ရာသီဥတုပြောင်းလဲမှုကိုရပ်တန့်ဖို့အိုဇုန်းလွှာပျက်စီးမှုကိုကာကွယ်စို့
ရေ၊ မြေ၊
လေဟူသော ထုထည်ကြီး သုံးခုသည် ဂေဟစနစ်ဖြင့် ချိတ်ဆက်နေပြီး သဘာဝ တရားကြီးကို အကောင်းဆုံး
ဖန်တီးပေးထားသည်။ ရေထု၊ မြေထု၊ လေထုတို့ တစ်ခုခုပျက်စီး ချို့ယွင်းလျင် ဂေဟစနစ် ပျက်သုဉ်း၍
အမျိုးမျိုး အဖုံဖုံသော သဘာဝ ဘေးဒဏ်များ ဖြစ်ပေါ်လာရသည်။ သဘာဝတရားမှ ရရှိထားသော အခမဲ့လက်ဆောင်
များကိုအခမဲ့ဟူ၍ တန်ဖိုးမထားပါက ထိုလက်ဆောင်များသည် ယိုယွင်းပျက်စီးမှု လျင်မြန်ပါလိမ့်မည်။
ယိုယွင်းပျက်စီးခြင်း ဆိုကတည်းက ကောင်းကျိုးဟူ၍ မရှိပေ။ ရေထုနှင့် လေထုကို မြေထုမှတစ်ဆင့်
ဂဟေဆက်၍ ပြုပြင်ရမည်သာ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် သဘာဝပတ်ဝန်းကျင် အမှီသဟဲပြု၍
နေထိုင်ကြသော လူသားများသည် ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသော ကြောင့်ဖြစ်သည်။ ကမ္ဘာမြေကြီး
သာယာလှပရေးသည် လူသားတို့အပေါ်တွင် များစွာ မူတည်ပါသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများ၌ ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး သဘာဝဘေးဒဏ်ကို
ခံစားကြရသည်။ သဘာဝဘေးဒဏ် ကျရောက်ရခြင်းသည် သဘာဝပတ်ဝန်းကျင်၌ ယိုယွင်းမှုရှိ
နေသောကြာင့် ဖြစ်သည်။ အဓိအားဖြင့် ကမ္ဘာကြီးပူနွေး လာသကဲ့သို့ အပူဒဏ်ကို ခုခံကာကွယ်
ပေးနိုင်သော လေထုအလွှာတစ်ချို့ ပျက်စီးသောကြောင့် ဖြစ်သည်။ ထိုလေထုအလွှာသည် လူသားတို့အတွက်
အလွန်ပင် အရေးပါသော အိုဇုန်းအလွှာပင် ဖြစ်သည်။
အိုဇုန်းလွှာ
အိုဇုန်းလွှာ ဆိုသည်မှာ ကမ္ဘာ့လေထုထဲတွင် ရှိသော အလွှာတစ်လွှာ ဖြစ်ပြီး ထိုအလွှာထဲတွင်
အိုဇုန်းဓာတ်ငွေ့ စုစည်းမှု အများအပြား ပါဝင်သည်။ အိုဇုန်းလွှာသည် နေမှလာပြီး
ကမ္ဘာပေါ်ရှိ သက်ရှိတို့ကို ပျက်စီးစေနိုင်သော ခရမ်းလွန်ရောင်ခြည် များ၏ ၉၀
ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ ကို စုပ်ယူပေးလေ့ ရှိသည်။ အိုဇုန်းလွှာသည် စထရာတိုစဖီးယား
အလွှာ၏ အောက်ဘက်ပိုင်းတွင် တည်ရှိပြီး ကမ္ဘာ့မျက်နှာပြင် အထက် ၁၉ မိုင်မှ ၂၅ မိုင်
(၃၀ ကီလိုမီတာမှ ၄၀ ကီလိုမီတာ)ခန့် အကွာတွင် ရှိသည်။
အိုဇုန်းလွှာကို ၁၉၁၃ ခုနှစ်တွင် ပြင်သစ် ရူပဗေဒပညာရှင် ချားလ်စ်ဖာဘရီ နှင့်
အွန်နရီဘွီဆန် တို့က ရှာဖွေတွေ့ရှိခဲ့ပြီး အိုဇုန်းလွှာ၏ ဂုဏ်သတ္တိများကို ဗြိတိသျှ လေထုပညာရှင်
ဂျီအမ်ဘီဒေါ့ဘ်ဆန် က အသေးစိတ် လေ့လာ ခဲ့သည်။ ဒေါ့ဘ်ဆန် သည် စပက်ထရိုဖိုတိုမီတာ
သို့မဟုတ် ဒေါ့ဘ်ဆန်မီတာ ဟုခေါ်သော အိုဇုန်းလွှာကို မြေကြီးပေါ်မှ တိုင်းတာသည့်
ကိရိယာကို တီထွင်ဖန်တီးခဲ့သည်။ ၁၉၂၈ မှ ၁၉၅၈ ခုနှစ် အတွင်းတွင် ဒေါ့ဘ်ဆန် သည် ကမ္ဘာ
တစ်ဝန်းလုံးတွင် အိုဇုန်းလွှာ စောင့်ကြည့်သည့်
စတေရှင်များကို တည်ထောင်ခဲ့သည်။
အိုဇုန်းဓာတ်ငွေ့
အိုဇုန်းဓာတ်ငွေ့သည် အောက်ဆီဂျင် အက်တမ်သုံးလုံး ပါဝင်သော မော်လီကျူး ဖြစ်သည်။
အပြာရောင် ဖျော့ဖျော့ဖြစ်ပြီး အနံ့ပြင်းသဖြင့် ကမ္ဘာမြေပေါ်တွင် ရှိပါက လေထုညစ်ညမ်းမှုကို
ဖြစ်ပေါ်စေသည်။ အောက်ဆီဂျင် အက်တမ်များနှင့် မော်တော်ယာဉ်များ၊ စက်ရုံများမှ ထုတ်လွှတ်လိုက်သော
နိုက်ထရိုဂျင် တို့ ပေါင်းစပ်ပြီး စထရာတိုစဖီးယား အလွှာမှ အပူချိန် ကူညီပေးခြင်းကြောင့်
အိုဇုန်းဓာတ်ငွေ့ အဖြစ် ပြောင်းလဲ သွားကြသည်။ အိုဇုန်းလွှာ တည်ရှိခြင်းသည် လူသားတို့အတွက်
အန္တရာယ် ဖြစ်စေသော နေရောင်ခြည်မှ လာသည့် ခရမ်းလွန်ရောင်ခြည် (UVB) ကို ၉၅
ရာခိုင်နှုန်း၊ (UVB)ကို ၁၀၀ ရာခိုင်နှုန်း စုပ်ယူပေး ထားနိုင်ပေသည်။
အိုဇုန်းလွှာပျက်စီးခြင်း
အိုဇုန်းလွှာပါး၍ ပျက်စီးရခြင်းမှာ ကလိုရိုဖလူရိုကာဗွန် (CFCs)၊ ဖရီယွန်
(Freons) နှင့်ဟေလုံ (Halons)
ဒြပ်ပေါင်းများကြောင့် ဖြစ်ကြောင်း ၁၉၇၄ ခုနှစ်တွင် သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။
ယခုအခါ အသုံးများလာသော လေအေးပေးစက်၊ ရေခဲသေတ္တာ တို့မှ ကလိုရင်း၊ ဖလိုရင်း၊
ဘရိုမင်း စသောဓာတ်ငွေ့များ ပါသည့် ဒြပ်ပစ္စည်းများ သည်လည်း အိုဇုန်းလွှာကို ပျက်စီးစေသည်။
၁၉၇၀
ပြည့်နှစ် ဝန်းကျင်တွင် သိပ္ပံပညာရှင်များက အိုဇုန်းလွှာကို ပျက်စီးစေသည့် (CFCs) ကလိုရို ဖလူရိုကာဗွန်
ကို တွေ့ရှိ လာရသည်။ ထိုဓာတ်ငွေ့သည် ခြင်ဆေးဘူး၊ စပရေးဘူး၊ တီဗွီ၊ ကွန်ပျူတာများမှ
ထွက်ရှိနေသည်။ ထို (CFCs) မော်လီကျူး တစ်ခုသည် အိုဇုန်း မော်လီကျူးပေါင်း
တစ်သိန်းခန့်ကို ဖျက်ဆီးနိုင် ပေသည်။ ထို့ပြင် စက်ရုံ၊ အလုပ်ရုံများမှ ထွက်လာသော
ကာဗွန်ဒိုင် အောက်ဆိုက်၊ ပိုးသတ်ဆေး နှင့် ဓာတ်မြေသြဇာ တို့မှထွက်လာသော
နိုက်ထရိုဂျင် ဓာတ်ငွေ့ တို့သည်လည်း အိုဇုန်းလွှာကို ထိခိုက်ပျက်စီး စေသည်။
အိုဇုန်းလွှာ၏ အနိမ့်ဆုံးအထူမှာ ၂၀ ဒေါ့ဘ်ဆန်ယူနစ် ၂ ဒသမ ၂ မီလီမီတာ ဖြစ်ပြီး
ထိုပျမ်းမျှ အထူထက် လျော့နည်းလာခြင်းကို အိုဇုန်းလွှာ ပေါက်ခြင်း သို့မဟုတ်
ပျက်စီးခြင်းဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် သိပ္ပံပညာရှင်များက ပထမဆုံး
အိုဇုန်းလွှာ အပေါက်ကို အန္တာတိကတိုက် အပေါ်တွင် စတင်တွေ့ရှိ ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင်
၉၄ ဒေါ့ဘ်ဆန်ယူနစ် နှင့် ၂၀၁၆ ခုနှစ်တွင် ၁၂၄ ဒေါ့ဘ်ဆန်ယူနစ် သာရှိကြောင်း တွေ့ရှိခဲ့ကြသည်။
အိုဇုန်းလွှာပျက်စီးခြင်း၏ဆိုးကျိုးများ
အိုဇုန်းလွှာ
ပေါက်ပြဲခြင်းကြောင့် အာတိတ်နှင့် အန္တာတိကတိုက် သို့ နေရောင်ခြည် လွန်ကဲစွာ ကျရောက်ပြီး
ကြီးမားသော ရေခဲတုံးများ အရည်ပျော်၍ ပင်လယ်ရေထု ရေမျက်နှာပြင် မြင့်တက်လာရသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံကြီးများတွင် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်း ဖြစ်ပေါ်ခြင်း
စသော ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ထို့ပြင် အပူချိန် လွန်ကဲခြင်းကြောင့်
သစ်တော သစ်ပင်များ ပျက်စီးရပြီး သစ်တောပြုန်းတီးမှု များလည်း ဖြစ်ပေါ်လာရသည်။
အိုဇုန်းလွှာ ပေါက်ပြဲခြင်းကြောင့် အရေပြား ကင်ဆာရောဂါ၊ မျက်စိတိမ်စွဲ ရောဂါ၊
ကိုယ်ခံအား ကျဆင်းမှုရောဂါများ ဖြစ်စေနိုင်သည့် အပြင် သီးနှံအထွက်နှုန်း လျော့နည်းမှု၊
ဇီဝမျိုးစိတ်များ ပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးမှုအပြင်
ရုပ်ဝတ္ထုဆိုင်ရာ ပျက်စီးမှုများလည်း ဖြစ်လာနိုင်ပေသည်။ ခရမ်းလွန်ရောင်ခြည် ကျရောက်
မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူဦးရေ နှစ်သန်းမှ သုံးသန်းအထိ အရေပြားကင်ဆာ ဖြစ်ပွားလျက်
ရှိပြီး နှစ်စဉ်လူဦးရေ ၆၆၀၀၀ ခန့်သေဆုံးမှု ဖြစ်ပွာကြောင်း ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်
(UNEP) အစီရင်ခံစာ အရ သိရှိရပေသည်။
အိုဇုန်းလွှာထိန်းသိမ်းရေးနေ့
ယနေ့ ကမ္ဘောပ်ါတွင် ရာသီဥတုပြောင်းလဲမှု၊ အိုဇုန်းလွှာ ပျက်စီးမှုနှင့်
ယပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ဆိုင်ရာ အဓိကပြဿနာများ ကြုံတွေ့နေရသည်။
အိုဇုန်းလွှာသည် ဘေးအန္တရာယ် ရှိသော ခရမ်းလွန် ရောင်ခြည်လှိုင်းများ ကမ္ဘာမြေပြင်ပေါ် သို့မကျရောက်
စေရန် စုပ်ယူပေးသည့် အတွက်မရှိမဖြစ် လိုအပ်သည်။ အိုဇုန်းလွှာ ထိန်းသိမ်းနိုင်ရန် အတွက်
အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်များကို ကုလသမဂ္ဂမှ ဦးဆောင်ပြဋ္ဌာန်း ခဲ့သည်။ ၁၉၈၅- ခုနှစ်
အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း ၁၉၈၇- ခုနှစ် စက်တင်ဘာ ၁၆
တွင်အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ ဆိုင်ရာ မွန်ထရီအိုလ် နောက်ဆက်တွဲ စာချုပ်နှင့်
ပြင်ဆင်ချက် စာချုပ်များအဖြစ် လန်ဒန် ပြင်ဆင်ချက်၊ ကိုပင်ဟေဂင် ပြင်ဆင်ချက်၊
မွန်ထရီအိုလ် ပြင်ဆင်ချက်နှင့် ပေကျင်း ပြင်ဆင်ချက်များတွင် မြန်မာနိုင်ငံ
အနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်၍ ကမ္ဘာ့နိုင်ငံများဖြင့် ပူးပေါင်း ဆောင်ရွက်လျက်
ရှိသည်။ မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၇- နိုင်ငံလုံး
ပါဝင် လက်မှတ်ရေးထိုး ခဲ့ပြီး ဆောင်ရွက်မှု ရလဒ်အနေဖြင့် CFC သုံးစွဲမှုတန်ပေါင်း
၁.၁သန်းမှ စတင်လျော့ချခဲ့ရာ၂၀၁၀ ပြည့်နှစ်တွင် သုံးစွဲမှုအား လုံးဝရပ်ဆိုင်း နိုင်ခဲ့သောကြောင့်
၎င်းစာချုပ်ကို အသိအမှတ်ပြုသည့် အနေဖြင့် စာချုပ်ချုပ်ဆို ခဲ့သော စက်တင်ဘာလ ၁၆ ရက်နေ့ကို
ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အဖြစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံက သတ်မှတ်ခဲ့ပြီး
နှစ်စဉ် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့နိုင်ငံ များတွင် အခမ်းအနားများ
ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်
လှုတ်ရှားမှုများကို ၁၉၉၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပ နိုင်ခဲ့သည်။
အိုဇုန်းလွှာထိန်းသိမ်းရေးဆောင်ရွက်ချက်များ
မြန်မာနိုင်ငံသည် အိုဇုန်းလွှာ ပျက်စီးစေသော အဓိက ဒြပ်ပစ္စည်းဖြစ်သည့် ကလိုရို ဖလူရိုကာဗွန် (CFCs)
ထုတ်လုပ် အသုံးပြုမှုကို ၂၀၁၀ ပြည့်နှစ် ကပင် ရပ်ဆိုင်းခဲ့ပြီး
ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFCs) များ အသုံးပြုမှုကို
၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ် ရပ်ဆိုင်းနိုင်ရန် ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက် ကန့်သတ်
ပမာဏအတိုင်း ခွဲတမ်း စနစ်ဖြင့်သာ တင်သွင်းခွင့်ပြု လျက်ရှိသည်။ မွန်ထရီရယ်
နောက်ဆက်တွဲ စာချုပ်အရ ကမ္ဘာ့နိုင်ငံ အားလုံး၏ အိုဇုန်းလွှာ ကာကွယ်ရေး ကြိုးပမ်းမှု များကြောင့်
၁၉၉၀ မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကာဗွန်ဒိုင် အောက်ဆိုက် ၃၅ ဘီလီယံတန် ခန့်နှင့် ညီမျှသည့် အိုဇုန်းလွှာကို ပျက်စီးစေသော
ဓာတ်ငွေ့များ လေထုအတွင်း ထုတ်လွှတ်မှုကို တားဆီးပေး နိုင်ခဲ့ခြင်းဖြင့် ရာသီဥတု
ပြောင်းလဲမှု တိုက်ဖျက်ရေးကို ပံ့ပိုးပေး နိုင်ခဲ့သည်။
ယခုအခါ အိုဇုန်းလွှာကို ပျက်စီးစေသော အအေးပေး ဒြပ်ပစ္စည်းများအား အစားထိုး အသုံးပြုနေသည့်
ဟိုက်ဒရို ဖလူရိုကာဗွန် ( CFCs)
များသည် အင်အားကြီးသော မှန်လုံအိမ် အာနိသင်ရှိသည့် (Greenhouse
Gas-GHGs) ဓာတ်ငွေ့များ ဖြစ်ကြောင်း တွေ့ရှိချက်များ အရ (HFCs)
များ ထုတ်လုပ်မှု၊ သုံးစွဲမှုတို့ကို လျှော့ချနိုင်ရန် မွန်ထရီရယ် နောက်ဆက်တွဲ စာချုပ်အဖွဲ့ဝင် နိုင်ငံများ၏
(၂၈) ကြိမ်မြောက် အစည်းအဝေးတွင် ကီဂါလီ ပြင်ဆင်ချက်ကို ချမှတ်ခဲ့ကြပြီး (HFCs)
များ ထုတ်လုပ် သုံးစွဲမှုကို ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် ၂၀၁၉
ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့မှစ၍
လည်းကောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ၂၀၁၉ ခုနှစ်မှစ၍ လည်းကောင်း
လျှော့ချခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှု ကာကွယ်ထိန်းချုပ်ခြင်း နှင့်အတူ ရာသီဥတု ပြောင်းလဲမှု
လျှော့ချခြင်းကိုပါ တစ်ကမ္ဘာလုံး၏
ပူးပေါင်းမှုဖြင့် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက် ရှိပေသည်။
မွန်ထရီရယ် နောက်ဆက်တွဲ သဘောတူစာချုပ်ကို အဆင့်ဆင့်ြ ပင်ဆင်လာခဲ့ရာ ပဉ္စမ ပြင်ဆင်ချက်ဖြစ်သည့်
ကီဂါလီ ပြင်ဆင်ချက်သည် အားကောင်းသော မှန်လုံအိမ် အာနိသင်ရှိသည့် ဓာတ်ငွေ့များ ဖြစ်သည့်
ဟိုက်ဒရို ဖလူရိုကာဗွန် (HFCs)
အမျိုးအစား အအေးပေး ဒြပ်ပစ္စည်းများ သုံးစွဲမှုကို လျှော့ချခြင်းဖြင့်
ရာသီဥတု ပြောင်းလဲမှုကို လျှော့ချနိုင်သဖြင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့်
ပြင်းထန် သဘာဝ ဘေးအန္တရာယ်များ လျော့နည်းစေ ပါသည်။ ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်း
လုပ်ငန်းစဉ် ဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့်
လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် (Nationally
Determined Contributions – NDC) အတွက် အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများကို
ရရှိစေမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသည် အခြားသော ကမ္ဘာ့နိုင်ငံများ နည်းတူ အဆိုပါ
ပြင်ဆင်ချက်သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၃
ခုနှစ်အထိ ကီဂါလီ ပြင်ဆင်ချက်သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်သည့် နိုင်ငံပေါင်း ၁၅၂
နိုင်ငံ ရှိပြီဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုကိုရပ်တန့်ဖို့
အိုဇုန်းလွှာကိုကာကွယ်စို့
ယနေ့ ကမ္ဘာပေါ်တွင်
ရာသီဥတု ပြောင်းလဲမှု အခြေအနေသည် အလွန်ဆိုးရွားသော အခြေအနေတစ်ရပ် ဖြစ်နေ ပေသည်။
မိုးရွာသွန်းမှု မမှန်ခြင်း၊ ရေကြီးခြင်း၊ ပင်လယ် ရေမျက်နှာပြင် မြင့်တက် လာခြင်းကြောင့်
စိုက်ပျိုးမြေ၊ မြို့ပြဧရိယာများ ဆုံးရှုံးခြင်း၊ ဂေဟစနစ်များ
ပျက်စီးဆုံးရှုံးခြင်း၊ မြေပြိုခြင်းများ ဖြစ်လာပြီး မမျှော်မှန်းနိုင်သည့် သဘာဝ ဘေးအန္တရာယ်များ
ဖြစ်ပေါ်လျက် ရှိသည်။ ဤဖြစ်ရပ်များသည် အိုဇုန်းလွှာ ပျက်စီးမှုနှင့်လည်း သက်ဆိုင်ပါသည်။
လူသားတို့ သတိမမူဘဲ ပြုလုပ်လိုက်သည့် အပြုအမူများကြောင့် လူသားတို့အား အကျိုးပြုနေသော
သဘာဝ လက်ဆောင်များ ပျက်စီးရခြင်း ဖြစ်ပေသည်။
အနာဂတ်တွင် သာယာလှပ သော ကမ္ဘာမြေကို ပိုင်ဆိုင်နိုင်ရန်အတွက် ရာသီဥတု ပြောင်းလဲမှုကို
ရပ်တန့်နိုင်ရန် အိုဇုန်းလွှာကို ကာကွယ်ကြ ရမည်ဖြစ်သည်။ မလိုအပ်ဘဲ ဇိမ်ခံ လေအေးပေးစက်များ
အသုံးပြုခြင်းကို ရှောင်ကြဉ်ကြ ရမည်။ ကာဗွန်ဒိုင် အောက်ဆိုက် နှင့် မီသိန်း ဓာတ်ငွေ့သည်
ကမ္ဘာ့အိုဇုန်းလွှာ ကိုပါးလွှာမှု မြင့်မား စေနိုင်သည့် အလားအလာ ရှိနေသည်။ ထို့ကြောင့်
ခရီးအနီးအဝေးပေါ် မူတည်၍ မော်တော်ယာဉ်များ အသုံးပြုခြင်းကို လျော့ချကြရမည် ဖြစ်သည်။
စားသောက်ကုန်များ ထုတ်လုပ်ရာမှ ထွက်ပေါ်လာသော နိုက်ထရစ် အောက်ဆိုက်သည် ဖန်လုံအိမ် ဓာတ်ငွေ့အပြင်
အိုဇုန်းလွှာ ပါးလွှာလာမှု ဖြစ်ပေါ် စေသည့် ဓာတ်ငွေ့လည်း ဖြစ်သည်။ ဤအချက်ကိုလည်း စီးပွားရေး
လုပ်ငန်းရှင်များနှင့် ပြည်သူများက သိရှိပြီး လိုအပ်သော ပြုပြင်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။
ကမ္ဘာကြီးပူနွေး လာမှုကို လျော့ချပြီး ရာသီဥတု ပြောင်းလဲမှုများကို ရပ်တန့်နိုင်ရန် အတွက်
အိုဇုန်းလွှာပျက်စီးမှု ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြ
ပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။
ကိုယ်တိုင်ရေးစာမူဖြစ်ပါသည်။
နုခန့်ယဉ်(ရစ်ကန်ကြီး)
ဓာတ်ပုံ = အင်တာနက်
No comments:
Post a Comment