Friday, October 27, 2017

အရိုးသန်မာအောင် စားသောက်နည်း


အရိုးသန်မာအောင် စားသောက်နည်း

(၁) ဟင်းသီးဟင်းရွက်စားပါ ။ ကိုက်လန် ၊ မုန်ညင်းစိမ်း ၊ ကန်စွန်းရွက် ၊ မုန်လာရွက် ၊ တစောင်းချဉ် ၊ ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်း ၊ ဂေါ်ဖီထုပ် ၊ တရုတ်နံနံပင် စတဲ့ အစိမ်းရောင် ရင့်ရင့် အရွက်တွေက အရိုးအား ကောင်းစေပါတယ်။ မုန်လာဥနီ ၊ ပဲထောပတ် ၊ ဖုချိုင် တို့ကလည်း နွားနို့ကဲ့သို့ ကယ်စီယမ်ဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် တွေပါပဲ။ သင်္ဘောရွက်ပြုတ်ကို အတို့အမြှုပ် လုပ်စားခြင်းက အရိုးပျော့ရောဂါ ပျောက်စေနိုင် သလို ၊ သင်္ဘောရွက်ကို အခြောက်လှမ်း၍ အမှုန့်ပြု ထောင်းထားပြီး ရေနွေးပူပူမှာ လက်ဖက်ခြောက်လို ခတ်ကာ နေ့စဉ် သောက်သုံးခြင်းဖြင့် အရိုးကို သန်မာစေပါတယ်။


(၂) သက်သတ်လွတ် (အမြဲ) မစားသင့်ပါဘူး ။ အချို့သူတွေက တိရစ္ဆာန်မှရတဲ့ ပရိုတင်းဓာတ် များဟာ အရိုးကြွပ်ဆတ် စေတယ်လို့ ထင်မှတ်မှား နေကြပြီး ခြေလေးချောင်းသား ကို ရှောင်ကြပါတယ်။ သက်သတ်လွတ် ရက်ရှည်စားခြင်း ၊ အသားတစ်မျိုးတည်း ကိုသာ စွဲစွဲမြဲမြဲ စားခြင်း စတဲ့ ဓလေ့စရိုက်ကို ပယ်ကာ ၊ သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ နဲ့ သားငါးအစုံ တို့ကို မျှတစွာ စားသုံးတဲ့ အကျင့်ကောင်းကို မွေးမြူမှသာ ကျန်းမာရေး အတွက် ဘက်စုံကောင်းမွန် စေမှာ ဖြစ်ပါတယ်။ ( သက်သတ်လွတ် မကြာခဏ စားသူများအတွက် အရိုးအား ကောင်းစေဖို့ ကယ်စီယမ်ဓာတ် ဖြည့်စွက်စာ အဖြစ် နွားနို့တစ်ခွက် နေ့စဉ် သောက်ပေးသင့်ပါတယ်။)

(၃) အရိုးရောပြွမ်းတဲ့ ဟင်းလျာများ ချက်စားပါ ။ အမှတ်စဉ်(၁)မှာ ဖော်ပြထားတဲ့ ဟင်းသီးဟင်းရွက် တွေကို ကြက် ၊ ၀က် ၊ ဆိတ် ၊ အမဲရိုး တို့ဖြင့် စွပ်ပြုတ်ချက်စားပါ။ ခြေလေးချောင်းသား ( ၀က် ၊ ဆိတ် ၊ အမဲ ) အရိုးထဲရှိ ခြင်ဆီနှစ် တွေက လူသားတွေရဲ့ အရိုးအဆစ်များကို ကောင်းစွာ အထောက်အပံ့ ပေးတာကြောင့် ထို အရိုးများထဲမှ ခြင်ဆီတွေ ထွက်လာအောင် မီးအေးအေးဖြင့် အချိန်ကြာကြာ အပူပေး ချက်ပြုတ်ပြီး အနည်းဆုံး ရက်သတ္တပတ် မှာ တစ်ကြိမ်လောက် စွပ်ပြုတ်လုပ် သောက်ပေးသင့် ပါတယ်။

(၄) ကောက်နှံများ စားပေးပါ ။ ကောက်နှံမျိုးဝင်များ ဖြစ်ကြတဲ့ ဆန်လုံးညို ၊ ဂျုံ ၊ ဘာလီစေ့ ၊ ကွေကာအုပ် ၊ ရိုင်းစပါး ၊ လူးစပါး ၊ ပြောင်း ၊ ကောက်စပါး တွေမှာ အမျှင်ဓာတ် ၊ ကစီဓာတ် များနဲ့ ဗီတာမင်ဘီဓာတ် ပေါင်းစုတွေ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက် မြင့်မားစေ ပါတယ်။ ၄င်းတို့အထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ် များက ကြွက်သားတစ်ရှူး တွေကို ကောင်းစွာ တည်ဆောက် စေတာကြောင့်လည်း အရိုးကို ကျန်းမာသန်စွမ်း စေပါတယ်။ ဒါ့အပြင် ကောက်နှံတွေက အဂ္ဂနီစီယမ်ဓာတ် ရရှိရာ အရင်းအမြစ်ဖြစ်လို့ ၄င်းတို့ကို စားသုံးပေးခြင်းဖြင့် သွေးထဲရှိ ကယ်စီယမ်ဓာတ် တွေကို စုပ်ယူပေးကာ အရိုးသို့ ပို့ဆောင်ပေး တာကြောင့် အရိုးအား ကောင်းစေပါတယ်။

(၅) သတ္ထုဓာတ်ဖြည့်စွက်စာ စားပေးပါ ။ ဂျပန်ရိုးရာ အစားအစာတစ်ခု ဖြစ်တဲ့ ပင်လယ်ရေမှော် ထဲမှာ သတ္ထုဓာတ်တွေ ကြွယ်ဝစွာ ပါရှိနေလို့ အရိုးကို ကောင်းစွာ တည်ဆောက်စေ ပါတယ်။ ၁၉၉၃ ခုနှစ်က ထိုင်ဝမ်နိုင်ငံမှ ပင်လယ်ရေမှော် ကို ဓာတ်ခွဲစမ်းသပ် ကြည့်ရာမှာ အရိုးကြွပ်ဆတ် ရောဂါကို ကာကွယ်ပေး နိုင်ကြောင်း လေ့လာတွေ့ရှိ ခဲ့ရတာကြောင့် ထိုင်ဝမ် ဆေးသုတေသီ များက ပင်လယ်ရေမှော် ကို ရက်သတ္တပတ် မှာ အနည်းဆုံး ၂ ကြိမ် စားပေးသင့် တယ်လို့ အကြံပြု တိုက်တွန်းထား ပါတယ်။ ဒါ့အပြင် အဲဒီရေမှော်က သိုင်းရွက်ဂလင်း တွေကိုလည်း ကျန်းမာစေပါတယ်။

(၆) အရိုးစားပါး ။ အရိုးကောင်းစေဖို့ အရိုးများများ စားပေးရပါမယ် ။ သဘာဝ ကယ်စီယမ် သတ္ထုဓာတ်များ ဖြစ်တဲ့ အရိုးပါ ၀ါးစားလို့ရတဲ့ ငါးသလဲထိုး ၊ ငါးသစ်တုံး ၊ ငါးပြက် ၊ ငါးဘဲဖြူ ၊ ငါးသံချိတ် (သေးသေး) ၊ အခွံပါ ၀ါးစားလို့ရတဲ့ ပုစွန်ဆိတ် ၊ ငါးနီတူခြောက် ၊ ငါးသေတ္တာ ၊ ငါးသလောက်ပေါင်း တို့ စားပေးပါ။ ကြက် ၊ ၀က် ၊ ဆိတ် ၊ အမဲရိုး တွေကို အရိုးပါ စားလို့ရသည်အထိ Pressure Cooker ဖြင့် အရိုးနူးသည်အထိ ပေါင်းစားပေးပါ။

(၇) အဆီစားပါ ။ အရိုးကျန်းမာရေး နဲ့ ပတ်သက်ပြီး အဆီစားသုံးရမယ့် ၀ိသေသ သုံးမျိုး ရှိပါတယ်။ (က) အဆီတွေ အများကြီးစားတာ မကောင်းပါ။ (ခ) အဆီနည်းနည်းလေး မစားပါနှင့် (ဂ) အာဟာရ ပြည့်ဝတဲ့ ဆီသန့်ကို အလုံအလောက် စားပေးပါ။ သွေးဆုံးပြီး အမျိုးသမီးများ အတွက် နေ့စဉ် ၆၀ ဂရမ် ပမာဏရှိတဲ့ အဆီဓာတ် လိုအပ်ပါတယ်။ ဆိုလိုတာက တစ်နေ့တာ စားသုံးတဲ့ အစားအစာ တွေထဲမှာ သဘာဝ ဟင်းသီးဟင်းရွက် ၊ အစေ့အဆန် တွေကရတဲ့ ဖက်တီးအက်စစ် အဆီမျိုးကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက် စားပေးရမှာ ဖြစ်ပြီး အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ ဖက်တီးအက်စစ် တို့လို တိရစ္ဆာန် ကရတဲ့ အဆီမျိုးကိုတော့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက် စားပေးရမှာ ဖြစ်ပါတယ်။ (ပေါက်ပေါက်)

No comments: