန်လာသည်နှင့်အတူ ဗိုင်းရပ်စ်ပိုးသည်လည်း တိုးပွား လာကြသည်။ ထိုရောဂါပိုး ကူးစက်ခံရသော ဆဲလ်သည်လည်း မျိုးရိုးဗီဇ ပြောင်းလဲ လာကြပြီး ပုံမှန်မဟုတ်သော ဆဲလ်များ ဖြစ်ပေါ်လာကာ ကင်ဆာရောဂါ အဖြစ် ပြောင်းလဲ လာကြသည်။ ကင်ဆာရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ရောဂါပိုး များမှာ -
  • အသည်းရောင် အသားဝါရောဂါ ဘီပိုး နှင့် စီပိုး ။   ။ နာတာရှည်ရေဂါ အဖြစ် တည်ရှိနေကြပြီး အသည်းဆဲလ်များကို ရောင်ရမ်းစေခြင်း နှင့် ပျက်စီးစေခြင်း တို့ကို ဖြစ်ပေါ်စေသည်။ ထိုမှတစ်ဆင့် အသည်းခြောက် ရောဂါနှင့် အသည်းကင်ဆာ ရောဂါများကို ဖြစ်ပေါ်စေသည်။ အသည်းရောင် အသားဝါ စီပိုး သည် အသည်းကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုများပြားသည်။
  • Human Papilloma Virus (HPV) သည် သားအိမ်ခေါင်းကင်ဆာ ၊ စအိုကင်ဆာ ၊ မိန်းမကိုယ်အင်္ဂါ ကင်ဆာ ၊ ခံတွင်းနှင့် လျှာကင်ဆာ တို့ကို ဖြစ်ပေါ်စေသည်။ HPV သည် အမျိုးအစားပေါင်း ၁၀၀ ကျော်ရှိသည့် အနက် ကင်ဆာကို ဖြစ်စေသော အမျိုးအစားမှာ HPV 16 ၊ HPV 18 တို့သည် ကင်ဆာရောဂါနှင့် ပိုမိုဆက်စပ်မှု ရှိသည်။ သာမန် အလုံးအကျိတ် ( ဥပမာ ကြွက်နို့ ) ကို ဖြစ်စေသော အမျိုးအစားမှာ HPV 6 ၊ HPV 11 တို့ ဖြစ်ကြသည်။
  • ခုခံအား ကျဆင်းရောဂါပိုး HIV သည် လင်ဖိုးမားရောဂါများ ၊ စအိုကင်ဆာများ ၊ ဆီးကျိတ်ကင်ဆာများ ၊ အရေပြားကင်ဆာများ ၊ ခံတွင်းကင်ဆာများ စသည်တို့ကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ခုခံအားကျဆင်း ရောဂါပိုး ကူးစက်ခံရသော လူနာများသည် အခြားသော ဗိုင်းရပ်စ်ပိုးများ ဖြစ်သည့် အသည်းရောင် အသားဝါရောဂါပိုး ၊ ရေယုန်ရောဂါပိုး ၊ EPV ၊ HTLV ရောဂါပိုး တို့လည်း ထပ်မံကူးစက် နိုင်သည်။


ကင်ဆာရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်သလား

ကာကွယ်သည်ဟု ဆိုရာဝယ် မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်း ဖြစ်သည်။ လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများကို လူတစ်ဦးချင်း၏ အနေအထိုင် အပြုအမူတို့ ထိန်းသိမ်းခြင်းဖြင့် ကာကွယ်နိုင်သည်။ 

ကာကွယ်ဆေးသည် ရောဂါပိုးတိုင်း အတွက်တော့ မရရှိနိုင်ပေ။ အသည်းရောင် အသားဝါ ဘီပိုး တို့အတွက် ကာကွယ်ဆေးအား ကြိုတင်ထိုးထား နိုင်သည်။

နိဂုံးချုပ်အားဖြင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းဆိုဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိသည် ကင်ဆာရောဂါ ကို ဖြစ်ပေါ်စေမည့် အကြောင်းတရား များကို သိရှိ ရှောင်ရှား ဆင်ခြင်နိုင်ရန် လိုအပ်သကဲ့သို့ ကာကွယ်ဆေးများ ကြိုတင်ကာကွယ် ထိုးနှံခြင်းတို့ ကိုလည်း လုပ်ဆောင်သင့်သည်။ လူသားတို့သည် ကင်ဆာရောဂါ၏ ခြိမ်းခြောက်မှု အန္တရာယ်ကို ကြံ့ကြံ့ခံ ခုခံကာကွယ်နိုင်မည် ဖြစ်သည်။

ဒေါက်တာ ကိုကိုဝင်း (ဆေးသု)

မြ၀တီနေ့စဉ်

No comments: