Sunday, October 13, 2024

အစာအိမ်၊အူလမ်းကြောင်းနှင့်အကိုက်အခဲဆေး

 



အစာအိမ်၊အူလမ်းကြောင်းနှင့်အကိုက်အခဲဆေး

(PU & NSAID)‌

ဒေါက်တာလွင်သန့်

   အကိုက်အခဲ ပျောက်ဆေး တွေမှာ ဘေးထွက်ဆိုးကျိုး တွေရှိပါတယ်။ အကိုက်အခဲ ပျောက်ဆေး (NSAID, Non steroidal Anti-inflammatory Drug) တွေက ကမ္ဘာပေါ်မှာ အသုံးများတဲ့ ဆေးဖြစ်တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်တဲ့ အမေရိကန် မှာတောင် လူဦးရေရဲ့ ၅.၄ ရာခိုင်နှုန်းက အကိုက်အခဲ ပျောက်ဆေး တစ်မျိုးမျိုးကို သောက်သုံးနေကြပြီး လူ (၁၀၀၀၀-၂၀၀၀၀) အထိ အကိုက်အခဲ ပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကြောင့် နှစ်စဉ်သေဆုံး နေကြရပါတယ်။


    အကိုက်အခဲ ပျောက်ဆေးကို ယေဘူယျအားဖြင့် အုပ်စု(၂)စု ခွဲခြားနိုင်ပါတယ်။ (၁)အရင်က စတင်ထွက်ရှိတဲ့ အကိုက်အခဲ ပျောက်ဆေး၊ (Traditional NSAIDS)များ ဖြစ်တဲ့ နာပလောက်ဆင် (Naproxen) အိုင်ဗျူပလိုဖန် (Ibuprofen) ဒိုင်ကလိုဖန်နေ့ (Didefence) တို့ဖြစ်ပြီး (၂)ယခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ အကိုက်အခဲ ပျောက်ဆေး ကတော့ ရွေးချယ်ထားတဲ့ အကိုက်အခဲ ပျောက်ဆေး(Selective Cox_Z inhibitor) တွေထဲက ဆီလီကော့ဆစ် (Celecoxib) ဆီလီစတေး (Celestial) ရိုဖီကော့ဇစ် (Rofecoxib) ဆေးတွေ ပါဝင်ပါတယ်။

     အကိုက်အခဲ ဆေးတွေ သောက်သုံးတာကြောင့် ရနိုင်တဲ့ ဆေးရဲ့အာနိသင် ကောင်းကျိုးတွေက နာကျင်ကိုက်ခဲတာ ဖြစ်တဲ့ ခေါင်းကိုက်တာ၊ သွားတိုက်တာ၊ ခွဲစိတ်ပြီး၊နောက် နာကျင်တာ၊ ကင်ဆာရောဂါ ကြောင့် ကိုက်ခဲတာတွေ အပေါ်မှာ နာကျင်တာတွေ သက်သာစေ ပါတယ်။ အဖျားကျ စေပါတယ်။ အရောင် ကျစေပါတယ်။ အကိုက်အခဲ ပျောက်ဆေးအချို့က သွေးကျဲစေတဲ့ အာနိသင် ရှိတာကြောင့် အကြောရောင်တာ၊ အဆစ်အမျက် ရောင်တာ၊ အရိုးနဲ့ကြွက်သား ရောဂါအမျိုးမျိုး၊ ဓမ္မတာလာစဉ်မှာ ဖြစ်တဲ့ ကိုက်ခဲနာကျင်တာနဲ့ နှလုံးနဲ့ ပက်သက်တဲ့ ရောဂါအချို့မှာလည်း အသုံးပြုကြ ပါတယ်။

   အကိုက်အခဲ ပျောက်ဆေးတွေကို သောက်သုံးမယ် ဆိုရင် ကောင်းကျိုး ရနိုင်သလို ဘေးထွက် ဆိုးကျိုးလည်း ရှိပါတယ်။ အဲဒါတွေက အစာအိမ်အနာ ဖြစ်တာ၊ အစာအိမ် သွေးကြောပေါက်တာ၊ အစာအိမ်နဲ့ အူသိမ်ပေါက်တာ၊ အူမကြီး အနာဖြစ်တာ၊ ပေါက်တာ၊ အစာရေမြိုပြွန် ရောင်တာ၊ ကျောက်ကပ်က သွေးရရှိတာ နည်းပါးရင် ကျောက်ကပ် ပျက်စီးတာ၊ ဦးနှောက် သွေးယိုစိမ့်မှု ဖြစ်စေတာ၊ အချို့တွေမှာ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရတာ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ မိခင်သာမက၊ သန္ဓေသားနဲ့ ကလေးငယ်ကို အန္တရာယ်ဖြစ်‌လာ စေတဲ့ဆိုးကျိုးတွေ ကိုဖြစ်စေ ပါတယ်။

     အကိုက်အခဲဆေး သောက်လို့ ဘေးထွက်ဆိုးကျိုး မဖြစ်အောင် အကိုက်အခဲ ပျောက်ဆေး သောက်တဲ့အခါမှာ ဆေးရုံဆေးခန်း ဆရာဝန်နဲ့မပြဘဲ ကိုယ်သဘောနဲ့ နီးစပ်ရာ ဆေးဆိုင်တွေမှာ ဝယ်ယူသောက်သုံး နေတာမျိုး မလုပ်သင့်ပါဘူး။ ငွေကုန်ကြေးကျ သက်သာပေမယ့် ရေရှည်မှာ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန် လမ်းညွှန်ချက်၊ ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။ မလိုအပ်ဘဲ အကိုက်အခဲ ပျောက်ဆေးတွေကို ပဲလှော်ဝါးသလို သောက်နေတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဆရာဝန် ညွှန်ကြားတဲ့ အခါမှာလည်း လိုအပ်သလောက် ကိုသာ ညွှန်ကြားချက် အတိုင်း သောက်သုံးသင့် ပါတယ်။ ရေရှည်စွဲသောက် တာမျိုးကို ရှောင်သင့်ပါတယ်။ အချိန်တိုတိုနဲ့ ဆေးရပ်သင့်ပါတယ်။ အသက်အရွယ် ကြီးရင့်သူ အကိုက်ခဲ ပျောက်ဆေးတွေ သောက်သုံးတာကို အထူးဂရုပြုသင့် ပါတယ်။ အပြင်ကနေ စပ်ဆေးတွေမှာ အထူးသဖြင့် စတီးရွှိုက်(steroid) ပါတဲ့ဆေးတွေနဲ့ အကိုက်အခဲ ပျောက်ဆေးတွေ ပေါင်းစပ်ပြီး သုံးစွဲတာကို ရှောင်သင့်ပါတယ်။ အစာအိမ်သွေးယိုစိမ့်တတ် ပါတယ်။

   အစာအိမ် သွေးယိုစိမ့်တဲ့ လက္ခဏာတွေက ကော်ဖီရောင် အန်တာ ဝမ်းမည်းမည်း သွားတာ၊ ရုတ်တရက် သွေးပေါင် ထိုးကျတာ စတာတွေ ရှိမရှိသေချာ ဂရုစိုက်သင့် ပါတယ်။ ချွေးအလွန်ထွက်ပြီး ခြေဖျားလက်ဖျားတွေ အေးတာ၊ နှလုံးအရမ်း ခုန်မြန်ပြီး သွေးပေါင်ချိန်ကျတာ၊ သတိလစ် သွေးဆိပ်တတ်ခြင်း (shock)ဖြစ်တာ၊ အချို့ ပါရာစီတမော ၁၀ လုံး ၂၀ လုံးသောက်ပြီး သတိလစ်တာ၊ သေကြောင်း ကြံစည်တဲ့ အဖြစ်မျိုးဖြစ်ခြင်း (Cace)မျိုးလဲ တွေ့ဖူးပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်လို့ ဆေးသောက် သေချင်ရင်၊ အနီးအနားမှာ ဝယ်ရ၊ရှာရ လွယ်ကူတဲ့ အကိုက်အခဲ ပျောက်ဆေး ပါရာစီတမော (Paracetamol) စားဆေးက အရန်သင့် ရှိနေတတ်လို့ ဆယ်ကျော်သက်တွေ၊ အိုကြီးအိုမ တွေ၊ ကလေးတွေ လက်လမ်းမမှီတဲ့ နေရာမှာ ဆေးဘီဒိုထဲမှာ သော့ခတ် သိမ်းဆည်းထားသင့် ပါတယ်။

     အကိုက်အခဲ ပျောက်ဆေးကို ရေရှည် သောက်သုံးမယ် သူတွေအနေနဲ့ အစာအိမ်ရောဂါ ရှိ၊မရှိ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါ ရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အကိုက်အခဲ ပျောက်ဆေး သောက်သုံးသင့် ပါတယ်။ စတီးရွှိုက် (steroids) ဆေးတွေ သွေးကျဲဆေး (Asprin)တွေနဲ့ အကိုက်အခဲ ပျောက်ဆေး တွဲသောက် နေသူတွေအနေနဲ့ ဆရာဝန်ကို ပြောပြသတိပေးဖို့ လိုအပ်ပါတယ်။

     အကိုက်အခဲ ပျောက်ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ ခံစားရရင် အစာအိမ် သွေးယိုစိမ့်မှု လက္ခဏာ ဖြစ်တတ်တယ်။ သိတာနဲ့ ချက်ချင်း နီးစပ်ရာ ဆေးရုံဆေးခန်း တွေကိုအမြန်ဆုံး သွားရောက်ပြသသင့် ပါတယ်။ အစာစားပြီးမှ အကိုက်အခဲ ပျောက်ဆေး သောက်တာနဲ့ အစာကြေဆေး (Antacid)တွေ ဖြစ်တဲ့ ဂျဲမက်၊ ဆိုဒါမစ်(Gelmag, sodamit) စကာတွေက အကိုက်အခဲ ပျောက်ဆေး ကြောင့်ဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေကို မကာကွယ်နိုင် သလို မကုသနိုင်ပါဘူး။ အစာအိမ် အက်ဆစ်နဲ့ ဆေးတွေကသာ အကိုက်အခဲ ပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး ကြောင့်ဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။ အစာအိမ် အက်ဆစ် ထိန်းဆေးတွေနဲ့ တွဲဖက်ပေးရမှာ ဆိုတော့ အက်ဆစ်ထိန်းဆေး တွေရှိပါတယ်။ ပရိုတွန်စုပ် ယူမှုဆန့်ကျင် ဆေးဝါးများဖြစ်တဲ့ အိုမီပရာဇိုး (omeprazole)၊ ပင်ကိုပရာဇော (Pantoprazole )၊ လင်ဇိုပါရာဇော (Lanzoprazole)၊ ရာဘီပါရာ ဇော (Robeprazole) အီဆိုမီပါရာကို (Esomeprazole) ဆေးဝါးများ ပါဝင်တယ်။ အိပ်ချတူး လက်ခံ ဆန့်ကျင်ဆေး (H2 Receptor Blocker) ထဲက ရင်နယ်သဒင်း (Renitidine ) စီမီသဒင်း (Cemitidine) ဖြူမိုတီဒင်း (Fumotidine) ဆေးဝါးတွေ ပါဝင်တယ်။ (၃) ပရိုစတာဂလန်ဒင် ဆန့်ကျင်ဆေး (Prostaglandin inhibitors) အုပ်စုဝင် မီဆိုပရာစတော (misoprastol)တွေ ဖြစ်ပါတယ်။

      အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ထိခိုက်မှုဖြစ်ပြီးသား တွေကိုတော့ အဆိုပါဆေးတွေက ကာကွယ်ကုသ နိုင်မှုမရှိပါဘူး။ အကိုက်အခဲ ပျောက်ဆေး တွေကြောင့်ဖြစ်တဲ့ အူသိမ်၊ အူမကြီး ဘေးထွက်ဆိုးကျိုး တွေအတွက် တတ်သိနာလည်တဲ့ ဆရာဝန်ဆွေနဲ့ သီးသန့်တိုင်ပင် ဆွေးနွေးဖို့ လိုပါတယ်။

      အစာအိမ်ရောဂါ ဆိုတာ အစာအိမ်ကနေ အက်ဆစ်ဓာတ် အထွက်များတာများ ရှိသလို အစာခံတာများလို ဖြစ်တဲ့ အစာအိမ်အနာ၊ အစာအိမ်ရောင်ရမ်း တာပဲဖြစ်တယ်။ နုဂိုရှိပြီးသား အစာအိမ် ရောဂါရှင်တွေက အစာအိမ်နာ သက်သာစေဖို့ အတွက် အိုမီပါရာဇော၊ လင်ဆိုပါရာဇော၊ အီဆိုပါရာဇော၊ ရာဘီပါရာဇော စတဲ့ ပရိုတွန်စုပ်ယူ ဆန့်ကျင်ဆေး (Proton pump inhibitors) မှာအင်တဆစ် (Antacid)များ ဖြစ်တဲ့ အင်တာဆစ်ပလပ် (Antacid plus) ဂျဲမက်(Gelmeg) ဆိုဒါမစ်(Sodamit) ဆေးများ၊ အိပ်ပိုင်လိုရီပိုး (H.pylori) ပိုးအတွက် သောက်ရတဲ့ အမောက်ဆလင် (Amoxillin 500 Mg BD) ရင်နသဒင်း (Raritidine 150 Mg BD) မက်ထရို (Metronidazole 200 mgtds) အင်တာဆစ် (Antacid plue BD) ကို (၂_၄)ပတ်ကြာ ဆွဲပြီး သောက်ရင် ကောင်းမွန်စေ ပါတယ်။ အိပ်ခ်ချပိုင်လိုရီ (H.pylori)က ,ပြန်ပြန် ဖြစ်တတ်လို့ အိပ်ခ်ချပိုင်လိုရီ ကုသဆေးတွေကို တစ်ပတ်နာပြီး၊ နောက်(၂)ပတ် (သို့) (၄)ပတ် ဆက်သောက်ဖို့ လိုပါတယ်။ အစာအိမ်ရောဂါ ဆေးကုသမှု ခံယူသူတွေ ကတော့ အကိုက်အခဲ ပျောက်ဆေး လက်လွတ်စပယ် သောက်သုံးခြင်း မပြုသင့်ပါဘူး။ အကိုက်အခဲဆေးကို အစာအိမ်ဆေးနဲ့ ရောပြီး (သို့) အစာတစ်ခု စားပြီး (၅-၁၀)မိနစ်ကြာ မှာ သောက်သင့် ပါတယ်။ သိပ်ပြင်းတဲ့ အကိုက်အခဲ ပျောက်ဆေးတွေက အစာအိမ် ကြွက်သား လှုပ်ရှားမှုပိုများပြီး အက်ဆစ်ပိုထွက် စေလို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက်သင့် ပါတယ်။

     အကိုက်အခဲ ပျောက်ဆေးတွေက သောက်ဆေးတွေ သာမကဘဲ အသားထိုးဆေး၊ အကြောထိုးဆေး၊ စအိုတွင်းထည့် ဆေးတောင့် စတာတွေလည်း ရှိပါတယ်။ ဒါတွေ အကုန်လုံးက အစာအိမ်နဲ့ အူလမ်းကြောင်း အတွက် ဆိုးကျိုး‌တွေ ဖြစ်‌စေနိုင်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး သောက်မယ့်အစား ၊ ဆေးလိမ်းတာ၊ အပူပေးတာ၊ အနီအောက် ရောင်ခြည်ပေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ပါရာစီတမော (Paracetamol) သောက်တာနဲ့ အခြား နည်းလမ်းတွေကို အသုံးပြုပြီး နာကျင်ကိုက်ခဲမှု တွေကို သက်သာအောင် ပြုလုပ်လို့ ရပါတယ်။ အစာအိမ်ဒုက္ခ မပေးတာ ရွေးသင့်ပါတယ်။။ 

ဓာတ်ပုံ = အင်တာနက်

 

 


No comments: