Wednesday, October 25, 2017

ကလေးအတွေးနဲ့ မေးလာတတ်တဲ့ ခန္ဓာကိုယ်အကြောင်း


ကလေးအတွေးနဲ့ မေးလာတတ်တဲ့ ခန္ဓာကိုယ်အကြောင်း





ကလေးလေးတွေ တဖြည်းဖြည်းကြီးလာတာနဲ့ အမျှ သူတို့ မေးတတ်တဲ့ စပ်စပ်စုစု မေးခွန်းတွေဟာ တစ်ခါတလေ အလွန်ဖြေရခက်တတ် ပါတယ်။ ဥပမာ ခန္ဓာကိုယ် အကြောင်းတွေ ဖြစ်ပါတယ်။



အသက်ကြီးလာရင် ခြေထောက်က လိုက်ကြီးသလား ။ ဟုတ်ကဲ့။ တစ်သက်လုံး မနားတမ်း သုံးလာတော့လဲ ခြေထောက်ရဲ့ ကြွက်သားတွေ ၊ အရွတ်တွေ အားပျော့လာပြီး ငယ်ငယ်တုန်းက ဖောင်းဖောင်းအိအိ ခြေထောက်တွေက တွဲကျသွားတဲ့ အတွက် ခြေဖ၀ါးအပြား ကြီးလာသလို ရှေ့နောက်လဲ ရှည်လာပါတယ်။ ကျန်းမာရေး လိုက်စားတဲ့ လူတွေမှာ အဖြစ်နည်းပေမယ့် အ၀လွန်သူတွေ ၊ ခြေမျက်စိ ရောက်ကိုင်း နေတတ်သူတွေ ၊ ဆီးချိုရောဂါသည် တွေမှာ အဖြစ်များပါတယ်။

ရိုလာကိုစတာ စီးတဲ့အခါ အစာအိမ်ထဲက အရည်တွေ လည်ပင်းထဲကို ရောက်ရောက်လာတာ ဘာကြောင့်လဲ ။ ရိုလာကိုစတာ စီးတဲ့အခါ ခါးပတ်ပတ် ထားတဲ့အတွက် ပြင်ပခန္ဓာကိုယ်က မလှုပ် ၊ မရွှေ့ပေမယ့် အတွင်းပိုင်းက ကလီစာ တွေက ရွေ့လို့ရသမျှ ရွေ့ပါတယ်။ အသိသာဆုံးက ရိုလာကိုစတာ အကွေ့ အ၀ိုက်တွေကို ရောက်တဲ့အခါ အရှိန်သတ်မလို ဖြစ်ပြီး ၀ုန်းကနဲ ပြန်မြန်သွားတဲ့ အချိန်တွေ ဖြစ်ပါတယ်။ ဦးနှောက်က အဲဒီ လှုပ်ရှားမှုတွေမှာ ကလီစာတွေ ရွေ့တယ်လို့ မှတ်လိုက်တာ ဖြစ်တဲ့အတွက် လူ့လည်ချောင်းထဲကို အစာအိမ်တစ်ခုလုံး ၀င်လာသလို ခံစားရခြင်း ဖြစ်ပါတယ်။

မိန်းကလေး ရှိုးထုတ်တာ မချမ်းတတ် ဆိုတာမှန်ပါသလား ။ မမှန်ပါ။ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှ အဆီတွေ ပိုရှိတဲ့အတွက် ကိုယ်အတွင်းပိုင်း သက်ဖြစ်အင်္ဂါ အစိတ်အပိုင်းတွေကို အနွေးဓာတ် ကောင်းကောင်း ပေးထားနိုင်ပေမယ့် ခန္ဓာကိုယ် အပြင်ပိုင်းရဲ့ ခံနိုင်ရည်အားက ယောက်ျားလေးတွေရဲ့ ခံနိုင်ရည်အားထက် လျော့ပါတယ်။ တူညီတဲ့ အေးခဲမှတ်မှာ ယောက်ျားလေး တွေထက် မိန်းကလေးတွေရဲ့ လက်ချောင်း ၊ ခြေချောင်းထိပ် က သွေးကြောတွေက ကျုံ့တာ မြန်ပါတယ်။ ဒီတော့ ထုံကျဉ်သွားတာပေါ့။ လက်ချောင်း ၊ ခြေချောင်း အေးရင် တစ်ကိုယ်လုံးလဲ အေးသွားပါတယ်။ ဒါကြောင့် လက်ချောင်း နဲ့ ခြေချောင်းတွေကို နွေးအောင် ထားဖို့လိုပါတယ်။

