Monday, February 16, 2009

လိုအင်လေး ပြည့်စုံစေ

ကုန်မြန်တဲ့ ရန်ကုန်ဆောင်း ရယ်ပဲလား။ ဒါမှမဟုတ် ကိုယ့်အတွက် ဆောင်းဆိုတဲ့ အရသာကို မခံစားလိုက်ရတာပဲလား။ ဆောင်းတွင်းသာ ကုန်သွားတယ် အနွေးထည်တွေ တကူးတက ထုတ်မ၀တ် လိုက်ရပါဘူး။ ပုံမှန် မနက် ၆ နာရီ အိပ်ယာထတာနဲ့ ရေချိုးခန်းဝင် ရေချိုးနေကျမို့ အေးရင်တောင်မှ စောစောရေချိုးလို့ အေးတာပဲဆိုပြီး စိတ်ထဲဒီအတိုင်းပဲ တွေးမိပါတယ်။ ခပ်လွင်လွင်လေးနဲ့ ဖုန်တွေသယ်လာတဲ့ လေကိုရှူရှိုက်မိတော့ အော် .. နွေကိုတောင် ကူးနေပါလားလို့ နွေရနံ့ သင်းသင်းလေးကို ခံစားရင်း သူငယ်ချင်းတစ်ယောက် ချိန်းထားတဲ့ ဘူဖေးဆိုင်ကို ထွက်လာခဲ့တယ်။ တနင်္ဂနွေနေ့မို့ ကားရပ်ဖို့ နေရာမရတတ်ပါဘူး။ လွတ်တဲ့နေရာမှာ ရပ်ရတာမို့ ဆိုင်နဲ့ အလှမ်းဝေးပါသေးတယ်။ သိမ်ကြီးဈေးရဲ့ စတုဂံ ခုံးကျော်တံတားဘေးနား ကားကပ်ရပ်ပြီး ဆိုင်ဘက်ကို အေးအေးလူလူ လမ်းလျှောက် လာလိုက်တယ်။

နိုင်ငံခြားသင်္ဘောလိုင်းမှာ အင်ဂျင်နီယာပညာနဲ့ သင်္ဘောလိုက်နေတဲ့ သူငယ်ချင်းနဲ့ မတွေ့ဖြစ်တာ ၂ နှစ်ကျော်ခဲ့ပါပြီ။ ကျွန်တော့်လို ကော်မစွံသေးတဲ့ လူပျိုသိုးပါပဲ။ ဘူဖေးဆိုင်ရှေ့မှာ စီးကရက်ခဲပြီး ကြိုစောင့်နေတဲ့ သူငယ်ချင်းကိုတွေ့တော့ နေလောင်တယ်လို့ ထင်ရတဲ့ အသားအရည်နဲ့ ကြည့်လို့တော့ ကောင်းပါတယ်။ ကျားကျားလျားလျား သင်္ဘောသားကြီးနဲ့တော့ လိုက်ဖက်ပါတယ်။ အလာပ သလာပပြောပြီး ဆိုင်ထဲ ၀င်ဖြစ်တယ်။ ကိုယ်ယူကိုယ်ရ ဘူဖေးထုံးစံအတိုင်း ရောက်တာနဲ့ စတီးပုံစံခွက်ကို လှမ်းယူတယ်။ ကုန်နိုင်သလောက်လေး ထမင်းထည့်တယ်။ ဟင်းကောင်တာ ဖက်ရောက်တော့ ကျွန်တော့်ဝသီအတိုင်း အသားတွေ ငါးတွေထက် ပဲကြီးနှပ်ချက်ကို လက်ငြိုးထိုးတယ်။ ပဲပြားနဲ့ ပဲပင်ပေါက်ကြော်ကို ပြတယ်။ နောက် ပြောင်းဖူးကြော်ကို တောင်းတယ်။ လုံလောက်ပါပြီ။ သူငယ်ချင်းက သက်သတ်လွတ်လား မေးတော့ မဟုတ်ဘူး ဒီလိုပဲ စားတတ်လို့ပါလို့ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်တယ်။ လူတော်တော် များများ အများအားဖြင့်တော့ အပြင်ထွက် ထမင်းစားကြရင် ကောင်းပေ့ ညွှန့်ပေ့ ဆိုတဲ့ ပုဇွန်ချက်တို့၊ ငါးခူကြော်ဆီပြန်တို့၊ ကြက်သဲကြက်မြစ်တို့၊ ဆိတ်သား ဆတ်သားတွေ စားကြတာပါ။ အိမ်မှာ တကူးတက မချက်စားဖြစ်တဲ့ ဟင်းတွေကို ဒီလိုနေရာမှာ ကော့တက်နေတဲ့ ထမင်းနဲ့ ဇိမ်ရှိရှိ လွေးကြတာပါ။ ကျွန်တော်ကတော့ အသီးအရွက်ပြုတ်သုပ်နဲ့တင် တင်းတိမ်နိုင်၊ စားနေကျမို့ သားကြီး ငါးကြီးတွေ မစားဖြစ်ပါဘူး။ လူထူး လူဆန်းမဟုတ်ပေမယ့် သူများအိမ် ဧည့်သည်သွားလုပ်ရင် အလုပ်ရှုပ် စေတတ်တာကိုတော့ အားနာမိပါတယ်။ ကိုယ့်အတ္တလေးကို တခါတလေလည်း ခဏလောက်ဖြစ်ဖြစ်တော့ လျော့ပေးမိချင်ပါရဲ့။

ပုံစံခွက်နဲ့ အစားအသောက်တွေ ထည့်စားနေရင်းနဲ့ မန်းလေးမှာ ကျောင်းတက်တုန်းက အဆောင်ကျောင်းသား ဘ၀ကို ပြုန်းစားပဲ ပြန်အမှတ်ရမိတယ်။ အဆောင်ရောက်စ အဆောင်နေထိုင်ခွင့် ပုံစံတွေဖြည့်တော့ အစားအသောက်စာရင်းမှာ အမဲမစား၊ ၀က်မစား လို့ပဲ ရေးရမှာ ဖြစ်ပေမယ့် မှတ်ချက်ကွက်မှာ ငါး/ငါးခြောက် မစားလို့ အတွန့်တက်ခဲ့တယ်။ အခန်းဖော် ပင်းဒယသားက ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံမစားတဲ့။ နောက် အင်းသားဘော်ဒါက ခြေနှစ်ချောင်းသား မရှောင်လို့ ကွန့်တယ်။ တောင်ကြီးသား တရုတ်ကတော့ အကုန်စား(မနဲစေနဲ့) ဆိုပြီးတင်ခဲ့တယ်။ ဒီတော့ ထမင်းစားဆောင် လေးယောက်စား စားပွဲတစ်လုံးမှာ ကျွန်တော်တို့ လေးယောက်အတူတူ ကျတယ်။ ထမင်းစား စားပွဲဘေးမှာ စာလေးတစ်ကြောင်း ရေးပြီးကပ်ထားတယ်။ လူထူးလူဆန်း ကျောင်းသား လေးယောက် ဆိုပြီးတော့ပါ။ ထပ်ထားတဲ့ ပုံစံခွက်လေးခွက်ကို အုပ်ထားတဲ့ ထမင်းအုပ်ကို ဖွင့်ကြည့်လိုက်ရင် အမြဲပဲ ကျွန်တော်တို့ လေးယောက်အတွက် ဟင်းက ဘရာကျော်ကို ခရမ်းချဉ်သီး များများနဲ့ ချက်ထားတဲ့ ဟင်းပဲ အမြဲရတယ်။ တစ်ခါပဲ စားဖြစ်ခဲ့ပါတယ်။ အရသာပျက်နေတဲ့ ဘရာကျော်ဟင်းနဲ့ ကာလာတက်ပြီး မာကလောင်နေတဲ့ ထမင်းကို မ၀ါးနိုင် ခဲ့လို့ပါ။ ကင်တင်းက ထမင်း ၂ ထုပ်ဝယ်တယ်။ အိမ်ကထည့်ပေးလိုက်တဲ့ အကြော်အလှော်နဲ့ပဲ စခန်းသွားဖြစ်တယ်။ ငြီးငွေ့လာရင် ကင်တင်းက ကုလားမလေးဆိုင်မှာ အ၀စားလိုက်တယ်။ အပြောင်းအလဲလေးလည်း ဖြစ်အောင်ပါ။

အသားဟင်းတွေ ထည့်မစားဘဲ သက်သတ်လွတ်စားနေတဲ့ ကျွန်တော့်ကို ဟင်းကောင်တာက မမလေး တွေက စာနာစိတ်နဲ့ သရက်ချဉ်သုပ်နဲ့ မြင်းခွာရွက်သုပ် အပိုဆု လာချပေးသေးတယ်။ နောက်ပြီး ပြောပါသေးတယ်။ ကျွန်မတို့ဆိုင်က အသားငါးဟင်းတွေကို လတ်ဆတ်တဲ့ ပစ္စည်းတွေနဲ့ အရသာရှိအောင် ကျွမ်းကျင်တဲ့ စားဖိုမှူးကြီးတွေ ကိုယ်တိုင် ချက်ပြုတ်ထားတာကြောင့် စိတ်ချစွာနဲ့ စားသောက်နိုင်ပါကြောင်း ချိုသာတဲ့ အသံနဲ့ မေတ္တာရပ်ခံနေတာကြောင့် အရမ်းပဲ အားနာမိ ပါတယ်။ အကျိုးအကြောင်းပြောပြီး တောင်းပန်လိုက်ပေမယ့် ဆိုင်ကောင်တာက မမလေးရဲ့ စေတနာနဲ့ ၀က်သားအချိုချက် တစ်ပွဲ ဖရီးကစ် ထပ်စားလိုက်ရတယ်။ ဒါကို သူငယ်ချင်းက သိပ်ကြည်ချင်ပုံမရဘဲ ဘေးကနေ စကားနာ ထိုးနေပါတော့တယ်။ ဒါနဲ့ သူနိုင်ငံခြားက ပြန်လာတာ ဘာလက်ဆောင်မှ ပါမလာလို့ လိုချင်တာ တစ်ခုခု ပြောရင် ၀ယ်ပေးမယ့်အကြောင်း စကားကမ်းလာပါတယ်။ ကိုယ်ကလည်း ကလေးမဟုတ် နောက်ပြီး ရန်ကုန်က လက်ဆောင်ပစ္စည်းပဲမို့ စိတ်တော့ သိပ်မ၀င်စားလှပါဘူး။ နိုင်ငံခြားပြန်မို့ နိုင်ငံခြားက ဘောလ်ပင်လေးဖြစ်ဖြစ်၊ ဒိုင်ယာရီ စာအုပ်လေး ဖြစ်ဖြစ် လက်ဆောင်ရခဲ့ရင် ကျွန်တော့်အတွက် တန်ဖိုးရှိခဲ့မှာ အမှန်ပါ။ ခုတော့ ဒီရောက်မှ စိတ်ကြိုက်ဝယ်ပေးမယ်ဆိုတော့ သိပ်ဘ၀င်မကျလှပါဘူး။ အလိုမကျတဲ့ စိတ်ကို ရင်ထဲမှာပဲ သိုဝှက်ထားရင်းပဲ စိတ်ပေါက်ပေါက်နဲ့ ဆိုင်ငွေရှင်း ကောင်တာက ကောင်မလေးကို မေးငေါ့ပြရင်း "" ငါအဲဒီ ကော်ပတ်ရုပ်လေးကို လိုချင်တယ်.. ၀ယ်ပေးပါ "" လို့ ပြောလိုက်တာ့။ မင်းကလည်း မင်းအစွမ်းအစနဲ့ မင်းဖာသာ ၀ယ်တော့ ငါတော့ လုပ်မပေးနိုင်ဘူးဆိုပြီး ဒေါတသောသောနဲ့ ငွေရှင်းပြီး ထွက်သွားလေပါရဲ့။ အော် ကော်ပတ်ရုပ်လေး ကျမှ တွန့်တိုရန်ကောလို့ စိတ်ထဲတွေးပြီး ပြုံးမိပါတယ်။ အားလုံးပဲ ကျေနပ်နိုင်ပါစေ။

Photobucket

26 comments:

liberty said...

ဖြစ်ရလေ ကိုဝင်းဇော်ရာ။ ကော်ပတ်ရုပ်လေးတွေ ဈေးကြီးမှန်း ခုမှ သိတယ်ဗျာ။ ဟဲဟဲ..။ သူငယ်ချင်းက ဝယ်မပေးတော့လဲ နောက်မှ ကိုယ်တိုင် စိတ်ကြိုက် ရှာဝယ်ပေါ့။ :P

ကြယ်ပြာ said...

စိတ်ပေါက်ပေါက်နဲ့လား ... တကယ်ကြီးလိုချင်တာလားကွယ် ... ဟ ဟ

sin dan lar said...

ဖတ်သွားပါတယ်...။
ကိုဝင်းဇော်ရွေးတဲ့ဟင်းတွေ စားချင်စိတ်ပေါက်လာတယ်..။
ကော်ပတ်ရုပ်ပူဆာရမှာက သူငယ်ချင်းကိုမဟုတ်ပါ။
မာတာ၊ပိတုကိုဖြစ်ပါသည်။

ရွှေညာသူ said...

အဆောင်ဟင်းနဲ့ ထမင်းတွေ မကောင်းမှန်း သိတယ်။ အပြင်မှာပဲ စားလို့ကတော့ လောက်မှာ မဟုတ်ဘူး (ဟဲဟဲ)
ကော်ပတ်ရုပ်လေး မြင်ချင်သေးတယ်။

မယု said...

မောင်လေးဝင်းဇော်ရေ
ပို့စ်လေး ဖတ်သွားတယ်။
ကိုယ်လိုရာဆွဲတွေးမနေနဲ့နော်
သူများကိုချည်းအားကိုးမနေနဲ့အုန်း
ကိုယ့်ဖာသာကိုယ်လည်း ကြိုးစားထားအုန်း
...

ဝှိုက်ဝှိုက် said...

ကော်ပတ်ရုပ်လေးကြောင့် ကိုဝင်းဇော်တော့ ဘူဖေးဆိုင်ကို ချောင်းပေါက်တော့မယ် :P

Sai said...

ဟေ့ .. လူကြီး
ကောင်မလေးကို လွတ်လိုက်
န ကော်ပတ်ရုပ်ကွ
ဆက်ပြောအုန်းလေဗျာ
ကောင်းတာလေးကျတော့ တိုတိုလေး

ဇနိ said...

အော် ဂလိုကိုး ကိုဝင်းဇော်က...
း)

ဝါ၀ါခိုင်မင်း said...

ဟတ်ဟတ်..ဖတ်လို့ကောင်းတယ် မောင်ဝင်းဇော်ရေ။
စာရေးကောင်းတော့ ဘာရေးရေးဖတ်လို့ကောင်းနေတာ
ပါပဲ။
ကော်ပတ်ရုပ်ကလေးကတော့ ကိုယ့်တိုင်ဝယ်မှပေါ့
ကွယ်။ :D

hlaminnlay said...

သိသားပဲ ခဏခဏ ထုတ်ကြွားနေတာ
မယုံချင်တော့ဘူးနော် .. ..
ဒါနဲ့ ဘယ်နားက ဘူဖေးဆိုင်လဲ အိုင့်အသိ ဖြစ်နေရင် ပြောပေးမယ် တကယ်။

ရွှေအင်းသူ said...

sunday ကမဟုတ်လား တွေ့မိလိုက်သလားလို့ မျက်မှန်နဲ့လေ ..
ဟုတ်ဘူး သယ်ရင်း ဘော်ဒါဆိုတာကို ။
စတာပါ။ စာတွေ ဖတ်လို့ကောင်းတယ်။
စာတွေ များများရေးနိုင်ပါစေ ။။

လင်းဒီပ said...

ကော်ပတ်ရုပ်ကြီးဆိုရင်ကော ဖြစ်မလားဗျ..
အသက်လေးဆယ်ဝန်းကျင် . ဖြူဖြူခန့်ခန့်ကြီးရယ်လေ..
ကိုဝင်းဇော်ကြီးတွေ့ရင် ကြိုက်မှာ..:P

အရူးလေး said...

ကိုဝင်းဇော် ကျနော် ကော်ပတ်ရုပ်ဝယ်လာခဲ့ပေးရမလား
ကြိုပြောထားလေ :P

sonata-cantata said...

ကိုဧရာနဲ့ စားပုံတော်တော်တူတယ်။ ဧရာ(မန္တလေး) ကလည်း ငါး၊ ငါးခြောက်လုံးဝ(လုံးဝ)မစားပါ။ မုံ့ဟင်းခါးတော့ စားသကိုး။ ငါးများရင်တော့ မကြိုက်ပါ။ တပင်တိုင် မှပိုကြိုက်ပါသတဲ့။ (ထို့ကြောင့် ငါးပွဲစားသမီးနှင့် အကြောင်းပါရလေတော့သတည်း။)

ပျော်ရွှင်ပါစေ... ကိုဝင်းဇော်

မောင်မျိုး said...

လိုချင်တာကလည်း တကယ့် ကော်ပတ်ရုပ်လေးပေါ့လေး) ပူဆာကြည့်ပေါ့ မားသားကို ။ ဒါမှမဟုတ်တဲ့ ဈေးထဲမှာ ၀င်ရေးကြည့်ပေါ့အစ်ကိုရ အဆောင်ကျောင်းသား ဘ၀ကတော့ ပျော်ဖို့ကောင်းတယ်နော့် ။

ဖိုးဂျယ် said...

ကောက်ပတ်ရုပ်လေးက ဘယ်လောက်တဲ့လဲ
ညီလေးလဲ ၀ယ်ချင်လို့ ဈေးကြီးလား
အကို ဟီ နောက်တာနော်

တားမြစ် ထားသော... said...

ဖတ်လို့ကောင်းတယ်။
ပတ်ဝန်းကျင်ကောင်းပဲ။

သုခမိန်(E-Journal)

လင်းထက် said...

ကျွန်တော်လဲ ကော်ပတ်ရုပ်လေး လိုချင်တယ် တစ်ရုပ်ကတော့ ရှိပြီးသားဗျ ဒါပေမယ့် သိတယ် မဟုတ်လား တစ်ရုပ်က မီးထွန်းဖို့ တစ်ရုပ်က ကက်ဆက်ဖွင့်ဖို့ ဟိ ဟိ

Heart Breaker said...

အတွေးကောင်းလေးကို တောင်တောင်အီအီ
စဉ်းစားသွားပါတယ်။ အဆောင်ကျောင်းသား ဘ၀ကတော့ တစ်သက်တာ မေ့မရနိုင်ပါဘူး။
လိုအင်တွေ ပြည့်ပါစေ

Cherrymaw said...

ဘယာကျော်ခရမ်းချဉ်သီးချက်ဆို ဘယ်လို အရသာမျိုးလဲ မြည်းကြည့်ချင်သေးတယ်။
အဆောင်ထမင်းဟင်းတော့ လက်လန်တယ်ဆရာပဲ
စာတွေကောင်းလေးတွေဆက်ရေးသားနိုင်ပါစေ

My Diary said...

ကိုဝင်းဇော်က ကော်ပတ်ရုပ်ကြိုက်တက်မှန်း ခုမှ သိတော့တယ် :)
အေးပေါ့လေ စွံမှ မစွံတာ ...
ကိုယ်တိုင်မ၀ယ်နိုင်ရင်တော့ ဒီလိုပဲ သွားရည်ကျနေရုံပဲ ရှိမယ်နော် ...... :P

စိုင်းနောင့် said...

လိုင်းမကောင်းတာရယ် ခရီးထွက်နေတာရယ်မို့ အချိန်တိုင်း နက်ပေါ် မရောက်နိုင်ဘူး။
လိုအင်လေး ပြည့်စုံပါစေခင်ဗျာ..
အတွေးအရေးလေးတွေ ယူသွားပါတယ်။

နှင်းဆီနီ said...

လူကြီးတွေနဲ့ တိုင်ပင်ပြီး သွားတောင်းတော့ အဟဲ
ကြားကနေ မြောက်ပေးနေတာ ပျော်စရာကြီး
အိမ်အလုပ်နဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့
အဆောင်ကို သတိရစေတဲ့အတွက် ကျေးဇူး။

flower.poem said...

ကိုဝင်းဇော် ဆီကမကြာခင်စားရတော့မယ်နော် ၀ယ်ချင်းဝယ် ကော်ပတ်ရုပ်မ၀ယ်နဲ့နော် ဟီး၂တကယ် လာစားမှာ...

parchuu22 said...

ဖတ်လို့ကောင်းတယ်ကွာ... အားပေးနေပါတယ်။

flowerworld said...

ကော်ပတ်ရုပ်ကိုစိတ်ပေါက်ပေါက်နဲ့ ပူဆာရတယ်လို့ဗျာ သူငယ်ချင်းကလဲဈေးကြီးမှန်းသိလို့ ဒေါသထွက်ဟန်ဆောင်တာဖြစ်မယ်......
ကြိုးစားဗျာ