Friday, December 12, 2008

ကနေ့ ကံမလိုက်ဘူး

မနေ့က စနေနေ့။ မနက်ကတည်းက မီးမလာဘူး။ ၉ နာရီခွဲတဲ့အထိ ပြန်မလာဘူး။ ဒါနဲ့ မြို့ထဲသွားဖြစ်တယ်။ လမ်းထိပ် ပြည်လမ်း ၈ မိုင်ကားဂိတ်ကို ရောက်တော့ ရုံးပိတ်ရက် ပေမယ့် ခရီးသည်တွေ တော်တော်လေး များတယ်။ လူပိုနည်းမယ် ထင်ရတဲ့ ကျိုက်ဝိုင်းဘုရားလမ်း Junction-8 ဘက် ထွက်ခဲ့တယ်။ ထိုနည်း နှင်နှင်ပါပဲ။ နာရီဝက်လောက် စောင့်ကြည့်မယ်ဆိုပြီး Premier Eleven တစ်စောင်ဝယ်ပြီး အောင်ကဖီးထဲ ၀င်ထိုင်နေမိတယ်။ အချိန်သာ ကုန်သွားတယ် ပျားပန်းခတ် နေတဲ့ ခရီးသည်တွေတော့ လျော့မသွားတဲ့အပြင် တိုးတောင်လာသေး သလားပဲ။ ဒါနဲ့ မြို့တော် Taxi နဲ့ မြို့ထဲ ဆက်ရွှေ့လိုက်တယ်။ CD world မှာ Game ခွေတွေ ၀ယ်တယ်။ Software ခွေတွေ မွှေတယ်။ Lucky Life မှာလည်း ခွေတွေ စုံတယ်။ Internet ပေါ်မှာ Download နိုင်ပေမယ့် အပန်းမကြီးဘဲ ဒီလိုဝယ်ယူ တာကိုပဲ နှစ်သက်တယ်။ ဂျာနယ်တွေ မဂ္ဂဇင်းတွေ ၀ယ်တယ်။ နောက် လမ်း ၃၀ ထဲဝင်ပြီး ကြေးအိုးဘုရင်မှာ ဆီကျက်ကြေးအိုး ၀င်တီးလိုက်တယ်။

နေ့လည်စာပေါ့။ နောက် ဗိုလ်ချုပ်ဈေးရှေ့ မှာ ယောင်နေမိတယ်။ မွန်းတည့် ၁၂ နာရီ ကျော်တော့ ပြန်တယ်။ ၄၃ မြောက်ဥက္ကလာ လိုင်းကားနဲ့ပါ။ ချွေတာရေးပေါ့။ ခရီးသည် အသင့်တင့်နဲ့မို့ လိုင်းကားစီးရတာ အဆင်ပြေမယ် ထင်ပါတယ်။ ဆူးလေမှတ်တိုင် ကနေထွက်ပြီး ဖဆပလ မှတ်တိုင်အထိ အဆင်ပြေပါတယ်။ ၃ လမ်းမှတ်တိုင် ရောက်တော့ ခရီးသည်တွေ စုံကန်တက်လာတယ်။ နေ့ခင်းဘက်ဆိုတော့ ခရီးသည် သိပ်မရတာမို့ ဆွဲတဲ့ နံပတ်တွေ အများကြီးမို့ ခရီးသည်ရဖို့ အလုအယက် မောင်းကြတယ်။ ရှေ့မှတ်တိုင်ကို ဦးအောင်ရောက်ဖို့ လီဗာဖိနင်းကြတယ်။ လမ်းနည်းနည်း ရှင်းတာနဲ့ အရှိန်ကုန်မြင့်တယ်။ ကားရှုပ်ပြန်တော့ ဘရိတ်အုပ်လိုက်တာနဲ့ ခရီးသည်တွေ စကောထဲ ဂေါ်လီလုံးထည့်ပြီး ခလောက်ခံရသလို ဖြစ်ဖြစ် သွားတယ်။ ဒီလိုနဲ့ ရွှေဂုံတိုင် မီးပွိုင့် နားရောက်လာတယ်။ ဘက်စ်ကားက မီးပွိုင့်နားရောက်ခါမှ တုံ့ကနဲ ရပ်ပစ်လိုက်တယ်။ ရုတ်တရက်ဆိုတော့ ကိုယ်ဟန်ပျက် သွားတယ်။ လက်တစ်ဖက်က ကျွတ်ကျွတ်အိပ်ကို ဆွဲထားတယ်။ လက်တစ်ဖက်က လက်ကိုင်ကွင်းကို ကိုင်ထားပေမယ့် အရှိန်ကြောင့် ကျွန်တော့်ဘေးနား ရပ်နေတဲ့ ကျွန်တော့်ထက် အသက်ငယ်တဲ့ ကောင်မလေး လက်မောင်းကို လက်ဖမိုးနဲ့ အရှိန်သတ်လိုက်မိတယ်။ မတော်တဆ ရယ်ပါ။

"ရှင် .. .. ဒါဘာသဘောလဲ ? ဘာလုပ်တာလဲ ?"

"ဆောရီး .. မတော်လို့ပါဗျာ၊ တောင်းပန်ပါတယ်၊ စိတ်မရှိပါနဲ့ .."

"ဘာမတော်လို့လဲ၊ ဒါမျိုးတွေ ရိုးနေပြီ၊ မတော်လို့ မတော်လို့ ဆိုပြီး ဒီလိုပဲ ရှင်တို့ အသားယူ ယူနေကြတာ"

ဘာမှ ပြန်မပြောနိုင်တော့ပေမယ့်၊ ကောင်မလေးက သိပ်ကျေနပ်တဲ့ပုံ မပေါ်ပါဘူး။

"လူကို ဘယ်လို အမျိုးအစားများ မှတ်နေလဲ မသိဘူး၊ ပါးကျိုးသွားချင်တယ် ထင်တယ်"

ဇာတ်လမ်းက မပြီးနိုင်ဘူး ဖြစ်တယ်။ မျက်နှာပူလွန်း တာကြောင့် နေရာကခွာပြီး သူ့ကို ကျောပေးပြီး နေလိုက်တယ်။ ကျောင်းရှေ့ မှတ်တိုင်ရောက်တော့ ရှက်ရှက်နဲ့ ဆင်းလာမိခဲ့တယ်။ ခပ်ကုတ်ကုတ်လေးပေါ့ဗျာ။ လေပူတွေလည်း မှုတ်ထုတ်နေမိတယ်။ ကောင်မလေးရဲ့ ဒေါသက ကားအပြင်အထိ ပျံ့လွှင့် လိုက်ပါ လာသေးတယ်။

နောက်ထပ် ရောက်လာတဲ့ ၁၇၅ ပါရမီကားပေါ် ပြန်တက်ရတယ်။ မရည်ရွယ်ဘဲ ဒီလမ်းနဲ့ ဒီလမ်းကို ကားနှစ်ဆင့် စီးရတယ်လို့။ ပြောရရင်လည်း ရီစရာပါ။ ဒီတစ်ခါတော့ တစ်ခါသေဖူး ပျဉ်းဖိုးတော့ နားလည်ပြီ ဆိုပြီးတော့ ကားအလယ်တန်းကို လက်နှစ်ဖက်နဲ့ မိမိရရ ဆုပ်ထားလိုက်မိတယ်။ ၁၀၆ မှတ်တိုင်၊ အဆင်ပြေပါသေးတယ်။ ရှေ့မှတ်တိုင်ဆို ချော်တွင်းကုန်းမီးပွိုင့်။ သတိထားအုန်းမှ။ မီးပွိုင့်ဆို ဖြစ်တတ်တယ်။ မီးကစိမ်းနေတော့ လမ်းဖြတ်ကူး အမီအသော့နှင် လာရာကနေ မီးနီသွားတာမို့ ဒက်စတော့ ရပ်လိုက်တယ်။ တော်သေးတယ် ကိုယ်က လွှင့်မသွားဘူး။ သို့ပေမယ့် ကျွန်တော့်နောက်က ကျောင်းသူကောင်မလေး တစ်ယောက်က ကျောပိုးအိတ် လွယ်ရက်သားနဲ့ ကျွန်တော့် ညာဖက်လက်မောင်းကို သူ့လက်နှစ်ဖက်နဲ့ လှမ်းပြီး ဆုပ်ခဲထားလိုက်တယ်။ ကောင်မလေးကို ကြည့်လိုက်တာ့ ဘာမှမဖြစ်သလို အိနြေ္ဒရရနဲ့ပါ။ ကားအရှိန်သေသွားမှ ဘေးတန်းကို ပြောင်းပြီးကိုင်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ဘက်ကို တစ်ချက်မှတောင် လည့်မကြည့်ပါဘူး။ ရှက်သွားလို့ ထင်ပါတယ်။

သူ့နေရာမှာသာ ကျွန်တော်သာဖြစ်ခဲ့ရင် ရှစ်မိုင်ရောက်ခါနီးမှ နောက်ထပ်ကားတစ်ဆင့် ထပ်စီးရအုန်းမယ့် ပုံပါပဲ။ ရှစ်မိုင်လမ်းဆုံ ရောက်တော့ ဆင်းတယ်။ ကားမှတ်တိုင်မှာရှိတဲ့ ဖုန်းရုံထဲဝင် ဖုန်းဆက်တယ်။ ဖုန်းစောင့်တဲ့ မြန်မာ့ဆက်သွယ်ရေးက အစ်မ ၂ယောက်က ကျွန်တော့်ကို ကြည့်ပြီး ရီဖြဲ ရီဖြဲနဲ့ သဖန်းထိုး လုပ်နေတယ်။ ဘာများလဲအစ်မ ပေါ့။ ကျွန်တော့်လက်မောင်းကို ပြန်ကြည့်ခိုင်းတယ်။ ဟိုက်.. သွားပြီ။ ညာဖက် လက်မောင်းအင်္ကျီ ကိုငုံ့ကြည့်တော့ နှုတ်ခမ်းရာ တစ်ခု။ အပြာနုရောင် အင်္ကျီပေါ်မှာ နှုတ်ခမ်းနီက ထင်းကနဲပါ။ ရှက်ရှက်နဲ့ ခြေကုန် သုတ်ခဲ့ရတယ်။ ကံမကောင်းတဲ့ နေ့တစ်နေ့ ဖြစ်မှာပါ။ ဖတ်ပေးလို့ ကျေးဇူးပါ။ ကနေ့ တနင်္ဂနွေနေ့ မွန်းလွဲနေပြီ ကိုးနတ်ရှင်က စိတ်ကောင်းမ၀င်သေးဘူး။ ဒီနေ့ ထပ်ပြီး ကံမကောင်းလို့ မဖြစ်ဘူး။

10 comments:

တောင်ပေါ်သား said...

အကိုရေ တော်တော်ကို ကံဆိုးတဲ့နေ့ပါလားနော့် ဘာပဲပြောပြော အမှတ်တရနေ့လေးပေါ့ ဟုတ်ဘူးလား နှုတ်ခမ်းနီလေး စွန်းနေတဲ့ အင်္ကျီလေး အကို သိမ်းထားလားဟင်................ ဟဲဟဲ အကိုရေ စတာနော့် ပျော်ရွှင်ပါစေ အကိုရေ လေးစားလျက်

ငှက်ငယ်လေး said...

သြော် ဖြစ်မှဖြစ်ရလေ အကိုကြီးရယ်...

khin oo may said...

ကံကောင်းပါစေ။

Heart Breaker said...

ဖြစ်တတ်တဲ့ အဖြစ်အပျက်လေးပါ။
ရန်ကုန်ကို ပြန်အမှတ်ရစေပါတယ်။
လိုင်းကားတွေ အမြဲခရီးသည်ပြည့်နေတတ်တဲ့
မြောက်ဥက္ကလာလိုင်း၊ အင်းစိန် လှိုင်သာယာလှိုင်း တွေကို ပို အမှတ်ရစေပါတယ်။

Anonymous said...

ရုံးဆင်း ရုံးတက်ချိန်ဆို ရင်မောရတယ် မောင်လေးရေ။
ဒီလိုပဲ နိစ္စဓူဝ သွားလာနေရတာ။
နားလည်ပေးနိုင်တဲ့သူဆို တော်သေးတာပေါ့

စိုင်းနောင့် said...

ရန်ကုန်လိုင်းကားတော့ မစီးဖူးဘူး။ ဘယ်သွားသွား တက္ကစီ နဲ့ဆိုတော့ အတွေ့မကြုံမရှိဘူး။ နောက်မှ တက်စီးကြည့်ပါမယ်။

မြတ်သွယ် said...

ကံမကောင်းတဲ့တစ်နေ့ပေါ့နော် ကိုဝင်းဇော်
ဘတ်စ်ကားစီးတာကို ပြန်သတိရသွားတယ်
ကျောင်းတုန်းကပေါ့
ကျေးဇူးတင်ပါတယ်
အသက်ဝင်တဲ့ ဖြစ်ရပ်တစ်ခုကိုဖတ်ခွင့်ရလို့ပါ :D

Unknown said...

ဟုတ်တယ် တစ်ခါတစ်လေ တစ်ချို့ ကောင်မလေးတွေကလဲ ကားပေါ်က အခြေအနေကို မသုံးသပ်နိုင်ဘူးပဲ ယုတ်မာချင်တာနဲ့ တမင်လုပ်တာနဲ့ မတော်တဆဆိုတာ နားလည်ပေးရမယ်လေ.အဲ့သလိုပဲ.ကိုယ့်အလှည့် နူတ်ခမ်းနီပေတော့ ..ဒုတ်ခနော် ကွိုင်ရှာမယ့် မိန်းမ ရည်းစားသာ တွေ့ရင် ဒုတ်ခ
ကျွန်မတို့လည်း လူမှန်းသိခါစကတည်း ဘတ်စကားတိုးစီးလာရတော့ ငယ်ငယ်ကတည်းက အဒေါ်တွေ အမေတွေ ပြောပြထားတာတွေနဲ့ ယုတ်မာတဲ့သူ ဘယ်လိုဆိုတာ သိနေပြီ..လိုင်းကားတိုးစီးဖူးသူတိုင်း အနုနည်းနဲ့ မုဒိမ်းကျင့်ခံရတာမျိုး ကြုံဖူးကြနိုင်တယ်လေ..တစ်ခါတစ်လေ မတော်တဆဆိုတာကို နားလည် ပေးလိုက်ရတာတွေ ရှိပါတယ် လေ..အပြင်ရောက်တော့ ကားတိုးစီးရတဲ့ ဒုတ်ခကတော့ အေးသွားတယ် ဒါပေမယ့် ကားတွေ လမ်းပေါ်မှာ ဂျမ်းဖြစ်တာတွေကိုတော့ ပိုမုန်းမိတယ်

မချစ်ရ said...

ဟားဟားအကိုကတော့လုပ်ပြီနော်
ဇာတ်လမ်းအဲဒါကံကောင်းတာလေ ကံမကောင်းတာမဟုတ်ဘူးနော် ဟိ

တားမြစ် ထားသော... said...

ဒီလိုတွေလည်း ဖြစ်တတ်ပါတယ် ပေါ့နော်။ ဖတ်ရင်းနဲ့ အတော်သဘောကျပြီး ရယ်နေမိပါတယ်။ အဖိုနဲ့အမမှာ အသားယူတတ်တယ်ဆိုတာ အဖိုတွေပဲ လုပ်တတ်တဲ့ အကျင့် ဟုတ်မဟုတ် သိချင်လိုက်တာဗျာ။ ကျား၊မ တန်းတူအခွင့်အရေး.. ဘာညာအရဆို အမတွေလည်း အသားယူချင် ယူမှာပေါ့နော။

သုခမိန်(E-Journal)