သက်ကြီးရွယ်အိုတွေရဲ့ အနံ့သတ်သတ် ရှိတာဟုတ်လား ။ မှန်ပါတယ်။ တကယ်တော့ လူငယ်တွေမှာ ပြင်းထန်တဲ့ အနံ့ရှိသလို လူလတ်တွေမှာလဲ သူ့အနံ့နဲ့သူ ရှိပါတယ်။ အနံ့ဟာ အခြားသော အာရုံတွေလိုပဲ အသက်ကြီးလာတာနဲ့ အမျှ လျော့လျော့သွား ပါတယ်။ ဒါကြောင့် ၁၈ နှစ်အရွယ် လူငယ်နေတဲ့အခန်း နဲ့ အသက် ၈၈ နှစ်အရွယ် သက်ကြီး နေတဲ့အခန်းတို့ဟာ အနံ့ချင်း တူမှာ မဟုတ်ပါဘူး။ လူနံ့အနံဆုံးကတော့ အသက် ၁၈ နှစ်သားလေးရဲ့ အခန်းပဲ ဖြစ်ပါတယ်။

ကော်ဖီဆို ပူမှသောက်လို့ကောင်းတာ ဘာဖြစ်လို့လဲ ။ လူ့လျှာပေါ်က အရသာခံတဲ့ အဖုတွေက အပူချိန်အလိုက် စွမ်းဆောင်ရည် ကွာသွားပါတယ်။ ပြီးတော့ အနံ့ဆိုတာကလဲ အပူချိန်အလိုက် အတက်အကျ ရှိပါတယ်။ ကော်ဖီ မပူတော့ဘူးဆိုရင် အနံ့လျော့သွားသလို လျှာပေါ်က အရသာခံအဖုတွေကိုလဲ ဆွဲဆောင်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့် ကော်ဖီအေးသွားပြီး နွေးနွေးလေးပဲ ကျန်တော့တယ် ဆိုရင် သောက်လို့ မကောင်းတော့တာပါ။ ကော်ဖီ ပူပူလေး ဆိုရင်တော့ အနံ့ကလည်း သင်းခနဲ ၊ အရသာက မခါးတော့ဘဲ သိပ်သောက်လို့ ကောင်းပါတယ်။

ညဥ့်သန်းခေါင်ယံ ထပြီး ဆီးပဲသွားပြီးတော့ ၀မ်းမသွားတာ ဘာကြောင့်လဲ ။ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီတွေက တစ်ကိုယ်လုံးကို အိပ်စက်အနားယူစေပြီး သက်ဖြစ်အင်္ဂါ တစ်ခုချင်းစီကို ပြန်လည် ကြံ့ခိုင်အောင် ဆေးကြောတာ ၊ သန့်စင်တာ လုပ်ပါတယ်။ အဲဒီလို အနားပေးတဲ့ထဲမှာ အူမကြီးလဲ ပါပါတယ်။ ဒါကြောင့် ညဆိုရင် ၀မ်းမသွားတာပါ။ သို့သော် ဆီးအိမ်ကျတော့ အကန့်အသတ်ရှိတာမို့ ပုံမှန်အားဖြင့် ၆ နာရီကနေ ၈ နာရီကြာအောင် ဆီးကို ထိန်းထားနိုင်ပေမယ့် အစားအသောက် နဲ့ ဆေးဝါးတွေရဲ့ လှုံ့ဆော်မှုရှိရင် မကြာခဏ ဆီးထသွား ရတာလဲ ဖြစ်နိုင်ပါတယ်။

လက်ဗွေက ဘာဖြစ်လို့ ရှိတာလဲ ။ အကြောင်းရင်း သုံးခုထဲက ကြိုက်တာရွေးပါ။ သိပ္ပံပညာရှင်တွေ ကိုသာ သုံးမျိုးပြောနေပါတယ်။ ပထမတစ်ဖွဲ့ ကတော့ ပစ္စည်းတွေကို ဆုပ်ကိုင်ရင် မြဲဖို့ဖြစ်ပါတယ်။ ဒုတိယတစ်ဖွဲ့က ဆန့်ကျင်ဘက် ကို ပြောပါတယ်။ လက်ဗွေတွေက အရေပြားနဲ့ ပစ္စည်း တိုက်ရိုက် မထိတွေ့အောင် ကြားခံနေလို့ ပစ္စည်းကိုင်ရာမှာ ပိုပြီး ချော်စေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး တတိယ တစ်ဖွဲ့က လက်ဗွေတွေကြောင့် လက်ချောင်းတွေရဲ့ အာရုံခံနိုင်စွမ်း ကောင်းတာလို့ ဆိုပါတယ်။ သေချာတာကတော့ လူတစ်ယောက်နဲ့ တစ်ယောက် လက်ဗွေလုံးဝမတူတာ ပါပဲ။ ရင်ချင်းဆက်အမြွှာတွေ ဖြစ်ပါစေ လက်ဗွေကတော့ ကွာစမြဲ ဖြစ်ပါတယ်။

မိုးလေ၀သနဲ့ အဆစ်အမျက် ကိုက်ခဲတာနဲ့တကယ်ဆိုင်သလား ။ ဆိုင်ပါတယ်။ မိုးလေ၀သ ဆိုးရွားတော့မယ် ဆိုရင် လေထုဖိအား ကျဆင်းပါတယ်။ လေထုဖိအား ကျသွားရင် ခန္ဓာကိုယ်တစ်သျှူး တွေက ပြန့်ကားလာပါတယ်။ အကျိုးဆက်အားဖြင့် ကျွန်တော်တို့မှာ ရောင် တာတွေ ၊ ကိုက် တာတွေ ဖြစ်ပါတယ်။ သာမန်လူမှာ နည်းနည်းပါးပါး ပဲမို့ ညောင်းနေတာလို့ ထင်ကောင်းထင်မှာ ဖြစ်ပေမယ့် လေးဖက်နာ ရောဂါရှိသူတွေ ၊ ဂေါက်ရောဂါ ရှိသူတွေ မှာတော့ မိုးလေးအုံ့တာနဲ့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာတယ် ဆိုတာ မှန်သောစကား ဖြစ်ပါတယ်။

ကြို့ထိုးရင် အသက်အောင့်ထားရမယ်ဆိုတာ ဟုတ်သလား ။ ဟုတ်ပါတယ်။ အသက်အောင့်ထားလိုက်တဲ့ အခါ ခန္ဓာကိုယ်ထဲ ကာဘွန်ဒိုင် အောက်ဆိုက် များလာပါမယ်။ အဲဒီအခါ လေပြွန်ဆတ်ခနဲ ၊ ဆတ်ခနဲ ကျုံ့တာ မဖြစ်တော့ဘူး။ အဲဒီလို ဆတ်ခနဲ ၊ ဆတ်ခနဲ ကျုံ့လို့ ကြို့ထိုးသံ ထွက်လာတာ ဖြစ်ပါတယ်။

ဘာဖြစ်လို့ ချိုင်းချွေးနံ့က ပိုနံတာလဲ ။ ခန္ဓာကိုယ်မှာ ချွေးဂလင်း နှစ်မျိုး ရှိပါတယ်။ အများစုက ရေနဲ့ ဆားနဲ့ပဲ ထုတ်လွှတ်ပါတယ်။ ဒါပေမယ့် ချိုင်းနဲ့ ပေါင်ခြံက ဂလင်းတွေကတော့ ဆီတစ်မျိုးကိုပါ ထုတ်လွှတ်ပါတယ်။ အဲဒီဆိုကို ဘက်တီးရီးယား က အလွန်ကြိုက်ပါတယ်။ ဘက်တီးရီးယား က အဲဒီဆီကိုစားတဲ့အခါ ဓာတ်ပြုပြီး အနံ့ဆိုးကြီး ထွက်လာတာပါလို့ သူတို့လေးတွေကို ရှင်းပြနိုင်ပါကြောင်း လေ့လာရေးသားလိုက်ရ ပါတယ်။ (TMK)

No comments: