Sunday, October 22, 2017

ကောင်းကျိုးကိုယ်၌တည်ပါစေ (သို့မဟုတ်) လူ့တန်ဖိုး


ကောင်းကျိုးကိုယ်၌တည်ပါစေ (သို့မဟုတ်) လူ့တန်ဖိုး

မြန်မာအဘိဓာန်တွင် တန်ဖိုးဟူသော ဝေါဟာရကို ပစ္စည်းတစ်ခုခုကို ရောင်းဝယ်ရန် သတ်မှတ်ထားသော ငွေ ၊ ကျသင့်သော အခ ဟုလည်းကောင်း ၊ ကျေးဇူးဂုဏ် ၊ အဖိုးတန်မှုဟု လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ " မီးတိုင်ငယ်လည်း သူ့အရွယ်နှင့်အစွယ်နှင့် ၊ စံပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့် " ဆိုသလို မီးတိုင်ငယ်၏ တန်ဖိုးသည် အလင်းရောင် ၊ စံပယ်ဖူး၏ တန်ဖိုးသည် သင်းပျံ့သောရနံ့ ဖြစ်ကြောင်း ပေါ်လွင်၏။ ပတ်ဝန်းကျင်ရှိ အရာဝတ္ထု ၊ ဒြပ်ရှိ ၊ ဒြပ်မဲ့များ၏ တန်ဖိုးကို တိတိကျကျ သတ်မှတ်၍ ရနိုင်သော်လည်း လူ့တန်ဖိုးကိုမူ အတိအကျ သတ်မှတ်ရန် မလွယ်ကူပေ။ လူအများက တန်ဖိုးရှိသူ ၊ တန်ဖိုးမဲ့သူ ဟူ၍ သတ်မှတ်သုံးနှုန်း နေသည့်တိုင် မည်သည့်အရာဖြင့် တိုင်းတာခြင်း ကိုမူ ဂဃနဏ မသိကြချေ။ မိမိတို့၏ လုပ်ရပ်တစ်ခုကြောင့် တန်ဖိုးရှိသူတစ်ဦး ဖြတ်တတ်သလို တန်ဖိုးမဲ့သူ အဖြစ်သို့လည်း ကျရောက်သွားတတ်သည်။ လူ့ဘ၀တစ်ခုကို ရရှိချိန်တွင် ဘ၀ အနှစ်သာရ ပြည့်ဝစေရေး အတွက်ဆိုလျှင် လူ့တန်ဖိုး ကို နားလည်ပြီး နားလည်ထားသည့် အတိုင်း ကျင့်ကြံအားထုတ် ဆောင်ရွက်ရေးမှာ လူသားအားလုံး အတွက် အခြေခံ လိုအပ်ချက်ပင် ဖြစ်ပေသည်။


လူ့ဘ၀သည် ချမ်းသာနည်းပြီး ဒုက္ခဆင်းရဲ များလှသည်။ အလွန်နည်းသော ချမ်းသူမှုသည် ပင်လျှင် ချမ်းသာအစစ် မဟုတ်မူဘဲ ဒုက္ခနှင့် တွဲနေသည့် ချမ်းသာမှုသာ ဖြစ်သည်။ " ဒုက္ခမြားမြောင် ဤလူ့ဘောင် " ဟု ဆိုထားသဖြင့် ရုပ် ၊ နာမ် ၊ စိတ် ၊ စေတသိက် တို့မှပေးသော ဒုက္ခ ၊ သဘာဝဖြစ်စဉ်များက ပေးသောဒုက္ခ ၊ လူ့ပယောဂတို့က စီမံသောဒုက္ခ ၊ နိစ္စဓူဝ တွေ့ကြုံနေရသော အခက်အခဲများ ၊ အကျပ်အတည်းများ ၊ ပြဿနာများ ၊ အတားအဆီးများ ၊ ပဋိပက္ခများက ပေးစွမ်းသည့်ဒုက္ခ ၊ လောကဓံ ရိုက်ချက်ကြောင့် ရရှိသော ဒုက္ခများ အပြင် အိုခြင်း ၊ နာခြင်း ၊ သေခြင်းတည်း ဟူသည့် ဒုက္ခအမျိုးမျိုးကို လူသားတိုင်း မပြတ် အစဉ်တွေ့ကြုံခံစား ရမည်ဖြစ်သည်။ ထိုထိုသော ဒုက္ခများကို ကိုယ်ကျင့်တရား ကောင်းသူ ၊ ပညာတတ်သူ ၊ ကျန်းမာရေး ကောင်းသူ ၊ သြဇာကြီးမားသူ ၊ အလွန်အမင်း ကြွယ်ဝသူ တို့လည်း မလွန်ဆန်နိုင်သည်ဖြစ်ရာ မည်သူမဆို ဒုက္ခ ကြီးကြီးငယ်ငယ် တို့နှင့် တွေ့ကြုံရသည့်တိုင် လက်မြောက် အရှုံးမပေးဘဲ ကြံ့ကြံ့ခံ ရင်ဆိုင် တွန်းလှန်ကြရေးမှာ ဘ၀၏ အရေးတကာ့ အရေးကြီးဆုံးပင် ပင်သည်။ ဒုက္ခကို အတားအဆီးဟု သဘောမထားဘဲ လှေကားထစ် သဖွယ် အသုံးချတတ်မှသာ တန်ဖိုးရှိသော လူသားအဖြစ် ကျင့်ကြံအားထုတ် နိုင်ပြီး ဘ၀၏ အနှစ်သာရနှင့် ပြည့်စုံမည် ဖြစ်သည်။

မြန်မာမှုနယ်ပယ်တွင် ရှေးမြန်မာများသည် ဘုန်းတော်ကြီးသင် ပညာရေး၏ ကျေးဇူးကြောင့် စာပေပညာတတ် သည့်အပြင် လိမ္မာ ယဉ်ကျေးခြင်း ၊ ကျင့်ဝတ်စည်းကမ်း လိုက်နာခြင်း ၊ စိတ်နှလုံး သိမ်မွေ့ခြင်း ၊ ကိုယ်ကျင့်တရား ကောင်းခြင်း ၊ ရိုးရာ အစဉ်အလာကောင်းများကို ထိန်းသိမ်းတတ်ခြင်း ၊ အရှက်ကြောက် တရား ကိန်းအောင်းပြီး သိက္ခာရှိခြင်း စသည့် အရည်အချင်း များနှင့် ပြည့်စုံကြသည်။ လူမှု ဆက်ဆံရာ၌လည်း အချင်းချင်း ရိုင်းပင်းကူညီ တတ်ခြင်း ၊ ချစ်ကြည် ရင်းနှီးခြင်း ၊ ကြီးသူကို ရိုသေ ၊ ရွယ်တူကိုလေးစား ၊ ငယ်သူကိုသနား မှုဖြင့် ဆက်ဆံတတ်ခြင်း ၊ အရိုးခံအတိုင်း ဖြူဖြူစင်စင်ဖြင့် အမြင်မတော်လျှင် ဆိုဆုံးမတတ်ခြင်း ၊ အများအကျိုး ဆောင်ခြင်းနှင့် ပြည့်စုံကာ မြန်မာ့လူ့ဘောင်၏ တန်ဖိုးမြင့်မားမှုကို ပုံဖော်ပြသခဲ့ ကြသည်။ ထိုသို့သော ကောင်းမွန်သည့် အစဉ်အလာ ဓလေ့များကြောင့် အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့လျက် ဘ၀၏ အနှစ်သာရ နှင့်လည်း ပြည့်စုံခဲ့ကြသည်။

ခေတ်စနစ်ဟူသည် တစ်သမတ်တည်း မရှိဘဲ အစဉ်သဖြင့် ပြောင်းလဲတိုးတက် နေသောကြောင့် ခေတ်စနစ်တစ်ခု ပြောင်းလဲတိုင်း လူတို့၏ အတွေးအခေါ် ၊ အယူအဆ ၊ အမူအကျင့် နှင့် စိတ်နေစိတ်ထား တို့သည်လည်း ပြောင်းလဲ လာစမြဲပင် ဖြစ်သည်။ ခေတ်စနစ်တို့ မည်မျှပင် ပြောင်းလဲနေပါစေ မပြောင်းလဲဘဲ ထိန်းသိမ်းထား ရမည့် အရာများမှာ စည်းကမ်းရှိခြင်း နှင့် တရားဥပဒေကို လေးစား လိုက်နာခြင်းပင် ဖြစ်သည်။ " စည်းကမ်းသည် လူ၏တန်ဖိုး " ဖြစ်သည်နှင့်အညီ စည်းကမ်းရှိမှ တိုးတက်မည်။ စည်းကမ်းလိုက်နာ ဘေးရန်ကာ ၊ စည်းကမ်းမှန်သမျှ လိုက်နာကြ ဆိုသော အမူအကျင့်များ တိုးပွားမှသာ တန်ဖိုး၏ဂုဏ်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။ စည်းကမ်းရှိခြင်း ၊ တရားဥပဒေကို လေးစားလိုက်နာခြင်း ဟူသည် နိုင်ငံကြီးသား ပီသမှုကို ပြသနိုင်မှုဖြစ်ပြီး လူတစ်ဦး ၊ အဖွဲ့အစည်းတစ်ရပ် အတွက် သာမက လူ့ဘောင် လောကတစ်ခုလုံး ကို အကျိုးပြုနိုင်သည်။ ထို့ကြောင့် လူတစ်ဦး၏ တန်ဖိုးရှိခြင်း ၊ တန်ဖိုးမဲ့ခြင်း ကို စည်းကမ်း ၊ တရားဥပဒေ ပေတံများနှင့် တိုင်းတာလျှင် အလွယ်တကူ တွေ့မြင်နိုင်ကြမည် ဖြစ်သည်။

ယနေ့ကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ၊ လူ့အခွင့်အရေး နှင့် တန်းတူညီမျှရေး ၊ ဂုဏ်သိက္ခာရရှိရေး ဟူသော အသံများ ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လျက် ရှိသည်။ ထိုအသံများကို အကြောင်းပြုပြီး အလွဲသုံးစားမှု ၊ ကိုယ်ကျိုးရှာမှု ၊ ဥပဒေဖောက်ဖျက်မှု ၊ စည်းကမ်းမဲ့မှုများလည်း ရှိလာသည်။ ထိုလုပ်ရပ်များက မြန်မာတို့ တန်ဖိုးထားသော သဒ္ဓါ ၊ သီလ ၊ သုတ ၊ စာဂ ၊ ပညာ ၊ ဟီရိ ၊ သြတ္တပ္ပ ဆိုသည့် သူတော်ကောင်း တရားများကို ပျက်သုဉ်းစေသည်။ အထူးသဖြင့် ဟီရိသြတ္တပ္ပ ဟူသော အရှက် ၊ အကြောက်တရားများ ကင်းမဲ့ လာခြင်းသည် မြန်မာ အမျိုးကောင်းသား ၊ အမျိုးကောင်းသမီး တို့၏ တန်ဖိုးကို များစွာ ဆုတ်ယုတ် စေလျက်ရှိသည်။ ထို့ထက် ပိုမို ဆိုးရွား လာသည်မှာ လူကုန်ကူးခံရမှု ၊ သက်ငယ်မုဒိမ်းမှု ၊ အုပ်စုဖွဲ့ရန်ပြုမှု ၊ မူးယစ်ဆေးဝါး အလွဲသုံးမှု ၊ လောင်းကစားမှု ၊ အကြမ်းဖက် လုပ်ရပ်များကို ပြောင်ကျကျ ကျူးလွန်မှု ၊ လုယက်မှု ၊ အနုကြမ်းစီးမှု ၊ လူသတ်မှုများ နှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပြီး ထိုဖြစ်စဉ်များက မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို တိုက်ရိုက် စိန်ခေါ်နေခြင်းပင် ဖြစ်သည်။ အလားတူစွာ မိဘ ၊ သားသမီး ၊ ဆရာ ၊ တပည့် ၊ မိတ်ဆွေ အပေါင်းအသင်း ၊ အကြီးအကဲ ၊ လက်အောက်ဝန်ထမ်း ၊ အလုပ်ရှင် ၊ အလုပ်သမား တို့၏ ဆိုင်ရာဆိုင်ရာ ကျင့်ဝတ်များ မှေးမှိန်လာခြင်း က မြန်မာ့ အစဉ်အလာ၏ အုတ်မြစ်ကို တိုက်စားလျက် ရှိသည်။ နေရာတကာတွင် အဂတိ တရားတို့ တည်တံ့နေမှု ကလည်း ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်။ လူ့သဘောအရ လောဘ ၊ ဒေါသ ၊ မောဟ တို့ ရှိနေတတ် သော်လည်း များလွန်းလျှင်ကား လုံးဝ မကောင်းတော့ဘဲ တန်ဖိုးမဲ့ တတ်သည်။ တန်ဖိုးမဲ့မှု များလေလေ ဆင်းရဲဒုက္ခ များလေလေ ဖြစ်မည်ကို သိရှိပြီး ဆင်ခြင်မိကြစေရေး များစွာ လိုအပ်ပေသည်။

မျက်မှောက်ခေတ်တွင် ကမ္ဘာအရပ်ရပ်၌ နည်းပညာများ တစ်ဟုန်ထိုး တိုးတက်ထွန်းကား လာမှုနှင့်အတူ ကမ္ဘာကြီးကို ရွာတစ်ရွာအဖြစ် တင်စားရသည်အထိ သတင်းနှင့် ဆက်သွယ်ရေး မြန်နှုန်းမြင့်လျက် ရှိသည်။ ကမ္ဘာ့ တစ်နေရာက အဖြစ်အပျက် ဖြစ်စဉ်ကို ဆန့်ကျင်ဘက် အခြားတစ်နေရာမှ အချိန်မခြားဘဲ လျင်မြန်စွာ သိရှိကြသည်။ ထိုအခြေအနေကို အကျိုးရှိရှိ အသုံးချရမည်ဖြစ်ပြီး အကျိုးမဲ့ မဖြစ်ရအောင် ထိန်းသိမ်းတတ်ရေး များစွာ လိုအပ်သည်။ နည်းပညာဟူသည် တန်ဖိုးကြီးလွန်းခြင်း မဟုတ်ဘဲ သူ့နေရာနှင့်သူ အကျိုးရှိရှိ အသုံးချတတ်ရေးသာ လိုရင်းဖြစ်သည်ဟု သိမှတ်ဖူးသည်။ နည်းပညာ တိုးတက်မှုအရ ယခုအခါ ကမ္ဘာအရပ်ရပ် လူမှုကွန်ရက် စာမျက်နှင့် အသုံးပြုသူ လူဦးရေ သန်း ၂၀၀၀ ရှိပြီဟု သိရသည်။ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူ တစ်စထက်တစ်စ များပြားလျက်ရှိပြီး ယဉ်ကျေးမှုတစ်ရပ် သဖွယ် ထွန်းကားလာသည်။ အွန်လိုင်း အသုံးပြုခြင်းဖြင့် " ယူတတ်လျှင် ပညာ " ဆိုသလို အသိပညာ ၊ ဗဟုသုတ ၊ အတွေ့အကြုံ နှင့် တွေးခေါ်မြော်မြင်မှု တို့ အမြောက်အမြား ရရှိနိုင်ကြ သော်လည်း အကျိုးမဲ့ သုံးလျှင်ကား ဆိုးကျိုးကိုသာ ရရှိမည်ဖြစ်သည်။ လိုင်းပေါ်၌ မိမိတို့၏ ဖော်ပြချက် ၊ တင်ပြချက် ၊ ရေးသားချက် ၊ အပြန်အလှန် ဆွေးနွေးချက် များကိုကြည့်ပြီး တန်ဖိုးရှိသူ သို့မဟုတ် တန်ဖိုးမဲ့သူ အဖြစ် အလွယ်တကူ သိမြင်နိုင်ကြသည် ဖြစ်ရာ " မလုပ်မီစဉ်းစား ၊ စဉ်းစားပြီး အကျိုးရှိမှလုပ် " ဟူသော သက်ကြီးစကားများ အတိုင်း အကောင်အထည် ဖော်အပ်ပါသည်။

လူတစ်ဦးချင်းစီ၏ လုပ်ရပ်သည် အကျိုးရှိလျှင် ကောင်းမွန်ပြီး တန်ဖိုးရှိသည်။ အကျိုးမရှိလျှင် မကောင်းဘဲ တန်ဖိုးမဲ့ရသည်။ သဘောရိုးနှင့် စေတနာမှန်လျှင် ကောင်းကျိုးချမ်းသာ ရှိပြီး တန်ဖိုးရှိသလို ရိုးသားမှုမရှိဘဲ ကောက်ကျစ်ပါက ဆိုးကျိုးကိုသာ ဖြစ်စေပြီး အကျိုးမဲ့ ၊ တန်ဖိုးမဲ့တတ်သည်။ ထို အကြောင်းခြင်းရာ များကို မူတည်ပြီး အကောင်းအဆိုး ၊ အကျိုးအပြစ် ၊ အမှားအမှန် ဝေဖန်ပိုင်းခြား လိုက်သောအခါ လူ့တန်ဖိုး ဟူသည်ကား " ကောင်းမှုဆောင်ခြင်း ၊ မကောင်းမှု ရှောင်ခြင်း နှင့် စိတ်နှလုံး ဖြူစင်ခြင်း " ဟူသည့် အင်္ဂါသုံးရပ်ပင် ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ အဆိုပါ အင်္ဂါသုံးရပ်ကို သိမြင်နိုင်အောင် မြတ်ဗုဒ္ဓ၏ ဒေသနာတော်များ ၊ မြန်မာ့ရိုးရာ အစဉ်အလာ ၊ ဓလေ့ထုံးတမ်း နှင့် ကျင့်ဝတ်စည်းကမ်းများ ၊ ရဟန်းပညာရှိ ၊ လူပညာရှိတို့ ရေးသားအပ်သော စာပေကျမ်းဂန်များ ၊ လူမှု ပတ်ဝန်းကျင်မှ အဖြစ်အပျက် များကို အခြေခံပြီး ဆင်ခြင် သုံးသပ် နိုင်ကြသည်။

အချုပ်အားဖြင့် ဆိုသော် လူသားတိုင်း တန်ဖိုးရှိရှိ အနှစ်သာပြည့်ပြည့် နေထိုင်သွားနိုင်ရေး အတွက်ဆိုလျှင် " ကောင်းမှုမြတ်နိုး ၊ ကောင်းအောင်ကြိုးလျက် ၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း " ဟူသော ဆုံးမစာအတိုင်း လိုက်နာကျင့်သုံး အပ်ကြောင်း ရေးသားလိုက်ရ ပါသည်။ ။

လင်းအရုဏ်ဦး(ပဲခူး)

မြ၀တီနေ့စဉ်သတင်းစာ ၊ (၄-၈-၂၀၁၇)

No comments: