Friday, September 5, 2008

နားလည်ခွင့်လွှတ် စေချင်တယ်

ကိုယ် သိပ်ချစ်တဲ့ မိသားစုနဲ့ဝေးကွာနေမယ်
ကိုယ် သိပ်ခင်မင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်နေမယ်
ကိုယ် သိပ်အလေးထားတဲ့ သူတွေနဲ့ စကားပြောဆိုခွင့် မရဘူး ဖြစ်နေမယ်
ကိုယ် သိပ်တန်ဖိုးထားတဲ့ အလုပ်ကို လုပ်ကိုင်ခွင့် မရဘူး ဖြစ်နေမယ်
ကိုယ် သိပ်မြတ်နိုးလွန်းတဲ့ အရာတစ်ခုကို ရယူပိုင်ဆိုင်ခွင့်မရဘူး ဖြစ်နေမယ် .. ..
ကိုယ် ချစ်ခင် မြတ်နိုး တန်ဖိုးထားတဲ့ သူတွေက .. ..

ကိုယ့်ကို နာကျင်အောင် လုပ်နေတယ်
ကိုယ့်ကို ဂရုမစိုက်ဘဲ ပစ်ထားတယ်
ကိုယ့်ကို အထင်လွဲပြီး မုန်းနေတယ် .. လို့
သံသယစိတ်တွေနဲ့
အမုန်းတရားတွေ ရင်မှာပိုက်ပြီး ၀န်ထုပ်ဝန်ပိုး ဖြစ်နေမိ ပါတယ် .. .. ။

ပြန်တွေးကြည့်လိုက်တော့
ကိုယ်တွင်း အမုန်းတရားတွေဟာ လူကို ဝမ်းနည်းစေတယ် စိတ်ပျက်အားငယ်စေတယ်
အမုန်းတရားကို ကိုးကွယ်တဲ့သူဟာ အထီးကျန်ဆန်လာတယ်
မိမိကိုယ်ကို ချိုးနှိမ်ထားသလို ဖြစ်တယ်
အမုန်းတရားတွေ
စိတ်ဆိုးခြင်းနဲ့ မခံချင်စိတ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခ ပေးလာတယ်
အမုန်းတရားတွေ အထွတ်အထိပ် ရောက်တဲ့အခါ
မိမိရဲ့ ပင်ကိုယ်စရိုက်က ခက်ထန်စွာ ပြောင်းလဲသွားတယ်လို့ ထင်ရတယ်
ဒီလိုနဲ့
တစ်ရက်မှာ ၂၄ နာရီ၊ တစ်ပတ်မှာ ၇ ရက် ဒီအမုန်းတရားတွေ နှိပ်စက်နေတာမို့
ခေါင်းတစ်ခြမ်းကိုက်လာတယ်၊ ခေါင်းတစ်ခုလုံးအုံ လာတယ်
ဇက်ကြောတက်တယ်၊ အစာအိမ်ရောဂါရလာတယ်
မရှိခဲ့ မဖြစ်ခဲ့တဲ့ ရောဂါတွေ ၀င်လာတယ်
နောက်တော့ နှလုံးရောဂါ သွေးတိုးတာတွေ ပါလာတယ်
ရုပ်ပိုင်း စိတ်ပိုင်း မညီမျှမှု ဖြစ်လာတယ်၊ စားချိန် အိပ်ချိန် မမှန်တော့
အခြားချို့ယွင်းမှုတွေ ဆက်တိုက်ဆိုသလို နောက်ကလိုက်လာတယ်
ဒီအခါမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုန်းသွားတယ် ..

လူတွေမှာ ပျော်ရွှင်တာနဲ့ ၀မ်းနည်းတာကို
တစ်ပြိင်တည်း ရင်မှာပိုက်ထားလို့ မဖြစ်နိုင်ပါဘူး
ဝမ်းနည်းအားငယ်နေတဲ့ အချိန်မှာ ပျော်ရွှင်နိုင်မှာ မဟုတ်သလို
အားပါးတရ ဝမ်းသာပျော်ရွှင်နေတဲ့ အချိန်မှာ ၀မ်းနည်းတာတွေကိုလည်း
သိမ်းဆည်းထားလို့ ရမှာ မဟုတ်ပါဘူး..

ဒီလို စိတ်ပျက်အားငယ်နေတဲ့ အခိုက်အတန့်မှာ
ဘယ်အရာက ၀မ်းသာအောင် ပျော်ရွှင်အောင် ဆောင်ကျဉ်းပေးနိုင်မလဲ ..

စိတ်မဆိုးပါနဲ့ သည်းခံပါ ဆိုတဲ့
အလွန်မှ ရိုးရှင်းပြီး သမာတမတ်ကျတဲ့ စကားလေးကိုပဲ ရင်မှာပိုက်ပြီး

ကိုယ့်ရဲ့စိတ်ထဲမှာ ကျိတ်မနိုင် ခဲမရတဲ့
မထွေးနိုင် မမြိုနိုင်တဲ့ စိတ်ဆင်းရဲမှုတွေ သောက ဗျာပါဒတွေကို
ထွေးပစ် အန်ပစ်လိုက်ပါမယ် ..
မိမိကိုယ်ကို ဖျက်ဆီးနေတဲ့
ကိုယ်တွင်းက အမုန်းတရားတွေကိုလည်း မထားတော့ပါဘူး
ပွားလဲ မပွားစေတော့ပါဘူး
စိတ်ချမ်းသာ ပျော်ရွှင်ဖို့အတွက်
ခွင့်လွှတ်နားလည်ခြင်း နဲ့ သည်းခံခြင်း စကားလေးကို ရင်ဝယ်ပိုင်ပိုင် စွဲကိုင်ရင်း .. .. .. .
အားလုံးကို အဆင်ပြေ ပျော်ရွှင်စေချင် ပါတယ် ..

(ချစ်သူ ခင်သူ မြတ်နိုးသူ တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အားလုံးသို့)

(၅-၉-၂၀၀၈၊ သောကြာနေ့၊ ပင်လောင်းမြို့၊ တောင်ပိုင်းရှမ်းပြည်)

5 comments:

Anonymous said...

လူတိုင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်ချစ်တဲ့ သူတွေနဲ့ ခွဲခွာကြရမှာပါ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဖြစ်လာတဲ့ အပေါ်မှာ ဝမ်းနည်း ပူဆွေး စိတ်ဓာတ် ကျနေမယ့် အစား ဖြေသိမ့်နိုင်အောင် ကြိုးစားပါဗျာ..

မယ် said...

" စိတ်ချမ်းသာ ပျော်ရွှင်ဖို့အတွက်
ခွင့်လွှတ်နားလည်ခြင်း နဲ့ သည်းခံခြင်း စကားလေးကို ရင်ဝယ်ပိုင်ပိုင် စွဲကိုင်ရင်း .. .. .. .
အားလုံးကို အဆင်ပြေ ပျော်ရွှင်စေချင် ပါတယ် .."
အဲဒီလိုသဘောထားလိုက်ရင်ကိုယ်လည်းစိတ်ချမ်းသာရပါတယ်...

ကိုရင်နော်ခင်လေးငယ် said...

အကိုရေ....
ခွဲခွာနေရတဲ့ အမေ့ကို သတိရလိုက်တာ...
ဝမ်းနည်းမှုတွေကို ရင်မှာပိုက်ရင်း
မပျော်မိတာ ကြာနေပြီ...

Nge Naing said...

မိဘ၊ ဆွေမျိုး၊ညီအစ်ကို မောင်နှမတွေ နဲ့ ခွဲခွါလာပြီး နောက်ပိုင်း ပြန်တွေ့ရ၊ ပြန်တွေ့ပြီးပြန်ခွဲခွါတာတွေ အကြိမ်ကြိမ်ရှိခဲ့သလို ခွဲခွာလာပြီး ပြန်တွေ့ဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့ သူတွေ၊ ပြန်တွေ့ဖို့ ဖြစ်နိုင်ပေမယ့် ပြန်မတွေ့ရသေးတဲ့ ညီအစ်ကို၊ မောင်နှမတွေ၊ မိတ်ဆွေသူငယ်ချင်းတွေလည်း ရှိခဲ့တော့ ဒီပို့စ်လေးကို ဖတ်ပြီး ပြန်တွေ့ဖို့ မဖြစ်နိုင်တော့တဲ့သူတွေအတွက်တော့ ခံစားရပါတယ်။ ဒါပေမယ့် အသက်ရှိထင်ရှား ရှိနေသေးတဲ့သူတွေ အားလုံးအတွက်တော့ ခွဲခွါခြင်းဆိုတာ တွေ့ဆုံခြင်း ဆိုတဲ့ ဆိုတဲ့ ဝေါဟာရ ရှိတဲ့အတွက်သာ ဖြစ်လာတဲ့အတွက် ခွဲခွါနေရသူအားလုံး တနေ့ပြန်တွေ့ဆုံရမှာပါ။ ဒါဟာ လောကဓံ တခုသာဖြစ်တဲ့အတွက် လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Myo Win Zaw said...

မရောက်တာကြာလို့ပိုစ့်တွေတ၀ကြီးဖတ်သွားတယ်။