Monday, November 6, 2017

ဘ၀၏ အောင်မြင်မှု


ဘ၀၏ အောင်မြင်မှု

ယနေ့ခေတ်သည် အပြိုင်အဆိုင် အလွန်များသည့်ခေတ် ဖြစ်သည်။ ပညာရေးတွင် လည်းကောင်း၊ စီးပွားရေးတွင် လည်းကောင်း၊ အလှအပရေးရာ တွင်လည်းကောင်း၊ ဂီတရေးရာတွင် လည်းကောင်း စသည်ဖြင့် ကဏ္ဍစုံတွင် နေ့စဉ်နှင့်အမျှ ပြိုင်ဆိုင်နေကြ ရသည်။ အပြိုင်အဆိုင် များသည့်ခေတ်တွင် သက်လုံကောင်းရန် လိုသည်။ မလျှော့သော ဇွဲ၊ လုံ့လ ထက်သန်သော စိတ်ဓာတ် ရှိရန်လိုသည်။

အပြိုင်အဆိုင် များသည့်ခေတ်တွင် လုပ်ဆောင်မှုခြေတစ်လှမ်း နောက်ကျပါက အများ၏နောက် ကျန်နေခဲ့မည် ဖြစ်သည်။ သို့ရာတွင် အဆိုပါနောက်ကျကျန် နေခဲ့ခြင်းကို တစ်ဖန် အားသစ်လောင်းကာ ပြန်လည်ကြိုးစားမည် ဆိုပါက တစ်ချိန်ချိန်တွင် ရှေ့သို့ပြန်လည် ရောက်ရှိနိုင်သည်။ ထိုသို့ မဟုတ်ဘဲ နောက်ကျကျန် နေခြင်းကို စိတ်ပျက်လက်ပျက် ဖြစ်ကာ ကြိုးစားမှုအားလုံး ရပ်ဆိုင်းပစ်မည် ဆိုပါက ရည်ရွယ်ချက် မျှော်လင့်ချက် မဲ့ခြင်းဘ၀သို့ ရောက်သွားမည် ဖြစ်သည်။


လျှပ်စစ်ဖခင်ကြီး အက်ဒီဆင် သည် လျှပ်စစ်မီးလုံး တီထွင်နိုင်ရေး အတွက် စမ်းသပ်မှု အကြိမ်ပေါင်း ထောင်ချီမက ကြိုးစား စမ်းသပ်ခဲ့သည်။ အဆိုပါ ကြိုးစားစမ်းသပ်ရာတွင် မအောင်မြင် ဖြစ်ခဲ့သည့် စမ်းသပ်မှုများကို အက်ဒီဆင် က ဆုံးရှုံးမှု၊ ကျဆုံးမှုများအဖြစ် မသတ်မှတ်ဘဲ၊ အားမလျှော့ဘဲ တီထွင်စမ်းသပ်မှု၏ လှေကားထစ်များအဖြစ် သုံးသပ်ရှုမြင် ခဲ့သည်။

ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကလည်း စိတ်ဓာတ်ပြင်းပြ ထက်သန်သော သူတို့အတွက် လုပ်ဆောင်သော အရာအားလုံးသည် ပြီးမြောက်အောင်မြင် နိုင်သည်ဟု သြ၀ါဒစကား မြွက်ကြားလမ်းညွှန် ခဲ့သည်။ ထိုဗုဒ္ဓ၏ အဆုံးအမနှင့်အညီ ကျင့်ကြံခဲ့သော ဗြိတိန်ဝန်ကြီးချုပ် ၀င်စတန်ချာချီကြောင့် ဖက်ဆစ်နာဇီ တို့ကို အင်္ဂလန်နိုင်ငံက အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

''Never, Never, Never Give Up" ''ဘယ်သောအခါမျှ လက်မြှောက်အရှုံး မပေးပါနှင့်'' ဆိုသည့် ဗြိတိန်ဝန်ကြီးချုပ် ၀န်စတန်ချာချီ၏ သြ၀ါဒသည် ဘ၀အောင်မြင်ရေး အတွက် အလွန်အရေးပါ လှသည်။ အရှုံးမပေးသည့် စိတ်ဓာတ်ဟူသည် ကျဆုံးမှုများနှင့် ကြုံသည့်တိုင် အမှန်တကယ် ကျဆုံးမှု မမည်သေးသည့် အခြေအနေကို ဖော်ညွှန်းသည်။ အရှုံးမပေးခြင်းသည် မိမိမျှော်မှန်း ထားသည့် ရည်မှန်းချက်၊ မျှော်လင့်ချက်များ ပြည့်ဝသည့် အချိန်ထိ ဆုတ်ကိုင်ထားရမည့် စိတ်ဓာတ်ပင် ဖြစ်သည်။

သစ်ပင်တို့ မည်သည် ရွက်ဟောင်းကြွေ မှသာလျှင် ရွက်သစ်ဝေခြင်း၊ ကြီးထွားခြင်းတို့ ရယူပိုင်ဆိုင် ရ၏။ ရွက်ဟောင်းကြွေခြင်း၊ ရွက်သစ်ဝေခြင်း မရှိသော သစ်ပင်တို့ ကြီးထွားခြင်းကို ရယူပိုင်ဆိုင်ရန် ခဲယဉ်းသည်။ ထို့အတူ လူသားများသည်လည်း ဘ၀တွင် မလွဲမသွေ ကြုံတွေ့ လာရသည့် ကျဆုံးမှု၊ ဆုံးရှုံးမှုများကို ရွက်ဟောင်းကြွေခြင်း အနေဖြင့်သာ ရှုမြင်ရမည် ဖြစ်သည်။

သို့ဖြစ်ရာ နောက်ကျကျန်ရစ်ခြင်း၊ ကျဆုံးခြင်းနှင့် ဆုံးရှုံးခြင်းများသည် ဘ၀၏ မျှော်လင့်ချက်များ လက်လွှတ် ဆုံးရှုံးသွားခြင်း မဟုတ်ဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်ခြင်းသည် ရှေ့သို့ ခြေနှစ်လှမ်း ခုန်တက်နိုင်ရမည့် အကြောင်းရင်းဟု ခံယူကာ ဘ၀၏ အောင်မြင်မှုကို ရယူသွားကြ ရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

No comments: