Friday, September 29, 2017

ခွန်အားကြီးမားသော ကမျဉ်းကောင် များ



ကမျဉ်းကောင် တို့သည် သင်၏အိပ်ရာထဲ၌ အစက်ချလိုက်သည့် အစက်ကလေးထက်ပင် ပို၍ သေးငယ်သည်။ ၄င်းတို့မှ ခွန်အားကြီးသော ကမျဉ်းကောင် များ ( Mighty Mites) ဖြစ်ကြသည်။

ကမျဉ်းကောင် အမျိုးမျိုးရှိရာတွင် အချို့ ကမျဉ်းကောင် သည် ဆံပင်၏ အရင်းပိုင်း၌ တွယ်ကပ်၍ နေသည်။ ၄င်းတို့သည် အလွန့်အလွန် သေးငယ်ကြပြီး ဆံပင်ပေါ်တွင် သွားလာကြကာ လူ၏ မျက်နှာပေါ် သို့လည်း ရောက်လာတတ်သည်။ အထူးသဖြင့် ညဘက်အိပ်ချိန်တွင် ၄င်းတို့သည် မျက်နှာပေါ်တွင် ပျော်ပါးကြသည်။ ထို့နောက် ဆံပင်များ ရှိရာသို့ ပြန်သွားကြသည်။



ဆံပင်မှာနေသည့် ကမျဉ်းကောင် အမ များသည် ဥများကိုဥချရာ မကြာမီ ၄င်းဥများမှ ကမျဉ်းကောင်ငယ် လေးများ ပေါက်ဖွား လာကြသည်။ ၄င်းတို့ အကောင်ကြီးဘ၀ ရောက်သောအခါ ရက်သတ္တပတ် အနည်းငယ် အတွင်း ၄င်းတို့သည် သေသွားကြသည်။ 

၎င်းတို့တွင် စအိုများ မပါသောကြောင့် စားထားသော အစာမှ ဖြစ်လာသည့် မစင်များကို တစ်ကိုယ်လုံးတွင် ပြည့်နှက်သွားပြီး သေသွားခြင်း ဖြစ်သည်။ အဆိုပါ ကမျဉ်းကောင် အသေများကို ဆံပင်များကြား ထဲတွင် ပုပ်သိုးသွား ကြကုန်သည်။

လူတို့၏ ခန္ဓာကိုယ်ပေါ်တွင် လည်းကောင်း ၊ အ၀တ်အထည်များ ပေါ်တွင် လည်းကောင်း ၊ ဖျာလိပ်များထဲတွင် လည်းကောင်း ကမျဉ်းကောင်များ ရှိတတ်သည်။ လူတို့သည် ကမျဉ်းကောင်များကို သေးငယ်လွန်းသည့် အတွက် ဂရုမစိုက်ကြ။ ကမျဉ်းကောင် များသည် ကုန်းမြေပေါ်တွင် သာမက ရေများထဲလည်း ရှိကြသည်။ ရေကန်များ ၊ ရေအိုင်များ ထဲတွင်လည်း တွေ့ရသည်။ ၄င်းတို့သည် လူတို့ သောက်သုံးသော သောက်ရေများထဲတွင်ပင် ရှိနေတတ်သည်။

ကမျဉ်းကောင် များသည် ဖုန်မှုန့်များထဲတွင်လည်း နေထိုင်ကြပြီး သွားလာလှုပ်ရှားကာ အစားအစာများကို ၄င်းတို့၏ ချွန်ထက်သည့် သွားများဖြင့် ထိုးဖောက်စား ကြသည်။ ဤကမ္ဘာတွင် ကမျဉ်းကောင် မျိုးစိတ်ပေါင်း မည်မျှရှိသည်ကို မည်သူကမျှ မပြောနိုင်ကြပေ။ ပိုးမွှားဗေဒ ပညာရှင်များကမူ တစ်သန်းနီးပါး ရှိမည်ဟု ခန့်မှန်းထားကြသည်။

အချို့နိုင်ငံများ၏ ပိုးမွှားများ ပြတိုက်များတွင် စုဆောင်းကာ ရသမျှ ကမျဉ်းကောင်များကို ပုံကြီးချဲ့၍ ပြသထားသည်။ ကမျဉ်းကောင်များသည် အလွန့်အလွန် သေးငယ်သော်လည်း လူတို့ကို အကျိုးပြုသော ကမျဉ်းကောင်များ ရှိသလို အကျိုးမပြုသော ကမျဉ်းကောင်များလည်း ရှိသည်။ အချို့ ကမျဉ်းကောင် များသည် ကောက်ပဲသီးနှံ ဖျက်ပိုးအချို့ကို စားသောကြောင့် လူတို့ကို အကျိုးပြုသည်။

ကမျဉ်းကောင်များသည် နေရာမရွေး နေနိုင်စွမ်းကြသည်။ ပျားကောင်များ၏ လေရှူပေါက်ထဲ၌ လည်းကောင်း ၊ ငှက်များ၏ အမွေးအတောင် များထဲတွင် လည်းကောင်း ၊ လိပ်များ၏ စအိုများထဲတွင် လည်းကောင်း ၊ ၄င်းတို့ထက် အကောင်ပိုကြီးသော ပိုးကောင်များ၏ အဖုအကျိတ်များထဲတွင် လည်းကောင်း ပင်လယ်နေ ရေသတ္တ၀ါ အချို့၏ အစာအိမ်များထဲ တွင်လည်းကောင်း ၊ ခိုငှက်များ၏ အဆီပြင်များထဲတွင် လည်းကောင်း ၊ သစ်သီးစား လင်းနို့များ၏ မျက်လုံးအိမ်များ  ထဲတွင်လည်းကောင်း ၊ သွေးစုပ်လင်းနို့ များ၏ အမွေးများကြား ထဲတွင် လည်းကောင်း နေတတ်ကြသည်။




၎င်းတို့ ဤနေရာ အမျိုးမျိုး ၊ တိရစ္ဆာန်အမျိုးမျိုး ပေါ်တွင်နေနိုင်ရန် ၄င်းတို့တွင် အထူးတွယ်ကပ်၍ ရသော အမွေးများ ၊ ဓာတုပစ္စည်းများ ၊ ခြေဖ၀ါးများ ၊ ပါးစပ် အစိတ်အပိုင်း များနှင့် သွားလာလှုပ်ရား ရာတွင် ကျွမ်းကျင်မှုများ ရှိသည်။ ၄င်းတို့သည် တိရစ္ဆာန် 

တစ်ကောင်ကောင်၏ ကိုယ်ပေါ်မှ အခြား တိရစ္ဆာန် တစ်ကောင်ကောင်၏ ကိုယ်ပေါ်သို့ အလွန် လျင်မြန်စွာဖြင့် ကူးပြောင်းသွားနိုင် စွမ်းလည်း ရှိသည်။

အချို့ ကမျဉ်းကောင်များသည် ၀တ်ရည်စုပ်ငှက် များ၏ နှုတ်သီးဖျားထဲမှနေ၍ ပန်းပွင့်တစ်ပွင့်မှသည် အခြားပန်းပွင့်ဆီသို့ ရောက်အောင် ကူးသန်းသွားတတ် ကြသည်။ ငှက်က ပန်းပွင့်ထဲမှ ၀တ်ရည်ကို စုပ်နေစဉ် ကမျဉ်းကောင် သည် ၄င်းပန်းပွင့်ထဲ၌ ကမျဉ်းကောင် ရှိ-မရှိ ကို အနံ့ခံ စူးစမ်းပြီးနောက် ရှိလျှင် မိတ်လိုက်ရန် အတွက် ငှက်၏ နှုတ်သီးပေါ်မှ အလွန့်အလွန် လျင်မြန်စွာဖြင့် ခုန်ဆင်းလိုက်သည်။

အချို့ ကမျဉ်းကောင် များသည် ပိုးကောင်မာ များ၏ ကျောကုန်းများ ၊ ပုရွက်ဆိတ် များ၏ ကျောကုန်းများ ၊ အချို့မှာမူ ပိုးဖလံများ၏ နားရွက်များ ထဲ၌ပင် ၀င်နေတတ်သည်။

 

 

အချို့ ကမျဉ်းကောင် များမှာမူ ၄င်းတို့၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ် လိုက်သည့် ပိုးမျှင်တန်းက လေထဲ၌ တွန့်လိမ်၍ခေါက်ပြီး လွှင့်မျောနေသော အခါ၌ ၄င်းသည် ၄င်းပိုးမျှင်တန်း ထဲ၌ လိုက်ပါသွား တတ်သည်။

ကမျဉ်းကောင်များသည် နေရန် အကြိုက်အတွေ့ဆုံး နေရာမှာ လူ၏ခန္ဓာကိုယ် ပေါ်နှင့် တိရစ္ဆာန် များ၏ ခန္ဓာကိုယ်၌ ဖြစ်သည်။ ၄င်းတို့ထက် အကောင်ပိုကြီးသည့် နို့တိုက် သတ္တ၀ါများ ၊ ငှက်များနှင့် ပိုးကောင်များပေါ်တွင် နေကြသည်။ ခန္ဓာကိုယ်ပေါ်တွင် ၄င်းတို့သည် အစားအစာများကို ၀၀လင်လင် စားကြရသလို သွားလာလှုပ်ရှားမှု တွင်လည်း ၄င်းတို့အတွက် ချောမွေ့သည်။ ခန္ဓာကိုယ်ပေါ်၌ နေသော ကမျဉ်းကောင် သည် ခန္ဓာကိုယ်ပိုင်ရှင်က ပြေးသည် ဖြစ်စေ ၊ ရေကူးသည် ဖြစ်စေ ၊ ငှက်ဖြစ်ပါက ပျံသန်းသွားသည် ဖြစ်စေ  ပြုတ်ကျမသွားအောင် ခိုင်ခိုင်မြဲမြဲ တွယ်ကပ်ထားနိုင်စွမ်း ကြသည်။

ကြက်တူရွေး ၊ ယုန် ၊ ပင်လယ်ဖျံ စသည်တို့ ကိုယ်ခန္ဓာပေါ်၌ ကမျဉ်းကောင်များ ရှိသည်ကို ပိုးမွှား သုတေသီ တို့က တွေ့ရှိကြရသည်။ ကမျဉ်းကောင် များသည် ကြွက်များကိုလည်း အလွတ်မပေးဘဲ ၄င်း ကြွက်များ၏ ကိုယ်ပေါ်၌လည်း နေကြသည်။

လူ၏ ခန္ဓာကိုယ်ပေါ်၌ နေသော ကမျဉ်းကောင်များသည် ယားယံအောင် ပြုလုပ်သော်လည်း လူ၏ ကိုယ်ပေါ်မှ ကွာကျလျက်ရှိသည့် အရေပြား အသေများ (Dead skin) ကို စားသည်ဟု ပိုးမွှားဗေဒ ပညာရှင်များက ပြောသည်။

(ဦးဦးသိန်း)

National Geographic, February 2015, Mighty Mites by Rob Dunn

၂၀၁၇ ခုနှစ် အောက်တိုဘာလထုတ် သုတအလင်းမဂ္ဂဇင်း

(ပုံများကို Google Search မှရယူထားပါသည်။)

No comments: