Tuesday, January 27, 2009

Danica Patrick


တနင်္ဂနွေနေ့က ဆံသဆိုင်သွားပြီး ဆံပင်ညှပ်တယ်။ ချော်တွင်းကုန်း လမ်းဆုံမှာပါ။ ဆံပင်လာညှပ်တဲ့ ဧည့်သည်ကများတော့ အလှည့်ကျ စောင့်ရတယ်။ ကိုယ့်ရှေ့မှာ ၅ ယောက်ရှိတယ် ကိုယ်က နံပါတ် ၆ ပေါ့။ ညှပ်သမားက ၃ ယောက်ဆိုတော့ စောင့်ရတာ ကြာမယ်မထင် ပါဘူး။ ဒါနဲ့ ဆိုင်က ဖတ်ဖို့ ချထားပေးတဲ့ ဂျာနယ်တွေ ထိုင်ဖတ်ဖြစ်တယ်။ အားကစား ဂျာနယ်က အများဆုံးပါ။ ဖတ်ပြီးသား အဟောင်းတွေပဲ ဆိုတော့ တစ်ခြား စိတ်ဝင်စားစရာ ဖတ်စရာ ဂျာနယ်တွေကို မျက်စိရှာမိတယ်။ ဒါနဲ့ ဆိုင်ထောင့်မှာ ပုံထားတဲ့ ဂျာနယ်တွေဆီ မျက်စိ ရောက်သွားတယ်။ အဟောင်းပုံထဲက ဂျာနယ်တွေ ဖွတယ်။ အဟောင်းပုံကို မွှေတာ လုပ်နေကြ အလုပ်မို့ပါ။ ဒါကို ဆိုင်ရှင်က ကျွန်တော့်ကိုကြည့်ပြီး နှာခေါင်းရှုံ့တယ်။ " အမှိုက်ပဲ " ဆိုတဲ့ သဘောပါ။ မိန်းကလေးတွေ ညှပ်တဲ့ဆိုင်ကို သွားဖြစ်ရင် ဂျာနယ်တွေ ဖတ်ဖြစ်မှာ မဟုတ်ပါဘူး။ ကြည့်စရာ ရှုစရာတွေက အများသားမို့ပါ။ ညှပ်ပေးလိုက်၊ လျှော်ပေးလိုက်၊ မှုတ်ပေးလိုက်နဲ့ ဆိုတော့ တစ်နေကုန် ဆိုင်ကနေ ပြန်ဖြစ်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် အန်တီလေးက အသေအချာ မှာလိုက်တယ်။ "ကောင်မလေးဆိုင်ကို လုံးဝ မသွားညှပ်ရ" တဲ့။

ဂျာနယ်တွေထဲမှာ ၀န်ကြီးဌာနတစ်ခုက ထုတ်တဲ့ ကနောင်ဂျာနယ် ဆိုတာရွေးခဲ့တယ်။ ဂျာနယ်ထဲက ပြည်ပအနုပညာ ဆိုတဲ့ ကဏ္ဍအောက်က စာလေးတစ်ပုဒ်ကို စိတ်ဝင်စားသွားတယ်။ အကြမ်းဖျဉ်း ၃ ခေါက်လောက်ဖတ်ပြီး ဇာတ်လိုက်မင်းသမီး နာမည်ကို အလွတ်ကျက် လာလိုက်တယ်။ ခုရေးတဲ့ ပို့စ်ရဲ့မင်းသမီးက အရပ် ၅ ပေ ၂ လက်မ၊ အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ Danica Patrick ဖြစ်တယ်။ အမျိုးသမီး ပြိုင်ကားမောင်း ချန်ပီယံ တစ်ယောက်ပါ။ အမျိုးသမီး တွေချည်းပြိုင်တဲ့ ကားမောင်းပြိုင်ပွဲ မဟုတ်ပါဘူး။ အမျိုးသား ပြိုင်ဖက်တွေ ကြားထဲမှာ ၀င်ပြိုင်နေတဲ့ မိန်းကလေး တစ်ယောက်ပါ။ သူမ အကြောင်းကို Sport Channel တွေမှာ ခဏခဏ မြင်ဖူးပေမယ့် အမှတ်တမဲ့ပါပဲ။ ခုတော့ တိုက်ဆိုင်တာနဲ့ ပို့စ်တင်ဖို့ စိတ်ကူးရလာပါတယ်။

သူတို့အနောက်နိုင်ငံမှာ ယောက်ျားတွေနဲ့ အပြိုင် ရင်ပေါင်တန်းနိုင်တယ် ဆိုတာကို ဒီကောင်မလေးက ခိုင်ခိုင်မာမာ သက်သေ ထူပြထားပါတယ်။ သူတို့ဆီမှာ နာမည်ကြီး ကားပြိုင်ပွဲ တစ်မျိုးဖြစ်တဲ့ Indy Car Series ပြိုင်ပွဲဟာ Speed မြန်နှုန်းမြင့်ပြီး ထိန်းသိမ်းရခက်ခဲတဲ့ 1500 cc ပြိုင်ကားတွေနဲ့ ပြိုင်ပွဲဝင်ရတဲ့ ပြိုင်ပွဲ အမျိုးအစား ဖြစ်ပါတယ်။ ကျွန်တော့် အိပ်မက် ကားပြိုင်ပွဲတွေပေါ့ဗျာ။ ဒီလိုပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင် ယောက်ျားတွေ တောင်ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရတာပါ။ ဒါကို သူမက ၂ ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ Danica Patrick ဟာ ကားမောင်းပြိုင်ပွဲမှာ စိတ်ဓာတ်ကြံ့ခိုင်ယုံ တင်မကပါဘူး။ ရူပါကလည်း လူတကာငေးလောက် အောင်ကို လှပကျော့ရှင်း လှပါတယ်။ (အွန်လိုင်းပေါ်တွင် သူမ ပုံများ ကြည့်ရှုနိုင်ပါတယ်) သူ့ရဲ့ ဖြူးလွန်းတဲ့ ရူပကာကြောင့် " ၀ါနာဘရားသား " ရုပ်ရှင်ကုမ္ပဏီ နဲ့ရုပ်ရှင် ကားကြီးတွေ ရိုက်ဖို့ ပြင်ဆင်နေတာကို သိရပါတယ်။ ခုတော့ မထွက်သေးပါဘူး။ မကြာမီ လာမည် မျှော်ပေါ့ဗျာ။ သူမအကြောင်းကို ဆက်ဖတ်ချင် သေးတယ် ဆိုရင်တော့ ဒီကသွားကြည့် နိုင်ပါတယ်။
http://www.freewebs.com/allentown98/danicapatrick.htm
http://www.people.com/people/article/0,,20193274,00.html
http://www.starpulse.com/Athletes/Patrick,_Danica/Biography

9 comments:

khin oo may said...

စာဖတ်တယ် ပြီးတော့ အောက်ဆု့းက အရုပ်ကလေးကိုကြည့်တယ်
အော် သူ လေ..ကောင်မလေးကို စိတ်ကူးယဉ်နေပြီ လို့သုံးသပ်ပြီးပြန်လာခဲ့တယ်။

Anonymous said...

ယောက်ကျားတွေနဲ့ ရင်ဘောင်တန်းပြီး ယှဉ်ပြိုင်နိုင်တယ်ဆိုတော့ တကယ်ကို လေးစားဖို့ကောင်းတဲ့ အမျိုးသမီးငယ်ပါပဲဗျာ ... ကျွန်တော်လည်း အဲလို ကားပြိုင်ပွဲတွေဆိုရင် သိပ်စိတ်ဝင်စားတာပေါ့ ... ကျွန်တော်တို့ဆီမှာ လာလုပ်တဲ့ F1 ပြိုင်ပွဲတုန်းက တီဗွီမှာ ကြည့်လိုက်ရတယ်၊ တော်တော် မိုက်တယ် ကိုဝင်းဇော်ရာ၊ အပြင်မှာတော့ ကွင်းနားတောင် မကပ်နိုင်ဘူး အသံကလည်း ဆူညံပွက်လောရိုက်နေတာပဲ။

နှင်းဆီနီ said...

အစ်ကို့ရဲ့ ကားမောင်း သူရဲကောင်းမလား။ ယောက်ျားလေးထဲမှာရော ဘယ်သူလဲ။
ကြည့်လို့ကောင်းပေမယ့် ၀ါသနာမပါဘူး။

လင်းထက် said...

ကိုဝင်းဇော် ကားမောင်းပြိုင်ပွဲ သူရဲကောင်းမလေး အကြောင်း ငမ်းသွား အဲလေ ဖတ်သွားတယ် ဗျ ရုပ်ရှင် ထွက်လာရင်တော့ အားပေးရအုံးမှာပေါ့ဗျာ..။

WWKM said...

ဟုတ်ပနော်..ရုပ်ကလေးကလဲချော..စတိုင်လေးကလဲ
မိုက်.. အပျံစားပဲ..

တောင်ပေါ်သား said...

ဟီးးးးးးး အကိုရေ ကားမောင်းပြိုင်ပွဲရဲ့ ချန်ပီယံလေးကို ခံစားသွားတယ်။ တမျိုးမထင်နဲ့ အားကျသွားတာ အဲ ရှုပ်ကုန်ပါပြီဗျာ လေးစားတယ်လို့ ပြောတာ ဟဲဟဲ



လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ကျွန်တော်ကတော့ ဘာမှမပြောတော့ပါဘူး.. သူနဲ့ကားပဲ ပြိုင်မောင်းချင်တယ်.... :P

မြတ်သွယ် said...

ရိုးရှင်း လှပ ချစ်စရာမျက်နှာလေး ...
ချန်ပီယံ နှစ်ကြိမ်တောင်ဖြစ်ဖူးတယ်တဲ့ ...
ကိုဝင်းဇော် ပြောသလိုပေါ့
စိတ်ဓါတ်ကြံ့ခိုင်မှုတော့ လိုအပ်မယ်နော်
လေးစားမိပါတယ်
ကိုဝင်းဇော်ကိုလည်း ကျေးဇူးတင်ပါတယ်

Anonymous said...

ဒါမျိုးလေးရလို့ကတော့ ရသမျှလစာအကုန်အပ်ရမယ်ဆိုရင်လဲ ယူမှာပဲ
အငှီးငှီး