Thursday, November 23, 2017

ကောင်းကျိုးပြုတဲ့အဆီဓာတ်


ကောင်းကျိုးပြုတဲ့အဆီဓာတ်

လူ့ခန္ဓာကိုယ်ရှိ ကလာပ်စည်းဆဲ တိုင်းမှာ အဆီပါဝင်တယ်။ အဆီဟာ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါတွေကို အထိုင်ချအောင် ဆောင်ရွက်ပေးတယ်။ ကလေးငယ်တွေ အတွက် ဖွံ့ဖြိုး ကြီးထွားစေဖို့ လူကြီးထက် ပိုလိုအပ်တယ်။ အဆီဟာ အနွေးဓာတ်နဲ့ စွမ်းအင် ပေးတယ်။ အဆီဓာတ် ချို့တဲ့ရင် အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် ချို့တဲ့နိုင်ပါတယ်။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေက ဗီတာမင် အေ ၊ ဒီ ၊ အီး ၊ ကေ တို့ဖြစ်တယ်။



လူတို့ ဦးနှောက် ဆဲကလာပ်စည်း တွေ ဖွံ့ဖြိုးဖို့ အတွက် အဆီဓာတ် လိုတယ်။ အဆီဓာတ်ဟာ အန္တရာယ် ဖြစ်စေတဲ့ အစားအသောက် တစ်ခုအဖြစ် အမြဲမရှုမြင်သင့် ပါဘူး။ ခန္ဓာကိုယ်တွင်းရှိ အဆီဓာတ်ဟာ အများက မှတ်သားထားသလို ဆိုးဝါးတဲ့ ဓာတ်သဘာဝတစ်ခု မဟုတ်ပါဘူး။ ဆိုးရွားတဲ့အဆီ (LDL) က ကျန်းမာရေးကို ဆိုးဝါးစေနိုင် ပါတယ်။ ခန္ဓာကိုယ် ကျန်းမာစွာ နေထိုင် လှုပ်ရှားနိုင်ဖို့ အဆီဓာတ် (HDL) လိုအပ်ပါတယ်။

အဆီကို လူတို့ရဲ့ အသည်းက ထုတ်လုပ်ပေးပြီး သွေးအတွင်း လှည့်ပတ်စေ ပါတယ်။ ကိုလက်စထရော ကို ဒုတိယအနေနဲ့ လူတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက် ကလည်း ရရှိနိုင်ပါတယ်။ အမဲသားနဲ့ ကြက်သားက ပိုရရှိ နိုင်ပါတယ်။

လူတို့ စားသုံးနေတဲ့ အဆီအမျိုးအစား ဖြစ်တဲ့ ပြည့်ဝဆီမှာ အခန်းအပူချိန်ထဲ ခဲနေတဲ့ ပုံသဏ္ဍာန်ရှိ အဆီများဖြစ်တဲ့ နို့ ၊ ထောပတ် ၊ ဒိန်ခဲ ၊ မာဂျရင်း အသားကရတဲ့ အဆီများ ၊ အသွင်ပြောင်းဆီ ၊ အကြော်ခံဆီ တွေပါဝင် ပါတယ်။ 

မပြည့်ဝဆီ (Unsaturated Fat) မှာတော့ တစ်မျိုးတည်း (Munounsaturated Fat) ၊ မျိုးစုံ (Polyunsaturated Fat) ၊ အိုမီဂါ(၃) ၊ အိုမီဂါ(၆) ခွဲထားနိုင် ပါတယ်။

  • - တစ်မျိုးတည်း (Munounsaturated Fat) မှာပါတဲ့ အစားအစာမှာ သံလွင်ဆီ ၊ မြေပဲဆီ ၊ နှမ်းဆီ ၊ အရွက်ဆီ ၊ ပဲပုပ်ဆီ တို့ဖြစ်တယ်။
  • - မျိုးစုံ (Polyunsaturated Fat)မှာ နေကြာဆီ ပါဝင်တယ်။
  • - အိုမီဂါ(၃) ၊ အိုမီဂါ(၆) မှာပါတဲ့ အစားအသောက် တွေက အဆီထူငါး ၊ လျှော်စေ့ ၊ ပဲပုပ်စေ့ ၊ နေကြာစေ့ ၊ ဖရုံစေ့ ၊ သစ်ကြားသီး တို့ပါဝင်တယ်။
ပြည့်ဝဆီတွေကြောင့် ကျန်းမာရေး ဆိုးကျိုးတွေက နှလုံးသွေးကြောပိတ် ရောဂါ ၊ ဦးနှောက် သွေးကြောပိတ် ရောဂါ နဲ့ လိင်ဟော်မုန်း လျော့နည်းခြင်း တို့ ဖြစ်စေတယ်။ အကြော်ခံဆီကြောင့် နှလုံးသွေးကြော ရောဂါ ၊ ဦးနှောက် သွေးကြောပိတ် ရောဂါတို့ ဖြစ်စေနိုင် ပါတယ်။

အိုမီဂါ(၃) ၊ အိုမီဂါ(၆) တို့မှာ ပါဝင်တဲ့ အစာတွေက အဆီထူတဲ့ ပင်လယ်ငါး ၊ လျှော်စေ့ ၊ ပဲပုပ်စေ့ ၊ နေကြာစေ့ ၊ ဖရုံစေ့ ၊ သစ်ကြားသီး မှ လိုအပ်တဲ့ ပမာဏ ရရှိနိုင်ပါတယ်။ အိုမီဂါ(၃) ချို့တဲ့ပါက နှလုံးသွေးကြော ရောဂါ ၊ သွေးယိုစီးခြင်း ၊ သွေးမတိတ်ခြင်း စတဲ့ ရောဂါတွေ ရနိုင်ပါတယ်။


ထောပတ်မှာ ပြည့်ဝဆီ လွန်ကဲစွာ ပါဝင်ပြီး အဆီထုတ်ထားတဲ့ ထောပတ်က ကျန်းမာရေး အတွက် သင့်လျော်ပါတယ်။ ထောပတ် ဟာ အစားအသောက် မှာပါဝင်ရင် အနံ့မွေးပြီး အရသာကို ထူးထူးကဲကဲ ပြောင်းလဲစေလို့ အများက နှစ်သက်ကြတယ်။ ထောပတ် ကြောင့် ဆယ်စုနှစ်များစွာ နှလုံးသွေးကြော ရောဂါနဲ့ အ၀လွန်ခြင်း တို့ ဖြစ်စေနိုင်ပေမယ့် သင့်တင့်စွာ စားရင် ကျန်းမာရေး ကောင်းပါတယ်။ ထောပတ်နဲ့ ကျန်းမာရေး ကောင်းကျိုးမှာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် ၊ ဗီတာမင် အေ ၊ အီး ၊ ဒီ ၊ ကေ တို့ ပါဝင်တယ်။ ကျန်းမာရေး အတွက် မျှတစွာ စားသုံးရင် ဗီတာမင် အေ နဲ့ အီး ကို အခြား အစားအသောက် ကလည်း ရရှိနိုင်ပေမယ့် ဗီတာမင် ကေ (Vitamin K2) ကို ရယူနိုင်ဖို့ မလွယ်ကူပါ။ ဗီတာမင် ကေ ရဲ့ ခန္ဓာကိုယ်အတွက် အရေးပါမှုမှာ ကယ်လ်ဆီယမ် အသွင်ပြောင်းခြင်း မှာဖြစ်ပြီး အစားအသောက်ထဲမှာ ဗီတာမင် ကေ နည်းရင် နှလုံးသွေးကြော ရောဂါ ၊ ကင်ဆာနဲ့ အရိုးပွရောဂါ ဖြစ်စေနိုင် ပါတယ်။ သဘာဝနွား မွေးမြူရေး (နို့)က ရတဲ့ထောပတ် ကို သင့်ရုံ စားသင့်ပါတယ်။

ထောပတ်မှာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ ပြည့်ဝဆီတွေ ပါဝင်တယ်။ လက်ရှိ လေ့လာစမ်းသပ်မှု အရ ထောပတ်နဲ့ နှလုံးသွေးကြော ရောဂါ ဆက်စပ်မှု မရှိဘူးလို့ ထုတ်ပြန် ထားပါတယ်။ ပြည့်ဝဆီ ၊ မပြည့်ဝဆီ တို့က သွေးအတွင်း (HDL- High Density Lipid) ကောင်းတဲ့အဆီ တက်စေသလို ဆိုးတဲ့အဆီ (LDL - Low Density Lipid) ၊ (SDL-Small Dense Lipid) အနေအထားမှ (LDL) ပမာဏများများ ပြောင်းပေးနိုင်လို့ ဆိုးရွားတဲ့ အခြေအနေမျိုး အ၀လွန်ခြင်း ၊ နှလုံးသွေးကြောပိတ် ရောဂါ တို့ ဖြစ်စေပါတယ်။ ထောပတ်မှာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ ကိုလက်စထရော တွေ ပါဝင်ပါတယ်။

ထောပတ်ဟာ မာဂျရင်း ထက် ရုတ်တရက် နှလုံးရပ်ခြင်း အခြေအနေကို လျော့နည်းစေတယ်။ နှလုံးဆိုင်ရာ လေ့လာမှုမှာ မာဂျရင်း က နှလုံးသွေးကြော ရောဂါကို ဖြစ်စေနိုင်ပြီး ထောပတ်နဲ့ နှလုံးသွေးကြော ရောဂါ ပတ်သက်ခြင်း မရှိလို့ တွေ့ရှိထားချက်များ ရှိနေပါပြီ။ ထောပတ်ရဲ့ ဗီတာမင် ကေ ပါဝင်မှုမများလို့ ယူဆကြတယ်။ ထောပတ်မှာ Fatty Acid ၊ ဗျူတိုင်ရိတ်အချိုး (Butyrate Ratio 3-4%) ပါဝင်လို့ ကောင်းကျိုး ရရှိစေနိုင် ပါတယ်။

ကာဗွန် ၄ လုံးပါဝင်တဲ့ ဗျူတိုင်ရိတ် ဟာ ကိုယ်အလေးချိန် တက်ခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်ရှိ အပူစွမ်းအင်ကို ပိုမိုချေဖျက် အသုံးပြုနိုင်တာလို့ ဆိုပါတယ်။ ဗျူတိုင်ရိတ် တွေက အစားအစာမှာ ပါဝင်တဲ့ အမျှင်ဓာတ် ဓာတ်ပြု ထုတ်လုပ်ပေးတယ်။ အမျှင်ဓာတ်က ၀မ်းကိုမှန်စေတယ်။ ယင်းက ဆဲကလာပ်စည်း ရှိ မိုင်တိုခွန်ဒီရာ ရဲ့ လုပ်ဆောင်မှု ကောင်းမွန် စေခြင်းနဲ့ သွေးအတွင်းမှ ထရိုင်ဂလစ်ဆလိုက် နဲ့ အင်ဆူလင်များ လျော့နည်းစေတယ်။ ဗျူတိုင်ရိတ် ဟု ရောင်ရမ်းမှု အခြေအနေကို ကာကွယ်ပေးနိုင်လို့ အစာခြေစနစ် ကို အထောက်အကူ ပြုတယ်။

ထောပတ်မှာ လင်နိုလစ်အက်စစ် ပါဝင်တယ်။ ယင်းက ခန္ဓာကိုယ်ရဲ့ ဓာတ်ပြုလုပ်ငန်းမှာ ပါဝင်လို့ ကိုယ်အလေးချိန် ကျဆေးအနေနဲ့ တရားဝင် ရောင်းချတယ်။ ထောပတ်ဟာ ကိုယ်အလေးချိန် မတက်စေနိုင်လို့ အဆိုပြုကြသလို နှလုံးသွေးကြော ရောဂါနဲ့ အသွင်ပြောင်း ရောဂါတွေ ဖြစ်တဲ့ ဆီးချို အမျိုးအစား(၂) ရောဂါ ဖြစ်ပွားနှုန်း လျော့ကျ စေပါတယ်။

ထောပတ်ကို သင့်ရုံ စားသုံးပေးသင့် ပါတယ်။ အလွန်အကျွံ အမြောက်အမြား မစားသုံးသင့် ပါဘူး။ သွေးအတွင်း တွေ့ရတဲ့ အဆီဟာ သာမန်ထက် များနေရင် သွေးလွှတ်ကြော နံရံမှာ အဆီလွှာ ဖြစ်စေလို့ သွေးလှည့်ပတ်မှု နှေးစေပြီး အဆီလွှာ ပေါက်ကွဲပါက သွေးလွှတ်ကြောငယ် တွေ ပိတ်ဆို့စေလို့ အရေးပေါ် နှလုံးရောဂါ နဲ့ ဦးနှောက် သွေးကြောပိတ်ဆို့ ခြင်း ဖြစ်စေနိုင် ပါတယ်။

ဆိုးတဲ့အဆီဟာ သွေးကြော မာတောင့်စေခြင်း နဲ့ သွေးကြောပိတ်ဆို့ စေနိုင်ပါတယ်။ သွေးကြောကို ကျဉ်းစေနိုင်လို့ နှလုံး ၊ ဦးနှောက် နဲ့ ခြေထောက် သွေးကြော ပိတ်စေနိုင်ပါတယ်။

ကောင်းတဲ့အဆီဟာ ပမာဏများရင် နှလုံးသွေးကြော ပိတ်ခြင်း ၊ ဦးနှောက် သွေးကြောပိတ် ရောဂါတို့ကို ကာကွယ်ပေးနိုင် ပါတယ်။

ထရိုင်ဂလစ်ဆလိုက် ဟာ သွေးမှာ တွေ့ရတဲ့အဆီ တစ်မျိုးဖြစ်တယ်။ စားလိုက်တဲ့ အစားအသောက်က ပိုနေတဲ့ စွမ်းအင်ကို စုဆောင်းပေးထားတယ်။ ထရိုင်ဂလစ်ဆလိုက် က သွေးလွှတ်ကြော နံရံကို မာတောင့်စေခြင်း ဖြစ်စေတယ်။ အရက်အလွန်အကျွံ သောက်ခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ အ၀လွန်ခြင်း ၊ အားကစား လှုပ်ရှားမှု နည်းခြင်း ၊ ကိုယ်လက် လှုပ်ရှားမှု နည်းခြင်းနဲ့ ကစီဓာတ်လွန်ကဲစွာ စားသုံးခြင်းကြောင့် သွေးအတွင်း ထရိုင်ဂလစ်ဆလိုက် များစေနိုင်ပါတယ်။

အမေရိကန်နှလုံးအဖွဲ့ (AHA) က အသက် ၂၀ ကျော်သူတိုင်း သွေးအတွင်း အဆီပမာဏ ကို ၄ နှစ်မှ ၆ နှစ်တစ်ခါ စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။ သွေးအတွင်း ကိုလက်စထရော မီလီဂရမ် ရာခိုင်နှုန်း mg% နဲ့ ပြတတ်ပါတယ်။ နေ့စဉ် စားသောက်နေတဲ့ အဆီပမာဏကို ဥာဏ်နဲ့ယှဉ် ရွေးချယ် စားသုံးသင့်ကြောင်း ရေးသားလိုက်ရ ပါတယ်။   ။ 

ဒေါက်တာလွင်သန့်
မြ၀တီနေ့စဉ် (23-11-2017)




No comments: